Ch 9
Viewers 594


9



လင်းဝမ်ယဲ့သည် လုချန်းရွှမ်မျက်နှာကိုမြင်ရတိုင်း ယခင်ဘဝက လင်းမိသားစုနှင့်လုမိသားစုတို့ကြားရှိ ဆက်ဆံရေးကို မတွေးဘဲမနေနိုင်တော့ချေ။ သူသည် အလွန်တရာနေရခက်လာပြီး သူ့ခန္ဓာကိုယ်ကြီး တစ်စစီကွဲထွက်သွားမတတ်ခံစားရကာ သူ့ကိုထပ်ကြည့်ရန် သတ္တိများပင် ပျောက်ဆုံးသွားခဲ့လေသည်။ သို့သော် လင်းရှန်မှာမူလုံးဝ ဂရုစိုက်ပုံမပေါ်ချေ။ သူသည်အဘွားအိုကို ဝါးတုတ်လေးများ တစ်ချောင်းချင်း ရေတွက်ရန်ပင် ကုန်း၍ကူညီပေးလိုက်ပြီးနောက် လုချန်းရွှမ်ဘက်သို့ မေးငေါ့ပြရင်းပြောလိုက်သည်။





"ငါးဆယ့်သုံးချောင်းပဲ ဂဏန်းပြည့်အောင်လုပ်လိုက်တော့ ငါးဆယ့်ငါးပေါ့"





အဲ့ဒါက ဂဏန်းပြည့်အောင်လုပ်တာတဲ့လား။ အလကားရတာကို သူက ဘယ်လိုလုပ်ပြီး ဒီလောက်ကိုယ့်ကိုကိုယ် မှန်လှပြီလို့ ထင်နေရတာလဲ။ အရင်ဘဝက မင်းတို့နှစ်ယောက် သေမတတ်ရန်ဖြစ်ခဲ့ကြတာ ပိုက်ဆံအကြွေးတင်ပြီး ပြန်မဆပ်လို့များလား။






လင်းဝမ်ယဲ့သည် မည်သို့ပင်ဆိုစေကာမူ အလွန်ချမ်းသာသော မိသားစုတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ အပေါင်းအသင်းကိစ္စများတွင် အမြဲတမ်း ရက်ရောလေ့ရှိပြီး သူငယ်ချင်းများကို မကြာခဏ အစားအသောက်နှင့် အပျော်အပါးများ ဒကာခံလေ့ရှိပေသည်။ သို့သော် သခင်လေးလင်းသည်လည်း မူဝါဒရှိသောလူတစ်ယောက်ဖြစ်လေ၏။ တရုတ်နိုင်ငံရှိလူများသည် အပြန်အလှန်ကျေးဇူးဆပ်ခြင်းကို တန်ဖိုးထားကြပြီး ဒီတစ်ခါ မင်းကျွေးတာကို ငါစားမယ်၊ နောက်တစ်နေ့ကျရင် ငါပြန်ကျွေးမယ် ဟူသော လူမှုဆက်ဆံရေးပုံစံနှင့် အသားကျနေကြသည်။ သို့သော် လင်းဝမ်ယဲ့သည် အခြားသူများကို အကြွေးတင်နေရသည့် ခံစားချက်မျိုးကို မနှစ်သက်ချေ။  ဤတစ်ကြိမ် သူများကျွေးသည်ကိုစားပြီးပါက နောက်တစ်ကြိမ်တွင် အခြားသူများကို ပြန်ခေါ်ကျွေးရန် သူဆန္ဒရှိချင်မှရှိမည်ဖြစ်သည်။





ထို့ကြောင့် သူသည်အခြားသူများ၏ ငွေကို ဘယ်တော့မှမသုံးဘဲ သူတတ်နိုင်လျှင် ဒကာခံပြီး မတတ်နိုင်လျှင် ကျသင့်ငွေကို ခွဲရှင်းလေ့ရှိ၏။ သေချာပေါက် ရှီယွမ်ကတော့ ချွင်းချက်တစ်ခု ဖြစ်လေသည်။ သူသဘောကျသောသူများနှင့်ဆိုလျှင် တတ်နိုင်သမျှ အနက်ရှိုင်းဆုံး ပတ်သက်မှုမျိုးရှိရန် သူမျှော်လင့်မိ၏။

အကယ်၍ သူ့ဖခင်ကသာ ဤအကင်အတွက် ပိုက်ဆံရှင်းခဲ့လျှင် လင်းဝမ်ယဲ့သည် မည်သည့်ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဖိအားကိုမှ ခံစားရမည်မဟုတ်ပေ။ သို့သော် သူ့ဖခင်မှာဆင်းရဲသားလေးတစ်ယောက်လို ဟန်ဆောင်၍ စားပြီးပြီးချင်း လုချန်းရွှမ်ကို ပိုက်ဆံရှင်းရန်လှမ်းခေါ်လိုက်ပြီး ATM စက်တစ်ခုလို သဘောထားနေခဲ့လေသည်။ လုမိသားစုသည် လင်းမိသားစုနှင့်မတူညီပေ။ လင်းမိသားစုသည် ၎င်း၏အမြင့်ဆုံးအချိန်တွင်ပင် အခြေခံအားဖြင့် စီးပွားရေးသမားများသာဖြစ်ကြသည်။ သို့သော် လုမိသားစုမှာမူ နက်ရှိုင်းစွာ အမြစ်တွယ်နေသော အဆက်အသွယ်ကွန်ရက်များရှိသည့် ဩဇာတိက္ကမကြီးမားသော မိသားစုကြီးဖြစ်ကာ အမှန်တကယ်ဂုဏ်သရေရှိသော မျိုးနွယ်စုကြီးတစ်ခုဖြစ်လေ၏။ လင်းမိသားစုသည် သူ့အဘိုးထိန်းချုပ်မှုအောက်တွင်ရှိစဉ်က သိပ်ပြီးထင်ပေါ်ကျော်ကြားခြင်းမရှိဘဲ သာမန်ချမ်းသာသောကုန်သည်များသာဖြစ်ခဲ့ကြသည်။





သူ့အဘိုးသေဆုံးပြီးနောက် သူ့ဖခင်လက်ထဲသို့ အာဏာရောက်ရှိသွားချိန်မှသာ အမှန်တကယ်ကြီးပွားတိုးတက်လာခဲ့ခြင်းပင်။ တကယ်တော့ လင်းရှန်သည် လင်းဝမ်ယဲ့ကဲ့သို့ပူပင်သောကကင်းသော ဒုတိယမျိုးဆက်သူဌေးသားတစ်ဦးဖြစ်နိုင်ခဲ့ပေသည်။ သို့သော် ထိုမရေမတွက်နိုင်သော နေ့ရက်များနှင့် ညများတွင် သူတစ်ခါမှအားမနေခဲ့ချေ။ လင်းမိသားစုကို လင်းကော်ပိုရေးရှင်းအဖြစ်သို့ပြောင်းလဲရန် သူ၏အချိန်နှင့် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုများကို မရေမတွက်နိုင်အောင်ပုံအောခဲ့ရပြီး အချိန်ရေစီးကြောင်းကြားတွင် လူမှုရေးအဆင့်အတန်း၌ အရေးကြီးသော ခုန်ပျံကျော်လွှားမှုတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့လေသည်။ သို့တိုင်အောင် သူတို့သည် လုမိသားစုကို ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးကိုသာရရှိခဲ့ခြင်းဖြစ်ပေမည်။





သူ့ဖခင်နှင့် လုချန်းရွှမ်တို့သည် နှစ်ပေါင်းများစွာကြာပြန်လည်သင့်မြတ်၍မရနိုင်သော ရန်သူများဖြစ်ခဲ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် အမြဲတမ်းအသာစီးရရန် ကြိုးပမ်းနေကြသော အဆုံးအစမရှိသည့်တိုက်ပွဲတစ်ခုပင်ဖြစ်သည်။ သူတို့သည် အမြဲတမ်း ယှဉ်ပြိုင်နေကြပြီး တစ်စုံတစ်ခုကို သက်သေပြရန် ကြိုးစားနေပုံရသော်လည်း မည်သူကမှတစ်ဖက်လူကို အမှန်တကယ်အနိုင်မယူနိုင်ခဲ့ကြပေ။ အကယ်၍ တစ်ယောက်ယောက် သေဆုံးသွားသည်ထိ တောင့်ခံနိုင်ခြင်းသည်သာ အနိုင်ရခြင်းဟု သတ်မှတ်မည်ဆိုလျှင် လုချန်းရွှမ်အနိုင်ရသွားခဲ့ပြီဖြစ်သည်။

လုမိသားစု၏နောက်ခံအင်အား မည်မျှကြီးမားကြောင်းနှင့် လုချန်းရွှမ်သည် အနာဂတ်တွင် မည်မျှကြောက်မက်ဖွယ်ကောင်းလာမည်ကို လင်းဝမ်ယဲ့ ကောင်းကောင်းသိထားလေ၏။ ထို့ကြောင့် သူ့ဖခင်နှင့် လုချန်းရွှမ်တို့သည် တစ်ချိန်ကရင်းနှီးသောသူငယ်ချင်းများဖြစ်ခဲ့ကြကြောင်း သိလိုက်ရချိန်တွင် ခံစားလိုက်ရသည့် စိတ်သက်သာရာရမှုမှာ ယခုအခါ ကြောက်ရွံ့မှုနှင့် စိုးရိမ်ထိတ်လန့်မှုများဖြင့် အစားထိုးခံလိုက်ရလေသည်။





မဟုတ်သေးဘူး။ အခြေအနေကို ကယ်တင်ဖို့ အခွင့်အရေးရှိနေသေးတယ်။ သမိုင်းတစ်ကျော့ပြန်ဖြစ်ရပ်မျိုး လုံဝမဖြစ်စေရဘူး။ အဲ့လိုကိစ္စမျိုး ဒုတိယအကြိမ်ထပ်မဖြစ်စေရဘူး။





သူ့ဖခင်နှင့် လုချန်းရွှမ်သာပူးပေါင်းနိုင်ခဲ့လျှင် အနာဂတ်တွင် သူတို့ကိုယှဉ်နိုင်မည့်သူရှိတော့မည်မဟုတ်ပေ။ သူတို့တွေသမိုင်းကို သေချာပေါက် ပြောင်းလဲနိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် သူတစ်ခုခုလုပ်ရမည်ပင်။ ထိုသို့တွေးမိသည်နှင့် လင်းဝမ်ယဲ့သည် စိုးရိမ်ပူပန်မှုများဖြင့် ပူလောင်လာကာ သူ့ဦးနှောက်သည်လည်း လျှပ်စီးလက်သကဲ့သို့အမြန်နှုန်းဖြင့် အလုပ်လုပ်နေလေသည်။ သူတစ်ခါမှ ဤမျှလောက်ထိ မြန်မြန်ဆန်ဆန်မတွေးခဲ့ဖူးချေ။ အတွေးများအားစုစည်းပြီးနောက် လင်းဝမ်ယဲ့သည် လုချန်းရွှမ်ထံပြတ်သားဟန်ဖြင့် မော့ကြည့်လိုက်ပြီး သူ့ဘေးရှိ ခွေးခြေခုံငယ်လေးတစ်လုံးကို ဆွဲယူကာအင်္ကျီလက်ဖြင့် ဟန်ပြသုတ်လိုက်ပြီး မျက်နှာချိုသွေးဟန်ပြုံးပြ၍ သူ့အသံကိုပင် ချိုသာအောင်လုပ်ကာ ပြောလိုက်သည်။





"အစ်ကိုကြီး ထိုင်ပါ"




သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်းပေါ်လာခြင်းကို လုချန်းရွှမ်သိပ်အံ့သြပုံမရပေ။ သူဝင်မထိုင်ဘဲ လင်းဝမ်ယဲ့ထံ တစ်ချက်သာကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ့ပိုက်ဆံအိတ်ထဲမှ ယွမ်တစ်ရာတန်တစ်ရွက်ကို ထုတ်ယူပြီး အဘွားအိုထံကမ်းပေး၍ ဩရှရှင်းလင်းသောအသံဖြင့် ပြောလိုက်သည်။





"ပိုက်ဆံရှင်းမယ်"




"အေးပါကွယ် အေးပါ"





အဘွားအိုမှာ ရိုးသားသူတစ်ဦးဖြစ်ရာ လင်းရှန်အကြံပြုထားသကဲ့သို့ ဂဏန်းပြည့်အောင် သေချာပေါက်လုပ်မည်မဟုတ်ပေ။ သူမသည် ခါးစည်းအိတ်ကပ်ထဲမှ အကြွေနှင့် အတန်အသင့်ကြီးသော ငွေစက္ကူအချို့ကိုထုတ်ယူကာ တစ်ပြားမှမလိုအတိအကျပြန်အမ်းပေးလိုက်လေသည်။ လုချန်းရွှမ် တစ်ခုခုမလုပ်နိုင်မီမှာပင် ငွေများသည်လမ်းကြောင်းပြောင်းသွားပြီး လင်းရှန်၏အိတ်ကပ်ထဲသို့ ရောက်သွားခဲ့လေ၏။ လင်းဝမ်ယဲ့သည် ဦးရေပြားများပင်ထုံကျင်သွားပြီး လင်းရှန်၏အိတ်ကပ်ထဲမှ ငွေများကို အမြန်ဆွဲထုတ်ကာ လုချန်းရွှမ်လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ကာ သူပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။





"အစ်ကိုကြီး သိမ်းထားလိုက်ပါ"




"ဟေ့ ဘာတွေဖြစ်နေတာလဲ"




လင်းရှန်၏အကြည့်မှာ သူတို့နှစ်ယောက်ကြားတွင် ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် လုချန်းရွှမ်၏မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။ သူအံ့သြတကြီး မေးလိုက်၏။





"မင်းရဲ့ညီလေးလား"




လုချန်းရွှမ် ပြန်ကြည့်လိုက်ပြီး သူ့မျက်လုံးများမှာ မေးခွန်းထုတ်နေသကဲ့သို့ရှိလေသည်။ ဒီကောင်လေးက ဘယ်သူ့ညီလဲဆိုတာ မင်းမသိဘူးလား။ ထိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်စိုက်ကြည့်နေကြသည်။ လင်းဝမ်ယဲ့သည် တစ်ယောက်ကိုတစ်လှည့်စီကြည့်လိုက်ရာ လေထုမှာပို၍ပို၍ထူးဆန်းလာကြောင်း ခံစားလိုက်ရပြီး ထိုအရာ၏ အရင်းအမြစ်မှာ သူကိုယ်တိုင်ဖြစ်နေပုံရ၏။ သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။





"အမ်း အဲဒါကလေ ငါတို့သုံးယောက်အရင်ထွက်သွားရအောင်လား၊ အဘိုးနဲ့ အဘွားတို့က အရောင်းအဝယ်လုပ်ရဦးမှာ နေရာယူမထားကြစို့လေ"





လုချန်းရွှမ်သည် သူ၏ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးဆုံးပြီးနောက် ရောက်လာခဲ့ခြင်းဖြစ်သည်။ မကြာမီမှာပင် ကျောင်းဆင်းချိန်ရောက်လာခဲ့လေ၏။ အမှတ် ၇ အထက်တန်းကျောင်းမှ ကျောင်းသားများသည် ကျောင်းဂိတ်ပေါက်မှတစ်ယောက်ပြီးတစ်ယောက် ထွက်လာကြကာ အိမ်ပြန်ကြပြီး အချို့မှာဈေးဆိုင်များတွင် ရပ်နေကြပြီဖြစ်သည်။ နေရာအလုံအလောက် မရှိတော့သည်ကိုမြင်သောအခါ လင်းရှန်သည် ပြတ်သားစွာ မတ်တပ်ရပ်လိုက်ပြီးလှည့်မထွက်မီ လုချန်းရွှမ်၏ရှေ့တွင် လင်းဝမ်ယဲ့ပခုံးကို တမင်တကာ ချစ်ခင်ဟန်ဖြင့်ဖက်လိုက်လေ၏။





လင်းဝမ်ယဲ့သည် ထိုအကြောင်းကိုတွေးနေဆဲဖြစ်ကာ နောက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီး လုချန်းရွှမ်တစ်ယောက် သူတို့နောက်မှကပ်လျက်လိုက်လာသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်သွားတော့သည်။

ဘော့စ်ကြီးက ဒေါသထွက်နေပုံမပေါ်ချေ။ သို့သော် သူသည် အမြဲတမ်း မျက်နှာသေဖြစ်နေတတ်ပြီး ချဉ်းကပ်ရန်ခက်ခဲကာ သူမပျော်ရွှင်လျှင်ပင် သူ့မကျေနပ်မှုကို ပြသမည့်သူမဟုတ်ပေ။

ယခင်ဘဝက လင်းရှန်သည်လည်း အမှန်တကယ်ပင် ထိုကဲ့သို့ဖြစ်ပြီး သူ ဘာတွေးနေသည်ကို တစ်ခါမှခန့်မှန်း၍မရနိုင်ခဲ့ပေ။ ထို့ကြောင့် ငယ်ရွယ်စဉ်မှ သူ့ဖခင်၏ကိုယ်ရည်ကိုယ်သွေးကို ဤကဲ့သို့မြင်တွေ့ရခြင်းမှာ လင်းဝမ်ယဲ့အတွက် အတော်လေး အံ့သြစရာဖြစ်နေခဲ့သည်။





ထားလိုက်ပါတော့၊ စိတ်ပူနေလည်း အလကားပဲ။





စောစောက သူလုချန်းရွှမ်ကို စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ဖို့သာ မျှော်လင့်ရမည်ပင်။ ကံကြမ္မာစက်ဝန်းများသည် မည်သူမှမမြင်နိုင်သောနေရာတွင် တိတ်တဆိတ်လည်ပတ်နေလေသည်။ လင်းဝမ်ယဲ့သည် လင်းရှန်၏ဆွဲခေါ်မှုကြောင့် ဈေးဆိုင်လေးမှထွက်လာခဲ့ရပြီး လုချန်းရွှမ်ကို ဂရုတစိုက်တစ်ချက်လှည့်ကြည့်သည်မှလွဲ၍ သူ နောက်ထပ်လှည့်မကြည့်တော့ချေ။

ထို့ကြောင့် သူတမ်းတနေခဲ့ရသော ထိုသူသည် သူ့နောက်မီတာအနည်းငယ်အကွာတွင် နေ့တစ်နေ့၏အအေးဒဏ်နှင့် ပင်ပန်းနွမ်းနယ်မှုများ ဖုံးလွှမ်းနေသော လေးလံသည့်သူ့ကျောင်းလွယ်အိတ်ကိုချကာ အသားလုံးများကူပြုတ်ပေးရန် အကင်ဆိုင်ရှိအဘိုးအိုထံမှအလုပ်ကို လွှဲယူလိုက်သည်အားသူ သတိမထားမိခဲ့ပေ။ မြောက်ပိုင်းရှိ ဆောင်းရာသီညများမှာ အလွန်အေးခဲလှပြီး တိုက်ခတ်လာသောလေပြင်းများမှာမျက်နှာကို ဓားများဖြင့်လှီးဖြတ်နေသကဲ့သို့ ရှိလေသည်။ လင်းဝမ်ယဲ့သည် ဆောင်းဦးရာသီတွင်ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ သူသည်အဝတ်အစားပါးပါးသာ ဝတ်ဆင်ထားခဲ့၏။