အခန်း(၁၀) ဝိုင်တိုက်ခြင်း
မုကျန့်မှာ ဒေါသကြောင့် အော်ရယ်မိမလိုပင် ဖြစ်သွားရ၏။ သူက မဲ့ပြုံးဖြင့် ဆိုလိုက်သည်။
“မင်း ဘာပြောလိုက်တာ...ပြန်ပြောလိုက်စမ်း”
ယခုအချိန်၌ ဝမ်မင်ယွီသာ သတိရှိနေပါက အန္တရာယ်ကို သေချာပေါက် ခံစားမိမည်ဖြစ်ပြီး သူ့နေရာသူသိကာ အရှုံးပေးသည့်သဘောဖြင့် စကားလမ်းကြောင်း လွှဲလိုက်မည်ဖြစ်သည်။
သို့သော် ယခုအချိန်၌ ဝမ်မင်ယွီဟာ အရက်မူးနေပြီး သူ၏ဦးနှောက်ကလည်း ကောင်းကောင်း အလုပ်မလုပ်တော့ပေ။ ထို့ကြောင့် မုကျန့် လေသံထဲမှ ခြိမ်းခြောက်ရိပ်ကို လုံးဝ မရိပ်မိဘဲ မိုက်မဲစွာပင် ရယ်မောလိုက်ပြီးနောက် သေဘေးကိုပင် မကြောက်ဘဲ ထပ်ခါတလဲလဲ ဆဲဆိုနေတော့၏။
“ခွေး ဧကရာဇ်”
မုကျန့်၏ မျက်ခုံး ကြွက်သားများ တုန်ခါသွားသည်။ သူက သူ့နားထင်သူ ဖိနှိပ်လိုက်ပြီး ထိုသူကို တိုက်ရိုက် သတ်ပစ်ရမည်လော သို့မဟုတ် အပြင်သို့ ပစ်ထုတ်ပြီး အမူးပြေသွားမှ ဖြည်းဖြည်းချင်း ညှဉ်းပန်းပြီး သတ်ပစ်ရမည်လော ဟူ၍ပင် စဉ်းစားနေပုံရသည်။
သို့သော် အချိန်ခဏကြာသည်အထိ မုကျန့်က မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ပေ။ အရက်မူးနေသူတစ်ဦးနှင့် ပြိုင်၍ငြင်းခုံနေခြင်းက သူ၏ ဂုဏ်သိက္ခာကျစေသည်ဟု ခံစားလိုက်ရပုံရပြီး ဝမ်မင်ယွီ၏ခေါင်းကို ဖယ်ရှားရန်သာ လက်လှမ်းလိုက်သည်။
သို့သော် ဝမ်မင်ယွီက ဤမျှ သက်သောင့်သက်သာရှိသော နေရာကို နှစ်သက်သွားပြီး သူ့ကိုယ်ပိုင်အဖြစ်ပင် သတ်မှတ်လိုက်ေတာ့သည်။ အနည်းငယ်မျှ တွန်းထုတ်ခံရသည်နှင့် ချက်ချင်းပင် ပြန်လည် တွယ်ကပ်ပစ်လိုက်ပြီး မုကျန့်၏ လက်မောင်းကို ဆုပ်ကိုင်ထားကာ လုံးဝ မလွှတ်ပေးေချ။
မုကျန့်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။ အရက်မူးနေသောကြောင့် ဝမ်မင်ယွီက အမှန်ပင် ဆင်ခြင်တုံတရား ကင်းမဲ့နေပြီး သူ၏ ပုံမှန် အနေအထားနှင့် အတော်လေး ကွာခြားေနသည်။ သတိရှိနေချိန်တွင်မူ ထိုသူဟာ အပြင်ပန်း၌ ရဲရင့်ဟန် ဆောင်တတ်သော်လည်း တကယ်တမ်းတွင် အမြဲတစေ ကြောက်ရွံ့နေတတ်ပြီး သူ၏ခြေထောက်များကပင် ထိန်းမရအောင် တုန်ယင်နေတတ်လေသည်။
မုကျန့်ဟာ ဝမ်မင်ယွီ သူ့အပေါ် ကြောက်ရွံ့နေခြင်းကို မကြိုက်သော်လည်း တစ်ညတည်းနှင့် ထိုအကျင့်ကို ပြောင်းလဲရန် မဖြစ်နိုင်သောကြောင့် စိတ်တိုင်းကျသာ ခွင့်ပြုပေးထားလိုက်ရ၏။ သို့သော် ထိုအရာက နောက်ဆုံးတွင် သူ့ဘာသာသူ အဆင်ပြေသွားလိမ့်မည်ဖြစ်သည်။
မုကျန့်က လက်ကို ပြန်ရုတ်လိုက်ပြီး သူ့ကို ငုံ့ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ဆိုသည်။
“မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ကိုယ့်ဘာသာ ထလိုက်”
ဝမ်မင်ယွီက သူ့ကို လျစ်လျူရှုပြီး မုကျန့်၏ ပေါင်ပေါ်၌ အိပ်ရန်သာ ဆက်လက် တောင်းဆိုေနခဲ့သည်။ မုကျန့်၏ခါးကိုပင် လက်ဖြင့် တင်းတင်းဖက်ထားလိုက်သေး၏။ ထပ်မံ တွန်းထုတ်ခံရမည်ကိုလည်း စိုးရိမ်သဖြင့် သူ၏မျက်နှာကို မုကျန့်၏ ခါး၌ မြှုပ်ထားလိုက်ပြီး အဝတ်အစားများမှတစ်ဆင့် မုကျန့်၏ ဝမ်းဗိုက်ကြွက်သားများကိုပင် ဖိထားလိုက်သည်။ သူက မုကျန့်၏ ရင်ခွင်ထဲ၌ ဦးခေါင်းကို ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံထားခြင်းပင်ဖြစ်၏။
မုကျန်း ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြုံးလိုက်ကာ ဝမ်မင်ယွီ၏ ခေါင်းကို လှမ်းကိုင်လိုက်ပြီး နူးညံ့သော ပိတုန်းရောင်ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ ထိတွေ့နေပုံက နူးညံ့သိမ်မွေ့သော်လည်း သေချာကြည့်လိုက်ပါက သူ၏ မျက်လုံးများက နက်ရှိုင်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော၊ ရူးသွပ်စွဲလန်းသော ဆန္ဒများဖြင့် ပြည့်နှက်နေကာ အရိုးအထိပင် အေးခဲစေနိုင်သည်ကို တွေ့ရပေမည်။
“မင်းဘာသာ ရွေးချယ်လိုက်တာပဲ”
ငါ မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်း ထွက်မပြေးခဲ့ဘူး။ အခုတော့ နောင်တရဖို့ နောက်ကျသွားပြီ။
မုကျန့်က လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ ထိုင်နေပြီး ဝိုင်ခွက်ကို ပေါ့ပေါ့ပါးပါး ကိုင်ထားကာ အေးအေးဆေးဆေး တစ်ယောက်တည်း သောက်နေပုံပင်။ သို့သော် သေချာကြည့်လိုက်ပါက သူ၏ ပေါင်ပေါ်တွင် တစ်စုံတစ်ယောက် လဲလျောင်းနေသည်ကို တွေ့ရမည်ဖြစ်ပြီး သူ၏ အခြားလက်မှာလည်း ထိုသူ၏ ခေါင်းပေါ်တွင် တင်ထားကာ ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေသည်ကို တွေ့ရပေမည်။ ဝမ်မင်ယွီ၏ နူးအိအိ ဆံနွယ်ရှည်များကို ပွတ်သပ်ပြီးနောက် လည်ပင်းနောက်ဘက်ကို တစ်ချက် ဖျစ်ညှစ်လိုက်ကာ ကျောပြင်တွင် ခဏရပ်သွားလေသည်။ ထိုသို့ အပြန်ပြန်အလှန်လှန် ညင်သာစွာဖြင့် ဆက်ပြီး ပွတ်သပ်ပေးနေေလ၏။
ထိုအပြုအမူဟာ ကြောင်ကလေးတစ်ကောင်ကို ပွတ်သပ်ပေးနေခြင်းနှင့်ပင် တူေနသည်။
ဝမ်မင်ယွီမှာ နှစ်သိမ့်မှုကို ရရှိသွားပုံဖြင့် ပူညံပူညံလုပ်ခြင်းကို ရပ်တန့်လိုက်ေတာ့သည်။ သူက သက်သောင့်သက်သာဖြင့် တိုးတိုးလေးပင် ညည်းတွားလိုက်ပြီးနောက် အရိုးများပင် ပျော့ခွေသွားသလို ဖြစ်နေေတာ့သည်။ ပျင်းတိပျင်းရွဲဖြင့် ဘေးတစောင်းလှဲအိပ်နေပြီး ခန္ဓာကိုယ်ကိုလည်း ဆန့်ထုတ်ထားကာ ရံဖန်ရံခါမျှသာ အနည်းငယ် လှုပ်လာေလသည်။
ခဏအကြာတွင် မုကျန့်က ရပ်လိုက်ေပသည်။ ဝမ်မင်ယွီကတော့ သိပ် မကျေနပ်သေးပေ။ သူက မျက်လုံး မပွင့်ဘဲ လက်လှမ်းကာ ဆွဲယူလိုက်ပြီးနောက် မုကျန့်၏ လက်ကို သူ့ကျောပေါ် ပြန်တင်လိုက်ပြီး ဆက်လုပ်ရန် အချက်ပြလိုက်သည်။
မုကျန့်က မလှုပ်ဘဲ သူ၏ လက်ထဲရှိ ဝိုင်ခွက်ကိုသာ လှည့်နေသည်။
“သောက်ချင်လား”
ဝမ်မင်ယွီက မော့ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး မသိစိတ်ဖြင့် သူ၏ နှုတ်ခမ်းများကိုပင် လျက်ပြလိုက်မိသည်။ သူ၏ နှုတ်ခမ်းများသည် စိုစွတ်နေပြီး နှင်းဝတ်ရည်လွှမ်းသော ပွင့်ဖတ်ေလးများကဲ့သို့ ဖြစ်နေကာ ပို၍ပင် နီရဲ နူးညံ့နေပုံရသည်။
“သောက်ချင်တယ်”
သူက လက်လှမ်း၍ ယူရန် ကြိုးပမ်းသော်လည်း တားဆီးခံလိုက်ရသည်။
မုကျန့်က သူ၏ မျက်လုံးများကို မှေးစင်းထား၏။
“ဘာနဲ့ လဲလှယ်မှာလဲ”
ဝမ်မင်ယွီက နှစ်စက္ကန့်မျှ အသေအချာတွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်”
မုကျန့်၏မျက်လုံးများ နက်ရှိုင်းသွားလေသည်။
“ဘာအကြောင်းလဲ ပြော”
ဝမ်မင်ယွီက ယိုင်နဲ့နဲ့နှင့် ခြေကြွလိုက်ပြီး မုကျန့်၏ နားနားကပ်၍ လက်ကို ပါးစပ်ဖြင့်အုပ်ကာ တီးတိုးပြောသည်။
“တကယ်တော့ ငါက…မဟုတ်…..”
မုကျန့်က တည်ငြိမ်ပြီး အမူအရာမဲ့နေသော်လည်း ဝိုင်ခွက်ကို ကိုင်ထားသော သူ၏လက်ကမူ မသိစိတ်ဖြင့် တင်းကျပ်သွားသည်မှာ သူ၏ လက်ဆစ်များပင် ဖြူဖွေးသွားသည်အထိ။
သို့သော် သူ ကြားေနချင်သော စကားကို မကြားရသေးခင်၌ ဝမ်မင်ယွီက အစပိုင်းကိုသာ ပြောပြီး ရပ်ပစ်လိုက်သည်။ ရုတ်တရက် သူက ခွေးကလေးတစ်ကောင်ကဲ့သို့ သူ့ကို တရှုံ့ရှုံ့ အနံခံလာပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလာ၏။
“ဘာနံ့လဲ?”
မုကျန့်ကိုယ်ပေါ်မှ ဝိုင်၏ ရနံ့ဟာ သူ၏ လက်ထဲရှိ ဝိုင်ခွက်ထဲကဝိုင်ထက်ပင် ပို၍ အံ့ဩစရာကောင်းပြီး ဆွဲဆောင်မှုရှိေနသည်။
ဝမ်မင်ယွီက နှာတရှုံ့ရှုံ့ဖြင့် ထိုအနံ့ကို နှစ်ရှိုက်လောက် ထပ်ရှူလိုက်ပြီးနောက် မုကျန့်၏ပခုံးပေါ် မှီလျက် လဲကျသွားတော့သည်။ သူဟာ ဝိုင်အိုးကြီးများစွာ သောက်ထားသကဲ့သို့ ထိန်းမနိုင်သိမ်းမနိုင် မူးယစ်နေပြီး သူ၏ ပုံစံအမှန်ကိုပင် ဖော်ထုတ်မိတော့မလို ဖြစ်သွားခဲ့၏။ သူ၏ခေါင်းပင် ယားယံလာကာ ယုန်နားရွက်လေးများ ထွက်လာတော့မယောင်။
ကံကောင်းေထာက်မစွာဖြင့် ဝမ်မင်ယွီဟာ အတော်လေး မူးနေသော်လည်း ထိုအရာက လူသိခံ၍မရသောအရာဖြစ်ေနသည်ကိုမူ သတိရနေဆဲဖြစ်သည်။ သူက ခေါင်းကို ငုံ့ကာ မုကျန့်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ယားယံခြင်းကို ရပ်တန့်ေစရန်နှင့် ယုန်နားရွက်များ မပေါ်လာစေရန်အတွက် သူ၏ ခေါင်းကို မုကျန့်ရင်ခွင်နှင့် ပွတ်တိုက်ပစ်လိုက်သည်။
မုကျန့်မှာ စိတ်ကြွလာပြီး သူ၏ စိတ်လှုပ်ရှားမှုကိုလည်း မထိန်းနိုင်တော့ပေ။ သို့သော် ဝမ်မင်ယွီကို ကောက်ပွေ့တော့မည့်အချိန်၌ပင် သူက တစ်ဖက်လူ၏ အသက်ရှူသံလေးလေးကို ကြားလိုက်ရလေ၏။
ဝမ်မင်ယွီ အိပ်ပျော်သွားလေပြီ။
မုကျန့်: “.....”
နောက်တစ်နေ့၌ နေမင်းကြီးက ထိန်ထိန်သာနေသည်။
ဝမ်မင်ယွီ မျက်လုံးဖွင့်၍ နိုးလာသောအခါ ခေါင်းအလွန်ကိုက်ကာ အရက်နာကျတော့သည်။
မှုန်ဝါးဝါးဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မရင်းနှီးသော်လည်း ခမ်းနားသော အပြင်အဆင်များနှင့် မြင့်မြတ်သော နဂါးပုံစံ အများအပြားကို တွေ့လိုက်ရသည်။
ဒါဆို သူက တော်ဝင်နဂါးအိပ်ရာပေါ်မှာ အိပ်ခဲ့မိတာလား?!
ဝမ်မင်ယွီ အလန့်တကြား ဖြစ်သွားပြီး ချက်ချင်း ခုန်ထလိုက်သော်လည်း ခေါင်းမူးနေသောကြောင့် ကောင်းစွာ မရပ်နိုင်ဘဲ ခေါင်းကို ခုတင်တိုင်နှင့် တိုက်မိသွားေတာ့သည်။
ကုံးကုံးလေးတစ်ဦးက အသံ ကြားပြီး အလျင်အမြန် ပြေးဝင်လာကာ ဂရုတစိုက် ကူတွဲပေးရန် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာ၏။
“ဝမ်သခင်လေး၊ အရှင်မင်းကြီးက သခင်လေး အနားယူေနတာကို မနှောင့်ယှက်ဖို့ ညွှန်ကြားထားပါတယ်။ အလိုရှိသလောက် ထပ်အိပ်လို့ ရပါတယ်”
ဝမ်မင်ယွီ ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်အမှတ်ရရန် ကြိုးစားေနသည်။ ဝိုင်တစ်ခွက် သောက်ပြီးနောက် ချာချာလည်သွားခဲ့ပြီး ကိစ္စများကို ပြတ်တောင်းပြတ်တောင်းသာ မှတ်မိတော့၏။
သူ…..ခွေးဧကရာဇ်ဆိုပြီး ဆဲခဲ့မိတာလား?
သွားပြီသွားပြီ…သူတော့ သေနေ့စေ့ပြီ။
သူ၏ မျက်နှာ တင်းမာသွားပြီး လက်ကို မဆိုင်းမတွ ဝှေ့ယမ်းလိုက်သည်။
“မအိပ်တော့ဘူး၊ ကျွန်တော် ပြန်တော့မယ်”
နန်းတော်ကြီးထဲမှပင် ပျံထွက်သွားချင်မိသွားသော်လည်း သူ မပျံနိုင်ပေ။ ထို့ကြောင့် သူ့နန်းဆောင်ထဲ၌ အချိန်ကြာကြာ ပုန်းအောင်းနေရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သူ ပြန်ရောက်ရောက်ချင်း စန်းရှီက ကြိုဆို၍ ဝမ်းသာပျော်ရွှင်စွာဖြင့် ပြောသည်။
“သခင်လေး၊ အရှင်မင်းကြီးရဲ့ အိပ်ေဆာင်မှာ တစ်ညလုံး အိပ်ခဲ့တာလား။ တခြားဘယ်သူမှ ဒီလို အိပ်ခွင့် မရခဲ့ဖူးဘူး။ ကြည့်ရတာ အရှင်မင်းကြီးက သခင်လေးကို အရမ်း ကျေနပ်နေတာ သေချာေနပါပြီ”
သို့သော် ဝမ်မင်ယွီမှာ လုံးဝ မပျော်ရွှင်ေနပေ။ သူဟာ နံရံကိုတောင် ခေါင်းနှင့် ဆောင့်ပစ်ချင်နေပြီး ယမန်နေ့ညကို ပြန်ရောက်သွားချင်စိတ်သာ ရှိ၏။ ထိုသို့ ပြန်သွားနိုင်ပါက ဝိုင်တစ်စက်တောင် ထိခဲ့လိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူသည် ပြီးခဲ့သည့်ညက စားပွဲတွင် ထိုင်ကာ သောက်စားနေခဲ့ရာမှ အိပ်ရာပေါ်သို့ မည်သို့မည်ပုံ ရောက်လာခဲ့သည်ကိုလည်း တွေးတောေနမိသည်။
သူ့ဘာသာ လျှောက်သွားတာလား?
ဟိုမင်းဆိုးမင်းညစ်ကြီး ချီခေါ်သွားတာလား?
မဟုတ်ဘူး…မဟုတ်ဘူး! လုံးဝ မဖြစ်နိုင်ဘူး!
နန်းတွင်းအစေခံတွေ သယ်သွားပေးတာ နေမှာပါ!
သူ့မျက်နှာအမူအရာက အလျင်အမြန် ပြောင်းလဲနေပြီး နှလုံးထဲထိ အေးခဲနေသည်။ မသိလျှင် ဤနေ့က သူ့ဘဝ၏ နောက်ဆုံးနေ့ဟုပင် ထင်နေမိတော့၏။ သူ ငိုပင် ငိုချင်လာချေပြီ။
စန်းရှီက သူ့ကို ကိုယ်လက်သန့်စင်ရာတွင် ကူညီပေးပြီး အမူးပြေ လက်ဖက်ရည်တစ်ပန်းကန် ပြင်ပေးလေသည်။
ဝမ်မင်ယွီမှာ ခွက်ကို ကိုင်ရင်း စားပွဲတွင် ထိုင်ကာ လောကီအရေးများနှင့် ကင်းကွာသွားလိုသည့် အမူအရာဖြင့် ပြတင်းပေါက်အပြင်သို့သာ တည်ငြိမ်စွာ ငေးကြည့်နေသည်။ တိုတောင်းလှသည့် လူ့ဘဝအကြောင်း တွေးရင်း ဘုန်းကြီးဝတ်ချင်စိတ်သာ ပေါက်နေတော့၏။
စန်းရှီမှာ လုံးဝ စိတ်ရှုပ်ထွေးသွားရပြီး သူ့သခင်လေး ဘာဖြစ်နေသည်ကို နားမလည်နိုင်ပေ။ ဧကရာဇ်၏ နန်းဆောင်တွင် တစ်ညလုံး ကုန်ဆုံးခဲ့ပြီး ပြန်လာသောအခါကတည်းက ယခုကဲ့သို့ဖြစ်နေသည်။
ဒါမှမဟုတ်…..ဧကရာဇ်က မစွမ်းဆောင်နိုင်တဲ့လူ ဖြစ်နေလို့များလား?
စန်းရှီ ထိတ်လန့်သွားရ၏။
သူ ရူးသွားပြီလား?
ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အရိုအသေမဲ့ရဲရတာလဲ?
အရှင်မင်းကြီးက သေချာပေါက်ကို စွမ်းဆောင်ရည်အရှိဆုံး၊ ယောက်ျားအပီသဆုံးနဲ့ ပြိုင်စံရှား ယောက်ျားကောင်းတစ်ယောက်ပဲပေါ့!
ဝမ်မင်ယွီ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေသည်။ တစ်ဖက်တွင် သူ မကြာခင် သေတော့မည်ဟု ခံစားနေရပြီး အခြားတစ်ဖက်တွင်လည်း သူဟာ တစ်ယောက်တည်း အတွေးများဖြင့် ငြင်းခုံနေသည်။
တကယ်လို့ ဟိုမင်းဆိုးမင်းညစ်ကြီးကသာ သူ့ကို သတ်ချင်ရင် မနေ့ညကတည်းက သတ်လိုက်မှာပေါ့။
တော်ဝင်နဂါးအိပ်ရာပေါ်မှာတောင် တစ်ညလုံး အိပ်ခွင့်ပြုခဲ့ပါ့မလား။
ဒါမှမဟုတ် အဲဒီမင်းကြီးက…. အဆဲခံရတာကို ကြိုက်တဲ့ ‘M’ ကြီးများလား?
(M - Masochist ကိုယ်ဖြစ်ဖြစ် စိတ်ဖြစ်ဖြစ် ထိခိုက်နာကျင်ရတာကို ကြိုက်သူ)
ထိုသို့တွေးပြီးနောက် ဝမ်မင်ယွီမှာ အလွန်အမင်း လိပ်ပြာမလုံ ဖြစ်သွားရသည်။
ဒီလိုဟာသမျိုး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?
ခဏအကြာတွင် နန်းတွင်း အစေခံတစ်ဦး ရောက်လာပြီး နေ့လည်စာ စားပြီးချိန်၌ မြို့စားကွမ်းယန်၏ ဇနီးဖြစ်သူက သူ့ထံသို့ လာလည်မည်ဖြစ်ကြောင်း သတင်းပို့လေသည်။
ဝမ်မင်ယွီသည် ခေတ္တမျှ ထိတ်လန့်သွားပြီးမှ မည်သူဖြစ်သည်ကို သဘောပေါက်လိုက်သည်။ မူလပိုင်ရှင်၏ မိထွေးက သူ့ကို ဘာကြောင့် လာတွေ့သည်ကို သူ မသိသော်လည်း ၎င်းသည် ကောင်းသော အရာ မဟုတ်သည်ကိုတော့ သိလိုက်သည်။
“ဒီကိစ္စ….အရှင်မင်းကြီးရော သိလား? သူက ခွင့်ပြုပေးတာလား?”
ဝမ်မင်ယွီက မေးလိုက်၍ ကုံးကုံးငယ်လေးက တရိုတသေဖြင့် ပြန်ဖြေလေသည်။
“ဟုတ်ပါတယ် သခင်လေး။ အရှင်မင်းကြီးက သခင်လေး မတွေ့ချင်ရင် မတွေ့ဘဲ နေလို့ရတယ်လို့လည်း ပြောပါတယ်။ အပျင်းပြေအောင် ပျော်စရာလေးလုပ်ဖို့အတွက်ပါတဲ့”
ပျော်စရာ?
ဝမ်မင်ယွီ စိတ်ရှုပ်ထွေးသွားရသည်။
မုကျန့်က ဘာကို ဆိုလိုတာလဲ?
နားထောင်ရတာတော့ သူလည်း ဒီအမျိုးသမီးဟို့ကို သိပ်သဘောမကျတဲ့ပုံပဲ?
မုကျန့်၏ ဆိုလိုရင်းကို သူ နားမလည်သော်လည်း မုကျန့်၏ စကားများက သူ့ကို အားတက်သွားစေသည်။ မည်သို့ပင်ဖြစ်စေ ကူးပြောင်းလာပြီးနောက် သူ ခံစားခဲ့ရသော မနှစ်မြို့ဖွယ်ရာများအတွက် လက်စားမချေရသေးပေ။
ဒါက အခွင့်ကောင်းပဲမလား?
သူ မပျော်ရင် သူ မုန်းတဲ့သူတွေကိုလည်း မပျော်ေတာ့အောင် လုပ်ပစ်မယ်။ ဒါမှ သူ ပျော်လာမှာေပါ့။
ဝမ်မင်ယွီ ခေါင်းညိတ်ပြလိုက်ေတာ့၏။
“လာခိုင်းလိုက်”
အာရုံပြောင်းလိုက်ပြီးနောက် ဝမ်မင်ယွီဟာ ပြီးခဲ့သည့်ညက အကြောင်းကို မစဉ်းစားတော့ဖို့ ကြိုးစားလိုက်သည်။ သူက နေ့လယ်စာကိုလည်း အများကြီး စားခဲ့ေလ၏။ အမှန်ဆိုလျှင် သူသာ အရက်နာကျပြီး ဗိုက်အောင့်မနေပါက ထို့ထက် ပို၍ပင် စားနိုင်ပေမည်။
နာရီဝက်မျှ ကြာပြီးနောက် အမျိုးသမီးဟို့က မျှော်လင့်ထားသည့်အတိုင်း ရောက်လာခဲ့သည်။
သူမက မိတ်ကပ်ကို သေသပ်လှပအောင် ပြင်ထားပြီး ကျက်သရေရှိသည့်ပုံပေါ်အောင် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း နန်းတွင်းသို့ ဝင်ရောက်လေ့မရှိသောကြောင့် သူမ၏ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် နန်းတွင်းထဲ၌ ထိုကြောက်မက်ဖွယ် ပုဂ္ဂိုလ် ရှိနေသေးသည် မဟုတ်ပါလား။
ဝမ်မင်ယွီကို တွေ့သည့်အခါမှ သူမမှာ စိတ်အေးသွားပုံဖြင့် သက်ပြင်းချနိုင်သွားတော့သည်။ သူမကိုယ်သူမ အိမ်ရှင်ဟူသည့် ခံစားချက်လည်း ပြန်ရလိုက်လေသည်။ သို့သော် အချင်းချင်း မျက်လုံးချင်း ဆုံသွားချိန်၌ သူမ တောင့်တင်းသွားရ၏။
ဝတ်ကောင်းစားလှနဲ့ ဒီသခင်လေးက ဘယ်သူလဲ?
သူ့ရဲ့ မြင့်မြတ်တဲ့အမူအရာက မသိရင် တော်ဝင်မျိုးနွယ်တစ်ဦးလိုပဲ?
အမျိုးသမီးဟို့က သာမန်နှုတ်ခွန်းဆက်သခြင်းမျိုးပင် မလုပ်နိုင်ဘဲ မေ့လျော့သွား၍ စန်းရှီက သတိပေးလိုက်ရသည်။
“အမျိုးသမီးဟို့…ဦးမညွှတ်ဘူးလား”
အမျိုးသမီးဟို့က ပြောသည့်အတိုင်း လုပ်လိုက်သော်လည်း မတ်တတ်ပြန်ရပ်လိုက်သောအခါ၌ တစ်ချိန်က ဝမ်မင်ယွီဆိုသည်မှာ ဘာဂုဏ်ထူးဘွဲ့ထူးမှ မရှိသည့် အစေခံတစ်ဦးဖြစ်ခဲ့သည်ကို အမှတ်ရသွားတော့၏။
သူမက ဘာကြောင့် ဒီလိုလူကို ဦးညွှတ်ရမှာလဲ?
ဝမ်မင်ယွီနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီးနောက် အမျိုးသမီးဟို့က ပြုံးပြကာ ဆိုလိုက်သည်။
“မင်ယွီ ငါ နင်နဲ့ နှစ်ကိုယ်တည်း စကားပြောချင်လို့”
၎င်းက နန်းတွင်းအစေခံများကို ထွက်သွားစေချင်ကြောင်း သွယ်ဝိုက်ပြောလိုက်သည့် အဓိပ္ပာယ်ဖြစ်သည်။
သို့သော် ဝမ်မင်ယွီက နားမလည်ဟန်ဆောင်ကာ တည့်ပြောလိုက်၏။
“ပြောပါ”
အမျိုးသမီးဟို့၏ မျက်နှာ တင်းမာသွားပြီး သူမ၏ အပြုံးကို ထိန်းထားနိုင်ဖို့ပင် အသည်းအသန် ကြိုးစားလိုက်ရပြီးနောက် လေသံပျော့ပျော့ဖြင့် ပြောသည်။
“ကြည့်ပါဦး မင်ယွီ ဟို့ မိသားစုက နင့်ကို ဂရုတစိုက် ကျွေးမွေးေစာင့်ေရှာက်ခဲ့တယ်၊ နင့် အဖေကလည်း နင့်ကို အရမ်း ချစ်တာ။ နင် နန်းတော်ထဲ ဝင်ပြီးကတည်းက သူ့မှာ အရမ်း စိတ်ပူနေခဲ့တာ။ ဒီရက်ပိုင်း နင် နေေရာကောင်းရဲ့လား?”
ဝမ်မင်ယွီကလည်း သူမ၏ စကားများကို ရည်ရွယ်ချက်ရှိရှိ ဆွဲထုတ်လိုက်ပြီးနောက် ရွဲ့ပြောလေသည်။
“ဪ ကျွန်တော့်ကို အရမ်း ချစ်တာပေါ့? အဲဒါကြောင့် ငယ်ငယ်တုန်းက ဗိုက်လည်းမဝ၊ လူလည်းမနွေး၊ အစေခံတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခံရနဲ့ ကျောင်းလည်း မတက်ခဲ့ရတော့ စာလည်းတစ်လုံးမှ မတတ်တာပေါ့နော်... ခင်ဗျားတို့ရဲ့ ကျွန်တော့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာက တကယ်ကို ထူးခြားတာပဲ”
သူမကို ဤမျှ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထား၍ အမျိုးသမီးဟို့မှာ ဒေါသကို မထိန်းနိုင်ဖြစ်သွားရသည်။ သူမက သူ့ကိုယ်သူ ဖိအားပေးပြီး ရှင်းပြဖို့အတွက် အတင်းအကျပ် ကြိုးစားရတော့၏။
“အဲဒါ အစေခံတွေ ဆိုးသွမ်းလို့ပါ။ ဟုတ်ပါ့ ဒီလိုလူမျိုး ရှိေနတာကို မသိခဲ့တဲ့အတွက် ငါ့မှာလည်း အပြစ်ရှိပါတယ်။ ငါ အဲဒီအစေခံကို ရောင်းပစ်လိုက်ပြီးပြီ၊ ပြီးတော့ နင့်ကိုလည်း သေချာပေါက် ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်”
ဝမ်မင်ယွီက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးသည်။
“ဒါဆို ခင်ဗျားတို့ မြို့စားအိမ်တော်တစ်ခုလုံး ဗလာဖြစ်နေတော့မှာလား? ဘာလို့ဆို အစေခံတွေ အားလုံးနီးပါးက ကျွန်တော့်ကို အနိုင်ကျင့်ခဲ့ကြတာ၊ ပြီးတော့ ခင်ဗျားရဲ့ သားဆို ကျွန်တော့်ကို အကြိမ်ပေါင်းများစွာတောင် ရိုက်နှက်ခဲ့ေသးတာ။ ခင်ဗျားရဲ့ သားကိုပါ ရောင်းပစ်လိုက်မှာလား?”
အမျိုးသမီးဟို့၏ မျက်နှာက ပြင်မရအောင် ပျက်ယွင်းသွားတော့သည်။
“အဲဒါက ချုံအာက ငယ်သေးတော့ အသိဉာဏ် နည်းခဲ့လို့ပါ။ သူ့ကို နင့်ဆီလာပြီး တောင်းပန်ခိုင်းလိုက်မယ်”
ဝမ်မင်ယွီက မျက်ခုံးတစ်ဖက်ပင့်ပြလိုက်လေသည်။
“ဒူးထောက်ပြီး တောင်းပန်မှာလား? ဪ ဒါဆို ကျွန်တော် စောင့်နေမယ်နော်”
အမျိုးသမီးဟို့မှာ စိတ်အနှောင့်အယှက်ဖြစ်လွန်းသဖြင့် သူမ၏ နှုတ်ခမ်းများပင် တုန်ယင်လာပြီး နားထင်မှ သွေးကြောများကလည်း တဒိတ်ဒိတ် ခုန်နေေတာ့သည်။
သူမ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး ခေါင်းစဉ်ကို ပြောင်းကာ သူမ၏ လာရင်းကိစ္စ ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း ဖော်ထုတ်လိုက်သည်။ အနှစ်ချုပ်အားဖြင့် ဝမ်မင်ယွီတစ်ယောက် နန်းတော်၌ ကောင်းစားနေကြောင်း သူမ ကြားသိခဲ့ရသဖြင့် ဧကရာဇ်၏ အမြင်ကြည်လာဖို့နှင့် သူမ၏ မိသားစုကို ကူညီဖို့အတွက် သူ့ကို အသုံးချလိုခဲ့ခြင်းဖြစ်သည်။ သူမတို့မိသားစုနှင့် ဝမ်မင်ယွီဟာ တစ်လှေတည်း စီးနေခြင်းဖြစ်ပြီး အေးအတူပူအမျှ၊ ဆင်းရဲချမ်းသာ နှစ်မျိုးလုံးကို ဝေမျှနေရကြောင်း သွယ်ဝိုက်သော နည်းဖြင့် ပြောဆိုကာ သတိပေးလိုက်၏။ မြို့စားအိမ်တော်သာ သူ၏ ကျောထောက်နောက်ခံအဖြစ် မရှိလျှင် ဝမ်မင်ယွီအတွက် နန်းတော်၌ ရာထူးကို ဆက်လက် ထိန်းသိမ်းရန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော် ဝမ်မင်ယွီက သူမ၏ ရှည်လျားသော စကားစုကြီးကို လေလည်လိုက်သလိုသာ ပေါ့ပေါ့တန်တန် နားထောင်နေပြီး စိတ်မရှည်စွာပင် သမ်းဝေလိုက်ေသးသည်။
“ပြောလို့ ပြီးပြီလား? ကျွန်တော့် အဖြေက ရိုးရိုးလေးပဲ။ စိတ်ေတာင် မကူးနဲ့! ကျွန်တော် ခင်ဗျားတို့ကို ကူညီမှာ မဟုတ်ဘူး”
အကြိမ်ကြိမ် အနိုင်ကျင့်ခံရ၊ အထင်သေးခံရပြီးနောက် နောက်ဆုံးတွင် အမျိုးသမီးဟို့က သူမ၏ ဒေါသကို မထိန်းနိုင်တော့ပေ။ သူမက အသံကုန် အော်ဟစ်လိုက်ေတာ့၏။
“နင်က ဟို့မိသားစုဝင် မဟုတ်ဘူးလား? နင့်မှာ အသိစိတ် လုံးဝ မရှိတာလား? မိသားစုက အကူအညီ လိုအပ်နေတာတောင် နင်က ဒီလောက်တောင် အေးစက်ပြီး လျစ်လျူရှုေနတယ်ေပါ့!?”
ဝမ်မင်ယွီ: “ဪ ဒါဆို ကျွန်တော်ကပဲ သွေးအေးသူကြီးပေါ့?”
အမျိုးသမီးဟို့က ဒေါသထွက်လွန်း၍ သူ့မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုတော့သည်။
“နင်! နင် ခဏလောက် အရေးပေးခံရရုံနဲ့ ဒီလောက်ထိ မောက်မာသွားတာပဲ! နင် အပယ်ခံရပြီး သေဖို့ စောင့်နေရတဲ့အခါ ဘယ်သူကများ နင့်ကို လာကူညီမလဲဆိုတာ ငါ သိချင်မိတယ်!”
ဝမ်မင်ယွီက လှောင်ပြောင်လိုက်ပြီး နောက်ထပ်စကားအချို့ ပြောတော့မည်ဆဲဆဲတွင် တံခါးဝမှ နက်ရှိုင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“အဲဒီတော့ မင်းမှာ ပြဿနာရှိလား?”