အခန်း(7)
ယင်ရိလျိုသည်ကား လက်ရှိတွင် ကျင်းရန်၏လက်မောင်းထဲတွင် လဲလျောင်းနေပြီး တုံးအချင်ယောင်ဆောင်နေခဲ့၏။
သူမ၏ နားမှတစ်ဆင့် လည်ပင်းဆီသို့ ပြေးလွှားကာ သူမ၏လည်ပင်းနားမှ အမွှေးများကို ကုတ်ခြစ်ဖွပေးနေသည့် လက်ကြီးတစ်စုံကို သူမခံစားနိုင်ပြီး သူမ၏ ယုန်ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ယားယံနေခဲ့လေသည်။
ကျင်းယန် နေရာကို လှည့်ပတ်ကြည့်လိုက်လျှင် အစားအစာအပုံလိုက်အပြင် သူ့ရှေ့တွင် လှေကားအချို့လည်း ရှိနေသည်ကို ထပ်ဆောင်းအနေဖြင့် တွေ့လိုက်ရလေသည်။ သူ့အပေါ်ဘက်တွင် အဝိုင်းပုံသံတံခါးတစ်ခုရှိပြီး တံခါးအဟမှ အလင်းတန်းတစ်ခုက တောက်ပစွာ ဝင်ရောက်နေခဲ့သည်။
သူ့ အိမ်ရှိ မြေအောက်ခန်း ဟုတ်မဟုတ်မသေချာသော်လည်း ဤနေရာသည်လည်း မြေအောက်ခန်းတစ်ခု ဖြစ်သည့်ပုံပင်။
မြေအောက်ခန်းအား သန့်ရှင်းရေးလုပ်ပေးမည့်သူ ရှိသဖြင့် ပုံမှန်အားဖြင့် သူ ဤနေရာကို မလာခဲ့ဖူးချေ။
သူ ရုတ်တရက် မည်သည့်အရာကို လုပ်ရမည်လဲဆိုသည်ကို မသိတော့ပေ။ သူ၏ ဒဏ်ရာရနေသည့် ခြေထောက်ကိုသာ ငုံ့ကြည့်လိုက်မိသည်။ သူ၏လက်ရှိအခြေအနေအရ အပြင်ဘက်၌ ဖြစ်ပျက်နေသည့်အရာများကို သွားကြည့်နိုင်သည့်ပုံမပေါ်ပေ။
လွန်ခဲ့သောနှစ်များက သူ၏ ခြေထောက်ဒဏ်ရာရကြောင်းကို သိခဲ့ရခဲ့သည့် ပထမဆုံးအကြိမ်အချိန်ကကဲ့သို့ သူ့နှလုံးသားထဲ၌ အကူအညီမဲ့မှုနဲ့ စိတ်ပျက်အားငယ်မှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
သူသည်က ကျင်းမိသားစု၏ ယောကျ်ားလေး မျိုးဆက်ဖြစ်ပြီး ထုံးတမ်းစဥ်လာအရ သူ၏မိဘများ ဆုံးပါးသွားပြီးနောက် မိသားစုအမွေလုပ်ငန်းက သူ၏လက်အောက်တွင် ဆက်လက်ကျယ်ပြန့်လာသည်။
ရှန်မိသားစုနှင့် လီမိသားစုသည်က ကျင်းမိသားစုကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် လုပ်ငန်းအရဆက်ဆံရေးများကိုသာ အတူတကွပူးပေါင်း နိုင်သော်ငြား သူတို့ကိုယ်သူတို့ လွတ်လမ်းကို ရှာထားရဆဲဖြစ်သည်။
ကျင်းယန်အနေဖြင့် ယခင်က သူ၏ပြိုင်ဘက်များကို ဖယ်ရှားရန် အကြောင်းကို မစဥ်းစားခဲ့ဖူးသော်ငြား “မမျှော်လင့်ထားသော ကားအက်စီးဒန့်” တစ်ခုဖန်တီးရန်အတွက် မိသားစုနှစ်ခုက သူ၏ကိုယ်ပိုင်ယာဥ်မောင်းကို လာဘ်ထိုးခဲ့ချိန်တွင်တော့ သူထပ်၍ သည်းမခံနိုင်တော့ပေ။
ကျင်းယန် တစ်ဖန် နိုးလာချိန်တွင် သူသည်က ကံကောင်းစွာဖြင့် အသက်ရှင်ခဲ့သော်ငြား သူ၏ခြေထောက်နှစ်ဖက်ကတော့ မသန်စွမ်းဖြစ်သွားခဲ့သည်။
ထိုအချိန်ကတည်းက ရှန်နှင့်လီမိသားစုများ၏ လုပ်ငန်းများကို သူရူးသွပ်စွာဖြင့် စတင်ဖိနှိပ်ခဲ့လေသည်။
လူတစ်ယောက်က သူတို့၏ငယ်ရွယ်မှု အထွတ်အထိပ်တွင် မသန်မစွမ်းဖြစ်သွားခဲ့မည်ကို ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့လျှင် မည်သူပင်ဖြစ်စေ ၎င်းကိုလက်ခံရန် ခက်ခဲလိမ့်မည်ဖြစ်ကာ ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတစ်ယောက်ဖြစ်သည့် ကျင်းယန်ဆိုလျှင် ဖော်ပြရန်ပင် မလိုချေ။
ထိုအချိန်အတောအတွင်း ကုမ္မဏီ၏စတော့ရှယ်ယာသည်လည်း ကြီးမားသော ပြသနာများကို ရင်ဆိုင်ခဲ့ရသည်။
လူတိုင်းက အခြေခံအားဖြင့် သူ၏ပြက်လုံးကို စောင့်ကြည့်နေကြပြီး ယခင်က စီးပွားရေးဒဏ္ဍာရီကြီး သူ၏ပုလ္လင်မှ မည်သို့ပြုတ်ကျသွားမည်ကို ကြည့်ချင်နေကြလေသည်။
သူ အလွန်အမင်း ခံပြင်းပြီး မချိတင်ကဲဖြစ်ခဲ့သော်လည်း အဆုံးသတ်တွင် ၎င်းကို သည်းခံဆဲဖြစ်ပြီး လက်စားချေရာတွင်သာ သူ့ကိုယ်သူ နစ်မြုပ်ထားခဲ့သည်။
ရှန်နှင့်လီမိသားစုက အင်အားကြီးသည့် ပုံပေါ်သော်လည်း ၎င်းတို့၏အတွင်းပိုင်းကိုအခေါင်းပေါက်ဖြစ်အောင် သူတူးထုတ်ထားပြီးဖြစ်သည်ကို မည်သူမှ မသိကြချေ။
ထို့ကြောင့် သူ အမိန့်ပေးလိုက်သည်နှင့် မိသားစုနှစ်စုမှာ အရာအာလုံးကို ချက်ချင်းပင် ဆုံးရှုံးသွားလိမ််မည်ဖြစ်၏။
ကံမကောင်းစွာဖြင့် သူနောက်ဆုံးရိုက်ချက်ကို မလုပ်ဆောင်နိုင်ခင် ဤကဲ့သို့သန္ဓေပြောင်းခြင်း ဖြစ်ပွားခဲ့သည်။
သူ မေ့မြောသွားပြီး တစ်ဖန် နိုးလာချိန်တွင် စားစရာများ ပြည့်နှက်နေသော အခန်းထဲ၌ သူ၏ဘေးတွင် ယုန်တစ်ကောင်သာလျှင် ရှိလေသည်။
သူ ဝတ်ဆင်ထားသော အင်္ကျီများကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး နှစ်ရက် သို့မဟုတ် သုံးရက် ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
ဤနှစ်ရက်မှ သုံးရက်အတောအတွင်း ကျင်းမိသားစုခေါင်းဆောင် ပျောက်ဆုံးသွားမှုက မည်သည့် ရုတ်ရုတ်သဲသဲမှ မဖြစ်ပွားစေခဲ့ပေ။ ဤသည်က အပြင်
ဘက်လောကကြီးသည်လည်း ယခုအခါ အလွန်ရှုပ်ထွေးမှုတစ်ခုဖြစ်နေပြီဟု ဆိုလိုနေခဲ့သည်။
ဤကဲ့သို့ရှုပ်ထွေးမှုကြောင့်သာ သူ၏ပျောက်ကွယ်မှုက မည်သည့်အာရုံစူးစိုက်မှုကိုမှ မဆွဲဆောင်ခဲ့ခြင်းဖြစ်လိမ့်မည်။
သို့သော် ဤအခြေအနေမျိုးတွင်ပင် အပြင်ဘက်သို့သွားပြီး တစ်ချက်ကြည့်ရန်အတွက်ပင် သူ့၌ လုပ်နိုင်စွမ်းရှိမနေခဲ့ချေ။ ကျင်းယန် အံကိုကြိတ်လိုက်ပြီး သူ၏ခြေထောက်များကို မုန်းတီးစွာ ထိုးလိုက်မိသည်။
သို့သော်ငြား သူ၏ခြေထောက်များက ယခင်ကကဲ့သို့ အာရုံခံစားမှုကင်းမဲ့ မနေခဲ့ချေ။ သူ၏ခြေထောက်မှ ပျံနှံ့လာသော နာကျင်မှုလှိုင်းတစ်ခုက သူ့ကို အံ့သြတကြီးဖြစ်သွားစေခဲ့သည်။
သူ၏ခြေထောက်များကို သူတစ်ဖန် ခံစားနိုင်သည်ကို သတိမပြုမိခင် သူ၏စိတ်က တစ်ခဏကြာအောင် ဗလာဖြစ်သွားခဲ့သည်။
ဆရာဝန်က သူ၏ခြေထောက်များရှိ အာရုံကြောများ အားလုံး သေသွားနှင့်ပြီဟု ရှင်းလင်းစွာ ပြောကြားခဲ့သည်။
သို့သော်လည်း သူ၏ခြေထောက်များကို မြှောက်ရန် အားထုတ်ကြိုးပမ်းလိုက်ချိန်တွင် ခြေထောက်များက အမှန်တကယ် လှုပ်ရှားသွားခဲ့လေသည်။
သူ၏ခြေထောက်များက ရောင်ရမ်းပြီး ခုံးတက်နေလင့်ကစား ကျင်းယန်၏ မျက်လုံးများက အလွန်ပင် တောက်ပသွားခဲ့သည်။
ကျင်းယန် ကြမ်းပြင်ထက်မှ သူ့ကိုယ်သူပင့်ထူရန် လက်မောင်းများကို အသုံးပြုလိုက်၏။
ယခုအချိန်တွင်တော့ အညစ်အကြေးများအကြောင်းကို သူ သိပ်ပြီး ဂရုမစိုက်နိုင်တော့ပေ။
ကျင်းယန် သူ့ကိုယ်သူ ထူမ,လိုက်ပြီး ဒူးတစ်ဖက် ထောက်လိုက်၏။ သူ၏ဒူးက မြေပြင်ကို ထိသောအခါတွင် အပ်ထိုးအုံပေါ်တွင် ဒူးထောက်ရသည့်နှယ် နာကျင်နေခဲ့ကာကာ သူ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေသည်။
သို့သော် နာကျင်မှုက သူ့ကိုမရပ်တန့်နိုင်ပေ။ သူ အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
ထို့နောက်တွင်တော့ သူ၏ခြေထောက်ပေါ်တွင် အားပြုကာ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်သည်။
ကျင်းယန် သူ၏ခြေထောက်များကို မြှောက်လိုက်ပြီး မဝံ့မရဲ ခြေလှမ်းအနည်းငယ် လျှောက်လိုက်လေ၏။
သူ၏ခြေထောက်များက အထိအတွေ့ကို ပြန်လည် ရရှိသည်မှာ သန္ဓေပြောင်းခြင်းက သူ၏ခြေထောက်က အာရုံကြောများကို ပြန်လည်ကုသပေးခဲ့သည်ကြောင့် သာလျှင်ဖြစ်၏။
သို့သော်လည်း သူ့အနေဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ ခုန်ပေါက်ပြီး ပြေးလွှားနိုင်ရန်အတွက် အချိန်ကာလတစ်ခု ယူရန်လိုအပ်ဆဲပင်ဖြစ်သည်။
သူ လှမ်းသော ခြေလှမ်းတိုင်းက ထောင်ချီသော ဖြတ်ရာများကို တောင့်ခံနေရသကဲ့သို့ ခံစားရလေသည်။ သူ၏ခြေထောက်များမှာ မရပ်မနား တုန်ရီနေခဲ့သည်။
ထိုအချိန်က ငိုယိုနေခဲ့သော သူ့ညီမကို သူ၏အမေပြောခဲ့သော နတ်သမီးပုံပြင် တစ်ပုဒ်ကို ကျင်းယန် ရုတ်တရက် သတိရသွားခဲ့သည်။
ရေသူမလေးက လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ရန် အလို့ငှာ ဓားများပေါ်တွင် လမ်းလျှောက်ရသည်နှင့် ခံစားချက်ဆင်တူသော နာကျင်မှုအပြည့်နှင့် ခြေလှမ်းများကို တောင့်ခံခဲ့ရသည်။
သူစိတ်ပျက်စွာပြုံးလိုက်၏။ ၎င်းက သူ၏ယခုအခြေအနေနှင့် အတော်အတန် ဆင်တူလောက်ပေသည်။
ချောမောခန့်ညားသော လူငယ်လေး၏ နှုတ်ခမ်းများက သွေးရောင်ကင်းမဲ့နေကာ နာကျင်မှုကြောင့် သူ၏နဖူးထက်တွင် ချွေးတစ်လွှာ ရှိနေလေသည်။
ယင်ရိလျို သူ့ကိုကြည့်ရင်းဖြင့် စိတ်ပင်ပန်းမှုကို ခံစားလိုက်ရသည်။
သူမရုတ်တရက် ကျင်းယန်၏ လက်မောင်းထဲမှ ခုန်ထွက်ပြီး သူ၏ရှေ့တွင် ဆင်းသက်ကာ အမြီးကို လှုပ်ရမ်းလိုက်သည်။
သူ ပြန်လှည့်ကြည့်ချိန်တွင် သူမ၏မျက်လုံးများက ကျင်းယန်၏ အနက်ရောင်မျက်ဆံများဖြင့် ဆုံတွေ့သွားသည်။
သူမ၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်ပေါက်သွားရပြီး လှေကားများကို ခုန်ဆွခုန်ဆွတက်လိုက်ပြီး မြေအောက်ခန်းတံခါးကို သူမ၏လက်ဝါးများဖြင့် တွန်းဖွင့်လိုက်၏။
အပြင်ဘက်မှ အလင်းရောင်က မြေအောက်ခန်း အတွင်းဘက်သို့ ချက်ချင်း ဝင်လာပြီး အခန်းကို အလင်းပေးနေလေသည်။
ယင်ရိလျို ဗီလာကို ဦးတည်ကာအရှိန်တင်လိုက်ပြီး ကူးပြောင်းလာပြီးနောက် သူမ၏မျက်လုံးများကို ပထမဆုံးဖွင့်ခဲ့သော နေရာ၊ ဧည့်ခန်းဆီသို့ ခုန်သွားလိုက်သည်။
လက်တလောအချိန်တွင် အခန်းက ဆိုးဝါးသောအနံ့တစ်ခုဖြင့် ဖုံးလွှမ်းနေပြီး သူမ သေသည်အထိ ရိုက်ခဲ့သော သန္ဓေပြောင်းငါးသည်လညား အမည်မသိ သတ္တဝါအချို့ထံမှ အရိုးသာကျန်သည်အထိ တစ်စီကိုက်ဝါးခြင်းခံထားရသည်။
လက်ရှိတွင် အရိုးစုတစ်ခုသာ ကျန်ခဲ့ပြီး အရိုးကွေးကွေးများပေါ်တွင် အသားပုပ် အကြွင်းအကျန်အချို့ ရှိနေလေသည်။
ဤတိရစ္ဆာန်အသေကောင်က အခန်းထဲရှိ အနံ့ဆိုး၏ အရင်းအမြစ်ဖြစ်နိုင်သည်။
ယင်ရိလျို အော့ကလီဆန်မှုကို ဖိနှိပ်လိုက်၏။ ထို့နောက် စားပွဲ၏ဘေးတွင် ရပ်ထားသော ဝှီးချဲအလွတ်ကို တွေ့လိုက်ရပြီးနောက် ၎င်း၏ဘေး ကြမ်းပြင်တွင်ကျနေသည့် ထိန်းချုပ်ခလုတ် မြင်လိုက်ရလေသည်။
သူမ အရှေ့သို့ ခုန်ဆွခုန်ဆွသွားလိုက်ပြီး ရီမုပေါ်မှ ခလုတ်ကိုနှိပ်ရန်အတွက် အတွေ့အကြုံရှိစွာဖြင့် သူမ၏လက်ဖဝါးကို သုံးလိုက်သည်။
သူမ၏ ဘေးမှ ဝှီးချဲက ရှေ့သို့ရွေ့သွားသည်ကို မြင်လိုက်လျှင် သူမ၏နားရွက်များက ပျော်ရွှင်စွာ လှုပ်ခတ်သွားလေသည်။
ထို့နောက်တွင် သူမ ဝှီးချဲပေါ်သို့ ခုန်တက်လိုက်ကာ ၎င်းကို ရီမုဖြင့် ထိန်းချုပ်လိုက်ပြီး အပြင်ဘက်ကို ဦးတည်လိုက်သည်။
ကျင်းမိသားစုဗီလာသည်က ခမ်းနားကြီးကျယ်ပြီး အပင်များအားလုံးသည်လည်း အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့သော်ငြား ယခုအခါ မူလက မြက်ပင်တိုတိုများသည် လျှင်မြန်စွာကြီးထွားလာပြီး ချွန်ထက်သော ဓားသွားများနှင့် တပ်ဆင်ထားလေသည်။
သူမ ဝှီးချဲကို တောင်အတုဆီ ဦးတည်လိုက်လေသည်။
ဝှီးချဲဖြင့် လှိမ့်နင်းခြင်းခံရသော အောက်ဘက်ရှိ မြက်များက တကျွီကျွီမြည်သော်ငြား ဝှီးချဲထံသို့ လုံးဝသက်ရောက်ခြင်း မခံရပေ။
ယင်ရိလျို ဝှီးချဲကို တောင်အတု၏ ရှေ့သို့ယူဆောင်လာပြီးချိန်တွင် လှေကားလက်ရန်းများဖြင့် ထောက်ပံ့အမှီပြုခြင်းအားဖြင့် မြေအောက်ခန်းမှ လျှောက်ထွက်ရန် လုပ်ဆောင်နိုင်ခဲ့သော ကျင်းယန်ကို မြင်လိုက်ရသည်။
သူ၏အမူအရာသည်က သေလောက်အောင် ဖြူဖျော့နေပြီး သူ၏မျက်ခုံးများသည်လည်း တင်းတင်းကြပ်ကြပ် ကြုတ်နေခဲ့သည်။
သူ၏ခြေထောက်များကလည်း အလွန်အမင်း ပင်ပန်းခြင်းကြောင့် တုန်ရီနေလေသည်။ သူ့ကို ဤကဲ့သို့ မြင်ရလျှင် ယင်ရိလျို၏နှလုံးသားမှာ ပူဆွေးမှုကြေုင့် အားပြင်းပြင်းဖြင့်ခုန်နေခဲ့သည်။
ယင်ရိလျိုက ရီမုကို သူမ၏လက်များထဲ ကိုင်ထားလျှက် တကွိကွိအော်မြည်ကာ ဝှီးချဲ၏သားရေထိုင်ခုံပေါ်တွင် ခုန်လိုက်ပြီး ကျင်းယန်၏အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။
“ကျီကျီ”
ဒီကိုလာခဲ့၊ ကျွန်မရှင့်အတွက် ဝှီးချဲ ယူလာခဲ့တယ်။
ကျင်းယန်တစ်ယောက် သူ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့် မချင့်မရဲဖြစ်မှု နှစ်ခုလုံးကို ခံစားနေရသည်။
အထိအတွေ့ခံစားမှုက သူ၏ခြေထောက်များဆီ ပြန်ရောက်လာပြီ ဖြစ်သော်လည်း ခြေလှမ်းတိုင်းတွင် အသက်ရှူရန်အတွက် ရပ်တန့်ရမည်ဖြစ်၏။
၎င်းက သူ့အား အလွန်အမင်း ကူကယ်ရာမဲ့မှုကို ခံစားရစေသည်။
သူ့၏ခြေထောက်များမှ ဆက်တိုက်တုန်ရီမှုများကို သူတောင့်ခံနေစဉ် ခပ်လှမ်းလှမ်းမှ တိုးညှင်းသော တကျီကျီအော်သံလေးကို ရုတ်တရက်ကြားလိုက်ရသည်။
သူ၏ ခေါင်းကိုမော့လိုက်လျှင် လက်ထဲတွင် ရီမုတစ်ခုကို ကိုင်ထားသော အမွှေးလုံးဖြူဖြူလေးကို မြင်လိုက်ရသည်။
၎င်းက သူ၏ဝှီးချဲပေါ်တွင် လျှောက်ခုန်နေပြီး အထက်အောက် တဖျပ်ဖျပ်ခတ်နေသော နားရွက်များနှင့်အတူ တကျီကျီအော်မြည်နေလေသည်။
ယုန်လေး၏ ရည်ရွယ်ချက်ကို သူချက်ချင်းနားလည်လိုက်၏။ ၎င်းမှာ သူ၏ဝှီးချဲကို သွားယူရန် ထွက်သွားခဲ့ခြင်းဖြစ်သည်။
ဤအခိုက်အတန့်၌ ကျင်းယန်၏ နှလုံးသားထဲတွင် နွေးထွေးပြီး ဇဝေဇဝါခံစားချက်တစ်ခု ရှိနေခဲ့၏။
ယုန်တစ်ကောင်နှင့် ပြန်လည်ဆုံစည်းပြီးနောက်တွင် အလွန်စိတ်လှုပ်ရှားသွားရလိမ့်မည်ဟု သူ မည်သည့်အချိန်ကမှ မထင်ထားခဲ့ချေ။
သူညင်သာစွာပြုံးလိုက်ပြီး မရပ်မနား ခုန်နေသော ယုန်လေးကို လက်ဝှေ့ယမ်းပြလိုက်သည်။
ထို့နောက် ၎င်းက ရီမုကို နှိပ်ပြီး သူ့ရှေ့သို့ ရောက်လာသည်ကို သူစောင့်ကြည့်နေခဲ့သည်။
ယင်ရိလျိုမှာ သူ၏အကြည့်ကြောင့် အနည်းငယ် နေမထိထိုင်မသာဖြစ်သွားရ၏။
သူမကိုယ်သူမ အပြည့်အဝ ဖော်ထုတ်မိသည်ကို သိသော်ငြား ကျင်းယန်၏ ထိုကဲ့သို့ ရုန်းကန်မှုများကို စောင့်ကြည့်ပြီးနောက် သူမ ငြိမ်သက်စွာ မနေနိုင်ခဲ့ချေ။
အဆုံးသတ်၌ သူမသည်က မည်သို့ပင်ဖြစ်စေ ဖော်ထုတ်ခံရမည် ဖြစ်သောကြောင့် နောက်ပိုင်းမှ ဖော်ထုတ်သည်ထက် ယခုကတည်းက စောစီးစွာ ထုတ်ဖော်ခံရသည်ကလည်း အရေးမကြီးလောက်ပါချေ။
*