Ch 13
Viewers 581

13



လင်းဝမ်ယဲ့ လက်ရှိအခြေအနေနှင့် သူရင်ဆိုင်ရတော့မည့်အရာကို အမြန်ပင် သဘောပေါက်သွားခဲ့၏။ လုချန်ရွှမ်၏ အသက်အရွယ်အရ သူသည်မိသားစုနှင့်အတူ နေထိုင်မည်မှာ သေချာပေသည်။ လုမျိုးရိုးအမည်ရှိသော သူ့မိဘများမှာလည်း သာမန်လူများမဟုတ်ကြောင်း ထင်ရှားလှ၏။ သူတစ်ပါးအိမ်တွင် နေထိုင်ရခြင်းမှာ အနေရခက်စေမည်မှာ အသေအချာပင်ဖြစ်ပြီး ဤမျှထူးခြားသောပတ်ဝန်းကျင်မျိုးတွင်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။




ဩဇာတိက္ကမကြီးမားသူများစုဝေးရာ လုမိသားစုကဲ့သို့သော နေရာမျိုးသို့ သွားရောက်ရနိုင်ခြေကို တွေးမိသောအခါ လင်းဝမ်ယဲ့သည် စိုးရိမ်တကြီးဖြင့်တံတွေးမြိုချလိုက်မိသည်။ ငယ်ရွယ်စဉ်ကတည်းမှ မောက်မာခဲ့သူပီပီ စိတ်နှလုံးနက်ရှိုင်းရာအရပ်တွင် ပြင်းထန်စွာ ဆန့်ကျင်နေမိသော်လည်း သူ့တွင်အခြားရွေးချယ်စရာ လုံးဝမရှိခဲ့ပေ။ သူ့ဖခင်ကိုယ်တိုင်၌ပင် အိမ်ခြေယာမဲ့ဖြစ်နေရာ သူ့ကိုလုချန်ရွှမ်ထံ အပ်နှံခြင်းသည် အကောင်းဆုံးဖြေရှင်းနည်းပင်ဖြစ်၏။ 




လုချန်ရွှမ်သည် သဘောတူခြင်းလည်းမရှိသလို ငြင်းဆန်ခြင်းလည်းမရှိခဲ့ပေ။ ဤမပြတ်သားသော သဘောထားမှာ အတော်လေး ညင်သာလှသည်။ အကယ်၍ သူ့မိသားစုအခြေအနေအရ ခွင့်မပြုလျှင် ဥပမာ တင်းကျပ်သော မိသားစုစည်းမျဉ်းများကြောင့် ပြင်ပလူများကို ညအိပ်ခေါ်လာခြင်းအား တားမြစ်ထားလျှင် အခြေအနေကို သေချာပေါက် သူရှင်းပြမည်ဖြစ်သည်။ သူတိတ်ဆိတ်နေပုံအရ ဤကိစ္စ၌ သူ့ထံတွင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်းညွှန်ပြနေ၏။ သို့သော် လင်းရှန်မှ သိသိသာသာအရိပ်အမြွက်ပြနေသော်လည်း သူ့ကိုတက်ကြွစွာမဖိတ်ခေါ်ခြင်းသည် လုံးဝဆန္ဒမရှိခြင်းကြောင့်လည်းဖြစ်နိုင်ပေသည်။ လင်းရှန်၏အကြည့်များမှာ သူတို့နှစ်ယောက်ကြားတွင် အကြိမ်ကြိမ် အသွားအပြန်ဖြစ်နေပြီးနောက် လင်းဝမ်ယဲ့သည် လုချန်ရွှမ်ကိုမတတ်သာသည့်ဟန်ဖြင့် မော့ကြည့်လိုက်ပြီး ပထမခြေလှမ်းကိုစတင်ကာ နှိမ့်ချချိုသာစွာဖြင့် မေးလိုက်ရတော့သည်။




"အစ်ကို ကျွန်တော့်ကို ခေါ်ထားလို့ရမလား"




အကြောင်းတစ်ခုခုကြောင့် လုချန်ရွှမ် လိုက်လျောပေးခဲ့၏။ သူခေါင်းညိတ်လိုက်ပြီး ရှေ့ဆက်သွားရမည့်လမ်းကိုပြရန် မေးဆတ်ပြကာပြောလိုက်သည်။




"သွားကြစို့၊ ငါ့အိမ်ကသိပ်မဝေးဘူး"




"ဒါဆို လမ်းခရီးကို ဂရုစိုက်သွားကြနော်၊ မနက်ဖြန်မှ တွေ့မယ်" 




လှည့်ထွက်သွားပြီးနောက် လင်းရှန်မှ အောက်ပါအတိုင်း ပြောရန်လည်းမမေ့ခဲ့ပေ။ 




"ငါ့ရဲ့ သားအကြီးကောင်ကိုသေချာဂရုစိုက်ပေးပါဦး"




လင်းဝမ်ယဲ့မှာ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရ၏။ သူ၏ချစ်လှစွာသောဖခင်နှင့်သူသည် မမျှော်လင့်ထားသော နည်းလမ်းတစ်ခုခုဖြင့် တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုခဲ့ကြလေပြီ။ လင်းဝမ်ယဲ့မှာ ခန့်မှန်းရလွယ်သောခက်ခဲသည့်အနာဂတ်အတွက် ကူကယ်ရာမဲ့မှုကို တိတ်တဆိတ် ဖော်ပြရင်း ကောင်းကင်ထံမော့ကြည့်ရင်း သက်ပြင်းချလိုက်ပြီးနောက် လုချန်ရွှမ်နောက်သို့ လိမ်လိမ်မာမာဖြင့်လိုက်ပါသွားခဲ့လေသည်။ လုချန်ရွှမ်၏ စိတ်နေသဘောထားအရ ထိုသူမှာ သဘာဝကျကျပင် စကားစတင်မည်မဟုတ်ပေ။ သို့သော် သူတို့ကြားရှိ တိတ်ဆိတ်မှုမှာ အလွန်အနေရခက်ကြောင်း လင်းဝမ်ယဲ့ခံစားရသဖြင့် သူကပင် စကားစလိုက်ရသည်။




"အစ်ကိုလု ဒီကိစ္စက အစ်ကို့အတွက် အနှောင့်အယှက်ဖြစ်စေမလား"




လုချန်ရွှမ် ပြန်ဖြေလိုက်သည်။




"မဖြစ်ပါဘူး"




လင်းဝမ်ယဲ့ ဆက်မေးလိုက်သည်။




"အစ်ကို့မိသားစုကိုရော အနှောင့်အယှက်ဖြစ်စေမလား"




လုချန်ရွှမ် ထပ်ဖြေလာသည်။




"မဖြစ်ပါဘူး"




လင်းဝမ်ယဲ့မှာ စိတ်ပျက်သွားရ၏။ မင်းက စကားနှစ်ခွန်းတည်းနဲ့ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တာလားဟုလည်း တွေးနေမိသည်။ ယခင်ဘဝကတည်းမှ ထိုသူအား သဘောမကျခဲ့‌ပေ။ ဤဘဝ၌လည်း ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် အဘယ့်ကြောင့် ယခုကဲ့သို့စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေရသနည်း။ အရင်တုန်းကဆိုလျှင် ဤကဲ့သို့လူမျိုးနှင့်တွေ့လျှင် သူလှည့်ထွက်သွားမှာ သေချာသော်လည်း ယခုတော့ မကြာမီကမှ လုချန်ရွှမ်တစ်ယောက် သူ့ကိုအကင်များဝယ်ကျွေးခဲ့ပြီး ရဲစခန်းမှပင် ထုတ်ပေးခဲ့ကာ ယခုလည်း သူ့ကိုခေါ်ထားပေးနေသည်မဟုတ်လား။ တစ်ကယ်ဆိုသူ့ထံတွင် ကူညီပေးရမည့်တာဝန်ရှိမနေပေ။ လုချန်ရွှမ်မှ သူ့အားမည်မျှပင် လျစ်လျူရှုထားစေကာမူ လင်းဝမ်ယဲ့သည် အလွန်ကောင်းမွန်သော သဘောထားကို ပြသရမည်ဖြစ်သည်။ အနေရခက်သော စကားဝိုင်းကို ဆက်သွား၍မရနိုင်တော့သဖြင့် သူစိတ်ဝင်စားသော်လည်း တစ်ဖက်လူကို စိတ်မခုစေမည့် အခြားအကြောင်းအရာများကို ရွေးချယ်တွေးတောကာ မေးလိုက်သည်။




"အစ်ကိုလု၊ အစ်ကိုနဲ့ လင်းရှန်က ဘယ်လိုတွေ့ကြတာလဲ"




လုချန်ရွှမ်သည် သဘာဝအတိုင်း လူများနှင့်ဝေးဝေးနေတတ်သူဖြစ်ကြောင်း ထင်ရှားပြီး လူတစ်ယောက်နှင့် စကားတစ်ခွန်းမှမပြောဘဲ နှစ်ယောက်တည်းရှိနေရခြင်းကို အနေရခက်သည်ဟု မခံစားရသလို မလိုအပ်သောဆက်သွယ်ပြောဆိုမှုများကိုလည်း မနှစ်သက်ချေ။ သို့သော် သူ၏ကြီးပြင်းလာမှုနှင့် ယဉ်ကျေးမှုအရ သူသည် လူများကိုလုံးဝလျစ်လျူရှုထားမည်တော့မဟုတ်ပေ။ လုချန်ရွှမ် ပြန်ဖြေလိုက်သည်။




"ငါတို့က အတူတူကြီးပြင်းလာကြတာ"




လင်းဝမ်ယဲ့ သူ့ထံအံ့သြတကြီးဖြင့် လှည့်ကြည့်ကာမေးလိုက်သည်။




"ဟမ် ငယ်သူငယ်ချင်းတွေလား၊ အတူတူကြီးပြင်းလာကြတယ်ပေါ့"




လုချန်ရွှမ် တည်ငြိမ်သောလေသံဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။




"ငါတို့က မူလတန်းကနေ အလယ်တန်းထိ ကျောင်းတစ်ကျောင်းတည်း တက်ခဲ့ကြတာ၊ ပြီးတော့ ငါတို့မိဘတွေကလည်း စီးပွားရေးအရ အဆက်အသွယ်ရှိတော့ တစ်ယောက်ကိုတစ်ယောက် သိကြတယ်လေ"




လင်းဝမ်ယဲ့သည် တစ်ခုခုလွဲမှားနေကြောင်းခံစားလိုက်ရပြီး ရှေ့သို့ကိုယ်ကိုကိုင်းကာ မေးလိုက်မိသည်။




"ဒီတိုင်း သိရုံပဲလား"




လုချန်ရွှမ်သည် မျက်လွှာချလိုက်ရာ အနည်းငယ် ကျဉ်းမြောင်းသော သူ့မျက်လုံးများကို မျက်တောင်ထူထူများမှ ကျရောက်လာသည့် အရိပ်များဖြင့် ဖုံးကွယ်သွားပြီး သူ့ခံစားချက်များအားလုံးအမှောင်ထုထဲတွင် ပုန်းကွယ်သွားခဲ့လေသည်။ ဤသည်မှာ လင်းဝမ်ယဲ့ တစ်ခါမှမမျှော်လင့်ထားခဲ့သော အရာပင်ဖြစ်သည်။ သူ မှတ်မိနိုင်သည့်အချိန်ကတည်းမှ သူ့မိသားစုနှင့် လုမိသားစုသည် ပြင်းထန်သောစီးပွားရေးပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။ လင်းရှန်သည် လုချန်ရွှမ်အကြောင်း တစ်ခါမှမကောင်းမပြောခဲ့ဖူးသလို လင်းဝမ်ယဲ့သည်လည်း သူနှင့် အမှန်တကယ်ဆက်ဆံရခြင်း ရှားပါးလှသည်။




သို့သော် သူသည် ကောလာဟလများကိုတော့ အများအပြားကြားခဲ့ဖူးသည်။ ထို့အပြင် လင်းရှန်၏လုပ်ရပ်များမှာလည်း သူ့ရပ်တည်ချက်ကို ဖော်ပြသည့်နည်းလမ်းတစ်ခုဖြစ်လေသည်။ လုချန်ရွှမ်ကို ဆန့်ကျင်ရန်နှင့် သူရနိုင်သမျှအရာအားလုံးအတွက် တိုက်ပွဲဝင်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် လင်းဝမ်ယဲ့အမြင်တွင် မိသားစုနှစ်ခုမှာ ပြန်လည်သင့်မြတ်၍မရနိုင်သော ရန်သူများဖြစ်ကြပြီး မိသားစုလုပ်ငန်းကို သူအမွေဆက်ခံရမည့် အလှည့်ရောက်လာလျှင်လည်း ဤရန်ငြိုးမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကောင်းဖြစ်နိုင်ပေသည်။




ဆယ်စုနှစ်များစွာကြာပြီးနောက် သေတပန်သက်ဆုံးတိုက်ခိုက်ကြမည့် လူနှစ်ဦးမှာ ငယ်ရွယ်စဉ်၌သူငယ်ချင်းများဖြစ်ခဲ့ကြလိမ့်မည်ဟု သူမည်သို့စိတ်ကူးကြည့်နိုင်မည်နည်း။ ထို့ပြင် ငယ်သူငယ်ချင်းများပင်ဖြစ်နေသေးသည်။ ယခုအတိတ်ကို ပြန်လည်တွေးတောကြည့်သောအခါ ဈာပနတွင် သူ့လမ်းကိုပိတ်ရပ်ခဲ့သော ထိုသူ၏ပုံရိပ်မှာ ရုတ်တရက်ပိုမိုရှုပ်ထွေးလာကြောင်း လင်းဝမ်ယဲ့ခံစားလိုက်ရ၏။ ထိုအချိန်၌ လုချန်ရွှမ်ဘာတွေးနေသလဲဆိုသည်ကို သူအလွန်သိချင်နေခဲ့မိသည်။ သူ့သေခန်းပြတ်ရန်သူ သေဆုံးသွားသည့်အတွက် တကယ်ပဲဝမ်းသာနေပြီး သူ့ကြီးမြတ်မှုကိုပြသရန် ဟန်ပြလုပ်ရပ်အချို့ကို လုပ်ဆောင်နေခဲ့ခြင်းလား။ သို့မဟုတ် သူ့ငယ်သူငယ်ချင်း ရုတ်တရက် သေဆုံးသွားသည့်အတွက် ဝမ်းနည်းနေပြီး ကျန်ရစ်ခဲ့သောကလေးငယ်အတွက် သနားကြင်နာမိခြင်းလား။

ကံမကောင်းစွာဖြင့် သူဘယ်တော့မှ သိရတော့မည်မဟုတ်ပေ။




လူတစ်ယောက် ငယ်ရွယ်စဉ်အချိန်တွင် သူတို့၏ လွန်ခဲ့သောဆယ်နှစ် သို့မဟုတ် နှစ်ဆယ်အကြာတွင် မည်သို့ဖြစ်လာမည်ကို မည်သူမှမသိနိုင်ပေ။ မည်မျှပင် သမားရိုးကျအစီအစဉ်ဆွဲထားစေကာမူ သူတို့သည် ကံကြမ္မာဖန်တီးထားသော လမ်းဆုံလမ်းခွတစ်ခုနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး ရွေးချယ်မှုတစ်ခုကို မလွှဲမရှောင်သာလုပ်ဆောင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် လင်းရှန်၏ယခင်နှင့် ယခု အသွင်အပြင်မှာ သံသယဖြစ်ဖွယ်မရှိလောက်အောင် ကြီးမားလှပေသည်။ သူ့ဖခင် ငယ်ရွယ်စဉ်၌ မည်သို့ရှိခဲ့သည်ကိုပင်မသိခဲ့သော လင်းဝမ်ယဲ့သည် ဤမတူညီသောအချိန်ကာလနှစ်ခုမှ လုချန်ရွှမ် နှစ်ဦးမှာလည်း မည်မျှထိလုံးဝကွာခြားနေမည်ကို စိတ်ကူးကြည့်၍ပင်မရနိုင်ချေ။ အပြင်ပန်းကြည့်လျှင် သူတို့မှာခွဲမရအောင် တူညီနေပုံရသော်လည်း ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည်ဤလူကို လုံးဝနားမလည်ခဲ့ပေ။




သူ ထိုသူကိုမနှစ်သက်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ကြီးပြင်းလာစဉ်အတွင်း လူအများအပြားမှ လုမျိုးရိုးရှိသူများကို ရန်သူများအဖြစ်သာသဘောထားခဲ့ကြပြီး ထိုပတ်ဝန်းကျင်တွင် နာကြည်းမှုမျိုးစေ့များက သိမ်မွေ့စွာရှင်သန်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုစဉ်၌ ဤကိစ္စများနှင့်ပတ်သက်၍ ရှီယွမ်ကိုပိုမမေးခဲ့မိခြင်းအတွက် လင်းဝမ်ယဲ့နောင်တရမိလေ၏။ ရှီယွမ်နှင့် လင်းရှန်တို့သည် တစ်ယောက်ကိုတစ်ယောက် သိကျွမ်းလာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ရာ သူသည်အတွင်းရေးဇာတ်လမ်းများစွာကို သေချာပေါက်သိနေမည်ပင်။




သူတို့နှစ်ယောက် သူငယ်ချင်းဘဝမှ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားလဲဆိုသည်ကိုတောင် သူသိကောင်းသိနေနိုင်ပေသည်။ ရှီယွမ်အားတွေးမိသောအခါ လင်းဝမ်ယဲ့နှလုံးသားထဲတွင် ထုံထိုင်းသောနာကျင်မှုတစ်ခုအား ထပ်မံခံစားလိုက်ရပြန်၏။ သဘောတရားအရဆိုလျှင် တစ်ဖက်လူသည် ဤအချိန်ကာလတွင် ပေါ်လာသင့်ပြီဖြစ်သော်လည်း သူ့ဖခင်၏သူငယ်ချင်းစာရင်းတွင် အဘယ်ကြောင့် သူ့အရိပ်အယောင်စိုးစဥ်းမျှရှိမနေရသနည်း။ သူချစ်ရသောသူနှင့်ပတ်သက်သည့် သဲလွန်စများကို သူရှင်းလင်းစွာသိထားသော်လည်း အရိပ်အယောင်တစ်ခုကိုမှရှာမတွေ့နိုင်ခဲ့ပေ။




အဆက်အသွယ်တွေ အဆက်အသွယ်တွေ၊ အရေးအကြီးဆုံး အဆက်အသွယ်က ဘယ်ရောက်သွားတာလဲ။ အဖေရေ အဖေက ကျွန်တော့်ကို တကယ်ပဲအရမ်းလှုပ်ရှားရခက်တဲ့ အခြေအနေတစ်ခုမှာ ထားခဲ့တာပဲ။




လင်းဝမ်ယဲ့သည် အလွန်တရာစိုးရိမ်ပူပန်နေပြီး သူ့စိတ်ထဲတွင်စိုးရိမ်မှုများနှင့် အဆက်အသွယ်များအကြောင်း အတွေးများဖြင့်ပြည့်နှက်နေခဲ့သည်။ ရုတ်တရက် သူတစ်ခုခုကို သတိရသွားပြီး အမြန်ခေါင်းလှည့်ကြည့်ကာ မေးလိုက်သည်။




"အစ်ကို၊ အစ်ကို  ရှီယွမ်ကိုသိလား"




လုချန်ရွှမ် သေချာမကြားလိုက်သဖြင့် ပြန်မေးလိုက်သည်။




"ဘယ်သူလဲ"




လင်းဝမ်ယဲ့ လက်ဟန်ခြေဟန်ပြရင်းပြောလိုက်သည်။




"ရှီယွမ်ပါ၊ အချိန်ဆိုတဲ့ရှီ နဲ့ ချောက်ကမ်းပါးဆိုတဲ့ ယွမ်၊ ရှီယွမ်လေ"




လုချန်ရွှမ်သည် သူ့မှတ်ဉာဏ်ထဲတွင် ထိုနာမည်ကို ရှာဖွေကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။




"မသိဘူး”