အခန်း(၉) အရက်မူးနေတဲ့ ယုန်ပေါက်လေး
တတ်မြောက်မှု စစ်ဆေးပြီးနောက် မုကျန့်က ဝမ်မင်ယွီကို သူ့ဘေးနားခေါ်ထားလေသည်။
ညစာစားချိန်နီးနေပြီဖြစ်၍ သည်အာဏာရှင်ကြီးက ထူးထူးခြားခြား ညစာအတူစားဖို့ လာခဲ့သလားဟုပင် ဝမ်မင်ယွီတွေးမိသွားသည်။
ဖြစ်နိုင်သည်မှာ သူဟာ အလွန်အမင်း ခံတွင်းတွေ့အောင် လုပ်နိုင်သောကြောင့် ဖြစ်လိမ့်မည်။ သူ အရသာရှိရှိ စားသောက်နေသည်ကို ကြည့်ရုံနှင့် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်ဟု လူတစ်ယောက်က တစ်ချိန်က ပြောခဲ့ဖူးသည်။
ဝမ်မင်ယွီက နန်းေဆာင်တံခါးမှ ထွက်လာစဉ် မုကျန့်၏ ကျောပြင်ကို ကြည့်လိုက်ကာ တစ်နည်းနည်းဖြင့် မိဘက သားသမီးကို ညစာစားဖို့အတွက် ကျောင်းမှ လာကြိုနေသည့်အတိုင်း ခံစားလိုက်ရ၏။ သူက သတိမထားမိဘဲ မေးလိုက်သည်။
“အရှင်မင်းကြီး ဒီနေ့ ညစာ ဘာစားကြမှာလဲ? ဝက်ကြွပ်ကြော်လား?”
မုကျန့် ခေတ္တရပ်တန့်သွားပြီး နောက်မှ လိုက်ပါလာသော ကျောက်သဲ့ချွမ်ကို တစ်ချက် ကြည့်လိုက်သည်။ ကျောက်သဲ့ချွမ် ခဏတာ တုံ့ဆိုင်းသွားရသော်လည်း အလျင်အမြန်ပင် နားလည်သွားကာ မဟုတ်ကြောင်း ပြန်ဖြေသည်။ သို့သော် ထိုညနေခင်းတွင် တည်ခင်းမည့် တော်ဝင်ဟင်းလျာ အများအပြားကို ပြောပြခဲ့ပြီး ထိုဟင်းများကလည်း ဝက်ကြွပ်ကြော်ကဲ့သို့ပင် အရသာရှိကြောင်း ဆို၏။
ဝမ်မင်ယွီက ခေါင်းညိတ်၍ ပြောလိုက်သည်။
“အဲဒီဟင်းတွေလည်း ကျွန်တော် ကြိုက်ပါတယ်”
သို့သော် သူ၏လေသံထဲတွင် စိတ်ပျက်မှုအရိပ်အယောင်လည်း ရောယှက်နေ၏။
သူ့ခေါင်းပေါ်ရှိ မမြင်ရသော နားရွက်လေးများပင် အောက်သို့ စိုက်ကျသွားသကဲ့သို့ ဖြစ်နေပြီး သူ၏ ဆံနွယ်များကပင် အားအင်မရှိတော့သယောင်။ သူက စိတ်ခံစားချက်များကို ထင်သာမြင်သာရှိအောင်အထိ ထုတ်ပြနေမိလေသည်။
ကျောက်သဲ့ချွမ်က သူ၏ ခေါင်းလေးကို ပုတ်ပေးချင်စိတ်အား မထိန်းနိုင်တော့ပေ။
ဝက်ကြွပ်ကြော်လား... ရစေရမယ်! သခင်လေး စားချင်တာသာ ပြောလိုက်ပါ…ကျွန်တော်မျိုး ဖြစ်အောင် လုပ်ပေးပါမယ်....
သို့သော် ကံမကောင်းစွာဖြင့် သူဟာ ဧကရာဇ်မဟုတ်သည့်အတွက် ထိုဆန္ဒကို စိတ်ကူးထဲတွင်သာ ထည့်သိမ်းထားလိုက်ရလေသည်။
မုကျန့်က တစ်ချက်မျှ ကြည့်၍ ဆိုသည်။
“အစားအသောက်ကို ဒီလောက်တောင် လောဘကြီးတာ”
ဝမ်မင်ယွီက ဖြူစင်စွာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြသည်။
သို့သော် ညစာ စားချိန်ရောက်သောအခါ ဝမ်မင်ယွီက စားပွဲပေါ်၌ ဝက်ကြွပ်ကြော်ကို တွေ့လိုက်ရ၍ ဝမ်းသာအားရ ဖြစ်သွားေတာ့သည်။ သူက ဧကရာဇ်ကို လေသံကြည်ကြည်ဖြင့် ကျေးဇူးတင်လိုက်ပြီးနောက် တစ်ဖဲ့ ကောက်ယူကာ ပါးစပ်ထဲထည့်လိုက်ပြီး အရသာခံေနရင်း မျက်လုံးများပါ မှေးစင်းသွားေတာ့သည်။
မုကျန့်လည်း တစ်ဖဲ့ကို ကောက်ယူစားလိုက်ပြီး မျိုချလိုက်သော်လည်း သိပ်ပြီး တုံ့ပြန်မှု မပြခဲ့ပေ။
သူတို့ စားသောက်နေစဉ် ဝမ်မင်ယွီ မော့ကြည့်လိုက်ရာ ကျောက်သဲ့ချွမ်က သေရည်အိုးကို ကိုင်ထားပြီး မုကျန့်ရှေ့ရှိ ဖန်ခွက်ထဲသို့ လောင်းထည့်နေသည်ကို တွေ့လိုက်ရသည်။ ဝိုင်များ စီးကျလာပြီး သောက်ချင်စဖွယ် ရနံ့များလည်း ထွက်ပေါ်လာ၏။
ဝမ်မင်ယွမ်က သောက်ချင်စိတ်ကို မထိန်းနိုင်ဘဲ တံတွေးပင် မျိုချမိသွားသည်။
မုကျန့်က ထိုအကြည့်ကို ခံစားမိသွား၍ သူ့ကို မော့ကြည့်လာသည်။ ကျောက်သဲ့ချွမ်ကလည်း တရိုတသေ ဆို၏။
“သခင်လေးဝမ်…ဒါက သစ်သီးဝိုင်ပါ။ သခင်လေးက အရွယ်မရောက်သေးလို့ သောက်ဖို့ မသင့်တော်ပါဘူး”
ဤကမ္ဘာ၏ ရှေးခေတ်ကာလတွင် အရက်သေစာ သောက်သုံးမှုအတွက် အသက်ကန့်သတ်ချက်များ ရှိခဲ့သည်။ အမျိုးသားဆိုလျှင် အရွယ်ရောက်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး အမျိုးသမီးဆိုလျှင် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်ရှိရမည်ဖြစ်သည်။
အသက်အရွယ်အရ မုကျန့်သည်လည်း အရွယ်မရောက်သေးဟု ဆိုနိုင်သော်လည်း ထိုသူက နန်းတက်ပြီး တိုင်းပြည်ရေးရာများ စီမံခန့်ခွဲရန်အတွက် အရွယ်ရောက်အခမ်းအနားကို စောစီးစွာ ကျင်းပခဲ့ရလေသည်။
ထိုစကားကို ကြားသောအခါ ဝမ်မင်ယွီက သူ၏ အတွေးများကို အသံထွက် ပြောမိသွားကြောင်း သဘောပေါက်သွားေတာ့သည်။
ကျောက်သဲ့ချွမ်က သဘောမတူသော်လည်း မုကျန့်က ထိုစည်းမျဉ်းများနှင့် ကန့်သတ်ချက်များကို သိပ်ပြီး အလေးအနက် မထားပေ။ သူက ဝိုင်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ပြီး ခွင့်ပြုလိုက်၏။
“သူ့ကို သောက်ခိုင်းလိုက်ပါ။ အရက်မူးသွားရင်လည်း အကျိုးဆက်ကို သူ့ဘာသာ ခံလိမ့်မယ်”
ကျောက်သဲ့ချွမ်က မတတ်သာေတာ့ဘဲ ဝမ်မင်ယွီအတွက်ပါ သစ်သီးဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။
“ဝမ်သခင်လေး အရမ်း အများကြီး မသောက်ပါနဲ့။ ပထမဆုံးအကြိမ် သောက်ရင် လွယ်လွယ် မူးတတ်လို့ပါ”
ဝမ်မင်ယွီ အရက်မူးပြီး မုကျန့် ဒေါသထွက်သွားအောင် ပြဿနာရှာမိမည်ကို သူစိုးရိမ်သည်။ နန်းတွင်း၌ ဝမ်မင်ယွီရှိနေသောကြောင့် မုကျန့်၏ အိပ်မပျော်သည့်ရောဂါလည်း သက်သာလာ၏။ ယခင်ကကဲ့သို့ ဒေါသထွက်ပြီး လူသတ်သည်မှာလည်း အလွန်နည်းလာသည်။ ထို့ကြောင့် ဝမ်မင်ယွီ ဘာမဟုတ်သည့် ကိစ္စကြောင့် သေဆုံးသွားမည်ကို သူ မလိုလားပေ။
ဝမ်မင်ယွီက သူ့ကို သတိပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြုံးပြလိုက်သော်လည်း တကယ်တမ်းတော့ စိတ်ပူပန်ခြင်းမရှိပေ။ သူဟာ အလုပ်လုပ်နေစဉ်က အရက်သောက်ဖူးခဲ့ပြီး ခံနိုင်ရည်လည်း မြင့်မားခဲ့ေလသည်။ ယခုဟာက သစ်သီးဝိုင်ဖြစ်သောကြောင့် အရက်ပါဝင်မှုနှုန်း မြင့်မားမည်ဟု မထင်ေပ။ အရသာခံရုံလောက် ခွက်အသေးလေး တစ်ခွက်မျှ သောက်ခြင်းက ပြဿနာမရှိနိုင်ဟု သူ တွက်ဆလိုက်သည်။
ယုံကြည်မှုရှိရှိဖြင့် ခွက်ကို ကောက်ယူကာ တစ်ငုံလောက် သောက်လိုက်သည့်အခါ တကယ်ပင် အရသာ ကောင်းမွန်ေနသည်။ မွှေးကြိုင်လွန်းကာ ဝင်ကာစ၌ လျှာဖျားတွင် အနည်းငယ် ခပ်ခါးခါးဖြစ်သော်လည်း မျိုချလိုက်ပြီးနောက် ပါးစပ်ထဲ ကျန်ခဲ့သည့် ချိုမြိန်မှုဟာ ထပ်ကာထပ်ကာ သောက်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ဝမ်မင်ယွီတစ်ယောက် စားလိုက်သောက်လိုက်ဖြင့် အလုပ်ရှုပ်နေခဲ့ပြီး ဝိုင်တစ်ခွက်ကုန်အောင် သောက်မိသွားသည်ကိုပင် သတိမထားမိလိုက်ပေ။
ထို့နောက်…..
သူ အရက်မူးသွားလေပြီ။
သူ ရှေးခေတ်သေရည်ကို အထင်သေးမိသွားပြီ။ သောက်တုန်းက အဝင်မဆိုးသော်လည်း နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ပြင်းထန်နေ၏။
သူ့မျက်လုံးများက အရောင်တောက်နေပြီး ပါးပြင်များကလည်း အရက်ရှိန်ကြောင့် နှင်းဆီရောင်သန်းနေကာ လှပနေသည်။ လည်ပင်းကတောင် နီရဲနေပြီး ထိုအနီရောင်ပြေပြေလေးက ကော်လံအောက်အထိ ပျံ့နှံ့သွားကာ မြင်သူတကာကို သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများလည်း နီရဲနေသလားဟုပင် တွေးတောမိသွားစေနိုင်သည်အထိ။
ထိုင်နေရင်းနှင့်ပင် ယိုင်တိုင်တိုင် ဖြစ်ေနသည့် ဝမ်မင်ယွီက အချိန်မရွေး ပြုတ်ကျသွားနိုင်သည့်အလား။
မုကျန့်က ထိုအရာကို တွေ့သောအခါ သေချာပေါက်ကို ခပ်ဖွဖွ ရယ်မိသွားတော့သည်။
ကျောက်သဲ့ချွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။
“အရှင်မင်းကြီး…ကျွန်တော်မျိုး သခင်လေးဝမ်ကို ပြန်လိုက်ပို့ဖို့ တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်ရမလား”
မုကျန့်က အလွန်စိတ်ဝင်စားနေသယောင်ဖြင့် စားပွဲကိုပင် လက်ဖျားဖြင့် တတောက်တောက် ခေါက်နေသည်။
“မလိုဘူး…သွားတော့”
ဦးညွှတ်၍ ထွက်သွားရုံကလွဲပြီး ကျောက်သဲ့ချွမ်မှာ တခြားမတတ်နိုင်ပေ။
တကယ်တော့ ဝမ်မင်ယွီဟာ အရက်မူးနေသည့်တိုင် အတော်လေး ယဉ်ကျေးသိမ်မွေ့ပြီး အရုပ်ဆိုးသော အပြုအမူမျိုး မပြခဲ့ပေ။ သူက ခေါင်းငုံ့၍ အစားအစာများကိုသာ ကောက်ယူပြီး ဖြည်းဖြည်းချင်း စားနေလေသည်။
သို့သော် အရက်က ဦးနှောက်ကို ထုံကျင်စေပြီး လက်နှင့်ခြေထောက်များကို ထိန်းချုပ်မှုကင်းမဲ့စေသည်။
ဝမ်မင်ယွီ အသားတစ်ဖဲ့ယူဖို့ ကြိုးစားလိုက်သည်နှင့် အသားဖတ်က ချော်ထွက်သွားေတာ့၏။ သူနောက်တစ်ကြိမ် ထပ်ယူသည့်အခါမှာလည်း ထပ်ချော်ထွက်သွားပြန်ကာ အဝေးသို့ပင် ရောက်သွားလေသည်။
သူက မျက်မှောင်ကြုတ်လိုက်ပြီး အသားကို ခဏတာမျှ စိုက်ကြည့်ကာ တူများကို ဘယ်ဘက်လက်သို့ ပြောင်းကိုင်လိုက်ပြီး သူ့ကိုယ်သူ ဘယ်သန်အဖြစ် မွေးဖွားလာသကဲ့သို့ တူများကို ထပ်မံ ဆန့်ထုတ်လိုက်ပြန်၏။
အံ့ဩဖို့ကောင်းလောက်အောင်ဖြင့် သူဟာ တကယ်ကို ကံကောင်းသွားပြီး ကောက်ယူနိုင်ခဲ့လေသည်။ သို့သော် ကျေနပ်ပြုံးကြီးဖြင့် စားတော့မည့်အချိန်၌ အသားဖတ်ဟာ ပါးစပ်ဖျားမှ ချော်ထွက်သွားပြီး စားပွဲပေါ် ဖတ်ခနဲ ပြုတ်ကျသွားပြန်သည်။
ဝမ်မင်ယွီက အသားဖတ်ကို မယုံကြည်နိုင်စွာဖြင့် မင်သေသေ စိုက်ကြည့်နေသည်။
ထိုအခါ ဘေးနားမှ ခပ်ဖွဖွ ရယ်သံတစ်ခု ထွက်ပေါ်လာတော့၏။
ဝမ်မင်ယွီက ချက်ချင်းပင် မေးခွန်းထုတ်ဖို့ အာရုံပြောင်းသွားလေသည်။ သူက မော့ကြည့်လိုက်ပြီး ခဏတာမျှ စဉ်းစားကာ ခေါင်းကို စောင်း၍ မေးလိုက်၏။
“မင်း ငါ့ကို ရယ်နေတာလား”
မုကျန့်က ဗြောင်လိမ်ဖို့လည်း မကြိုးစားသလို၊ ဆင်ခြေလည်း မပေးဘဲ အမှန်အတိုင်းသာ ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်”
ဝမ်မင်ယွီက ဒေါသမထွက်သော်လည်း အသားမစားရသည့်အတွက် အနည်းငယ် ဝမ်းနည်းနေသလို ခံစားရသည်။ သူက ယိုင်တိုင်တိုင် ထရပ်ပြီး မုကျန့်ဆီသို့ လျှောက်သွား၏။ အရက်မူးနေသောကြောင့် စကားပြောသံက လေးတိလေးတွဲ ဖြစ်နေကာ သံရှည်ဆွဲပြောနေပုံက အက်ရှရှ၊ ဖျော့တော့တော့ဖြင့် ချွဲနွဲ့သကဲ့သို့ ဖြစ်နေသည်။
“ဒါလေး ကူညီပေးလို့ရမလား”
သူ တကယ် အသားစားချင်သော်လည်း သူ့လက်ဖြင့် ကောက်ယူ၍မရသောကြောင့် အခြားသူတစ်ဦး၏ အကူအညီကို တောင်းခံနေရခြင်း ဖြစ်သည်။
ခဏအကြာတွင် သူက မုကျန့်ထံသို့ S-ပုံသဏ္ဌာန်အတိုင်း ကွေ့တိကွေ့တောက်ဖြင့် လျှောက်သွားလေတော့သည်။ မုကျန့်၏ဘေးတွင် ထိုင်လိုက်ပြီး သူစားချင်သော အသားပန်းကန်ကို ကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့် သပ်ပြလိုက်သေး၏။ ထို့နောက် စားချင်မူးတူးဖြင့် မုကျန့်ကို ကြည့်လိုက်ပြန်သည်။
သူ့မျက်လုံးများက နီရဲကာ စိုစွတ်နေသည်။ ခေါင်းကို မော့ထား၍ ပါးလျလျ လည်တိုင်ဖြူဖြူလေးကိုလည်း လှစ်ဟာပြနေသကဲ့သို့ ဖြစ်၏။ သူကိုယ်တိုင်ပင် သတိမထားမိဘဲ ညှို့အားပြင်းသော အငွေ့အသက်တို့ ထုတ်လွှင့်နေမိတော့သည်။
သို့သော် သူ၏ ပုံပန်းသဏ္ဌာန်လေးဟာ မူကျန့်အတွက် သနားညှာတာစိတ် မဖြစ်စေဘဲ လုံးဝ မခံစားဖူးခဲ့သော ပြင်းထန်သည့် စိတ်ခံစားမှုတစ်ခုကိုသာ လှုံ့ဆော်ပေးလိုက်သလို ဖြစ်နေသည်။ မုကျန့် မျက်လုံးများ ရုတ်တရက် နက်ရှိုင်းသွားပြီး မှောင်မိုက်သော ဆန္ဒတစ်ခုသည်လည်း မထိန်းချုပ်နိုင်ေတာ့ဘဲ ချက်ချင်း ပျံ့နှံ့သွားတော့၏။
သူ့ကို…ငိုအောင် လုပ်ပစ်ချင်လိုက်တာ။
မုကျန့်က သူ့လက်ထဲရှိ ဝိုင်ခွက်ကို ကမ်းပေးလိုက်သည်။
“ဒါကို သောက်လိုက် ပြီးရင် ကိုယ်တော် မင်းကို ကူညီပေးမယ်”
ဝမ်မင်ယွီက ခွက်ကို ယူလိုက်သော်လည်း ချက်ချင်း ကောက်မမော့လိုက်ဘဲ ရီဝေဝေဖြင့် မေးသည်။
“မင်း လိမ်နေတာ ဟုတ်မဟုတ် ငါ ဘယ်လိုလုပ် သိမှာလဲ”
မုကျန့်၏ မျက်ခုံးတစ်ဖက်ပင့်သွားသည်။
“မူးနေတာတောင် သတိထားရကောင်းမှန်း သိသေးတယ်ပေါ့…ဒါနဲ့များ ဘာလို့ ကိုယ်တော့်ဆီကို ကိုယ့်ခြေထောက်နဲ့ကိုယ် အရင် ရောက်လာရဲတာလဲ?”
ဝမ်မင်ယွီက လျစ်လျူရှုလိုက်ပြီးနောက် ဆက်ပြောသည်။
“မင်း ငါ့ကို အသားတစ်ဖဲ့လောက် ကောက်ပေးရင် အခု ငါ နည်းနည်း ထပ်သောက်မယ်”
မုကျန့်က ရယ်မောလိုက်ပြီး တကယ်ပင် အသားတစ်ဖဲ့ကို ကောက်ယူကာ ဝမ်မင်ယွီ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။ သူက ပါးစပ်ဖွင့်ကာ ပါးဖောင်းလေးများ တလှုပ်လှုပ်ဖြင့် ကျေနပ်စွာ စားပြီး မျိုချလိုက်သည်။ ထို့နောက် ခေါင်းကို စောင်းလိုက်ပြီး ခွက်ထဲရှိ ဝိုင်ကို တစ်ကျိုက်တည်း ကုန်အောင် သောက်ချလိုက်၏။
မုကျန့်က ကြည့်နေရင်းမှပင် ဝမ်မင်ယွီကို ထိုကဲ့သို့ သောက်ခိုင်းမိလိုက်သည့်အတွက် စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားရသည်။
မုကျန့်က ဝိုင်တစ်ခွက် ထပ်ငှဲ့လိုက်ပြန်သည်။ ဝမ်မင်ယွီ လှမ်းယူဖို့ ကြိုးစားသည့်အခါတွင် မုကျန့်က ရှောင်လိုက်၏။ သူက ခွက်ကို သူ့နှုတ်ခမ်းနားသို့တေ့ကာ ပြုံးလိုက်ပြီး သူ့အသံကလည်း ပင်လယ်နက်ထဲမှ မကောင်းဆိုးဝါးတစ်ကောင်က သားကောင်ကို နက်ရှိုင်းသော ပင်လယ်သို့ ညှို့ယူခေါ်ဆောင်နေသည့်အလား ဆွဲဆောင်မှုရှိလွန်းနေသည်။
ဝမ်မင်ယွီက ဆွံ့အလျက် ရှိနေသေးသော်လည်း ဝိုင်၏ရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပြန်သည်။ သူက မုကျန့်လက်ထဲမှ ခွက်၏ အဖျားကို ဆွဲယူ၍ တမြမြ သောက်လိုက်၏။ သူကိုယ်တိုင် ကိုင်မထားသောကြောင့် ခွက်ကို သေချာမထိန်းနိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် သောက်ချင်လျှင် ခေါင်းငုံ့၍ ကြောင်ပေါက်လေးတစ်ကောင် မိခင်နို့ကို လျက်သောက်နေသကဲ့သို့သာ တစ်ငုံချင်းသာ စုပ်သောက်နိုင်ရှာ၏။
မည်သို့ဆိုစေ သူက ခွက်အောက်ခြေထိ ကုန်အောင် မသောက်နိုင်သောကြောင့် ကျန်သည့်ဝိုင်ကို မော့သောက်ဖို့ မုကျန့်လက်ကို အလိုအလျောက် လှမ်းဆွဲမိလေသည်။ သို့သော် မုကျန့်က သူ့ထက် ခြေတစ်လှမ်းသာသည်။
မုကျန့်က ဝမ်မင်ယွီ၏ မေးကို လက်ဖြင့်ညှပ်ကိုင်၍ ဝိုင်ခွက်ကို ပါးစပ်နားတေ့ပေးကာ တိုက်လိုက်သည်။ သူက တခြားသူများကို ခွံ့ကျွေးရာတွင် အတွေ့အကြုံမရှိသောကြောင့် ဖြစ်နိုင်သလို တမင်တကာ ရည်ရွယ်ပြီး ဝိုင်ကို မြန်မြန်လောင်းချလိုက်ခြင်းလည်း ဖြစ်နိုင်၏။ သို့သော် ဝမ်မင်ယွီ အချိန်မီ မျိုမချလိုက်နိုင်သည့်ဝိုင်များက သူ့မေးဖျားမှတစ်ဆင့် လည်တိုင်သို့ စီးဆင်းသွားတော့သည်။ ထိုမှတစ်ဆင့် ဝိုင်စီးကြောင်းလေးက မမြင်ရသည့်နေရာများထိ ဆက်လက်စီးဆင်းသွား၏။
မုကျန့်၏ မျက်လုံးများ မှောင်မိုက်သွားပြီး သူ၏ လည်စေ့လေးကလည်း အထက်အောက် ရွေ့လျားသွားသည်။ ဝိုင်ခွက်ကို ကိုင်ထားသည့် လက်များမှာ အားပါလွန်း၍ ခွက်ပင် ကွဲလုမတတ်။
ဝိုင်တစ်ခွက် သောက်ချပြီးနောက် ဝမ်မင်ယွီဟာ ပို၍ပင် အရက်မူးလာေတာ့သည်။ သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး မုကျန့်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် လဲကျသွားကာ ပျော့ခွေကျသွားပြီး မုကျန့်၏ ပေါင်ကိုတောင် ခေါင်းအုံးအဖြစ် အသုံးပြုလိုက်ေသး၏။ သူက သက်သောင့်သက်သာ လဲလျောင်းနေပြီး ကြောင်ငပျင်းလေးတစ်ကောင်ကဲ့သို့ ပိုပြီး သက်သောင့်သက်သာရှိသော နေရာကို ရှာဖွေရန် ဖြည်းဖြည်းချင်း လှိမ့်ကာ ကွေးနေလေသည်။
မုကျန့်၏ အသံမှာ မာထန်သွား၏။
“....ထစမ်း”
သို့သော် အမူးသမားက လူစကားကို နားမလည်ပေ၊ သူ၏ ကိုယ်ပိုင်ကမ္ဘာတွင်သာ နစ်မြုပ်နေ၏။
မုကျန့်စကားကို လုံးလုံးလျားလျား လျစ်လျူရှု၍ မေးလာသည်။
“မင်းက ဘယ်သူလဲ”
အရက်ရှိန်ကြောင့် သူ့မျက်ဝန်းထောင့်လေးများက ရဲသထက်ရဲလာသည်မှာ မက်မွန်ပန်းပွင့်လေး ပွင့်လန်းလာသကဲ့သို့ပင်။ သူ၏ မျက်လုံးများက ရီဝေစိုစွတ်နေပြီး အလင်းမှိန်ဖျော့ဖျော့အောက်တွင် တလက်လက် ဖြစ်နေ၏။
မုကျန့်က သူ၏ မျက်လုံးထောင့်များကို လက်ချောင်းဖြင့် အသာထိလိုက်ပြီး ပွတ်သပ်လိုက်မိသည်။ လက်ချောင်းထိပ်တွင် စိုစွတ်စွတ် အထိတွေ့ကို ခံစားလိုက်ရသည်အထိ။
သူဟာ လက်ချောင်းထိပ်မှ မျက်ရည်စလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းနားကပ်ကာ လျက်ကြည့်လိုက်လေသည်။ ဝမ်မင်ယွီထံမှ ထွက်လာသည့် ထိုမျက်ရည်စလေးကပင် သစ်သီးရနံ့သင်းသင်းလေးနှင့် ချိုမြမြဖြစ်နေပြီး သစ်သီးဝိုင်ထက်ပင် ပို၍ ရစ်မူးရီဝေစေသည်။
မုကျန့် မျက်လုံးများကို မှေးချလိုက်သည့်အခါ သူ့မျက်လုံးများက ပို၍ပင် နက်ရှိုင်းကာ မှောင်မိုက်သွားလေသည်။ အလင်းရောင်က ထိုစူးရှရှမျက်ဝန်း ပေါ်တွင် ထင်ဟပ်နေ၏။
ဝမ်မင်ယွီက သူ့အမူအရာကို သတိမထားမိသေးဘဲ သူ့အတွေးနှင့်သူ လည်နေကာ အဆုံးတွင် ထင်ရာကို လျှောက်ပြောလာပြန်သည်။
“မင်း ဘယ်သူလဲ…ငါသိတယ်”
သူ၏ အလေးအနက်ပုံနှင့် စိတ်အားထက်သန်နေသော အမူအရာက ရုတ်တရက် အမူးပင်ပြေသွားသည့်အလား။
မုကျန့်က သူ့ကို ကြည့်ရုံသာ ကြည့်နေပြီး ဘာဆက်ပြောမလဲဟု စောင့်နေသည်။
ဝမ်မင်ယွီက မုကျန့်ကို စိုက်ကြည့်၍ ပြတ်ပြတ်သားသားကို ပြောပစ်လိုက်၏။
“မင်းက ခွေးဧကရာဇ်ပဲ”
မုကျန့်: “.....”