12
ထိုစကားကို ကြားသောအခါ လင်းဝမ်ယဲ့မှာ ချက်ချင်းခေါင်းငုံ့သွားပြီး လင်းရှန်ထံ အကူအညီမဲ့ဟန်ဖြင့် ကြည့်လိုက်မိ၏။
"ဦးလေး ကျေးဇူးပြုပြီး သက်ညှာပေးပါလား၊ သူ့လုံခြုံရေးကို ကျွန်တော်အာမခံနိုင်ပါတယ်"
လင်းရှန် အိတ်ကပ်ထဲသို့အမြန်လက်နှိုက်ကာ စားပွဲပေါ်သို့ တစ်ခုခုကိုပုတ်ချလိုက်ရင်း ပြောလိုက်သည်။
"ဒါက ကျွန်တော့်ကျောင်းသားကတ်ပါ၊ မိတ္တူကူးပေးလို့ ရမလား"
ရဲအရာရှိမှာ လက်ကာပြလျက်ငြင်းဆိုလေသည်။
"မရဘူး၊ မင်းမှာ ဘာအာမခံချက်ရှိလို့လဲ၊ ညှိနှိုင်းစရာ အကြောင်းမရှိဘူး"
အလွန်ပြတ်သားသော ရဲအရာရှိ၏သဘောထားကြောင့် လင်းရှန်မှာ ဘာမှမတတ်နိုင်တော့ပေ။ သူ့ကျောင်းသားကတ်ကို ပြန်ယူလိုက်ပြီး လင်းဝမ်ယဲ့ကိုကြည့်ကာ သူအကောင်းဆုံးကြိုးစားခဲ့ကြောင်း အရိပ်အယောင်ပြလိုက်သည်။ လင်းဝမ်ယဲ့သည် ဤအခြေအနေမျိုးဖြစ်လာမည်ဟု တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။ မိဘမဲ့ဂေဟာတွင် ပိတ်လှောင်ခံရပြီး အနာဂတ်တွင် ဘာမှလုပ်နိုင်တော့မည်မဟုတ်သည့် အခြေအနေကို တွေးမိသောအခါ သူ ချက်ချင်းပင် ချွေးစေးများထွက်လာရ၏။ လွတ်မြောက်ရန် အခြားနည်းလမ်းတစ်ခုခုကို သူအပြင်းအထန် တွေးတောနေစဉ် စားပွဲပေါ်ရှိကြိုးဖုန်းမှာ ရုတ်တရက် မြည်လာခဲ့သည်။ ရဲအရာရှိမှာ ဖုန်းကိုကိုင်လိုက်ပြီး တစ်ဖက်မှ တစ်ခုခုပြောသည်ကိုကြားပြီးနောက် သူ့ရှေ့ရှိ လူသုံးယောက်ထံမော့ကြည့်လိုက်သည်။ သူ ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ဖုန်းချကာ ကုလားထိုင်တွင်ပြန်ထိုင်လိုက်၏။
"မင်းတို့တွေ ပြန်ကြတော့၊ ဂရုစိုက်သွားကြဦး"
လင်းဝမ်ယဲ့နှင့် လင်းရှန် တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
"ဟမ်"
"သွားကြစို့"
လုချန်ရွှမ်မှ အရင်ဆုံးလှည့်ထွက်သွားပြီး သူ့ဆောင်းတွင်းဝတ်အင်္ကျီကို လင်းဝမ်ယဲ့လက်မောင်းထဲသို့ ပစ်ပေးလိုက်ကာ လေမဝင်အောင်ကာထားသည့် လိုက်ကာကိုမပြီး အပြင်သို့ထွက်သွားလေသည်။ လင်းဝမ်ယဲ့ မတုံ့ပြန်နိုင်မီမှာပင် လင်းရှန်မှသူ့ကို အမြန်ဆွဲခေါ်သွားခဲ့၏။ တဖြည်းဖြည်း ညသို့ရောက်လာလေပြီ။ မိုးလေဝသခန့်မှန်းချက်မှာ ရက်အတော်ကြာ နှင်းကျမည်ဟုခန့်မှန်းထားသော်လည်း နှင်းမကျသေးဘဲ လေထုမှာ စိုစွတ်နေပြီး မိုးနှင့်နှင်းတို့၏ ထူးခြားသောရနံ့များ ရှိနေဆဲဖြစ်သည်။ လုချန်ရွှမ်၏ ဆောင်းတွင်းဝတ်အင်္ကျီဖြင့် ရစ်ပတ်ထားသော လင်းဝမ်ယဲ့မှာ အအေးဒဏ်ကို ချက်ချင်းမခံစားရတော့ပေ။ တောက်ပသောအပြုံးဖြင့် သူလှည့်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကို"
အိတ်ကပ်ထဲ လက်နှိုက်ထားသော လုချန်ရွှမ်မှာ ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။
"ရပါတယ်"
"ဟေ့ ခုနက ဘာဖြစ်သွားတာလဲ"
အိတ်ကပ်ထဲလက်ထည့်ထားသော လင်းရှန်မှာ သူတို့နှစ်ယောက်ကြားတွင် ဟန်ပါပါဖြင့်လျှောက်လာရင်း လုချန်ရွှမ်ကို တံတောင်ဖြင့်တို့ရင်း မေးလိုက်သည်။
"မင်း အနောက်အရပ်ကဗုဒ္ဓကို သွားပင့်လာတာလား"
လုချန်ရွှမ်သည် မေးခွန်းကိုတိုက်ရိုက်မဖြေဘဲ တိုးတိုးလေးသာပြန်ပြောလိုက်လေသည်။
"ငါတို့နှစ်ယောက်လုံးက ကျောင်းသားတွေလေ၊ သူ့ကို ဒီအတိုင်းခေါ်သွားလို့မရဘူး၊ ရဲစခန်းက သူ့ကိုမိဘမဲ့ဂေဟာပြန်ပို့ရမှာပဲ၊ မတော်လို့ ကိစ္စတစ်ခုခုများဖြစ်သွားခဲ့ရင် ဘယ်သူမှတာဝန်ယူနိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က သူ့အတွက်အာမခံပေးမယ်ဆိုရင်တော့ ပိုလွယ်သွားမှာပေါ့"
လုချန်ရွှမ် မည်သူ့ကိုဆက်သွယ်ခဲ့သည်ကို လင်းဝမ်ယဲ့မသိသော်လည်း သူ့မျက်လုံးများတွင် ပရိသတ်လေးတစ်ယောက်ကဲ့သို့ အားကျလေးစားမှုများဖြင့် ပြည့်နှက်နေပြီး ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲ ပြောနေမိသည်။
"ကျေးဇူးပါပဲ အစ်ကိုလု"
"မင်းက ဘာလို့ သူနဲ့ဒီလောက်တောင် ရင်းနှီးနေရတာလဲ"
လျစ်လျူရှုခံလိုက်ရသဖြင့် အနည်းငယ် စိတ်တိုသွားသော လင်းရှန်သည် လက်လှမ်းကာ လင်းဝမ်ယဲ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ဒါတွေအကုန်လုံးက ငါ့အဆက်အသွယ်တွေဆိုတာ မင်းသိလား၊ ငါသာ မင်းကိုကယ်ဖို့ အတင်းမပြောခဲ့ရင် အစောကြီးကတည်းက အငှားကားစီးပြီး သူအိမ်ပြန်သွားလောက်ပြီ"
လင်းဝမ်ယဲ့ခေါင်းသည် လင်းရှန်ခေါင်းနှင့် ခပ်ဖွဖွလေးတိုက်မိသွားရာ အားရပါးရ ရယ်မောလိုက်တော့၏။လင်းရှန် သူ့ဆံပင်များကိုဖွကာပြောလိုက်သည်။
"မင်း ငါ့ကို တိုက်ရိုက်ပြောလို့ရသားပဲ၊ မင်းကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတယ်ဆိုရုံနဲ့ မင်းကိုငါကအထင်သေးမှာ မဟုတ်ပါဘူး၊ ကိစ္စမရှိပါဘူးလေ စောစောက မင်းငါ့ကို အဖေလို့ခေါ်လိုက်တဲ့အတွက် အခုကစပြီး မင်းကိုငါကာကွယ်ပေးမယ်"
အလောတကြီးဖြင့် မစဉ်းစားဘဲ အော်ဟစ်ခဲ့မိသည်ကို သတိရသွားသောအခါ လင်းဝမ်ယဲ့မျက်နှာမှာနီရဲသွားရ၏။ အမှန်တကယ်ပင် သူဖြစ်သော်လည်း သူ့ဖခင်မှာ ယခုနှစ်မှ အသက်ဆယ့်ခုနစ်နှစ်သာရှိသေးရာ ထိုသို့ခေါ်လိုက်မိခြင်းသည် လုံးဝကိုရှက်စရာကောင်းလှပေသည်။ သူတို့နှစ်ယောက်အပေါ်ထားရှိသော လုချန်ရွှမ်၏အကြည့်များမှာ ပို၍ပင်ထူးဆန်းလာကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သူခံစားနေရသည်။ သူတို့ လမ်းလျှောက်လာရင်း မကြာမီ အော့မိုရီအင်တာနက်ကဖေး၏ ဆိုင်းဘုတ်ကို ထပ်မံမြင်တွေ့လိုက်ရ၏။ လင်းရှန်ရပ်တန့်လိုက်ပြီး သူတို့နှစ်ယောက်ဘက်သို့ လှည့်ကာပြောလိုက်သည်။
"ကဲ အခုငါတို့ ဆွေးနွေးဖို့လိုနေပြီ၊ မင်း ဘာဆက်လုပ်မှာလဲ"
"ဟမ်"
လင်းဝမ်ယဲ့ ကြောင်အမ်းအမ်းဖြင့်ကြည့်လျက် မေးလိုက်သည်။
"မင်းက ငါ့ကိုကာကွယ်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ မင်းငါ့ကို အိမ်မခေါ်သွားတော့ဘူးလား၊ တစ်ညလုံး အင်တာနက်ကဖေးမှာနေဖို့ စီစဉ်ထားတာတော့ မဟုတ်ပါဘူးနော်"
လင်းရှန် ခေါင်းခါပြပြီး ပခုံးတွန့်လိုက်သည်။
"သေချာပေါက် မဟုတ်ဘူးပေါ့၊ အဓိကပြဿနာက ငါမင်းကို အိမ်ခေါ်သွားလို့မရလို့ပဲ"
လက်ရှိအခြေအနေကိုကြားပြီးနောက် လင်းဝမ်ယဲ့မှာ စကားမပြောနိုင်တော့ပဲ သက်ပြင်းချလျက် မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။ အတိုချုပ်ပြောရလျှင် သူ့ဖခင်သည် သူ့အဘိုးနှင့်စကားမပြောပဲ စစ်အေးတိုက်ပွဲတိုက်နေခြင်းဖြစ်၏။ သူ့အဘိုးသည် မကြာသေးမီ၌ သူ့ဘဏ်ကတ်များအားလုံးကို ဖြတ်တောက်လိုက်ပြီး ဖခင်နှင့်သားဆက်ဆံရေးကို ဖြတ်တောက်ကာ အိမ်ပေါ်မှနှင်ချမည်ဟု ခြိမ်းခြောက်ထားပြီး တတ်နိုင်သမျှဝေးဝေးသွားရန် ပြောဆိုထားခြင်းဖြစ်သည်။ စစ်အေးတိုက်ရသည့် တိကျသော အကြောင်းရင်းကိုမူ သူ့ဖခင်မှပြောပြမည်မဟုတ်ပေ။
"အခုလောလောဆယ် အော့မိုရီက ဝန်ထမ်းအဆောင်မှာ ငါနေ, နေတာ၊ အိပ်ဖို့ကို တခြားလူတွေနဲ့တိုးအိပ်နေရတာလေ၊ နောက်ထပ် လူတစ်ယောက်ခေါ်သွားဖို့က အဆင်မပြေဘူး"
လင်းရှန် ထိုသို့ပြောပြီးနောက် လုချန်ရွှမ်ဘက်လှည့်ကြည့်ကာ ဘာစကားမှဆက်မပြောတော့ချေ။ တိုက်ရိုက်ထုတ်မပြောလျှင်တောင် လုချန်ရွှမ်မှာ သူဘာဆိုလိုချင်သည်ကို နားလည်လေသည်။ ဤအခြေအနေကို သူတစ်ယောက်တည်းကသာ ဖြေရှင်းနိုင်မည်မှာရှင်းလင်းနေပေတော့သည်။