အခန်း(9)
သို့သော်ငြား မူလက နားရွက်များကို ပျော်ရွှင်စွာ လှုပ်နေသော အဖြူလုံးလေးသည် ရုတ်တရက် အေးခဲသွားလေ၏။
အပြုံးတစ်ခုကို သိသာစွာဖြင့် ဖိနှိပ်ထားသော်ငြား သနားစရာကောင်းသည့်နှယ် ဟန်ဆောင်နေသော ကျင်းယန်ကို ကြည့်လိုက်ပြီး သူမ၏နားရွက်များက ကုတ်ကျသွားသည်။
သူဘာပြောလိုက်တာလဲ?
အိမ်တစ်ခုလုံးကို ဝင်ရောက်စီးနင်းပြီးတော့ သူမ ဒုက္ခတွေအများကြီးရောက်ပြီး စုဆောင်းထားတဲ့ စားစရာတွေ၊ စူပါမားကတ်တစ်ခုတောင် ဖွင့်ဖို့ လုံလောက်တဲ့ စားစရာ အပုံလိုက်ကြီးထဲမှာမှ သူတို့က အိတ်တစ်အိတ်စာလောက်ပဲ ယူလာမယ်?!
ဤထက်ပို၍ ကြေကွဲစရာမရှိဟု ယင်ရိလျိုခံစားရ၏။
မြေအောက်ခန်းထဲမှ ဤပေးကမ်းစွန့်ကြဲနိုင်သော စားစရာများမှာ စုဆောင်းရန် သူမ နေ့ရက်များစွာ အလုပ်ကြိုးစားပြီးနောက် ရရှိခဲ့သော ချမ်းသာမှုများသာဖြစ်သည်။
သို့သော် ယခုအခါ ၎င်းတို့ကို ဘေးဘက်သို့ ပစ်ထားခံရသည်။ အစားအစာများက သူမ၏ ရှေ့တွင် ရွှေတောင်ကြီးတစ်ခုကဲ့သို့ရှိသော်လည်း မရွှေ့ပြောင်းနိုင်ဖြစ်နေသည်နှင့် တူနေ၏။
ယုန်ငယ်လေးမှာ အလွန်အမင်း ယူကျုံးမရဖြစ်နေခဲ့လေ၏။
သူမက ကိုယ်ပေါ်မှ လွယ်အိတ်ကို ကြမ်းပြင်နှင့် တရွတ်တိုက်ဆွဲလာကာ တောင်တုကြီး၏နောက်ရှိ မြေအောက်ခန်းဆီသို့ ဦးတည်လိုက်သည်။
သူမ၏နားရွက်များသည်လည်း စိတ်ဓာတ်ကျစွာဖြင့် တွဲလောင်းကျနေပြီး ခြေလှမ်းနှစ်လှမ်းလှမ်းတိုင်းတွင် ခြေဖဝါးပုပု ဝိုင်းဝိုင်းလေးများက လွယ်အိတ်အောက်တွင် အဖိခံနေရသည်။
မြေအောက်ခန်ဟ၏ အဖုံးအကာကို မ,ဖွင့်လိုက်လျှင် အပြင်ဘက်ရှိ အလင်းရောင်က မြေအောက်ခန်းထဲသို့ ဖြန့်ကျက်သွားလေသည်။
စည်သွပ်ဘူးများနှင့် အလုံပိတ်စားစရာများဖြင့် ပြည့်နှက်နေသော အတွင်းပိုင်းကို ကြည့်နေရင်းဖြင့် ယင်ရိလျို၏ နှလုံးသားက ပို၍ပင် မွန်းကြပ်သွားခဲ့သည်။
သူမက သူမ၏နောက်ခြေဖြင့် ခုန်ပြီး သူမ၏ ယုန်ခန္ဓာကိုယ်လေး တစ်ခုလုံးကို စားစရာအပုံလိုက်ကြီးထဲတွင် မြှုပ်နှံခဲ့ကာ ထိုစားစရာများကို လက်ဖဝါး တိုတိုလေးများဖြင့် ပွေ့ဖက်ထားခဲ့သည်။
သူမက အစားအသောက်များကို ကြည့်လိုက်ပြီး ၎င်းတို့ထဲက တစ်ခုကို လက်လျော့ရန်ပင် တွန့်ဆုတ်နေခဲ့သည်။
သို့သော်လည်း ဝမ်းနည်းစရာကောင်းစွာဖြင့် လွယ်အိတ်သည်က သူမအတွက်သာ ကြီးသည်ဟု ဆိုနိုင်ပေသည်။
သူမက တာဝန်သိတတ်စွာဖြင့် ထုတ်ပိုးပြီး အိတ်ကိုအဆန့်နိုင်ဆုံးအထိ ထိုးသွပ်လိုက်သော်ငြား သူမ ယူနိုင်သော စားစရာသည်က ကျန်ရှိနေသည်များနှင့် ယှဉ်လျှင် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာရှိ၏။
ယုန်ငယ်လေးမှာ စည်သွပ်အစားအစာများ အပုံလိုက်ထက်တွင် အသက်ကင်းမဲ့သော မျက်နှာဖြင့် လဲလျောင်းနေခဲ့သည်။
၎င်းတို့ကို ရယူရန်အတွက် သူမ၏အသက်နှင့် ရင်းခဲ့ရသောကြောင့် သူမအတွက် ရတနာဖြစ်ပြီး မူလတုန့်က ဤအစားအစာက သူမ၏ အသက်လေးကို ကူညီကယ်တင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော်ငြား ယခုအချိန်တွင်တော့ ထိုအိပ်မက်သည်က ပင်လယ်ရေမြှုပ်လေးများ အဖြစ်ပျောက်ကွယ်သွားပြီပင်။
သူမ ခံပြင်းဒေါသထွက်ပြီး နှလုံးကွဲကြေနေခဲ့သည်။
သူမ၏လက်သည်း ချွန်ချွန်များကို အသုံးပြုကာ သူမ၏ခန္ဓာကိုယ် တစ်ခုလုံးထက် ပို၍ ကြီးမားသော အထုပ်ကြီးကို ဖြဲဖွင့်လိုက်လျှင် အတွင်းဘက်မှာ ကြက်ကင် တစ်ကောင်လုံး ရှိနေခဲ့လေ၏။
အရသာရှိသော အသား၏ရနံ့သည်က အလွန်သင်းပျံ့သောကြာင့် လူများ၏ဝိညာဉ်ကို ချိတ်ယူငင် သွားနိုင်လေသည်။
ယုန်များက အပင်စားတိရစ္ဆာန်ဖြစ်သည်ကိုပင် သူမ သိပ်ပြီးဂရုမစိုက်ပေ။ သူမ၏ပန်းရောင်ပွင့်ချပ်သုံးချပ် ပါးစပ်ကိုဖွင့်ကာ လက်မောင်းထဲတွင်ရှိနေသည့် ကြက်ပေါင်တုတ်တုတ်ကို ကိုက်ဖြဲရန် သူမ၏ရှေ့သွားကို အသုံးပြုလိုက်၏။
ယင်ရိလျိုတစ်ယောက် သူမ၏လက်ဖဝါးမှ အမွှေးများတွင် ဆီများစွန်းထင်သွားသည်ကို မြင်သော်ငြား ဂရုမစိုက်ခဲ့ပေ။
သူမ၏မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့်သာ ကြက်သားကို ကိုက်ဆွဲနေခဲ့သည်။
ယုန်အဖြစ်ပြောင်းသွားပြီးနောက် ကောင်းမွန်သော အရာမှာ စားသောက်ရာတွင် ချွေတာနိုင်ခြင်းဖြစ်၏။
သူမ၏ ခန္ဓာကိုယ်လေးက အများအပြား မစားနိုင်ပေ။ ကြက်ပေါင်တစ်ချောင်းနှင့် တောင်ပံတစ်ခုကို စားပြီးနောက်တွင် သူမ၏ဗိုက်လေးက လုံးဝန်းနေနှင့်ပြီ ဖြစ်သည်။
အမွှေးတစ်လွှာ အောက်တွင် ဖုံးကွယ်နေသော ဗိုက်လေးကို ပွတ်ရန် သူမ၏ဆီပေကျံနေသော လက်ဖဝါးကို အသုံးပြုလိုက်၏။
ထို့ကြောင့် ချက်ချင်းပင် သူမ၏ဗိုက်ပေါ်ရှိ အမွှေများသည်လည်း ဆီပေကျံသွားခဲ့လေသည်။ ယုန်ခန္ဓာကိုယ်တစ်ခုလုံးက ညစ်ပတ်ပေကျံသွားပေပြီ။
သူမ၏လက်မောင်းထဲတွင်တော့ ကြက်သားတစ်ဝက်ထက်ပို၍ ကျန်နေသေးသည်။
ထို့ကြက်သားများကိုကြည့်လျှင် မျက်ရည်ပူပူများက သူမ၏မျက်လုံးထဲ ပြည့်နှက်နေခဲ့လေ၏။
သူမ၏ ပွင့်ချပ်သုံးခု ပါးစပ်ထဲသို့ အတင်းအကြပ် ဆက်လက်သွတ်သွင်းနေရင်းဖြင့် ဤကြက်သားနှင့်တကွ မြေအောက်ခန်းထဲမှ အခြားအရာအားလုံးကိုလည်း အတူယူဆောင် သွားနိုင်ပါက မည်မျှကောင်းလိမ့်မည်နည်းဟု သူမ တွေးလိုက်မိလေသည်။
ထိုအခိုက်အတန့်တွင် သူမ၏ပါးစပ်ထဲမှ ကြက်သားအပိုင်းအစက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ လက်မောင်းထဲရှိ ကြက်သားသည်ခည်း မရှိတော့ဘဲ လေကိုသာ ဖက်လျက်ဖြစ်နေခဲ့၏။
ယင်ရိလျိုတစ်ယောက် အခြေအနေကို ယခုချိန်ထိ နားလည် သဘောမပေါက်သေးချေ။
သူမ၏ ကြက်သားတစ်ဝက်က နေရာမှ ပျောက်ကွယ်သွားသည်ကို သတိထားမိလျှင် ထိတ်လန့်အံ့အားသင့်သော အသံတစ်ခု ထုတ်လွှတ်လိုက်မိသည်။
ထိတ်လန့်မှုကြောင့် သူမ၏ညစ်ပတ်ပေကျံနေသော ခြေထောက်က ထိုနေရာတွင် အမြစ်တွယ်နေခဲ့လေ၏။ သူမ မတုံ့ပြန်နိုင်ခင် အချိန်အတော်ကြာသွားခဲ့ပြီး ဘေးပတ်လည်ကို သတိထားလျက် ကြည့်နေခဲ့ကာ ဆီများပေကျံနေသော ယုန်ပါးစပ်လေးသည်လည်း တုန်ရီနေခဲ့သည်။
သူမက မြေအောက်ခန်းထဲတွင် သန္ဓေပြောင်းသားရဲတစ်ကောင် ရှိနေပြီး သူမ၏ကြက်သားကို လုယူသွားသည်ဟု ထင်ခဲ့သည်။
သို့သော် ပတ်ဝန်းကျင်က ယခင်အတိုင်း ကျန်ရစ်နေဆဲပင်ဖြစ်ပေ၏။
သူမက သူမ၏နားရွက်ရှည်ရှည်များကိုထောင်လျက် မြေအောက်ခန်းထဲမှ လှုပ်ရှားသံများကို နားထောင်နေခဲ့သော်ငြား အရာအားလုံးကတိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် သူမ စိတ်ရှုပ်ထွေးမှုဖြင့် အသက်ပြင်းပြင်းရှူလိုက်မိသည်။
ထူးဆန်းလိုက်တာ။ သူမရဲ့ကြက်သားက ဘယ်ရောက်သွားတာလဲ? လေထဲ ပျောက်သွားတာလား?
ကြက်သားက မည်သည့်နေရာသို့ ရောက်သွားသည်ကို တွေးကာ သူမ စိတ်နေစဥ်မှာပင် သူမ၏ပါးပြင်က တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
ထို့နောက်တွင် ကြက်သားတစ်ဝက်က နောက်တစ်ဖန်ပြန်ပေါ်လာခဲ့လေ၏။ ယင်းရိလျိုတစ်ယောက် ကြက်သားကို ဘေးသို့ လွှင့်ပစ်လိုက်မိသည်အထိ လန့်သွားခဲ့ရလေသည်။
ကြက်သားတစ်ဝက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ဖုန်မှုန့်တစ်လွှာ ဖုံးလွှမ်းသွားခဲ့သည်။
သူမ ယခုအချိန်တွင် လုံးလုံးလျားလျား တွေဝေနေခဲ့သည်။
သူမရဲ့ကြက်သားက လေထဲမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ဖန် ပြန်ပေါ်လာခဲ့တယ်?
ယင်းရိလျိုတစ်ယောက် သူမ၏ ပါးပြင်ကို ကိုင်လိုက်လျှင် အမွှေးထူထူ ပြည့်ဖြိုးဖြိုးပါးကိုသာ ခံစားမိခဲ့သည်။
သူမ၏လက်ကို ပြန်ချလိုက်ပြီး ပတ်ပတ်လည်က ကျန်သော အစားအစာများကို ကြည့်လိုက်မိသည်။
ထို့နောက် သူမနှင့်အနီးဆုံးတွင်ရှိနေသော စည်သွပ်ဘူးကို စိုက်ကြည့်လိုက်ပြီး နှလုံးသားထဲ တစ်စုံတစ်ခုကို တွေးလိုက်မိ၏။
ထို့နောက်တွင် စည်သွပ်ဘူးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
စည်သွပ်ဘူးပျောက်ကွယ်သွားချိန်တွင် သူမ၏ပါးပြင်များက တုန်ရီသွားသည်ကို ရှင်းလင်းစွာ ခံစားခဲ့ရသည်။
ယင်းရိလျိုတစ်ယောက် သူမ၏ ယုန် မျက်လုံးဝိုင်းဝိုင်းကို မှိတ်လိုက်ပြီး ၎င်း၏ ခံစားမှုနောက်သို့လိုက်ကြည့်ခဲ့လေသည်။ ထို့နောက်တွင်တော့ ပါးအတွင်းဘက် ကြားတွင် နေရာလွတ် နှစ်ခုကို ‘မြင်’လိုက်ရ၏။
နေရာလွတ်နှစ်ခုသည်ကား အရွယ်အစားတူညီကြ၏။ ၎င်းတို့ကို ကြည့်ရသည်မှာ သာမန်အိပ်ခန်း၏ အရွယ်အစားလောက်ဟု ထင်ရလေသည်။
နေရာလွတ်တစ်ခုက ဗလာဖြစ်နေပြီး အခြားနေရာလွတ်တစ်ခု၏ ထောင့်တွင် အသားစည်သွပ်ဘူး တစ်ဘူးသာရှိနေသည်။
ဤသည်မှာ ဒဏ္ဍာရီလာ နေရာလွတ်များဖြစ်သည်ကို သတိထားမိသွားပြီးနောက်တွင် ယင်းရိလျို၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။
ဤနေရာလွတ်နှစ်ခုက သူမ၏ပါးပြင်နှစ်ဖက်တွင် အသီးသီး တည်ရှိနေကြသည်။ ဤထူးဆန်းသော ဆက်တင်ကို သတိထားမိပြီးနောက်တွင် ယင်ရိလျို အနည်းငယ် ပြောစရာစကား မဲ့သွားရလေသည်။
သို့သော်လည်း မည်သည်အရာထက်မဆို ပျော်ရွှင်မှုကသာ ပိုမိုကြီးမားနေခဲ့သည်။
သူမ၌လည်း ကမ္ဘာပျက်ကပ်အတွင်း ရွှေလက်ချောင်းကြီး တစ်ခု ရှိသွားခဲ့ပေပြီ!
နေရာလွတ်နှစ်ခု၏ တည်ရှိမှုနှင့်အတူ သူမတို့က အစားအစာများနှင့် အထောက်ပံ့ပစည်းများကို ပို၍ သိုလှောင်နိုင်မည်ဖြစ်ပြီး ပျက်ကပ်နေ့များတွင် သူမတို့၏ ရှင်သန်နှုန်းများ ပို၍ တိုးလာမည်ဖြစ်သည်။
ယင်ရိလျို မြေအောက်ခန်းထဲမှ အစားအစာများအားလုံးကို နေရာလွတ်များထဲသို့ စိတ်လှုပ်ရှားစွာ သွတ်သွင်းလိုက်သည်။
မြေအောက်ခန်းပ လုံးဝအလွတ်ဖြစ်သောအခါမှသာ အစားအသောက်များကို သိုလှောင်ခြင်းမှ အားရကျေနပ်မှုနှင့် လုံခြုံမှုကို ခံစားလိုက်ရသည်။
နေလွတ်တစ်ခုက တစ်ဝက်ခန့်ပြည့်နေစဥ်အတွင်း အခြားတစ်ခုက ဗလာသာ ဖြစ်နေသေးသည်။
သူမ၏ပါးပြင်များမှ တစ်ဖက်က အခြားတစ်ဖက်ထက် ပိုကြီးနေသကဲ့သို့ ဆန်းကြယ်သော ခံစားချက်ကို ပေးနေခဲ့လေသည်။
သို့နှင့် သူမက စားစရာများကို ညီတူညီမျှ အချိုးအစားဖြင့် ခွဲခဲ့ပြန်သည်။ ပြီးသွားချိန်တွင်တော့ နေရာလွတ်အပေါ် သူမ၏ကျွမ်းကျင်မှုက ပိုမို ကြီးထွားလာသည်ဟု ခံစားရသည်။
သူမ ရွှေလက်ချောင်းရခြင်း၏ ပျော်ရွှင်မှုတွင် နစ်မြှုပ်နေချိန်တွင် မြေအောက်ခန်း၏ ဝင်ပေါက်က ပွင့်သွားခဲ့သည်။
သူမ၏ ခေါင်းကို သတိကြီးစွာ မော့ကြည့်လိုက်၏။
ထို့နောက်တွင် ဝှီးချဲပေါ်မှ မတ်တပ်ရပ်ပြီး လက်ရန်းများ၏ အကူအညီဖြင့် လှေကားမှ လမ်းလျှောက်ဆင်းလာသော ကျင်းယန်ကို မြင်လိုက်လေသည်။
တစ်ဖက်လူက သူမကို စိုက်ကြည့်နေခဲ့၏။
ထို့နောက်တွင် ဗလာဖြစ်နေသော မြေအောက်ခန်းနှင့် မြေပြင်ပေါ်တွင်ရှိနေသော အဝသို့ရောက်အောင် ပြည့်နှက်သည်အထိ ထိုးသိပ်ထားသော လွယ်အိတ်ကို ကြည့်လိုက်သည်။
သူ့အကြည့်က ထိုနေရာမှ ဆီများကြောင့် အမွှေးများကပ်နေသော ယုန်လေးဆီ ရွေ့လိုက်ပြန်သည်။
ထို့နောက်တွင်တော့ အချိန်အတိုင်းအတာတစ်ခု တိတ်ဆိတ်သွားခဲ့သည်။
ကျင်းယန်က ယုန်လေး၏ လည်ပင်းဂုတ်ပိုးမှ ဆွဲကိုင်လိုက်ပြီး ၎င်းကို ဆပ်ပြာဖြင့် ဆေးကြောလိုက်သည်။
ယုန်လေး၏အမွှေးဖွာဖွာများက ရွှဲရွှဲစိုနေခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် စိုထိုင်းစွာဖြင့် ကပ်နေခဲ့ကာ ကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းလေ၏။
“အခုဝန်ခံလိုက် ၊ မြေအောက်ခန်းထဲက အစားအစာတွေက ဘယ်ရောက်သွားတာလဲ?”
မြေအောက်ခန်းမှ မထွက်ခွာခင် ကျင်းယန် မြေပြင်ပေါ်မှ လွယ်အိတ်ကိုလည်း သူနှင့်အတူ ယူဆောင်လာခဲ့ပြီး မြေအောက်ခန်း အလွတ်တစ်ခုကိုသာ ချန်ထားခဲ့လေသည်။
ဤအိတ်အသေးလေးက မည်မျှပင် ဆွဲဆန့်နိုင်ပါစေ မြေအောက်ခန်းထဲမှ အရာအားလုံးကို ထုပ်ပိုးရန် မဖြစ်နိုင်ပေ။
ဤထူးဆန်းသော ယုန်က တစ်စုံတစ်ခု လုပ်ခဲ့ခြင်းပင် ဖြစ်ရမည်။
မူလက ယင်ရိလျိုအနေဖြင့် တုံးအချင်ယောင်ဆောင်ခဲ့ချင်သော်ငြား ထိုအကြောင်း စဥ်းစားပြီးနောက် အနာဂတ်တွင် ကျင်းယန်နှင့်အတူနေရန် စီစဥ်ထားခဲ့ကတည်းက အနှေးနှင့်အမြန် ပေါ်သွားမည်ဖြစ်သောကြောင့် သူမ၏နေရာလွတ်များ အကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ကျင်းယန်တစ်ယောက် ရေနစ်ထားသည့်နှယ် အမွှေးများမှ ရေတစ်စက်စက်ကျနေဆဲဖြစ်သော ယုန်လေးကို စောင့်ကြည့်နေချိန်တွင် ယုန်ဖြူလေးက ၎င်း၏ပွင့်ချပ်သုံးချပ် ပါးစပ်လေးကို ဖွင့်ဟလိုက်သည်ကို တွေ့လိုက်ရသည်။
ထို့နောက် တွေ့လိုက်ရသည်မှာ စည်သွပ်ဘူးတစ်ဘူး၊ ဆန်တစ်အိတ်နှင့် ရေတစ်ဘူးတို့က ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
၎င်းက သူ့ကို ၎င်း၏နီရဲရဲမျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ပစ္စည်းများက ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်လေသည်။
*