Ch 18
Viewers 751

Chapter 18


ကျန်းပေါ်၏ မတော်တဆမှုဖြစ်ခဲ့သော ညမှစတင်ကာ ထိတ်လန့်စရာ အဖြစ်အပျက်တို့သည် ဒီရေကဲ့သို့ တရိပ်ရိပ် မြင့်တက်လို့သာ လာနေခဲ့သည်။ နောက်ဆက်တွဲ ဖြစ်လာမည့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကို ရပ်တန့်နိုင်ရန် နည်းလမ်းလည်း ရှာမတွေ့သေးပေ။ 


ချင်းချိန်သည် သူ့ ကိုယ်ပိုင်စိတ်ကိုပင် ထိန်းချုပ်ရန် ခက်ခဲလွန်းနေသည်။


စာသင်ကြားချိန်၌ ကျောင်းသားများသည် ကျောင်းသူများထက် သင်ကြားမှုအပေါ် အာရုံစိုက်မှု နည်းပါးတတ်သော်လည်း၊ မိမိ အသက်ကို ကယ်တင်ပေးမည့် အသက်ကယ်ကြိုး ချည်နှောင်မှုကိုတော့ ဂရုမစိုက် မပေါ့ဆဘဲ နေကြမည်မဟုတ်ချေ။ 


ရှေးဟောင်းသုတေသနပညာကို ဘယ်လောက်ပဲ စွဲလမ်းသည်ဖြစ်စေ သင်္ချိုင်း၏လျှို့ဝှက်ချက်ကို ရှာဖွေလိုသည့် သူ၏ဆန္ဒက ဘယ်လောက်ပဲ ကြီးမားသည် ဖြစ်စေ ချင်းချိန်ဟာ သူ့အသက်ကို တန်ဖိုးထားဆဲဖြစ်ပြီး သူ့လုံခြုံရေးကို မျက်ကွယ် မပြုခဲ့ပေ။


အခုချိန်တွင် သူသည် နင်ဟွရွာမှ အဝေးသို့ ရောက်နေပြီ ဖြစ်သည်။ ရှီအန်းမြို့ကိုရောက်သောအခါတွင်မှ ချင်းချိန်သည် နောက်ကွယ်တွင် ဘာတွေ မှားနေခဲ့သလဲ ဆိုသည်ကို သတိပြုမိသွား၏။


ခေါင်းတလားခန်းထဲသို့ မဝင်မီ ဘေးပတ်ဝန်းကျင် ပတ်ပတ်လည်ကို အထူး ဂရုပြုရန် သူ့ကိုယ်သူ သတိပေးနေမိသည်။ ထောင်ချောက်တွေကို မပြောဆိုထားနှင့် သူ ဝင်မတိုးချင်သော ကြောက်စရာကောင်းသည့် သရဲတွေကိုရော သတိထားနေခဲ့သည်။ သို့သော်ငြားလည်း စင်္ကြံလမ်းရှည်ကြီးကို လျှောက်လာချိန်တွင် ဘေးပတ်ပတ်လည်ရှိ ထူးထူးဆန်းဆန်း ပြောင်းလဲမှုများကို အာရုံ မစိုက်နိုင်တော့ဘဲ ထိုနေရာကို စွဲလန်းသွားတော့သည်။


အင်းအားတစ်ခုက သူ့ကို ရှေ့ဆက်သွားရန် တွန်းအားပေးနေခဲ့ပြီး သူ့အတွေးများကိုလည်း ထိန်းချုပ်ထားခဲ့သည်။ စိတ်အစဥ် တစ်ခုလုံးတွင် ဂူဗိမာန်သာ လုံးလုံးလျားလျား ပြည့်နှက်နေပြီး ကြောက်ရွံ့မှုမရှိဘဲ ရှေ့သို့ ဆက်လှမ်းသွားရန် ယုံကြည်မှုပေးနေခဲ့သည်။


ထိုနေရာတွင် သူသိချင်သော အရာများ ရှိသေးပြီး သူ မထိရဲသောအရာများလဲ ရှိနေသည်။


လိုဏ်ဂူထဲရှိနေစဥ်က အသက်ကို ရန်ရှာနေသော တစ္ဆသရဲများလိုပဲ ထိုအမည်မဲ့ စွမ်းအားက သူ့စိတ်ကို ထိန်းချုပ်ပြီး ထိုနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်အောင် လုပ်ပေးခဲ့ပုံရသည်။


ပြီးတော့...


ပြီးဝောာ့ အေးစက်စက် အပြုံးဖြင့် ထိုရှေးခေတ် ဧကရာဇ်တစ်ပါး..


ထိုသူ၏ သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအချိန်တွင် သူ့စိတ်ဝိညာဉ်ကို မြင်လိုက်ရသလို အခိုက်အတန့်။ ထိုခဏတာကို ပြန်အမှတ်ရမိချိန် စိတ်ထဲ ကြောက်ရွံ့မိသလို နဝေတိမ်တောင် ဖြစ်သွားမိသည်။


ချင်းချိန်က ထိုလူသည် သူ့ကြောင့် အိပ်နေရာမှ နိုးသွားသည်ဟု စက္ကန့်အနည်းငယ်စာမျှ ထင်ယောင်ထင်မှား ဖြစ်မိလိုက်သေးသည်။


"ဟူး..."


ချင်းချိန်၏ အသက်ပြင်းပြင်းရှူထုတ်လိုက်သော အသံမှလွဲ၍ ရေချိုးခန်းထဲ ကြားနေရသောအသံမှာ တဖျပ်ဖျပ် ကျဆင်းနေသည့် ရေသံများသာ ဖြစ်သည်။ ရေပူနွေးနွေးဟာ သူ့ခန္ဓာကိုယ်မှ အအေးဓာတ်နှင့် သင်္ချိုင်းထဲမှ ပေလာသည့် ရွှံ့တွေကို ဆေးကြောသွားလေသည်။ တစ်နေ့တာ၏ ပင်ပန်းနွမ်းနယ်‌မှုများမှာလည်း တဖြည်းဖြည်း ပြေပျောက်လာ၏။


"


"


သို့သော်ငြား နှစ်လလုံးလုံး စိုးရိမ်နေခဲ့သည့် သူ့စိတ်မှာတော့ နည်းနည်းလေးတောင် မငြိမ်သက်နိုင်သေးပေ။


ခေါင်းအခြောက်ခံပြီးသည်နှင့် ချင်းချိန်တစ်ယောက် ကျန်းကျွင်းထံမှ ဖုန်းကောလ် ဝင်လာသည်။


"ရေချိုးပြီးရင် အောက်ဆင်းလာခဲ့အုန်း။ ငါတို့တွေ မြောက်ဘက်ဂိတ်က ကျောက်ပန်းပုရုပ်ကြီးနားမှာ တွေ့ကြမယ်။ ပြီးရင် တစ်ခုခုသွားစားပြီး ဆိုင်မှာ သွားသောက်ကြ‌မယ်လေ။ မနက်ဖြန်ကလဲ စနေနေ့ နားရက် ပြီးတော့ ငါတို့အချင်းချင်းလဲ မတွေ့ရသေးဘူး ဆိုတော့"


"အိုကေလေ"


ချင်းချိန်က သဘက်ကို ဆွဲချလိုက်ပြီး မေးလိုက်သည်။


"ငါတို့ နှစ်ယောက်ထဲလား"


"ဝူဟိုင်နဲ့ အစ်ကိုထန်လဲ ပါတယ်။ မြန်မြန်လုပ်၊ ငါတို့မြောက်ဘက်ဂိတ်ကို ရောက်နေပြီ"


"အေးအေး။ တစ်မိနစ်အတွင်း ထွက်လာခဲ့မယ်"


ဖုန်းချလိုက်ပြီးနောက် တံခါးမှာချိတ်ထားတဲ့ အိပ်ခန်းသော့ ကိုယူ၊ မီးတွေပိတ်ပြီး မှောင်နေသည့် အဆောင်ခန်းထဲက ထွက်လာလိုက်သည်။ ချင်းချိန် တစ်ယောက်တည်းသာ အဆောင်ခန်းထဲမှာရှိပြီး သူ့အခန်းဖော်က ပြောင်းသွားပြီပင်။


နှစ်စမှာတုန်းက သူ့အခန်းဖော်က မိန်းမ ယူသွားတာကြောင့် သူ့မိန်းမနှင့် သွားနေသည်။ ထို့ပြင် ဘွဲ့လွန်တတိယနှစ်တွင် ကျောင်းဝင်းထဲ ကျောင်းအိပ် ကျောင်းစားနေမည့်သူ သိပ်မရှိတော့ချေ။ 


ပြောရလျှင် ချင်းချိန်တွင် အခန်းဖော်မရှိတာ နှစ်ဝက်လောက် ရှိနေပြီဖြစ်ပြီး ပေါင်းသင်းဆက်ဆံဖို့ကလည်း သူ့အတွက် ထူးဆန်းနေသည်။ ဥပမာ ဝူဟိုင်နှင့် ထန်ကျားမင်၏ ဆက်ဆံရေးကိုကြည့်လျှင် သူတို့သည် အုပ်စုတစ်ခုတည်းတွင် အလုပ်လုပ်ရသည်လည်း မဟုတ်သလို၊ အတန်းပင်တူတူ မတက်ဘူးပေ။ သိပ်မကြာခင် က အချင်းချင်း ပြောဆိုသော စကားများက ဆယ်ကြောင်းထပ်ပင် နည်းသေး၏။ သို့သောလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကဲ့သို့ သွားအတူ လာအတူ ရှိခဲ့ကြသည်။


ရှီအန်းမြို့၏ ညအပူချိန်သည် နေ့ခင်းဘက်လောက် မပူပေ။ ထို့ပြင် မိုးရွာထားတာကြောင့် လေထုက အေးမြနေပြီး နေ့ဘက်လောက် မခြောက်သွေ့ဘဲ ညနေခင်း လေပြေအေးလေးဟာ တော်တော့်ကို သက်တောင့်သက်သာ ဖြစ်လှသည်။ 


အခြားသော ဖွံ့ဖြိုးပြီး ကမ်းခြေမြို့များနှင့် ယှဥ်လျှင် ရှီအန်းမြို့၏ လူနေထိုင်မှုပုံစံ သည် အလျင်စလိုနိုင်ကာ တက်ကြွလှုပ်ရှားနေခြင်းမျိုး မဟုတ်ပေ။ ရှီအန်းမြို့သူမြို့သားများ၏ သွေးကြောထဲတွင် အေးချမ်းစွာ နေထိုင်ရန် ဟူသော စကားလုံးကို ရေးထိုးထားသလို စိတ်မရှည်မှုဆိုသည်မှာ ဘာမှန်းပင်မသိခဲ့ပဲ  နှစ်ထောင်ပေါင်းများစွာ ကြာအောင် တည်ငြိမ်သော နေထိုင်မှုဖြင့်သာ ရှင်သန်ခဲ့ကြသည်။ ဤအချက်ကပင် နှစ်ပေါင်းထောင်ချီသော သမိုင်းတစ်လျှောက်လုံး၌ ရှီအန်းမြို့ ဟုဆိုလျှင်  နှစ်လိုဖွယ်ကောင်းသော၊ အေးချမ်းသာယာသော အတွေးအမြင်များဖြင့် ပြည့်နှက်နေစေခဲ့သည်။


ချင်းချိန်က ဒီခံစားချက်ကို သိပ်ကြိုက်သည်။


ကျောင်းဝင်းရှိ မြောက်ဘက်ဂိတ်က အဆောင်နှင့် သိပ်မဝေးတာကြောင့် ငါးမိနစ်လောက် လမ်းလျှောက်ပြီးတော့ မြောက်ဘက်ဂိတ်မှ လူသုံးယောက်က သူ့ကိုလက်ပြနေတာကို ချင်းချိန် မြင်လိုက်ရသည်။


"မြန်မြန်လာစမ်းပါ။ မင်းက အရမ်းနှေးတာပဲ။ ငါဗိုက်ဆာနေပြီ"


'အရမ်းနှေးတယ် ဟုတ်လား။ ငါးမိနစ်ပဲကြာတာကို'


ဒါကိုတော့ ချင်းချိန် မပြောလိုက်ချေ။ သူက ကျန်းကျွင်းကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး ပြော၏။


"ဒါဆို ငါမင်းတို့ကို ဝယ်ကျွေးမယ်။ ကြိုက်သလောက်စားကြ"


ဒီလိုနည်းနဲ့ သူ့အသက်ကို ကယ်ခဲ့တဲ့ သုံးယောက်ကို ချင်းချိန် ကျေးဇူးဆပ်လိုက်၏။


...


ဘီယာလေး နည်းနည်း သောက်ပြီးတော့ လေးယောက်ထဲက စကားအများဆုံး ကျန်းကျွင်းဟာ စကားလမ်းကြောင်း စလာတော့သည်။


"စကားမစပ် ဝူဟိုင်၊ မင်း ဘွဲ့ရပြီးရင် ဒီမှာနေဖို့ စီစဉ်ထားတာလား ဒါမှမဟုတ် အိမ်ကိုပဲ ပြန်မှာလား"


ဝူဟိုင်က မျက်လုံးတွေကို ပွတ်လိုက်ပြီး သက်ပြင်းချသည်။


"အစကတော့ ဒီမှာပဲနေပြီး နင်ဟွရွာက သင်္ချိုင်းထဲမှာ အဖွဲ့နဲ့အတူတူ ထပ်ရှာကြည့်မလို့ပဲ။ ပြီးရင် ဟယ်နန် ပြည်နယ် က ခိုင်းဖုန်းမှာရှိတဲ့ သမိုင်းပြတိုက်ဆီ သွားမလို့"


"ဟယ်နန်။ မင်းမိသားစုက ကွမ်ကျိုးမှာမဟုတ်ဘူးလား"


ဘီယာတစ်ငုံ သောက်လိုက်ပြီးနောက် ချင်းချိန်က မေးသည်။


"အင်း။ သူတို့က ကွမ်ကျိုးမှာ‌။ ဒါပေမဲ့ ရှောင်မေရဲ့ မိသားစုက ဟယ်နန် မှာလေ။ သူက တစ်ဦးတည်းသောသမီးဆိုတော့ သူ့မိဘတွေပဲ ကျန်ခဲ့တာ။ သူတို့မှာ မှီခိုစရာမရှိတော့ဘူး"


ချင်းချိန်က ဝူဟိုင်၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း..


"မင်းမိဘတွေ ကျတော့ရော။ ကွမ်ကျိုးမှာ သူတို့ချည်းပဲ မဟုတ်ဘူးလား"


"ငါ့ မိဘတွေမှာက အလုပ်ရှိသေးတယ်လေ။ အဲအပြင် နင်ဟွရွာမှာကလဲ ငါးနှစ်အတွင်း ငါ့အလုပ်ပြီးမယ် မထင်ဘူး။ ပြီးတော့ ငါလဲ အသက်သုံးဆယ် နားကပ်နေပြီ။ ငါ့မိဘတွေကလဲ အငြိမ်းစားယူကြတော့မှာ။ အဲတာကြောင့် သူတို့ကိုပါ ဟယ်နန် ခေါ်သွားမလို့။ သူတို့က အသက်ကြီးတော့ အေးဆေး‌နားနေလို့ရအောင်လေ"


ကျန်းကျွင်းက မနေနိုင်ဘဲ မေးလိုက်သည်။


"မင်းနဲ့ မင်းကောင်မလေးက.."


"ငါကသာ အပြစ်တင်ခံရမယ့်သူပါ။ အားလုံး ငါ့အမှားတွေချည်းပဲ"


ထိုသို့ပြောပြီးနောက် ဝူဟိုင်က မျက်မှောင်ကြုတ်ကာ ဘာမှဆက်မပြောတော့ပေ။ ကျန်းရှောင်မေ၏ သေဆုံးမှုက သူ့ကို အတော်လေး အကြပ်ရိုက်သွားခဲ့သည်။


သေပြီးတာတောင် ကျန်းရှောင်မေက သူ့ကိုသတ်ချင်နေတယ်ဆိုတော့ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာက ဝူဟိုင်နှင့် သက်ဆိုင်နေမည်ဟု ချင်းချိန် ထင်မိသည်။


သို့သော်လည်း ဘာပဲဖြစ်ဖြစ် အတိတ်မှာကျန်ခဲ့ပြီ ဖြစ်ပြီး သူတို့ကလည်း သူများကိစ္စထဲ ဝင်ပါလို့ မရချေ။ ထိုသို့ဖြင့် စကားဝိုင်းကို အဆုံးသတ်ခဲ့သည်။


သောက်လိုက် စားလိုက်ကြပြီးနောက် ဘယ်သူမှ ထပ်စကားမပြောတော့လဲ လေးယောက်သား အတွေးကိုယ်စီဖြင့် အကြာကြီး ငြိမ်နေကြသည်။ ခဏကြာတော့ ထန်ကျားမင်က ချင်းချိန်ကို ပြောလာ၏။


"ကြိုးက ဘယ်လိုပြတ်သွားတာလဲ။ ငါတို့ ဝင်သွားတော့ မြေအောက်နန်းတော်ရဲ့ တံခါးထိပ်က ကိရိယာကလဲ ပြုတ်ထွက်နေတာ။ အဲတာတွေကရော ဘာတွေလဲ"


ချင်းချိန်က ခေါင်းခါပြီး သက်ပြင်းချသည်။


"ကြိုးပြတ်သွားဝာာ ငါတောင် သတိမထားမိဘူး။ မြေအောက်နန်းတော်ထဲ ခြေချလိုက်တာနဲ့ တစ်ခြား ဘာကိုမှ အာရုံမစိုက်မိတော့တာ"


"မင်း ရှာတွေ့ခဲ့တာကို ငါတို့ဆီ ပြန်လာပြောပြဖို့ စိတ်ကူးလေးတောင် မရှိခဲ့ဖူးပေါ့"


"အင်း...မဟုတ်ပါဘူး..."


ပြန်ဖြေဝောာ့မည့် ချင်းချိန်မှာ ပြန်သွားဖို့ အတွေးမရှိခဲ့တာကို ရုတ်တရက် မှတ်မိသွားသည်။ 


စကျင်ကျောက်တံခါးကို မြင်သောအချိန်တွင် သူ ပြန်လှည့်ရန် စီစဥ်ထားခဲ့သော်လည်း  တံခါးသည် တပ်ဆင်ထားသော သူခိုးရန်အကွာအကွယ် ယန္တရားကြောင့် ပိတ်သွားခဲ့သည်။ နောက်တစ်စက္ကန့်အကြာတွင် ကျောက်တံခါးချပ်က အသံမြည်ကာ ပွင့်လာခဲ့၏။ ထိုထူးဆန်းသည့် ဆွဲအားတစ်ခုက အထဲသို့ နက်ရှိုင်းစွာ ချဉ်းကပ်ဝင်ရောက်ရန် သူ့ကို တိုက်တွန်းနေခဲ့ကာ ပြန်လှည့်ခွင့် မပေးခဲ့ချေ.............


ထိုသို့ တွေးလိုက်တော့ ချင်းချိန် နှလုံးခုန်သံတွေ မြန်လာပြီး ခန္ဓာကိုယ်အနှံ့ ချွေးစီးများ ကျလာလေသည်။ 


ချင်းချိန် မျက်နှာမကောင်းတာမြင်တော့ ကျန်းကျွင်းက စိတ်မကောင်းဖြစ်သွားပြီး သူ့ပုခုံးကို ပုတ်ကာ


"အားလုံး အဆင်ပြေရဲ့လား။ မင်းမျက်နှာက ဘာလို့ ရုတ်တရက်ကြီး ဖြူဖျော့သွားဝာာလဲ"


အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ချင်းချိန်က သူ့ရှေ့က‌ သုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။


"ငါ အဆင်ပြေပါတယ်"


"မင်းတကယ်တော့ ခေါင်းတလားခန်းထဲမှာ တခုခုတွေ့ခဲ့တယ်မလား"


ဝူဟိုင်က မေးကြည့်လိုက်ပေမဲ့ ချင်းချိန်က သူ သင်္ချိုင်းပိုင်ရှင်၏ ဝိညာဉ်ကို ‌‌တွေ့ခဲ့တာကို မပြောပြခဲ့ပေ။ သူက ခေါင်းခါလိုက်ကာ 


"ရှေးဟောင်းသင်္ချိုင်းကြီးက အရမ်းထူးဆန်းနေတယ်လို့ တွေးခဲ့မိတာ။ မင်းတို့ကြောင့်သာ မဟုတ်ရင် ငါအဲဒီမှာတင် သေသွားလောက်တယ်"


"မင်းလဲ ငါ့အသက်ကို ကယ်ခဲ့တာပဲ။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး"


ဝူဟိုင်က ချင်းချိန် ပုခုံးကိုပုတ်လိုက်သည်။


ထန်ကျားမင်က ထလိုက်ပြီး ပြုံးကာ


"မင်းတို့ စားလို့ ပြီးပြီလား။ ဗိုက်ပြည့်ပြီဆို ပြန်ကြရအောင်။ မနက်ဖြန်က စနေနေ့ ငါတို့နားရက်ပဲ။ အိမ်ပြန်ပြီး အိပ်ရေးဝဝ အိပ်သင့်တယ်။ တနင်္လာနေ့ကျမှပဲ လတ်တလော အဖြစ်အပျက်တွေ အကြောင်း ပြန်ပြောကြတာပေါ့။ အလျင်လိုစရာ မလိုပါဘူး"


ပိုက်ဆံရှင်းမယ်ဆိုပြီး လက်ပြလိုက်ပြီးနောက် ချင်းချိန်က


"အကြံကောင်းတယ်။ နားရက်မှာ အနားယူလိုက်ကြတာပေါ့"


လေးယောက်သား လမ်းခွဲလိုက်ကြပြီး ချင်းချိန်က အိပ်ဖို့ရာ အိပ်ခန်းထဲ ဝင်သွားလိုက်သည်။ သို့သော်လည်း အိပ်ရာထဲ ရောက်တော့ အိပ်မပျော်ပေ။ မျက်လုံးကို မှိတ်လိုက်တာနဲ့ ကျောက်ခေါင်းတလာကြီး ပွင့်နေသည့်ပုံရိပ်ဟာ ပေါ်လာလေသည်။


ချင်းချိန် သူတို့သုံးယောက်ကို သင်္ချိုင်းပိုင်ရှင်ဝိညာဉ်အား ‌တွေ့ခဲ့တာကို မပြောလိုက်ရခြင်းက ထူးဆန်းသည့် အားတစ်ခုဟာ သူ့ကို ရှေ့တွန်းပို့တယ် ဆိုတာကိုပြောရင် သူတို့က မယုံဘဲ ကြောက်စိတ်ပဲ တိုးလာမှာဖြစ်သည်။ အဲတာက သူဘာမှ မပြောပြရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်သည်။ 


ဖြစ်ပျက်ခဲ့သမျှ၏ နောက်ကွယ်က အကြောင်းအရင်း အမှန်ကို ချင်းချိန် သေချာမသိပေ။ သင်္ချိုင်းထဲက ထွက်လာပြီးနောက်မှာ အဲဒီအကြောင်း မတွေးဘဲ မနေနိုင်ခဲ့။ ထိုမျှေလောက် အန္တရာယ်မများလျှင် သူ သင်္ချိုင်းထဲ ပြန်ဝင်ပြီး ဘာတွေဖြစ်ခဲ့လဲ အဖြေရှာမိမှာပင်။ သင်္ချိုင်းထဲ သွားပြီး သူတွေ့ကြုံခဲ့သည်တို့က သူ့စိတ်ကူးယဉ်မှု သပ်သပ်လား၊ ထိုလူက တကယ်ပဲ သင်္ချိုင်းပိုင်ရှင်အစစ်လား ဆိုတာ အတည်ပြုချင်မိသည်။ သူက တကယ်ပဲ ဘယ်သူလဲ၊ ထိုမင်းဆက်က တကယ့် ဧကရာဇ်ပဲဆိုရင် နန်းသက် ဘယ်လောက်ကြာခဲ့လဲ၊ သူ့ပုံစံက အလွန်ငယ်ရွယ်သည့် ပုံပေါက်တာဖြစ်လို့ သေဆုံးခဲ့တာ ဘယ်လောက်ကြာပြီလဲ မေးချင်မိသည်။


သူ့ရှေ့မှာတင် ထူးဆန်းဖွယ်ရာတွေ ရှိနေပေမဲ့လို့ သိချင်ပေမဲ့လည်း သူ့အသက်အန္တရာယ်ရှိမရှိ ချင့်ချိန် နေရသေးသည်။ ချင်းချိန် တကယ့်ကို စိတ်မပျော်ပေ။ 


တွေးနေရင်း ရုတ်တရက် ထထိုင်လိုက်ကာ လုပ်ချင်ကိုင်ချင်စိတ်ကို ထိန်းထားရသလို ကုတင်ဘေးက သံတိုင်ကို ကိုင်လိုက်ပြီး


"မနက်ဖြန်ကျမှ သွားကြည့်တာပေါ့။ အလျင်လို နေစရာ မလိုပါဘူး။ ဘာမှ စိတ်ပူစရာမလိုဘူး"


ညသည် နက်ရှိုင်းပြီး အမှောင်ထုဟာ အိမ်တိုင်းကို ဖုံးလွှမ်းထားကာ ဖြတ်သွားနေသည့် တိမ်တိုက်များက လကို ဝှက်ထားသည့်အတွက် လရောင်ဟာ မှုန်ဝါးလို့နေသည်။ ညလေညင်းများလည်း ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်မှာ သက်ရှိအားလုံး သေဆုံးသွားသလိုမျိုး ပင်လယ်နက်ကြီး၏ အနက်ရှိုင်းဆုံးနေရာလို တိတ်ဆိတ် ငြိမ်သက်နေသည်။


နင်ဟွရွာကို စောစောသွားမယ် လုပ်ထားတဲ့ ချင်းချိန်ဟာ လက်ထောက်ရဲအရာရှိ ကျန်းဖိန် ဖုန်းဆက်တာတောင် မနိုးသေးပေ။


"ကျုပ်အသိရဲ့ မိတ်ဆွေက သင်္ချိုင်းကြီးကို ကြည့်ချင်တယ်ဆိုတဲ့ တာအိုဆရာကြီး တစ်ပါးနဲ့ မိတ်ဆက်ပေးတယ်။ ကျုပ်တော့ ခင်ဗျားကို ရှေးဟောင်းသုတေသီတစ်ယောက်အနေနဲ့ လမ်းလိုက် ပြပေးသင့်တယ်ထင်လို့။ ပြီးတော့ ခင်ဗျားက ကျုပ်ထက် အဲဒီနေရာနဲ့ ပိုရင်းနှီးတယ်လေ ဟုတ်တယ်မလား"


"တာအိုဘုန်းတော်ကြီးဟုတ်လား"


ချင်းချိန်မှာ အလွန်အံ့အားသင့်သွားသည်။


"တာအိုဆရာကြီး ကို ဘာလို့လိုမှာလဲ"


"သင်္ချိုင်းကြီးထဲမှာ သရဲတွေရှိတယ်လို့ ပြောတဲ့သုတေသီက ခင်ဗျားပဲ မဟုတ်လား"


ကျန်းဖိန်က ဖုန်းတစ်ဖက်ကနေ ဆေးလိပ် မီးညှိလိုက်ပြီး မျက်မှောင်ကြုတ်ကာ


"ကျုပ်မိတ်ဆွေက ကျုပ်ကို မိတ်ဆက်ပေးတာ။ ဂုရုကြီးလို့ ခေါ်လို့လဲရတယ်။ မကောင်းဆိုးဝါးတွေကို နှင်နိုင်မဲ့ နည်းရှိမရှိ ကျုပ် တကယ်သိချင်သားဗျ။ ဒီလိုစဖို့တောင် မှန်ရဲ့ သလားမသိ။ ကျုပ်တို့တော့ နင်ဟွရွာထဲ ရောက်နေပြီ။ ခင်ဗျား မြန်မြန်လာတော့"


"သင်္ချိုင်းကြီးကို သွားမရှုပ်စမ်းနဲ့ဟ"


ဒီစကားတွေကို အော်ပြောမိတော့မလို့ပင်။ ချင်းချိန်က ကျောပိုးအိတ်ကို ဆွဲကာ အိပ်ခန်းထဲမှ ထွက်လာတော့၏။ တက်စီငှားလိုက်ပြီးနောက် နင်ဟွရွာဆီ တန်းထွက်ခဲ့တော့သည်။


'ဘာကို တာအို‌ဆရာကြီးလဲ။ ဘာကို အပနှင်တာလဲ။ ဘာကြီးတွေလဲ'