Ch 8
Viewers 596


8




လင်းရှန်မှာ ကြက်သွန်ဖြူနှင့်နှမ်းအနှစ်များပါဝင်သော ဗူးတစ်ဗူးကိုသူ့ထံ ကမ်းပေးရင်း ပြောလိုက်သည်။ ထို့နောက် လင်းဝမ်ယဲ့၏ ပန်းကန်ထဲသို့ နှမ်းဆီအနည်းငယ်လောင်းထည့်ပေးလိုက်၏။





"မင်း ကြက်သွန်ဖြူနဲ့နှမ်းအနှစ်ကို ကြိုက်မကြိုက်တော့ ငါမသိဘူး၊ ဒါပေမဲ့ မင်းဘာသာမင်းထည့်လို့ရတယ်၊ ပြီးရင် ဇွန်းနဲ့အိုးထဲက ဟင်းရည်နည်းနည်းခပ်မွှေပြီး အကင်ကိုနှစ်စားလိုက်၊ ဒေါ်လာရာချီတန်တဲ့ ဟော့ပေါ့လောက်ကိုကောင်းတာ"





လင်းဝမ်ယဲ့ ယုတ္တိရှိသည်ဟုထင်လိုက်ပြီး သူ့တွင်ရှောင်ရမည့် အစားအသောက်လည်းမရှိရာ ညွှန်ကြားထားသည့်အတိုင်း အချဉ်ရည်ကို စပ်ကာမြည်းကြည့်လိုက်သည်။ သူ၏အရသာခံဖုများ ချက်ချင်းကျေနပ်သွားပြီး ခေါင်းကိုဆက်တိုက်ညိတ်ကာ လက်မထောင်ပြလိုက်၏။

ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန် မပြီးသေးသဖြင့် ဆိုင်တွင်လူသိပ်မရှိသေးပေ။ ကျောင်းဆင်းပြီးနောက်တွင် ဖောက်သည်များ အများအပြား ရောက်လာမည်ဖြစ်သည်။ အဘိုးအိုမှာ အခြားအိုးငယ်တစ်ခုထဲတွင် အသားလုံးများပြုတ်ရန် အလုပ်များနေ၏။ အဘွားအိုမှာမူ အခြားလုပ်စရာမရှိသဖြင့် သူတို့နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူတို့စားနေသည်ကိုကြည့်ရင်း သူမမျက်လုံးများမှာ အပြုံးနှစ်ခုအသွင် ပြောင်းလဲသွားလေသည်။ လူကြီးများ၏နွေးထွေးမှုကို တစ်ခါမှမခံစားဖူးသောကြောင့် လင်းဝမ်ယဲ့သည် ဤသဘောကောင်းသော အဘွားအိုကို အလွန်သဘောကျသွားပြီး သူမနှင့် စကားမပြောဘဲ မနေနိုင်တော့ချေ။





"အဘွား အဘွားရဲ့မြေးက အသက်ဘယ်လောက်ရှိပြီလဲ၊ သူကအမှတ် ၇ အထက်တန်းကျောင်းမှာ တက်တာလား"





"ဟုတ်တယ် အဘွားရဲ့မြေးမလေးက နည်းနည်းပိုငယ်တယ်၊ မြေးလေးကတော့ မင်းတို့အရွယ်လောက်ပဲ"





"သူတို့ကဘယ်နှစ်တန်းလဲ"





"နောက်ဆုံးနှစ်လေ"






မိနစ်အနည်းငယ်ခန့် သူတို့ပေါ့ပေါ့ပါးပါး စကားပြောကြပြီးနောက် အိုးထဲမှ ခေါက်ဆွဲများရလာခဲ့သည်။ လင်းဝမ်ယဲ့သည် သွေးဆောင်မှုကိုမခံနိုင်တော့ဘဲ လင်းရှန်နှင့်အတူ ခေါက်ဆွဲများကို အားရပါးရစတင်စားသောက်တော့၏။

ယူရလွယ်ကူသောကြောင့် အလွယ်တကူအများကြီးစားမိသွားသည်။ သူတို့နှစ်ယောက်စလုံး ဗိုက်ဝသွားပြီးနောက် ထိုင်ချလိုက်ကာ ကျေနပ်အားရစွာဖြင့် တစ်ပြိုင်နက် လေချဉ်တက်လိုက်ကြ၏။ လင်းဝမ်ယဲ့သည် သူတို့ပန်းကန်လုံးအစွန်းရှိ ဝါးတုတ်များကိုကြည့်ကာ လှည့်မေးလိုက်သည်။





"ဒါတွေက ဘယ်လောက်ကျလဲ"




"အသားက တစ်ယွမ်၊ ဟင်းသီးဟင်းရွက်က ခုနစ်မော်"





လင်းရှန် တုတ်များကိုအကြမ်းဖျင်းကြည့်လိုက်သည်။





"ငါတို့ ယွမ်ငါးဆယ်လောက်ပဲကုန်မှာပါ၊ သိပ်မများပါဘူး"





လင်းဝမ်ယဲ့ ပြန်ပြောလိုက်သည်။





"အိုကေ၊ ငါဗိုက်ဝပြီ မင်းရော"





လင်းရှန်လည်းပြန်ဖြေလိုက်သည်။





"ငါလည်း ဝပြီ"




လင်းဝမ်ယဲ့ ဆက်ပြောလိုက်သည်။





"ဒါဆို ပိုက်ဆံရှင်းရအောင်"




လင်းရှန် ပြန်ပြောလာသည်။





"ငါ့မှာ ပိုက်ဆံမရှိဘူး၊ တစ်ယောက်ယောက်ကို ခေါ်လိုက်ဦးမယ်၊ ပြီးရင် မင်းကထပ်စားချင်သလိုဟန်ဆောင်နေလိုက်"





လင်းဝမ်ယဲ့သည် အစပိုင်းတွင် နောက်ပြောင်နေသည်ဟု ထင်ခဲ့ပေသည်။

သို့သော် စက္ကန့်အနည်းငယ်ခန့် မျက်လုံးချင်းဆုံပြီးနောက်တွင် သူ့ဖခင်၏ မျက်လုံးများထဲ၌ ရာခိုင်နှုန်းပြည့် ရိုးသားတည်ကြည်နေမှုကို သူဖတ်တတ်သွားခဲ့၏။ ဆယ့်ရှစ်နှစ်တိုင်တိုင် တတိယမျိုးဆက်သူဌေးသားတစ်ဦးအဖြစ် နေထိုင်လာခဲ့သော လင်းဝမ်ယဲ့သည် ငွေကြေးအတွက် တစ်ခါမှမပူပန်ခဲ့ရဖူးဘဲ စားပြီးသည်နှင့်ပိုက်ဆံမရှင်းဘဲ ထွက်ပြေးရသည့်အတွေ့အကြုံမျိုးလည်းလုံးဝမရှိခဲ့ပေ။ အဘွားအိုမှာ နားအနည်းငယ်လေးသဖြင့် သူတို့စကားပြောသံကို မကြားခဲ့ချေ။






သို့သော် လင်းဝမ်ယဲ့မှာမူ သူတို့အိတ်ကပ်ထဲတွင် ပိုက်ဆံတစ်ပြားမှမပါဘဲ အချိန်အတော်ကြာအောင် ထိုင်စားနေခဲ့ကြသည်ကိုသတိရမိပြီး လမ်းလယ်ခေါင်တွင်သွားအိပ်ကာ ကားထပ်အကြိတ်ခံလိုက်ချင်စိတ်ပေါက်သွားသည်ထိ ရှက်ရွံ့သွားခဲ့လေသည်။

လင်းရှန်မှာမူ ဤကိစ္စနှင့်စိမ်းသက်နေပုံမရဘဲ စာပို့ပြီးနောက် ဆေးလိပ်တစ်လိပ်ကို အေးအေးဆေးဆေးထုတ်ယူလိုက်သော်လည်း လင်းဝမ်ယဲ့၏စူးရဲသောအကြည့်ကိုရရှိပြီးနောက်တွင် မီးမညှိတော့ဘဲ နှုတ်ခမ်းတွင်သာတေ့ထားလိုက်၏။ လင်းဝမ်ယဲ့၏ စိုးရိမ်ပူပန်နေမှုကိုသတိပြုမိသွားသဖြင့် သူနှစ်သိမ့်ပေးလိုက်သည်။





"စိတ်မပူပါနဲ့၊ ငါ့ရဲ့အချစ်ဆုံးအစ်ကိုကြီး မကြာခင်ရောက်လာတော့မှာပါ"





ထိုစကားကိုကြားသောအခါ လင်းဝမ်ယဲ့မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက် မတ်မတ်ထိုင်လိုက်ကာ မေးလိုက်သည်။





"ဘယ်သူလဲ ရှီယွမ်လား"





လင်းရှန် နားမလည်နိုင်ဟန်ဖြင့်ပြန်မေးလိုက်သည်။





"ဘယ်သူလဲ"





လင်းဝမ်ယဲ့ မှင်တက်သွားပြီးမှပြန်ပြောလိုက်သည်။





"ဟမ် ဘာမှမဟုတ်ပါဘူး"





သူ့ဖခင်၏ ယခင်ဘဝမှအကောင်းဆုံးသူငယ်ချင်းဖြစ်သူ ရှီယွမ်သည် ချောမောပြေပြစ်ကာ သိမ်မွေ့နှိမ့်ချတတ်သူတစ်ဦးဖြစ်ပြီး ဆွဲဆောင်မှုအားကောင်းလှသူတစ်ဦး ဖြစ်ပေသည်။

သူသည် လင်းဝမ်ယဲ့အားရူးသွပ်သွားစေခဲ့ပြီး လူပျိုပေါက်အရွယ်ကတည်းမှ စိတ်ဝင်စားခဲ့ရသူလည်းဖြစ်၏။ သို့သော် သူတို့နှစ်ဦးကြားတွင် မျိုးဆက်ကွာဟမှုတစ်ခု ရှိနေခဲ့သည်။

သူချစ်ရသောသူကို လင်းဝမ်ယဲ့မှာ ဦးလေးဟု ခေါ်ဆိုခဲ့ရသည်။ အသက်အရွယ်ကွာဟမှုမှာ ရှီယွမ်အပေါ် ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်တစ်ခုဖန်တီးပေးထားသောကြောင့်ဖြစ်မည်။ နှစ်ပေါင်းများစွာကြာခဲ့သော လင်းဝမ်ယဲ့၏တစ်ဖက်သတ်အချစ်မှာ သူသေဆုံးချိန်ထိပင် ရှီယွမ်ထံမှမည်သည့်တုံ့ပြန်မှုကိုမျှမရရှိခဲ့ပေ။





သို့သော် သူတတ်နိုင်သည်မှာ ဘာမှမရှိသလို ခံစားချက်ဆိုသည်မှာလည်း ယုတ္တိမတန်သည့်အရာဖြစ်သည့်အတွက် ရှီယွမ့်အပေါ် သူသဘောကျနေဆဲပင်ဖြစ်သည်။ သူနှင့် လင်းရှန်တို့သည် အလယ်တန်းကျောင်းတွင်စတင်တွေ့ဆုံခဲ့ကြောင်း ရှီယွမ်ပြောဖူးသဖြင့် လင်းဝမ်ယဲ့သည် မေးမြန်းရန် အလျင်မလိုခဲ့ဘဲ သူ့ဖခင်ကိုရှာတွေ့ပါက သဘာဝကျကျပင် ရှီယွမ်ကိုပါရှာတွေ့လိမ့်မည်ဟု ယူဆထားခဲ့၏။ သို့သော် လင်းရှန်မှာမူ သူ့ကိုလုံးဝမသိရှိခဲ့ပေ။





ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က အထက်တန်းနောက်ဆုံးနှစ်ကိုတောင် ရောက်နေကြပြီလေ။





ဆောင်းရာသီကျောင်းပိတ်ရက်အပြီးတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နီးကပ်နေပြီဖြစ်ရာ သူတို့တစ်ယောက်ကိုတစ်ယောက် သိကျွမ်းရန်အချိန်အလုံအလောက် မရှိတော့ပေ။ လင်းဝမ်ယဲ့ ပို၍ပင်စိုးရိမ်လာမိကာ နောက်ထပ်မေးခွန်းများမေးရန်ပြင်လိုက်စဉ် လမ်းမီးတိုင်မှ အလင်းရောင်ကွယ်သွားသည်ကို ရုတ်တရက်ခံစားလိုက်ရပြီး သူ့အနောက်တွင် လူတစ်ယောက်ရပ်နေသည်အားမြင်လိုက်ရသည်။ သူအလိုလိုလှည့်ကြည့်လိုက်မိရာ ထိုသူ၏မျက်စိကျိန်းလောက်သော ရွှေရောင်ဆံပင်များကို ချက်ချင်းမြင်လိုက်ရ၏။





သောက်ကျိုးနည်း လုချန်းရွှမ်လား။ သူ့အဖေရဲ့ကမ္ဘာပေါ်မှာ အကောင်းဆုံးအစ်ကိုကြီးက ရှီယွမ်မဟုတ်ဘဲ တကယ်တော့ လုချန်းရွှမ်ဖြစ်နေတာပေါ့လေ။ မင်းတို့နှစ်ယောက်က ကြီးလာတော့ လက်ဗလာနဲ့တောင် တစ်ယောက်ကိုတစ်ယောက် ဆွဲဖြဲပစ်ဖို့ အသင့်ဖြစ်နေတဲ့ ခါးသီးလှတဲ့ ပြိုင်ဘက်တွေဖြစ်လာတာမလား။ ငယ်ငယ်တုန်းကကျ အချစ်ဆုံးသူငယ်ချင်းတွေပါလို့ အခုငါ့ကိုလာပြောနေတာလား။





ဆောင်းရာသီ၏လမ်းဆုံတွင် လင်းဝမ်ယဲ့သည် လေပြင်းထဲ၌ဇဝေဇဝါဖြင့် ရပ်နေခဲ့သည်။ သူ့နှလုံးသားမှာ အေးစက်လှသော လေပြင်းထက်ပင် ပို၍အေးခဲနေခဲ့ပေ၏။ 






ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက်မှာ မင်းတို့နှစ်ယောက်ကြား လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးပတ်သက်မှုတွေမရှိခဲ့ဘူးဆိုရင် ဒီလိုခါးသီးပြီး ကလဲ့စားချေချင်တဲ့ရန်ငြိုးတွေက ဘယ်ကနေ ရောက်လာမှာလဲ။




ဘာတွေဖြစ်ခဲ့တာလဲ




တကယ်ကြီးလားဟ




ယောက်ျားများကလေးမမွေးနိုင်ဘူးဆိုသည်ကိုသာ သူအကြွင်းမဲ့သေချာမသိထားလျှင် လင်းဝမ်ယဲ့သည် လုချန်းရွှမ်ကို သူ့အမေဖြစ်မည်ဟုပင်သံသယဝင်မိတော့မည်ဖြစ်သည်။