အခန်း (၄) သစ်အယ်သီး ကြက်သားနှပ်
Viewers 816

 

 


သူမ တံခါးတွန်းဖွင့်လိုက်သည့်အခါ အပြင်ဘက်တွင် ပိန်းပိတ်အောင် မှောင်မိုက်နေသည်။ တောင်လေအဝှေ့မှာ မြေသင်းနံ့ဖျော့ဖျော့က သူမထံ ရောက်ရှိလာပါ၏။

 

 

 

ဟွာကျွင်း နောက်ကျသည့်အထိ စောင့်နေသော်လည်း အဘိုးက ရောက်မလာပေ။

 

 

အဘိုး မြို့ကိုသွားပြီး ဟင်းရွက်တွေ မရောင်းတော့တာများလား

 

 

 

ထိုစဉ် တံခါးပွင့်သွားပြီး မုဆိုးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။

 

 

 

အို ဒီဆိုင်က ဖွင့်တာလား

 

 

 

ထိုအမျိုးသားက ကျောပေါ်၌ ထင်းစည်းတစ်စည်းကို သယ်ထားပြီး ခါးတွင် ရစ်ငှက်နှစ်ကောင် ချိတ်ဆွဲထားသည်။

 

 

 

ဟလို ရှင်တစ်ခုခုများ စားချင်လား။ ဒီနေ့ ဆိုင်မှာ အသားလုံးတွေနဲ့ သစ်အယ်သီးကြက်သားချက်ရပါတယ်

 

 

 

ဟွာကျွင်း ဝယ်သူကို ပထမဆုံးအကြိမ် ဦးစွာ နှုတ်ဆက်လိုက်သည်။ ကြက်သားချက်က တစ်ပွဲကို ပြား (၃၀) ပါ၊ အရွက်အစာသွပ်ထားတဲ့ အသားလုံးက တုတ်တစ်ချောင်းကို (၁) ပြားပါ၊ အသားလုံးတုတ်ချောင်းက (၂)ပြားပါ

 

 

 

ဝူချင်းသည် ယနေ့တွင် သူဖမ်းမိထားသော သားကောင်များကို  မြို့သို့ သွားရောင်းပြီး ပြန်ရောက်ချိန်တွင် မှောင်သွားပါ၏။ သူသည် ဤလမ်းကို အကြိမ်ပေါင်းများစွာသွားဖူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဤနေရာတွင် ဆိုင်အသစ်တစ်ဆိုင် ပေါ်လာသည်ကို သိထားသော်လည်း ထိုဆိုင်မှာ နေ့ဘက်တွင် အမြဲပိတ်ထားပြီး ညဘက်မှသာ ဖွင့်တတ်သည်။

 

 

 

သူ ဆိုင်မှ ထွက်ပေါ်လာသော အစားအသောက်အနံ့ကို အဝေးကပင် ရနေပြီး ဆိုင်အဝင်ဝသို့ ရောက်သည့်အခါ သူ့ခြေထောက်များက သူ့အလိုလို ဆိုင်ထဲသို့ လျှောက်ဝင်သွားလေသည်။

 

 

 

ဝူချင်းသည် ဟွာကျွင်းပြောသော ဈေးနှုန်းများကို ကြားလိုက်သည့်အခါ ဈေးမကြီးဟု ထင်လိုက်၏။ ထို့အပြင် ယနေ့တွင် ပစ္စည်းများစွာ ရောင်းချခဲ့ရသဖြင့် ဝဝလင်လင် စားသောက်နိုင်ပေသည်။

 

 

 

သူ ထိုင်ခုံတစ်ခုံယူပြီး ထိုင်ချလိုက်သည်။ ကောင်းပြီလေ။ ကျုပ်ကို ကြက်သားချက်တစ်ပွဲ၊ အရွက်အစာသွပ်ထားတဲ့ အသားလုံးနှစ်ချောင်းပေး။ ဒါနဲ့ သောက်စရာဝိုင်ရောရှိလား

 

 

 

တောင်းပန်ပါတယ်ရှင့်၊ မုန့်ဆိုင်လေးက အခုမှဖွင့်တာပါ။ ကျွန်မတို့မှာ အခုတော့ ဝိုင်မရသေးပါဘူး

 

 

ဟွာကျွင်း မြေအိုးထဲမှ ကြက်သားချက်တစ်ပွဲစာ ခပ်ပြီး ထမင်းဖြူပွဲကြီးတစ်ပွဲနှင့်အတူ ဝူချင်းကို ချပေးလိုက်သည်။

 

 

 

ဝူချင်းသည် ထမင်းဖြူများကို မြင်လိုက်ရ၍ ကြောင်အသွားသည်။ သူ့မျက်နှာမည်းကြီးက ထိတ်လန့်သွားပြီး အကြောင်သားစိုက်ကြည့်နေမိ၏။

 

 

ဒါက ထမင်းဖြူလား

 

 

မုန့်ဆိုင်လေးက ဒီလိုထမင်းဖြူကိုလည်း ရောင်းနိုင်တာလား။ သူတို့လို ဆင်းရဲသားတွေက ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ

 

 

 

ပုံမှန်အားဖြင့် သူတို့သည် ပြောင်း၊ ဆတ် တို့နှင့် ရောနှောကာ ချက်ပြုတ်စားလေ့ရှိပြီး မျိုရခက်ပါက ရေနှင့်မျှောကာ ဗိုက်ပြည့်လျှင်ပြီးရော စားသောက်ကြသည်။

 

 

သို့သော် သူ့ရှေ့က ထမင်းဖြူသည်တော့ ထူးခြားလှ၏။ သလင်းကျောက်ပမာ ကြည်လင်လှကာ အဝေးက‌နေပင် ပြင်းထန်သည့် မွှေးရနံ့ကို ရနေ၏။

 

 

 

သူ ထမင်းကို တူဖြင့် ညင်သာစွာ ခပ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။

 

 

 

အရသာကား သူထင်ထားသည့်အတိုင်းပင်။ ပို၍ပင် ချိုနေပါသေး၏။

 

 

 

နူးအိပျော့ပျောင်းကာ ‌စေးကပ်ကပ်နှင့် ဆန်နံ့သင်းသင်းလေး ရနေပြီးသားပင်။ တစ်ကိုက်ဝါးပြီးနောက် သူ့အာခံတွင်း၌ အချိုအရသာလေးများ ဖုံးလွှမ်းသွား၏။

 

 

ငါ ဒီလိုထမင်းမျိုးကို ငါးပန်းကန်တောင် စားနိုင်တယ်ကွ

 

 

 

ဝူချင်းသည် စားပွဲပေါ်ရှိ သစ်အယ်သီး ကြက်သားချက်ကို ကြည့်လိုက်ရာ နီညိုရောင်အနှစ်ကပင် စားချင်စဖွယ်ဖြစ်နေပြီး ကျန်သည့် ကြက်သားတုံးများနှင့် သစ်အယ်သီးများကိုမူ ပြောနေရန်ပင် မလိုတော့ပေ။

 

 

 

 

သူသည် တစ်ယောက်ယောက်က လုစားနေသည့်အလား စကားတစ်လုံးမျှ မပြောဘဲ ထမင်းကို အငမ်းမရ စား တော့သည်။

 

 

 

ဟွာကျွင်းက သူ့ထံသို့ အူဒုံ တစ်ပန်းကန် လာပို့ပေးသည့်အချိန်တွင် သူသည် ထမင်းတစ်ပန်းကန်ကို စားပြီးနေပြီ ဖြစ်၏။

 

 

 

ရှင် ထမင်းထပ်ယူဦးမလား။ တစ်ပွဲကို နှစ်ပြားပဲနော်

 

 

 

ဝူချင်း၏ စားပွဲပေါ်တွင် ဟင်းများစွာ ကျန်နေသေးသည်ကို မြင်သောကြောင့် ဟွာကျွင်းက  သတိပေးလိုက်သည်။

 

 

 

ကျုပ် ထမင်းထပ်ယူမယ်

 

 

လမ်းဘေးတွင် ရောင်းသော ပေါက်စီများမှာ တစ်လုံးလျှင် (၂)ပြား ပေးရသော်လည်း အသားမှာ အလွန်နည်းပါးပြီး မုန့်သားမှာလည်း စားမကောင်းပေ။ ထိုအရာနှင့် နှိုင်းယှဉ်လျှင် မွှေးပျံ့နေသော ထမင်းဖြူက အဆပေါင်းများစွာ ပို၍ ကောင်းမွန်ပေသည်။

 

 

 

ဝူချင်းသည် အူဒုံပွဲကို ကြည့်လိုက်သည်။ ဟွာကျွင်းက သူ့ကို တို့ဖူးခြောက် တုတ်ချောင်းတစ်ချောင်းနှင့် မုန်လာဥဖြူ တုတ်တစ်ချောင်းကို ဟင်းရည်တစ်ပန်းကန်အပြည့် ပေးထားသည်။

 

 

 

 

သစ်အယ်သီး ကြက်သားချက်နှင့် မတူသည်မှာ အူဒုံ၏ အရသာမှာ ပြင်းထန်မှုမရှိဘဲ အနှစ်ဖြင့် ကျိုထားသည့်အတွက် ဟင်းရည်ပေါ်တွင် ဆီများ ဝေ့နေသည်။

 

 

 

တို့ဖူးခြောက်နှင့် မုန်လာဥတို့သည် ဟင်းရည်များကို စုပ်ယူထားသဖြင့် ကိုက်လိုက်သည့်အခါ အရည်များ ထွက်လာပြီး အလွန်ပင် စားလို့ကောင်းလှ၏။

 

 

ဝူချင်းသည် ထမင်း သုံးပန်းကန် ထပ်မံစားသောက်ပြီးနောက်  အူဒုံဟင်းရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။ သူသည် ဗိုက်ကို ပွတ်ရင်း ထိုင်ခုံပေါ်တွင် ကျေနပ်စွာ မှီချလိုက်ကာ လေတက်လိုက်ပါ၏။

 

 

 

အရသာရှိလွန်းတယ် ဆိုင်ရှင်၊ ခင်ဗျားရဲ့ အစားအသောက်က အရသာရှိလွန်းတယ်

 

 

 

ဝူချင်းသည် အသားအရေ ဖြူဝင်းပြီး ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဟွာကျွင်းကို ကြည့်လိုက်ကာ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

 

 

 

ငါ အထက်ဘုံက‌နေ လူ့ပြည်ကို ဆင်းလာတဲ့ နတ်သမီးနဲ့ တွေ့နေတာ ဖြစ်ရမယ်။ ဒါက လူသားတွေစားတဲ့ အစားအစာ မဟုတ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီလောက်တောင် အရသာရှိနေတာပေါ့

 

 

 

သူ (၃၈)ပြားကို ထုတ်ယူပြီး ခေါင်းငုံ့ကာ ဟွာကျွင်းထံသို့ လက်နှစ်ဖက်ဖြင့် ပေးလိုက်၏။

 

 

နတ်သမီးလေး ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ

 

 

 

ဟွာကျွင်း ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရယ်ချလိုက်မိသည်။ ဘာတွေပြောနေတာလဲ။ ကျွန်မက လူရှင့်၊ နတ်သမီးမဟုတ်ဘူး

 

 

 

ဝူချင်း ခဏ တိတ်ဆိတ်သွားသည်။ ထို့နောက် လျင်မြန်စွာ ပြောလာသည်။ နားလည်ပါတယ်၊ နားလည်ပါတယ်၊ ကျုပ် နားလည်ပါတယ် နတ်သမီးလေး၊ ဒီကိစ္စကို လျှို့ဝှက်ထားပါ့မယ်

 

 

ထို့နောက် သူ ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြကာ အပြင်းအထန် ခေါင်းညိတ်ပြလိုက်၏။

 

 

ဟွာကျွင်းသည် နောက်ဆုံးတွင် သူမ၏ ပတ်ဝန်းကျင်ကို ကျင့်သားရသွားခဲ့သည်။ အောက်ထပ်တွင် ဆူညံနေသော်လည်း သူမ အေးအေးဆေးဆေး အိပ်နိုင်လာပါ၏။

 

 

နေ့ဘက်တွင်  ဘာမှလုပ်စရာ သိပ်မရှိသဖြင့် သူမ ကြေးပြားများကို ယူဆောင်ကာ မြို့ထဲသို့ တက္ကစီခေါ်ပြီး သွားလိုက်သည်။

 

 

သူမသည် ရှေးဟောင်းပစ္စည်းဆိုင်ကြီးတစ်ဆိုင်ကို တွေ့သွား၏။ ဤဆိုင်ရှင်သည် နယ်က ဆိုင်ရှင်ထက် ပို၍ ရိုးသားပြီး တစ်ပြားလျှင် ယွမ်(၃၀၀၀)ပေးကာ ကြေးပြား (၃၈) ပြားလုံးကို ဝယ်ယူခဲ့သည်။

 

 

ယခုအကြိမ်တွင် သူမသည် ယွမ် (၁၁၄၀၀၀) ရခဲ့သည်။ ပြီးခဲ့သောအကြိမ်က အကင်စက်နှင့် အခဲခံသေတ္တာ ဝယ်ယူရာတွင် ယွမ်(၁၅၀၀) အသုံးပြုခဲ့ပြီး ယခုအခါ ဟွာကျွင်းတွင် ယွမ်(၁၂၄၀၀၀)ခန့်ကျန်ပါ၏။

 

 

 

ဟွာကျွင်းသည် သူမ၏ ဘဏ်ကတ်မှ လက်ကျန်ငွေကို ကြည့်ကာ ပါးစပ်မစိနိုင်အောင် ပြုံးနေမိသည်။ သူမတစ်သက်တွင် ဤမျှများပြားသော ငွေပမာဏကို မမြင်ဖူးပေ။

 

 

 

မြို့ထဲသို့ ရောက်လာပြီဖြစ်သဖြင့် သူမသည်  အရသာရှိသော အရာများကို ထပ်မံဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

 

 

 

ယခုအခါ ဆိုင်တွင် အခဲခံသေတ္တာနှင့် ရေခဲသေတ္တာ ရှိနေသဖြင့် အစားအသောက် သိုလှောင်ရန်မှာ ပြဿနာမရှိတော့ပေ။

 

 

သူမ အကြိုက်ဆုံး အစားအသောက်များကို သေသေချာချာ စဉ်းစားပြီးနောက် ဟွာကျွင်းသည် အရင်ဆုံး တစ်ပတ်စာခန့် ဝယ်ယူရန် ဆုံးဖြတ်လိုက်၏။

 

 

 

ဟွာကျွင်းသည် ကားတစ်စီး ငှားလိုက်၏။ ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသူဖြစ်သည့်အတွက် ကျန်းမာရေးထောက်ခံစာ ရယူရန် အရင်ဆုံး ဆေးရုံသို့ သွားလိုက်သည်။

 

 

 

ထို့နောက် သူမသည် မြို့ထဲရှိ အကြီးဆုံး စူပါမားကတ်သို့ တိုက်ရိုက်သွားခဲ့သည်။

 

 

 

ဝက်နံရိုး (၅) ဂျင်၊ ဝက်ဂုတ်သား (၅) ဂျင်၊  အမဲနံရိုး (၄) ဂျင်နှင့် ဟော့ပေါ့စားရန် ဝက်သား၊ အမဲသား၊ ဆိတ်သား လွှာများကို တစ်မျိုးလျှင် (၃) ဂျင်စီ ဝယ်ယူခဲ့၏။

 

 

 

ဤအရာများကို အကင် သိုမဟုတ် ဟော့ပေါ့အတွက် အသုံးပြုနိုင်သည်။

 

 

 

ကြက်ဥ ငါးဖာ ဝယ်ခဲ့ပြီး တစ်ဖာလျှင် အလုံး (၃၀) ပါဝင်ပါ၏။ ထိုအရာများကို ဒီအတိုင်း ကြော်စားသည်ဖြစ်စေ၊ ငရုတ်သီး သို့မဟုတ် ခရမ်းချဉ်သီးနှင့် ကြော်စားသည်ဖြစ်စေ ရိုးရှင်းလွယ်ကူပါသည်။ အသားဆန်ပြုတ်အတွက် ဆေးဘဲဉတစ်ဖာ၊ ဆန်ပြုတ်ဖြူအတွက် ဘဲဥဆားငန်များကိုလည်း ဝယ်ယူခဲ့သေး၏။

 

 

 

အမဲနံရိုးနှင့် ဆိတ်နံရိုးများကို တစ်မျိုးလျှင် (၃)ဂျင်စီ ဝယ်ခဲ့ပြီး ထောပတ်၊ ငရုတ်ကောင်းတို့ဖြင့် တစ်ဖက်လျှင် သုံးမိနစ်ခန့် ကြော်လိုက်ရုံနှင့် အလွန်ပင် စားမြိန်ပါသည်။

 

 

 

 

ဟင်းချက်မကျွမ်းကျင်သူများအတွက်  အသင့်စားဟင်းလျာများကိုလည်း မမေ့ခဲ့ပေ။ ကြက်သားဟင်း၊ ငါးချဉ်ဟင်း၊  ကွေ့ပေါင်ရို့ နှင့် ပုစွန်ထုပ်လေးများကို တစ်မျိုးလျှင် နှစ်ဖာစီ ဝယ်ယူခဲ့သည်။

 

 

 

နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အကြည်နှင့် အနောက်၊ ငရုတ်သီးဆော့စ်တို့လည်း ဝယ်လိုက်သည်။

 

 

ဟွာကျွင်းသည် ဟင်းခတ်အမွှေးအကြိုင်များကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တစ်မျိုးက်ို တစ်ခုစီ ဝယ်လာပြီး အိမ်ရောက်မှသာ အသုံးပြုပုံကို ဖြည်းဖြည်းချင်း လေ့လာရန် ဆုံးဖြတ်လိုက်ပါ၏။

 

 

 

 

မနက်စာနှင့် နေ့လည်စာအတွက် ကိတ်မုန့်လိပ်နှစ်ဖာ၊ ပေါင်မုန့်တစ်အိတ်၊ ချိစ်ကိတ် တစ်လုံးနှင့် ပိန်းဥကိတ် တစ်လုံးကိုလည်း အချိုပွဲအဖြစ် ဝယ်လာသည်။

 

 

 

 

တီဗီကြည့်ရင်း စားရန်  အာလူးကြော်၊ ကွတ်ကီး၊ ဝေဖာ၊ ချိစ်ချောင်းနှင့် အစပ်ချောင်းများကို အရသာတစ်မျိုး တစ်ထုတ်စီ ဝယ်ယူခဲ့ပါ၏။

 

 

ဟွာကျွင်းသည် တစ်ခါမျှ မစားဖူးသော အရိုးလွတ် ကြက်ခြေထောက်နှင့် ဘဲခြေထောက်များကိုလည်း တွေ့သဖြင့် နှစ်အိတ်စီ ဝယ်ယူခဲ့သည်။

 

 

မနေ့ညက ဧည့်သည်က ဝိုင်ရှိလားဟု မေးသည်ကို သတိရကာ  အော်စမန်းတပ်စ် ဝိုင်တစ်ပုလင်းနှင့် ဇီးဝိုင်တစ်ပုလင်းကို ဝယ်လိုက်၏။

 

 

 

 ဝမ်လိုကတ်၊ ဘလက်ကော်ဖီ၊ သရက်ဖျော်ရည်၊ စပရိုက် နှင့် ကိုကာကိုလာတို့လည်း ဝယ်လာသည်။

 

 

 

သူမ မီးဖိုချောင်သုံးပစ္စည်းအတန်းသို့ ဝင်သွားခဲ့ပါသေး၏။ မုန့်ဆိုင်အတွက် မိုက်ခရိုဝေ့ဗ် မီးဖိုမှာ မရှိမဖြစ် လိုအပ်သဖြင့် တစ်လုံး ဝယ်ယူခဲ့သည်။ အကြော်ဒယ်အိုး၊ ဒယ်အိုးဝိုင်း၊ မြေအိုး၊ ပေါင်းအိုးများကိုလည်း တစ်ခုစီ ဝယ်ယူခဲ့၏။

 

 

 

သူမသည် ဓားတစ်စုံ ဝယ်ခဲ့ပြီး စင်းနှီတုံးကိုလည်း အသစ်လဲရန် လိုအပ်သဖြင့် နှစ်ခုလောက် လိုလိုပိုပိုဝယ်လိုက်သည်။

 

လောလောဆယ်တော့ ဒီလောက်ပဲ ဝယ်တော့မယ်

 

 

ပစ္စည်း များလွန်းသဖြင့် ကားထဲ မဆံ့မည်ကိုပင်  စိုးရိမ်သွားသည်။

 

 

ငွေရှင်းသည့်အခါတွင် သူမသည် ယွမ် (၆၀၀၀) နီးပါး ရှင်းလိုက်ရ၏။

 

 

 

ဟွာကျွင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤသို့ပင်ဖြစ်သည်။

ဈေးကြီးလိုက်တာ

 

 

သူမသည် စူပါမားကတ်တွင် ယွမ် (၆၀၀၀)ကို တစ်ခါမှ မသုံးဖူးခဲ့ပေ။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ စုဆောင်းငွေများကို သတိရသွားကာ ပါးစပ်ကို အုပ်ပြီး တခစ်ခစ် ရယ်နေမိသည်။

 

 

 

သူမတွင် ပိုက်ဆံရှိနေပြီဟူသော အမှန်တရားကို လက်ခံရန် အချိန်အတန်ကြာပေဦးမည်။

 

 

 

ကားဆရာက ပစ္စည်းများကို ကားနောက်ဖုံးထဲသို့ ထည့်ပေးခဲ့၏။ ထိုစဉ် ဟွာကျွင်း အနီးနားရှိ ဘာဘယ်တီး ဆိုင်အချို့ကို တွေ့လိုက်ရသည်။ ထိုဆိုင်များသည် မြို့ငယ်လေးတွင် မရှိသဖြင့် ရောက်တုန်းရောက်ခိုက် ဝင်သောက်သွားရန် တွေးလိုက်၏။

 

ဟွာကျွင်း ချိုလွန်းသည့် ဘာဘယ်တီးကိုလည်း မကြိုက်သည့်အတွက် သကြား (၃၀)% ပါဝင်သည့် အရာများကိုသာ မှာယူလိုက်သည်။