Ch 20
Viewers 758

Chapter 20


သူသည် အချိုးအစားကျနသည့် မျက်နှာကျ၊ ၀င်းပကာ ဖြူဖွေးချောမွတ် မျက်နှာကို ပိုင်ဆိုင်ထားသည်။ အေးစက်သည့် အသွင်အပြင်နှင့်၊ ညို့အားပြင်းလွန်းသည့် မျက်လုံးတစ်စုံလည်း ရှိ၏။  မည်းနက်ကာ အပေါ်ဘက်သို့ အနည်းကွေးတက်သွားသော မက်မွန်းပွင့်သဏ္ဌာန် မျက်လုံးများပင်။ ရှည်လျားလွန်းသည့် မျက်တောင်မျှင်လေးများ နှင့်အတူ၊ ရေကဲ့သို့ ကြည်လင်နေသော မျက်လုံးအိမ်များနှင့် ပေါင်းဆက်လိုက်ချိန်တွင် အလွန်ပင် ညှို့ဓာတ်ကြီးမားလွန်းပြီး ကြည့်မိသူတိုင်း ရင်သက်ရှုမောရလောက်ပေသည်။ 


‘လူရာထောင်ချီ၏ ရင်ကို လှုပ်ကိုင်နိုင်လောက်သည့် အပြုံးတစ်စုံ၊’


ထိုစကားသည့် မက်မွန်းပွင့်သဏ္ဌာန် မျက်လုံးလေးများကို ဖော်ကျူးခဲ့ခြင်း ဖြစ်သည်။ ယခုအခါမှာတော့ ချင်းချိန်ကိုယ်တိုင် အနီးကပ် မြင်လိုက်ရပြီး သူတို့ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။ 


ထိုအမျိုးသား၏ ပါးပြင်ဟာ ချင်းချိန်နှင့် အလွန် နီးနေလွန်းတာကြောင့် ဘယ်သူ ဘယ်ဝါမှန်း ချက်ချင်း သတိထားမိ နိုင်ခဲ့သည်။ 


သရဲတစ္ဆေဆိုသည်မှာ ထွက်ပေါ်လာချိန်တွင် မှောင်မိုက်နေပြီး အေးစက်စက် ဖြစ်နေသင့်တယ် ဆိုပေမဲ့၊ ဤကြောက်စရာအခြေအနေကြီးဟာ ရုတ်တရုက်အနမ်း တစ်ပွင့်ကြောင့် ကြေမွသွားလေသည်။ 


အဖြစ်အပျက်က မြန်ဆန်လွန်းတာကြောင့် မရှောင်လိုက်နိုင်သည့် ချင်းချိန်ဟာ၊ ရှက်စိတ်များ ကြီးစိုးလာပြီး အနောက်သို့ ဆုတ်သွားသည်။ 


စုကျင်မော့သည် သူ့လက်ချောင်းရှည်လေးများဖြင့် ကိုယ့်ပါးကိုယ် ကိုင်ရင်း နောက်ဆုတ်သွားပြီး ချင်းချိန်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ပြုံးပြရင်း ချင်းချိန်ရှိရာ အရှေ့သို့ လျှောက်လှမ်း လာလိုက်သည်။ 

[T/N: ဟုတ်ပါတယ်။ ချင်းချိန်က စုကျင်မော့ ပါးကို နမ်းလိုက်မိတာပါ။]


“တကယ် ပြန်လာမယ်လို့ မထင်ခဲ့ဘူး။”


တခဏတာ ငြိမ်သွားပြီး အနောက်မှ တာအိုဆရာကို လှမ်းကြည့်လိုက်သည်။ “ဒီတစ်ခေါက်တော့ ဆရာကြီးကိုပါ ပင့်လာတာဘဲ၊ မင်းက ဘာလဲ။ ကျန်း ကိုဖျက်စီးဖို့ စဉ်းစားနေတာလား။”


“မဟုတ်ဘူး”ချင်းချိန်တစ်ယောက် ကျင်းမော၏ စွတ်စွဲချက်ကို ငြင်းပယ်ချင်ဇောဖြင့် အနားရှိသူများက ကျင်မော့အသံကို မကြားရကြောင်းမေ့ကာ ကျယ်လောင်စွာ အော်လိုက်မ်ိသည်။ 



ကျန်းဖိန်သည် ချင်းချိန်၏ အော်သံကိုကြား‌ကာ အနောက်လှည့်၍ မေးလိုက်သည်။ “ဘာကို’’မဟုတ်ဘူး’တွေ လျှောက်ပြောနေတာလဲ”


“ဘာမှမဟုတ်ဘူး”


မျက်လုံးများ အောက်စိုက်သွားသည့် ချင်းချိန်ကို ကြည့်ရင်း၊ ကျန်းဖိန်တစ်ယောက် နားမလည်နိုင်သလို၊ သိချင်စိတ်လဲ များလာသည်။ သူ၏အရှေ့၌ ရပ်နေသည့် ချင်းချိန်ဟာ သေချာပေါက် တစ်ခုခုကို သိထားသော်လည်း မသိချင်ယောင် ဆောင်နေတာ သိသာလွန်းသည်။ အခုတင်လည်း စကားပြောသူ မရှိပေမဲ့ သူတစ်ယောက်ထဲ ထပြီး “မဟုတ်ဘူး”ဆိုပြီး အော်လိုက်သေးသည်။ 


မယုံသင်္ကာစိတ်များထလာသည့် ကျန်းဖိန်ဟာ မခို့တရို့ ပြုံးလိုက်သည်။ “အနားမှာ ဘယ်သူမှ မရှိဘူးလေ။ ဒီတိုင်း ဘယ်သူနဲ့များ စကားပြော နေတာလဲဆိုတာ သိချင်လို့”


“မင်း အတွေးလွန်နေပြီ”ချင်းချိန်သည် ခေါင်းကိုမော့ကာ ကျန်းဖိန်၏ အပြုံးအတိုင်း ပြန်လည် ပြုံးပြလိုက်သည်။ “မင်းတို့ အပနှင်လဲ မြန်မြန်နှင်။ ငါအိမ်ပြန်ရဦးမှာ။ တစ်ပတ်မှ နားရက်က နှစ်ရက်ဘဲရတာ”


“ခင်ဗျားက တော်တော်ထူးဆန်းတာဘဲ။ တာအိုဆရာ ကို သူ နှင်ရမဲ့ သရဲက ရောက်နေပြီလို့ ပြောလိုက်ရင် ရနေပြီကို။ မဟုတ်ဘူးလား။”


ချင်းချိန်ဟာ ကျန်းဖိန်တစ်ယောက် သူ့ကို စောင့်ကြည့်နေတာ သိတာကြောင့်၊ ကျင်မော့ စကားလာပြောချိန် တုန်းကတောင် အဖြေပြန် မပေးနိုင်ခဲ့ပေ။ မတတ်နိုင်သည့်အဆုံး ကျင်မော့၏ စကားသံကို မကြားဟန်သာ ဆောင်ခဲ့ရသည်။ 


ထိုအချိန်တွင် တာအိုဆရာကြီးဟာ လိုအပ်သည်များကို ပြင်ဆင်ပြီးပြီ ဖြစ်၍၊ သူ၏ မက်မွန်းသားဓားကို ယမ်းကာ သွေးပေနေသည့် ဆန်များကိုလည်း ဘေးဘက် နေရာအနှံ့သို့ ကျဲလိုက်သည်။ 


ထို့နောက် လိုဏ်ခေါင်းအတွင်းရှိ နေရာလွတ်တိုင်းဆီသို့  ပတ်၍ ပြေးလိုက်ရင်း ကျင်မော့ရှိရာသို့ ရောက်သွားသည်။ တာအိုဆရာကြီး၏ ဓားဟာ သူ၏အရှေ့၌ ရပ်နေသည့် ကျင်မော့အား ထိုးမိတော့မလို ဖြစ်သွားသည်ကို မြင်ရ၍ ချင်းချိန်ဟာ စိတ်ပူလာသည်။ 


“ဖယ်လေ”


သို့သော်၊ ချင်းချိန်သည် တာအိုဆရာကြီး၏ အရည်အချင်းကို အထင်ကြီးလွန်း မိသွားသည်။ ဆရာကြီးသည် ကျင်မော့ကို ဓားဖြင့်ထိုးလိုက်ဟန် သရုပ်ဆောင်လိုက်သော်လည်း တကယ်တော့  မထိသည့်အပြင် ဘာမှမရှိသည့် ဟင်းလင်းပြင်ကြီးဆီသာ ထိုးမိသွားလေသည်။ 


“ဒီဓားက သုံးခါ ရမ်းရတယ်။ ပထမအကြိမ်က ကံမကောင်းမှုတွေကို ဖယ်ရှားဖို့။ အဲ့တာက တောင်ခြေမှာတုန်းက လုပ်ပြီးပြီ။ ဒုတိယအကြိမ်က မကောင်းသော ဝိညာဉ်တွေကို နှင်ဖို့။ သူကကျတော့ ဓားကို ယမ်းပြီး အရင် ကရမယ်၊ ပြီးရင် ဒီခွေးမည်းရဲ့ သွေးတွေ နယ်ထားတဲ့ ဆန်တွေနဲ့ ပစ်ပေါက်ရတာမျိုး။ အဲ့သရဲလေးတွေ ဒါမျိုးဆို အသေကြောက်တာလေ။”


ဆရာကြီးဟာ ပါးစပ်က တဖွဖွပြောရင်းနှင့် သူ၏အိတ်ထဲမှ အဆောင်သုံးရွက်ကို ထုတ်လိုက်သည်။ အဆောင်စာရွက်ပေါ်မှာ ဘာမှမရေးထားကို ချင်းချိန်တွေ့လိုက်ပြီး ဆရာကြီးကို ပို၍တောင် မုန်းတီးလာသည်။ ငွေလိမ်ချင်ရင် ပိပိရိရိ လိမ်သင့်သည်၊ အဆောင်ကိုတောင် ဗြောင်ကြီး ပေးရဲရသလားဟု ချင်းချိန် တွေးလိုက်မိသည်။ သို့သော် ထိုအတွေးများဟာ တစ်မိနစ်အတွင်း ကြေမွပျောက်ကွယ်သွားသည်။ 


အဆောင်စာရွက်၀ါများကို အဖြူရောင်ရှိ ဖယောင်းတိုင်နှင့် ရှို့လိုက်ချိန်တွင် စာတန်းအနီကြီး စတင်ပေါ်လာခဲ့သည်။ ထို့နောက် စာရွက်တစ်ရွက်လုံး မီးလောင်ကျွမ်းသွားသည်။  


အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတာကြောင့် စာလုံးများကို ချင်းချိန် သေချာစွာ မမြင်လိုက်ရပေ။ ဆရာကြီးသည် အဆောင်စာရွက်၏ ပြာမှုန့်များကိုယူကာ ရေဖြင့်ရော၍ ရေစင်တော် ပြုလုပ်လိုက်သည်။ ထို့နောက် ရေစင်တော်ကို ကြည့်ကာ ကျေနပ်ဟန်ဖြင့် ခေါင်းကို ညိတ်လိုက် ပြန်သည်။ 


ထို့နောက် ရေစင်တော်ကို ပါးစပ်အပြည့်ထည့်ကာ မက်မွန်သားဓားပေါ်သို့ ဖြန်းလိုက်သည်။ 

“ဒီ အဆောင်တွေက ငါ့ရတနာလေးတွေဘဲ။ အရင်ကတော့ ရဲတစ်ယောက်ကို ပေးဖူးတယ်။ အဲ့တာနဲ့ အခုတော့ သုံးခုပဲ ကျန်တော့တာ။ စိတ်တော့ မကောင်းစရာဘဲလေ…”


တာအိုဆရာကြီး၏ စကားလုံးများ နောက်ကွယ်က အဓိပ္ပာယ်ကို ကျန်းဖိန် နားမလည်ဘဲနေမလား။ “စိတ်မပူပါနဲ့။ ကျွန်တော်တို့ဘက်က လုံလောက်တဲ့ အချီ‌ကြီးပေးမှာပါ။”


ဆရာကြီးလည်း စိတ်သက်သာရာရသွားပြီး မျက်လုံးကိုမှတ်လိုက်သည်။ “ကယ်၊ အဲ့တာဆို စလိုက် ကြရအောင်။”


ဒီတစ်ခေါက်ကတော့ ရှေ့နှစ်ကြိမ်နှင့် မတူသည့်အချက်ဟာ တာအိုဆရာကြီးက မိုးမခခက်များကို ၅ မီတာ ခြားတစ်ခါ ၊ လိုဏ်ဂူတစ်လျှောက် လိုက်ကာ စိုက်လိုက်သည်။ 


ချင်းချိန် : “ဘာလုပ်နေတာလဲ”


တာအိုဆရာကြီးလည်း ဟန်ဆောင်ကာ ချောင်းဟန့်လိုက်သည်။ “အာ၊ ဒါက အပနှင်ဖို့လိုအပ်တဲ့ နောက်ဆုံး အဆင့်လေ။ မိုးမခက ကမ္ဘာမှာ ရှိတာတဲ့ သရဲမျိုးတွေကို မလှုပ်နိုင်အောင် ထိန်းပေးတယ်။ အပနှင်တာမျိုးက တစ်ခုခြင်း လုပ်ရတာမျိုး။ ဒီနေရာကို သရဲရှင်းပြီးတော့မှ နောက်တစ်နေရာကို ဆက်ရှင်း လို့ရမှာ”


“မလှုပ်နိုင်အောင် လုပ်တာ”


ချင်းချိန်သည် တာအိုဆရာကြီး၏ စကားကိုကြားပြီးနောက် ကျောက်စိမ်းလက်စွပ်ဖြင့် ကစားနေသည့် ကျင်မော့ကို လှမ်းကြည့်လိုက်ကာ စကားသံ ပျောက်ဆုံးသွားသည်။ 


“ဟုတ်တယ်”တာအိုဆရာကြီးသည် ရေစင်တော် ဖြန်းထားသည့် မက်မွန်းသားဓားကို ယူကာ ဤစကားအတိုင်း ဟောလိုက်သည်။ 


“ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်အရ မိုး၊ မြေ၊ ရေ တန်ခိုး သုံးပါး နှင့် အရပ်မျက်နှာ ၁၀ ပါး တို့သည် စုစည်းရောက်ရှိလာပြီး အမိန့်တော်ကို နာခံ၍ ကမ္ဘာလောကကို ညီညွတ်မျှတ သယဇာတအောင် အလင်းဆောင်ကျဥ်း ပေးတော်မူပါ။ မက်မွန်းသားဓားနတ်မင်းသည်လည်း မြေပြင်ပေါ်သို့ ကြွရောက်ပြီး လောကကို စောင့်ကြပ်ပါရန် ပူဇော်သက္ကာပြုပါသည်။ 

 

ငါ့ကို မကောင်းသော အရာများက ထိခိုက်လာမည်ကိုလည်း မကြောက်ရွံ့ပါ။ ဤနတ်ဓားပျံကို အသုံးပြု၍ ရှိရှိသမျှသော မကောင်းသည့် ရုပ်၊ နာမ်အပေါင်းတို့ကို ဖျက်ဆီးတော့မည်။ ငါကိုယ်တော်သည် နတ်ဓားပျံအစောင့်အရှောက်များ၏အလိုတော်အရ နတ်စစ်သည်များနှင့်အတူ မကောင်းသည့် နာမ်များအားလုံးကို အမြစ်ဖြတ်သုတ်သင်မည်။”


ဒီတစ်ချိန်တော့ တာအိုဆရာကြီး၏ ဓားလှုပ်ရှားပုံသည် အရင်နှင့်မတူတာကို ချင်းချိန်သတိထားလိုက်မိသည်။ ဆရာကြီးသည် မျက်စိစုံမှိတ်ကာ ဓားကို နှစ်ဖက်လုံးဖြင့် အလယ်တည့်တည့်အနေအထားဖြင့် ကိုင်ထားကာ ဖြည်းဖြည်းချင်း လှုပ်ယမ်းနေသည်။ 


ဆရာကြီးက ဓားလှုပ်ရှားသည့်အကွက်များကို ပြောင်းလိုက်တာ ဖြစ်နိုင်သည်ဟု ထင်ခဲ့သော်လည်း ဓား၏ထိပ်ဖျားသည် ချက်ချင်းဆိုသလို အလျားလိုက် ရွေ့လျားသွားပြီး စုကျင်မော့ ရှိနေရာသော နေရာသို့ ဦးတည်ချက် ပြောင်းလဲသွားသည်ကို ချင်းချိန် တွေ့လိုက်ရသည်



ကျင်မော့သည်လည်း ထိုပြောင်းလဲမှုကြီးကို သတိထားမိခဲ့သည်။ ထို့ကြောင့် တဖက်သို့ လှည့်ကာ မက်မွန်သားဓား၏ ထိုးနှက်ချက်များကို ရှောင်နိုင်သလောက် ရှောင်ခဲ့သော်လည်း ထိမိသွားသည့် အချိန်များ ရှိနေခဲ့သည်။ ကျင်မော့၏ လက်အနားရှိ အင်္ကျီသည် မက်မွန်းသားဓားဖြင့် ထိမိသွားသည့်အခါ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ 


ကျင်မော့ ရှောင်ရင်း လှုပ်ရှားလိုက်သည့် လေအဟုန်ကြောင့် တွန်းတာ ခံလိုက်ရသည့် တာအိုဆရာကြီးသည် အနည်းငယ် ထိတ်လန့်သွားလေသည်။ သူ၏မျက်လုံးများကို မှိတ်ထားလျက် အနောက်သို့ သုံး၊ လေးလှမ်း ပြန်ဆုတ်လိုက်သည်။ သို့သော် ထွက်မပြေးဘဲ၊ အနားရှိ မက်မွန်းသားဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ၊ ကျင်မော့ကို နောက်တစ်ခါ ထပ်ထိုး လိုက်သည်။ 


ကျင်မော့ဟာ ရေစင်တော် ဖြန်းထားသည့် မက်မွန်သစ်ဓားကို မကိုင်နိုင်မှန်း သိတာကြောင့် အရင်နှင့် မတူဘဲ ထူးဆန်းနေသည့် တာအိုဆရာကြီးကိုသာ လှမ်းကြည့်လိုက်သည်။ ထို့နောက် အေးစက်စွာ လှောင်သံ ပြုလိုက်သည်။


“သူ့မှာ တကယ့်အရည်အချင်း ရှိမယ်လို့ မထင်ထားခဲ့ဘူး။ စိတ်တော့ မကောင်းစရာဘဲ။ မကောင်းတဲ့အကောင်ရဲ့  အသုံးချခံ ဖြစ်ရတယ်လို့”ဟုပြောပြီး ကျင်မော့သည် ကျောက်တုံးပေါ်တက်ကာ လိုဏ်ဂူ၏ အဆုံးရှိ ရှေးဟောင်းဂူဗိမာန်ဆီသို့ သံဂိတ်တံခါးမှတဆင့် ပျံသွားလေသည်။ 


တာအိုဆရာကြီးသည်လည်း တစ်ခုခုပူးတာကို ခံထားရပြီး ငကြောက်ဇာတိ ပျောက်သွားသည်နှင့် တူသည်။ ဒါကြောင့်လည်း ကျင်မော့ သွားသည့်လမ်းမှ သံဂိတ်တံခါးကို မည်သည့်နည်းလမ်းကို အသုံးပြုသည် မသိနိုင်ဘဲ ဖျက်ဆီးပစ်လိုက်သည်။ 


“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”ပျက်ကျနေသည့် သံဂိတ်တံခါးကို ကြည့်ရင်း မယုံနိုင်သည့် လေသံမျိုးဖြငိ့ ကျန်းဖိန် ပြောလိုက်သည်။ 


“ကြည့်ရတာ တစ်ကောင်ကောင် ၀င်ပူးတာ ခံရပြီ ထင်တယ်။”ဟု ချင်းချိန်ဟာ ပြန်ဖြေလိုက်ပြီးနောက် ကျင်မော့နောက်သို့ ပြေးလိုက်သွာသည်။ 


ဖြစ်စဉ်ကို စီစစ်ပြီးနောက်၊ ချင်းချိန် ဖုံးကွယ်ဖို့ ကြိုး‌စားနေသည့် “ထိုအရာ”ကြီးကို ရှာတွေ့နိုင်ခဲ့တာကြောင့် တာအိုဆရာကြီးဟာ တကယ်ကို အရည်အချင်းရှိသည်ဟု ကျန်းဖိန် နားလည်သွားသည်။ ခဏကြာ စဉ်းစားပြီးနောက် သူ၏သူငယ်ချင်းအား ခေါ်လိုက်သည်။


 “လောင်လု၊ အရင်ပြန်နှင့်လိုက်။ အကယ်၍ ကျွန်တော် ၆နာရီထိုးလို့ ပြန်မရောက်သေးရင် နင်ဟွာမှာ ဆက် မနေနဲ့နော်။ ပြီးတော့ ဒါကိုလဲ ခေါင်းဆောင်ကို ပေးလိုက်။”


ထို့နောက် လောင်လုကို စာရွက်အိတ်ပေးပြီး၊ အနောက်လှည့်ကာ သံဂိတ်တံခါးဆီသို့ ပြေးသွားလေသည်။ 


ချင်းချိန်ဟာ ထိုအချိန်အတွင်း ခံစားချက်များစွာ ပေါ်ထွက်လာပြီး သူကိုယ်တိုင်လည်း နားမလည်တော့ပေ။ သုတေတီတစ်ယောက်အနေဖြင့် အနှောက်အယှက်ကင်းလေ အဆင်ပြေလေ ဖြစ်သော်လည်း အခုကျတော့ ထို “အနှောက်အယှက်”လေး ကိုဘဲ၊ တာအိုဆရာလက်ချက်နှင့် အနာတရဖြစ်မှာကို စိုးရိမ်နေမိသည်။ 


ချင်းချိန်ဟာ အ သည့်သူတော့မဟုတ်ပေ၊ သူခိုးတွေ ရွှေတွေ ဘာကြောင့် ထားခဲ့တာလည်း၊ ပြီးတော့ ဘယ်သူ သတ်လိုက်တာလဲ ဆိုတာကို သူ ရှင်းရှင်းကြီး မှန်း၍ရနေပြီ ဖြစ်သည်။ 


သို့ပေမဲ့လည်း ဧကရာဇ်တစ်ယောက်အနေဖြင့် သူ၏ နယ်နမိတ်ကို ကျူးကျော်လာသူတွေကို ရှင်းရမှာသည် သူ၏တာ၀န်ပင် ဖြစ်သည်။ ကျန်းပေါ်၏ သေဆုံးခြင်းဟာလည်း သူ၏လက်ချက်သာ ဖြစ်နိုင်သည်။  


ချင်းချိန် ကိုယ်တိုင်လဲ ဒီကထွက်ပြီး တာအိုဆရာကြီးကိုသာ ကိစ္စရှင်းခိုင်းခဲ့လိုက် သင့်သည်။ သို့သော်လည်း သူ မလုပ်ချင်ခဲ့ပေ။ 



ကျင်မော့က အဝေးကြီး ထွက်ပြေးသွားခဲ့သည် မဟုတ်ဘဲ၊ အနားရှိ မြေအောက်သင်္ချိုင်းဂူအတွင်းသို့ ၀င်ပုန်းသွားခဲ့ခြင်း ဖြစ်သည်။ ဆရာကြီးသည် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ကြွက်မိစ္ဆာ၀င်ပူးတာ ခံထားရပုံ ရှိသည်။ 


ကျင်မော့သည် ဆရာကြီးရှေ့သို့ ရုတ်တရက် ပေါ်ထွက်လာပြီး၊ ပြန်လည်ခုခံနိုင်ချိန် မရလိုက်ခင်မှာဘဲ ဆရာကြီး၏ နှလုံးကို တိုက်ခိုက်လိုက်သည်။ 


တဖြေးဖြေးချင်း တာအိုဆရာကြီး၏ ကိုယ်ပေါ်မှ ကြွက်မိစ္ဆာအား ဆွဲဖယ်လိုက်သည်။ 

“မင်း-မင်းက လူသား ဧကရာဇ်ကြီး ဖြစ်ပြီး အဲ့လောက် ကောက်ကျစ်လို့ မရဘူးလေ”


“ကောက်ကျစ်တယ် ကျန်း သိချင်တာက ကျန်းကို ပျောက်သွားစေချင်တဲ့ မိစ္ဆာကောင်က ဘယ်သူလဲဆိုတာဘဲ။ တာအိုဆရာကြီးကို မှီပြီး ကျန်း ကို ဖျက်ဆီးချင်နေတဲ့သူ။ ကျန်း ပြောချင် ဘယ်သူလဲ သိတယ်မှတ်လား”


ကျင်မော့သည် ကြွက်မိစ္ဆာကို ကြည့်ကာ ရွံရှာစိတ်ဖြစ်ပေါ်လာပြီး သူနှင့် ဝေးရာသို့ ရွှေ့လိုက်သည်။ “ဟုတ်ပါတယ်လေ။ မင်းက တကယ့် ငတုံးမိစ္ဆာဘဲ။ နှစ်ပေါင်းရာချီ တရားကျင့်ကြံပြီး ထာ၀ရ အသက်ရှင်နိုင်တဲ့ ပထဝီအဆင့် မိစ္ဆာသာဖြစ်သွားတယ် အဲ့နုံအအပုံစံကတော့ မပြောင်းနိုင်သေးဘဘဲ”


ကြွက်မိစ္ဆာသည် ထာ၀ရရှင်သန်နိုင်သူ ဖြစ်ပေမဲ့လည်း၊ ထို ပထဝီအဆင့် မိစ္ဆာ ဖြစ်ရန် နှစ် ၆၀၀ လောက် တရားကျင့်ကြံခဲ့ရသည်။

 သူသည် ဤတောင်တန်းများပေါ်၌ မွေးဖွားခဲ့သောကြောင့် ဤတောင်များသည် သူ၏ ထိန်းချုပ်မှု အောက်၌ ရှိရမှာ ဖြစ်သည်။ 


သို့သော် ထိုတောင်တန်းများသည် အမှန်တကယ်တော့ ဝောာ်ဝင် ဂူဗိမာန်ကြီးသာ ဖြစ်သည်။ ထို့ကြောင့် တစ်ခြားသော သက်ရှိမက၊ ထာ၀ရရှင်သန်နိုင်သည့် သူကိုယ်တိုင်တောင် ခြေတစ်ချောင်းချ၍ မရခဲ့ပေ။ 


ထိုဖြစ်ရပ်ကြောင့် တစ်ခြားသော ပထဝီအဆင့် မိစ္ဆာအချင်းချင်းထံမှ လှောင်ပြောင်ချင်းကို ခံခဲ့ရလေသည်။ ထို့အတွက်ကြောင့် ယခုအချိန်အထိ ဧကရာဇ်အပေါ် အညိုးအတေး ထားနေခြင်းဖြစ်သည်။ 


ကြွက်မိစ္ဆာသည် ထာ၀ရာရှင်သန်နိုင်သူ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ် ၅၀၀ခန့် က  အခြားသော အင်ပါယာတစ်ခုမှ ဧကရာဇ်သည် ဤ ဗိမာန်တောင်တော်၏အောက်တွေ ရွှေ၊ ငွေ၊ စိန် စသည့် တန်ဖိုးကြီး ရတနာတွေ ပြည့်လျှံနေသည့် ဟု ကြားကာ ခိုးယူရန် ကြံစည်ခဲ့ကြသည်။ ထို့နောက် စစ်တပ်တစ်ခုကို စေလွှတ်ကာ၊ ဗိမာန်အတွင်းရှိ အရာအားလုံးကို ယူခဲ့ရန် အမိန့်ပေးခဲ့သည်။ 


ထိုအချိန်တုန်းက ကြွက်မိစ္ဆာသည် ထာ၀ရရှင်သန်နိုင်သူ ဖြစ်တာကြောင့် တစ်ခြားသောသူများကို ထိခိုက်ခွင့် မရှိခဲ့ပေ။ ထို့ကြောင့် မိုးနတ်မင်းကို မိုးချိန်းသံများ၊ ပြုလုပ်ပေးရန် အကူအညီ တောင်းခဲ့ကာ ခြောက်လှန့်လွှတ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း စစ်သားများဟာ ကြောက်လန့်ခြင်း အလျင်းမရှိခဲ့ပေ။ 


ဗိမာန်ကြီး ဟောင်းလောင်းဖြစ်လောက်ဆဲဆဲ အချိန်ထိ ကြွက်မိစ္ဆာသည် အားလုံးကို ကြည့်နေခဲ့ရသည်။ ထို့အချိန်တွင် ရုတ်တရက်ကြီး ဗိမာန်အတွင်းမှ ကျယ်လောင်သောအသံ တစ်ခု ထွက်လာခဲ့သည်။ ထိုအသံသည် ကြွက်မိစ္ဆာအတွက် ဒီတစ်သက်မကာ သံသရာတစ်လျှောက် မမေ့နိုင်တော့သည့် အသံမျိုး ဖြစ်သည်။ 


ဗိမာန်၏ တံခါးများ ပွင့်လာခဲ့ပြီး ဧကရာဇ်ကြီးဟာ နိုးထလာသည်။ နိုးထလာချင်းမှာပင် လူအများကြီးကို တွေ့လိုက်သဖြင့် သဘာဝအလျောက် လန့်သွားခဲ့သည်။ သူ၏ မျက်လုံးများကလည်း အရာရာကို ဖျက်ဆီးတော့မည်ဟု ပြောနေသကဲ့သို့ ထင်ရပေသည်။ အန္တရာယ်မပေးနိုင်သည့် သခင်လေးနှင့်တူသော ၊ တလောကလုံးကို အုပ်စိုးသည့် ထူးချွန်ထက်မြတ်သော အရှင်သခင် သည် ထိုညမှာပင် စစ်သားအားလုံးကို တုန့်ဆိုင်းမှုမရှိ သတ်ပြစ်ခဲ့သည်။ 


ကြွက်မိစ္ဆာ စစ်သူကြီးကို ကယ်တင်ရန် အရှေ့သို့ ပြေးသွားသော်လည်း ဧကရာဇ်သည် သူ၏ ထာ၀ရရှင်သန်နိုင်သည့် ခန္ဓာကိုယ်ကို တစ်ချက်တည်းနှင့်ပင် ဖြတ်တောက်ပစ်လိုက်သည်။ 


ဘာလို့လဲ၊ ဘာကြောင့်လဲ။ သူက ထာ၀ရရှင်သန်နိုင်သူလေ။ ဧကရာဇ်က ဘယ်လိုဘဲ လူလိုနေပါစေ၊ သရဲက သရဲပဲ။ အဲ့တာတောင် ဘာဖြစ်လို့ အားကြီး နေသေးတာလဲ။ 


မကျေနပ်ပေ။ ဒါက သူပိုင်သည့် နယ်မြေဖြစ်တာတောင် ဘာကြောင့် ဧကရာဇ်ကြီးကို နည်းနည်းလေး ယိုင်သွားအောင်တောင် တိုက်ခိုက်နိုင်စွမ်း မရှိရသလဲ။ ကိုယ်တိုင်တောင် အသက်ဆုံးရှုံးတော့မလို ဖြစ်သွားခဲ့သေးသည်။ 


အစက ဧကရာဇ်ကြီးကို နောက်ထပ် တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။ စစ်သားများကို ဘာမှ အရေးမကြီးသလို သတ်ဖြတ်နေပြီး၊ ထိုထူးဆန်းသည့် အေးစက်စက် အပြုံးကြီးကိုလည်း တစ်ချိန်လုံး ပြုလုပ်ထားသဖြင့် ကြွက်မိစ္ဆာသည် ဧကရာဇ်ကို အလွန်ပင် ကြောက်ရွံ့ခဲ့ဖူးသည်။ 

 

ကျင်မော့သည် သူ့ကို ဒေါသဖြင့် စိုက်ကြည့်နေသည့် ကြွက်မိစ္ဆာကို ကြည့်ရင်း တစ်ခုခုကို သတိရသွားသည်။ “မင်း၊ အရင်တစ်ခေါက်က မူလ လယ်ကြွက်ပုံနဲ့ ထောင့်မှာကပ်နေတဲ့ ကောင်ပဲလား။ နှစ်တွေ ဘယ်လောက်တောင် ကြာပြီလဲ၊ အခုထိ မတိုးတက်သေးဘူး”


ကြွက်ကြီးလည်း ကျင်မော့အပေါ် မုန်းတီးစိတ်ပိုများလာကာ ကောက်ကျစ်သည့် အသံဖြင့် ပြန်ဖြေလိုက်သည်။ 


“မင်းရော ဒီလောက်တောင် မကောင်းတာတွေ လုပ်နေတာ သံတရာတစ်လျှောက်လုံး အပြစ်ပေးခံရမှာ မကြောက်ဘူးလား။ အကယ်၍ လူမ၀င်စားနိုင်တော့ရင်ရော မင်း ဒီလိုတွေလုပ်တာက အသက်ပြန်ရှင်ဖို့ လမ်းကြောင်းကို ဟန့်တားမဲ့ ဆူးညွှန့်တွေဘဲ”


“လူ၀င်းစားတာ”ဟာသကို ကြားလိုက်ရသလို ကျင်မော့သည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ 


“ကျန်း က နှစ်ပေါင်း ၁၅၀၀ လောက်ထိ သေနေတာ မှတ်လား။ ကျန်း သာ လူ၀င်စားနိုင်ရင် အခုလောက်ဆို ဘ၀ ဘယ်နှစ်ဘ၀ လောက်တောင် ပြီးနေပြီလဲ မသိဘူး။ အဲ့တော့ ဒီ “ထာ၀ရရှင်သန်နိုင်သူ”ကြွက်ကြီးကို မေးချင်တာက ကျန်း ရဲ့ ဝိညာဉ်က ဘာလို့ ရှိသေးတာလဲ ဆိုတာဘဲ”

 

ထိုမေးခွန်းဟာ ကြွက်မိစ္ဆာအား အလွန်ပင် အံ့ဩသင့်သွားစေသည်။ ဒီကိစ္စနှင့် ပတ်သက်ပြီး သူကိုယ်တိုင်လည်း တစ်ခါမှ သေချာမတွေးဖူးပေ။ တကယ်ဆိုရင် ဒီဧကရာဇ်ဟာ ဟိုး လွန်ခဲ့သည်ထဲက လူ၀င်စားခဲ့ရမှာ ဖြစ်သော်လည်း၊ သူနှင့်အတူ 


ဟေး၀ူချန်နှင့် ပိုင်ဝူချန်တို့ နှစ်ယောက်လုံးဟာလည်း ယခုအချိန်ထိ ပေါ်မလာသေးပေ။ 

[T/N : ဟေး၀ူချန်နှင့် ပိုင်ဝူချန် က မြေအောက် ယမမင်းရဲ့ တမန်တော် တွေပါ။ သေသူရဲ့ ဝိညာဥ်ကို လာခေါ်တဲ့ သေမင်းလိုမျိုးပါ။]


သို့သော်လည်း၊ ဧကရာဇ်က လူ၀င်စားနိုင်သည် ဖြစ်စေ၊ မစားနိုင်သည် ဖြစ်စေ ကြွက်မိစ္ဆာ စိတ်ပူတာ တစ်ခုတည်း သာရှိသည်။ ဒါ့ကြောင့်လဲ သူကိုယ်တိုင် စွန့်စားပြီး သက်ရှိလူကို ပူးကပ်ပြီး ဧကရာဇ်ကို အဆုံးစီရင်ဖို့ ကြံခဲ့ခြင်းဖြစ်သည်။ 


လွန်ခဲ့သော နှစ်တစ်ရာခန့်က၊ ဤဧကရာဇ်နိုးထလာချိန်က လူပေါင်းထောင်ချီ အသက်ဆုံးရှုံးခဲ့သည်။ ဒါ့ကြောင့် ကြွက်မိစ္ဆာသည် ဧကရာဇ်ပြန်လည် နိုးထလာလျှင် နောက်ထပ် ကံဆိုးမိုးမှောက်ကျမည် စိုးရိမ်‌နေခြင်း ဖြစ်သည်။ 


“မ-မင်း၊ ဒီ‌တစ်ခေါက်လဲ အဲ့ သုတေတီတွေကို သတ်ဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်။”


သူဟာ သံသယအနည်းငယ် ရှိနေသေးသည်။ လူသတ်မှု သုံးခုရှိပြီ ဖြစ်သော်လည်း၊ ဒီတစ်ခေါက်ကတော့ ဧကရာဇ်၏ လက်ချက် မဟုတ်ခဲ့ပေ။ ဧကရာဇ်နိုးလာတာ ရက်ပေါင်းကြာပြီ ဖြစ်သော်လည်း သူ၏ ဂူဗိမာန်‌ပေါ်သို့ ခြေချရဲခဲ့သူ တစ်ဦးကိုသာ သတ်ရသေး၏။ 


“သုတေတီ”


ကျင်မော့၏ မျက်ခုံးများ အနည်းငယ် ပင့်သွားလေသည်။ “ကျန်း က ဒီ’’သုတေတီ”တွေ အကြောင်း နည်းနည်း စိတ်၀င်စားတယ်။ အဲ့တော့ ဖြေးဖြေးချင်း…..”


“မင်း အ‌ဆင်ပြေရဲ့လား”


ကျင်မော့၏ စကားသည် ရုတ်တရက် ထွက်လာသည့် အသံကြောင့် ရပ်သွားသည်။ မျက်နှာသည်လည်း ချက်ချင်းဆိုသလို မှောင်မိုက်သွားသော်လည်း ခါတိုင်းကဲ့သို့ မျက်နှာမဲ့ကြီးကို ဟန်ဆောင်အပြုံးဖြင့် အုပ်လိုက်လေသည်။