Ch 60
Viewers 3k

အပိုင်း (၆၀) (က)

သည်အခိုက်တန့်လေးတွင် အပြင်ဘက်က လူတစ်ယောက်က ရုတ်တရက်လှမ်းမေးလိုက်လေသည်။

“ မိန်းကလေးကျန်း ရှိပါသလား”

ရှဲ့ချန်၏အသံဖြစ်သည်။

သူဘာလို့ ဒီအချိန်ကြီး ရောက်လာတာလဲ။

“ဒီဘက်မှာရှင့်”

ကျန်းယွင်ကျူးက မုန့်ကို ချထားလိုက်ပြီး အရှေ့ဘက်ကို ထွက်လာခဲ့လိုက်သည်။

ရှဲ့ချန်သည့် အပြာရောင် အဝတ်အစားဟောင်းကိုသာ ဝတ်ထားဆဲ။ သူ့နောက်တွင် မျက်လုံးလှလှလေးတစ်စုံနှင့် ပတ်ဝန်းကျင်ကို သေသေချာချာကြည့်နေသည့် သေးသေးညက်ညက် မိန်းကလေးတစ်ယောက် ပါလားသည်။

ကျန်းယွင်ကျူးက စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်သည်။ သူမသည် ပေါင်ဖူလိုအကြောင်း စုံစမ်းရင်း ရောက်လက်စနှင့် ရှဲ့ချန်အကြောင်းကိုပါ စုံစမ်းခဲ့လေသည်။

သူအသက်သုံးနှစ်သားတွင် သူ့အမေက ညီမလေးတစ်ယောက် မွေးပေးခဲ့ပြီး တခြားတစ်ယောက်နှင့် လိုက်ပြေးသွားခဲ့သည်။ အဖေဖြစ်သူက မောင်နှမနှစ်ယောက်လုံးကို ဆူဆဲရိုက်နှက်ခဲ့သည်။ အိမ်နီးချင်းများက ဆက်ပြီး ကြည့်မနေနိုင်ကြတောပေ။ သူတို့က မကြာခဏဆိုသလို သူတို့ကို ကျွေးမွေးခဲ့ကြသည်။ ထိုအခါမှ သူတို့သည် တဖြည်းဖြည်း ကြီးထွားလာခဲ့ကြသည်။

ရှဲ့ချန်သည် ချောမောသည့်ရုပ်သွင် ရှိသော်လည်း နေ့တိုင်း မျက်မှောင်ကျုံ့ထားပြီး စိတ်ဖိစီးနေသည်မှာ အဆန်း မဟုတ်တော့ပေ။

ရှဲ့ချန်က သူ့ညီမလေးကို ဆိုင်တွင် အလုပ်လုပ်ခိုင်းဖို့ တွေဝေနေသည့်အကြောင်းအရင်းကိုလည်း သူမ နားလည်လေသည်။ သူက သူ့ညီမလေးကို အဲအိမ်ကနေ ထွက်လာစေချင်တာလေ။ ဒါပေမဲ့ သူမက အလုပ်ပင်ပင်ပန်းပန်း လုပ်ရမှာလည်း စိုးရိမ်နေတာ။ နောက်ဆုံး သူ့အစီအစဥ်က ၄လပိုင်းကျရင် သူ့ညီမလေးကိုလည်း သူနဲ့အတူတူ မြို့တော်ကို ခေါ်သွားမှာကိုး။

“ယွင်ရွှယ် အနောက်မှ မုန့်တစ်ပန်းကန် သွားယူလာခဲ့နော်” ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ကို ခိုင်းလိုက်သည်။

ကျန်းယွင်ရွှယ်က လက်ခံလိုက်ပြီး အနောက်မှ ပဲနီနို့မုန့်တစ်ပန်းကန်ကို ယူလာပေးလိုက်သည်။

ကျန်းယွင်ကျူးက ရှဲ့ချန်ကို နောက်ကမိန်းကလေးနှင့် လာထိုင်ဖို့ လက်ယက်ခေါ်လိုက်သည်။ ထို့နောက် မုန့်ပန်းကန်ကို သူတို့ရှေ့တွင် ချပေးလိုက်သည်။

“ ရှင်တို့တွေ အချိန်ကိုက်ရောက်လာခဲ့တာပဲ၊ ကျွန်မ အခုလေးတင် မုန့်တစ်မျိုး လုပ်ထားတာ၊ စားကြည့်ပါအုံး”

ရှဲ့ချန်၏မျက်လုံးက သလင်းကျောက်လို ကြည်လင်ပြီး နို့နှစ်ရောင်ရှိကာ အချိုရနံ့မွှေးနေသည့် မုန့်ပန်းကန်ပေါ် ရောက်သွားလေသည်။

သူသည် မနက်က ဘာမှမစားခဲ့ရပေ။ မုန့်နံ့ကို ရလိုက်ပြီးနောက် သူသည် ပိုလို့ပင် ဗိုက်ဆာလာတော့သည်။ သူက အကြည့်လွှဲလိုက်ပြီး ပြောလိုက်၏။

“ ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း”

သူသည် မုန့်ကို စားဖို့ စိတ်ကူးမရှိခဲ့ပေ။

ကျန်းယွင်ကျူးက မုန့်တစ်တုံးကို ကောက်ယူလိုက်ပြီး ရှဲ့လျန်ကို လှမ်းပေးလိုက်သည်။

“ စားလိုက်၊ ညီမလေးရဲ့အစ်ကိုက အစ်မကို အများကြီး ကူညီပေးထားတာ”

သူမသည် ရှဲ့ချန်က သူမကို စာရင်းကူလုပ်ပေးသည့်  အကြောင်းကို ပြောနေခြင်းပင်။

ရှဲ့လျန်က သူမ၏နှုတ်ခမ်းကို တင်းနေအောင်စေ့ထားပြီး ရှဲ့ချန်ကို ကြည့်လိုက်လေသည်။

ရှဲ့ချန်မှာ စိတ်မကောင်းဖြစ်သွားတော့သည်။ သူက ဒါကို မစားနိုင်ဘူးဆိုပေမဲ့ သူ့ညီမလေးကရော...

“မိန်းကလေးကျန်းက ညီမလေးကို ပေးတာဆိုတော့ ညီမလေး စားလို့ရပါတယ်” သူက နွေးနွေးထွေးထွေး ပြောလိုက်၏။

ရှဲ့လျန်၏မျက်လုံးများသည် ချက်ချင်း လင်းလက်သွားတော့သည်။သူမက မုန့်ကိုယူလိုက်ပြီး စားမည်ပြင်လိုက်၏။ ရုတ်တရက်ဆိုသလို သူမက တစ်ခုခုကို သတိရသွားပြီး မုန့်ကို ရှဲ့ချန်အား လှမ်းပေးလိုက်လေသည်။

“ ညီမလေး စားပါ” ရှဲ့ချန်က ပြန်ဖြေလိုက်သည်။

ရှဲ့လျန်က ခေါင်းခါပြလိုက်၏။

ရှဲ့ချန်သည် မတတ်သာတော့ပေ။

“ မုန့်တစ်ပန်းကန်လေးပါ”

ကျန်းယွင်ကျူးက မုန့်ပန်းကန်ကို ရှဲ့ချန်ဖက်သို့ ထပ်တွန်းပို့ပေးလိုက်လေသည်။

ရှဲ့ချန်၏ပါးသည် မသိမသာနီရဲသွားပြီး

“ ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း”

“ အဲလောက် အားနာဖို့မလိုပါဘူး”

ထိုအခါမှ ရှဲ့ချန်က မုန့်တစ်တုံးကို ယူကာ သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။ နို့နံ့လေးတစ်ခုနှင့် နူးအိချိုမွှေးနေသည်။ သူသည် သည်လိုအရသာရှိသည့်မုန့်တစ်ခုကို တခါမှ မစားခဲ့ဖူးသည်ကို ခံစားလိုက်ရတော့သည်။

သူ စားလိုက်သည်ကို မြင်လိုက်ရပြီး ရှဲ့လျန်က မုန့်ကို သူမပါးစပ်ထဲ ထည့်လိုက်လေသည်။ သူမ၏ မျက်လုံးများက ချက်ချင်းပင် ကွေးတက်သွားတော့သည်။ ဒီမုန့်က ချိုလိုက်တာ။  လူတွေရဲ့နှလုံးသားကို ချိုမြိန်သွားစေသလို ထင်ရတယ်။

ကျန်းယွင်ကျူးက အလျင်မလိုပေ။ သူမက သူတို့နှစ်ယောက်အတွက် ရေနွေးပန်းကန်ထဲ ရေနွေး လောင်းထည့်ပေးလိုက်ပြီး သူတို့ကို စားခိုင်းလိုက်သည်။

ရှဲ့ချန်က နောက်ထပ်နှစ်တုံးလောက် စားလိုက်သည်။ သူ့နားများကပင် နီရဲလာခဲ့သည်။ သို့နှင့် သူလည်း ဆက်မစားလိုက်တော့ပေ။

ရှဲ့လျန်က မနေနိုင်တော့ဘဲ နည်းနည်းထပ်စားလိုက်ပြီး ရေတစ်ငုံသောက်ကာ စားပြီးသွားလေသည်။

ကျန်းယွင်ကျူးက ရှဲ့ချန်ကို ကြည့်လိုက်၏။

“မိန်းကလေးကျန်း ကျွန်တော် မိန်းကလေးနဲ့ သီးသန့်စကားပြောလို့ရမလား” ရှဲ့ချန်က ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ကျန်းယွင်ကျူးက ထရပ်လိုက်သည်။

နှစ်ယောက်က အပြင်သို့ ထွက်သွားလိုက်လေသည်။

ရှဲ့ချန်သည် အခန်းထဲက ရှဲ့လျန်ကို ကြည့်ကာ ပြောလိုက်၏။

“မိန်းကလေးကျန်း လက်တိုလက်တောင်း အလုပ်သမားတစ်ယောက် ငှားမလို့မလား၊ အဲဒါ ကျွန်တော့်ညီမလေးပါ၊ ကျွန်တော် သူ့ကို မိန်းကလေးရဲ့ဆိုင်မှာ အလုပ်လုပ်စေချင်လို့ပါ၊ ငွေအတွက် မဟုတ်ပါဘူး။

သူ့လခကို ကျွန်တော့်စာရင်းနဲ့ ပေါင်းတွက် လို့ရပါတယ် ဒါမှမဟုတ် သူ ကောင်းကောင်း မလုပ်ရင် ကျွန်တော့်ကို ပြောလို့ရပါတယ်၊ ကျွန်တော် သူ့ကို ပြောပေးပါ့မယ်၊ သူက စကားမပြောတတ်ဘူး... မစိုးရိမ်ပါနဲ့ သူက အရမ်းသိတတ်ပါတယ်”

ရှဲ့ချန်သည် စိုးရိမ်တကြီးနှင့် မြန်မြန်ပြောချလိုက်လေသည်။ သူသည် ရှဲ့လျန်ကို  ငွေရှာခိုင်းရန် ကျန်းယွင်ကျူးဆီ လာခဲ့ခြင်းမဟုတ်ပေ။ ကျန်းယွင်ကျူး ခန့်မှန်းထားခဲ့သည့်အတိုင်း သူက ရှဲ့လျန်ကို ထိုအိမ်မှ ထွက်လာစေချင်သောကြောင့်ပင်။

သူ မနေ့က အိမ်ပြန်သွားတော့ ရှဲ့ယုံက ရှဲ့လျန်ကို ထပ်ပြီး ဆူဆဲနေတာ တွေ့လိုက်ရတယ်။ သူမက နေရာမှာ တုန်တုန်ယင်ယင်နဲ့ ရပ်လို့။ သူ ခေါ်သွားမဲ့အချိန်အထိ သူမ သည်းမခံနိုင်တော့မှာကို အရမ်း စိုးရိမ်သွားခဲ့တယ်။

ရှဲ့ချန်၏စကားများက ရှဲ့လျန်ကို လခမပေးဘဲ ငှားရမ်းပေးဖို့ မဟုတ်လျှင် သူ့ကို ကူညီပြီး ရှဲ့လျန်ကို ခေါ်ထားဖို့ အလွန်မှ စိတ်ရင်းနှင့် ပြောခဲ့သည့်စကားများ မဟုတ်ပါလား။ စိတ်ထားညံ့သည့် သူဌေးတစ်ယောက်ဆိုလျှင် ဝမ်းသာလွန်းသဖြင့် ရူးသွားလောက်ပေသည်။

ဟုတ်ပါသည်။ စိတ်ထားမကောင်းသည့် သူဌေးတစ်ယောက်သာ ဖြစ်ခဲ့လျှင် ရှဲ့ချန်ကလည်း ရှဲ့လျန်ကို သည်နေရာသို့ ခေါ်လာလိမ့်မည် မဟုတ်ပေ။ ကျန်းယွင်ကျူးက လူကောင်းတစ်ယောက်ဖြစ်သည်ကို ခံစားမိပြီး မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူက ရှဲ့လျန်ကို ဆိုင်တွင် ထားချင်လေသည်။

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ သို့သော် သူမက သဘောလည်းမတူသလို ငြင်းလည်းမငြင်းပေ။

“ဟုတ်ပြီလေ သူ့ကို သုံးရက်လောက် ကျွန်မတို့နဲ့ အစမ်းလုပ်ခိုင်းလိုက်ပေါ့၊ ပြီးမှ ကျွန်မတို့ ဆက်ပြောကြမယ်”

“မိန်းကလေးကျန်းကို ကျေးဇူးတင်ပါတယ်” ရှဲ့ချန်က ကျေးဇူးတင်စိတ်ဖြင့် ပြန်ဖြေလိုက်၏။

သူတို့နှစ်ယောက်က ဆိုင်သို့ ပြန်လာခဲ့ကြသည်။ ရှဲ့ချန်က ရှဲ့လျန်ကို ခဏလောက် တီးတိုးစကား ပြောလိုက်လေသည်။ ရှဲ့လျန်က ခေါင်းညိတ်လိုက်ပြီး ကျန်းယွင်ကျူးကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူမက သေချာပေါက် အလုပ်ကြိုးစားရမယ်။ ဒါမှ အစ်ကိုက စိတ်အေးအေးနဲ့ စာလေ့လာနိုင်မှာ။

ရှဲ့ချန်ကလည်း ကျန်းယွင်ကျူးကို ဦးညွတ်နှုတ်ဆက်လိုက်လေသည်။

ကျန်းယွင်ကျူးက ပြုံးပြလိုက်၏။

“ အစ်ကို ညီမလေးကို ညမှ လာကြိုမယ်နော်” ရှဲ့ချန်က ရှဲလျန်ကို ပြောလိုက်သည်။

ရှဲ့လျန်က ခေါင်းညိတ်ပြလိုက်၏။ ထိုအခါမှ ရှဲ့ချန်က မသွားချင်သွားချင်နှင့် ထွက်သွားလေသည်။

ရှဲ့လျန်တစ်ယောက်သာ ကျန်ခဲ့သည်။ ကျန်းယွင်ကျူးက ပဲနီနို့မုန့်ပန်းကန် တစ်ဝက်ကို သူမဘက်သို့ တွန်းပို့ပေးလိုက်သည်။

“စားလိုက်၊ ဗိုက်ပြည့်မှာ အလုပ်လုပ်ဖို့ အားရှိမှာ”

သို့သော် ရှဲ့လျန်က မစားတော့ပေ။ သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လုပ်စရာတစ်ခုခုကို ရှာနေဟန်တူသည်။

“စိတ်မပူပါနဲ့၊ အစ်မတို့ အခု အလုပ်မလုပ်သေးပါဘူး” ကျန်းယွင်ကျူးက ပြောပြလိုက်သည်။

ရှဲ့လျန်က မီးဖိုဆောင်ဖက်ကို ကြည့်လိုက်၏။ ထိုနေရာတွင် မဆေးရသေးသည့် အိုးများရှိနေပုံရသည်။ သူမက ကျန်းယွင်ကျူးကို  မေးစမ်းသလို ကြည့်လိုက်လေသည်။

ဒါဆိုလည်း ဟုတ်ပါပြီလေ။ ကျန်းယွင်ကျူးသည်  အိုးဆေးဖို့ အချိန်မရှိသေးပေ။

ရှဲ့လျန်က အိုးခွက်ပန်းကန်များကို ဆေးကြောရန် မီးဖိုဆောင်သို့ သွားလိုက်လေသည်။ သူမသည် သေးသေးညက်ညက်လေး ဖြစ်သော်လည်း ကလေးဘဝကတည်းက သည်အလုပ်များကို လုပ်လာခဲ့ရသည်။ ထို့ကြောင့် သူမက အလွန်မှ ကောင်းကောင်းမွန်မွန် လုပ်ကိုင်တတ်နေသည်။

ဒါဆိုလည်း ဟုတ်ပြီလေ။ ကျန်းယွင်ကျူးသည် အလုပ်သမားကောင်းတစ်ယောက်ကို ငှားလိုက်သည်ဟု ခံစားလိုက်ရ၏။

သူမက မီးဖိုဆောင်သို့ပြန်လာပြီး ပဲနီနို့မုန့်ကို ယူကာ ဆက်စားနေလိုက်လေသည်။

စားသောက်ပြီးနောက်တွင် သူမက အခန်းထဲသို့ ခဏပြန်နားမည်ပြင်လိုက်စဥ် အမျိုးသမီးချန်က ရောက်လာသည်။ သူမနောက်တွင် ယောက်ျားတစ်ယောက်ပါလာခဲ့သည်။ ထိုလူက ၂၀ဝန်းကျင်သာ ရှိသေးသည်။ သူသည် ရိုးဖြောင့်ပုံရသည်။ သူ့မျက်လုံးများက အနည်းငယ်ဟိုသည် လျှောက်ကြည့်နေလေသည်။

အမျိုးသမီးချန်၏မျက်လုံးသည် ငိုထားသယောင် အနည်းငယ်နီနေ၏။

သူမက ဝင်လာပြီး ကျန်းယွင်ကျူးကို တွေ့လိုက်သည်။ သူမကို ဘေးသို့ လှမ်းဆွဲလိုက်ပြီး ပြောလိုက်၏။

“ယွင်ကျူး အမေတို့ဆိုင်က စားပွဲထိုးတစ်ယောက် ငှားမလို့မလား၊ သမီး ဒီကောင်လေးကို ဘယ်လိုမြင်လဲ”

“အမေ သူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ” ကျန်းယွင်ကျူးက မေးလိုက်သည်.

“မြို့ဝင်ပေါက်နားမှာ၊ ဝမ်ထျန်းရဲ့အမေက ဆုံးသွားပြီတဲ့၊ သူ့အမေကို မြေမြှုပ်ဖို့ ငွေမရှိလို့  မြေမြှုပ်ပေးချင်လို့ သူ့ကိုယ်သူ ရောင်းနေတာတဲ့၊ သူ အရင်ကလည်း စားပွဲထိုး လုပ်ဖူးတယ်လို့ ပြောတယ်၊ ဒါကြောင့် စမ်းခန့်ကြည့်လားလို့ သူ့ကို ခေါ်လာခဲ့တာ”

အမျိုးသမီးချန်က ရှင်းပြလိုက်လေသည်။ သူမသည် မနေ့ညက ရွာအိမ်တွင် အိပ်ခဲ့သည်။ သည်မနက်မှ မြို့တက်လာခဲ့ပြီး မြို့ဝင်ပေါက်ကို အဖြတ်တွင် သည်အဖြစ်ရပ်နှင့် မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရခြင်းပင်။

ဒီလူငယ်လေးက ဝမ်ထျန်းလို့ ခေါ်တာကိုး။ သူ့အမေကို မြှုပ်ပေးဖို့ သူ့ကိုယ်သူ ရောင်းနေတာ။ ဒီခေတ်မှာက ဈာပနာကိစ္စနဲ့ ပတ်သက်လာရင် အရမ်းကိုသီးသန့်ဆန်တယ်။ ချစ်ရတဲ့သူတစ်ယောက် ဆုံးသွားရင် ခမ်းခမ်းနားနားမြှုပ်ဖို့ မပြောနဲ့ အခေါင်းတစ်ခုရဖို့ လိုပြီး ကောင်းကောင်းမြှုပ်နှံပေးဖို့ မြေတစ်ကွက်ကိုလည်း ရှာရသေးတယ်။

အဲဒီနှစ်ခုမှ ပထမတစ်ခုက ငွေလိုပြီး ဒုတိယတစ်ခုကတော့ မိသားစုမှာ မြေရှိခဲ့ရင် ဖြေရှင်းဖို့ လွယ်ပါတယ်။ မဟုတ်ရင်တော့ ငွေအများကြီး လိုလာလိမ့်မယ်။

ဒီတော့ အမေကို မြှုပ်ပေးဖို့ ကိုယ့်ဟာကိုယ် ရောင်းစားရတဲ့ကိစ္စမျိုးက ရှိလာတာပဲ။

ဒါပေမဲ့ ဝူလင်စီရင်စုမှာတော့ ဒါက နည်းနည်းထူးဆန်းသွားပြီ။ ကျန်းယွင်ကျိူးသည် ကျန်းချိန် မိုင်းတွင်းတွင် အလုပ်လုပ်စဥ် တစ်လစာ ကြိုရသည့်အကြောင်းကို မှတ်မိနေသည်။ ဝမ်ထျန်းရဲ့ ချောမွတ်တဲ့အသားအရေနဲ့ နူးညံ့တဲ့အသားအရောင်က ငယ်ငယ်ကတည်း အလုပ်ကြမ်းတွေ လုပ်လာတာနဲ့ မတူပါဘူး။

“ သမီး  သူနဲ့စကားသွားပြောလိုက်မယ်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“အင်း”

အမျိုးသမီးချန်က သဘောတူလိုက်၏။ ဆိုင်က ကိစ္စအဝဝသည် ကျန်းယွင်ကျူး၏ လက်ထဲတွင်သာ ရှိလေသည်။ သူမသည် ဝမ်ထျန်းကို သနားလျှင်တောင် ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ပေ။ သူမက မီးဖိုဆောင်ထဲသို့ သွားလိုက်လေသည်။

ကျန်းယွင်ကျူးက ဆိုင်ထဲသို့ ပြန်လာချိန်တွင် ဝမ်ထျန်းက ဆိုင်ရှေ့ခြမ်းကို ကြည့်ရင်း ထိုနေရာတွင် တိတ်တိတ်လေး ရပ်နေ၏။

“ထိုင်ပါ” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ဝမ်ထျန်းက ကျန်းယွင်ကျူး အထိုင်ကို စောင့်ပြီးမှ ထိုင်ချလိုက်သည်။

“ကျွန်မအမေက ရှင့်ကိုဘာပြောခဲ့လဲတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်မတို့ဆိုင်က စားပွဲထိုး ခေါ်နေတာပါ၊ ရှင် အရင်က အတွေ့အကြုံရှိခဲ့ဖူးတယ်လို့ ကြားတယ် ဟုတ်လား”

“ရှိပါတယ်” ဝမ်ထျန်းက ပြောလိုက်၏။ “ ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ပါတယ်”

“ဘယ်မှာ လုပ်ခဲ့တာလဲ”

“ယွဲ့တ စားသောက်ဆိုင်မှာပါ”

ဪ ဟင်းထဲမှာ ကြွက်ခေါင်းပါလာပြီး ပိတ်လိုက်ရတဲ့ အဲဒီစားသောက်ဆိုင်ကိုး။

“ ရှင် ဟင်းထဲမှာ ကြွက်ခေါင်းကို ထည့်လိုက်တာလား” ကျန်းယွင်ကျူးက ပုံမှန်အတိုင်း မေးလိုက်လေသည်။

ဝမ်ထျန်း၏မျက်နှာထားသည့် လွန်လွန်ကဲကဲ ပြောင်းလဲသွားတော့သည်။ သူသည် ချက်ချင်း အငိုက်မိသွားလေသည်။ ထရပ်လိုက်ပြီး သူက ဒေါသတကြီး ပြောလိုက်၏။

“ မင်း ငါ့ကို ဘာလို့များ စွပ်စွဲနိုင်ရတာလဲ၊ အဲဒီနေ့တုန်းက ငါ နေမကောင်းလို့ ဆိုင်ကို လုံးဝမသွားခဲ့ဘူး၊ မင်း ငါ့ကို မယုံရင် သူတို့တွေကို သွားမေးလို့ရတယ်”

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ ပုံမှန်ဆိုရင် အဲဒီဆိုင်က လူတစ်ယောက်ကို ဒီမေးခွန်းမေးတဲ့အခါ သူသာ အပြစ်ကင်းရင် ဘယ်လိုတုံ့မှာလဲ။

သေချာပေါက် သူ့ကိုယ်သူ ချက်ချင်း ခုခံပြောဆိုမှာ မဟုတ်ဘူး။ အဲဒီအစား ဒီလိုမေးခွန်းကို ရုတ်တရက်မေးလိုက်တဲ့ သူမကို ခေါင်းမှကောင်းသေးရဲ့လားလို့ ပြောမှာပဲ။

ကျန်းယွင်ကျူးက သူ၏မလုံမလဲ အခြေအနေကို အကဲခတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

“လူတစ်ယောက် လုပ်တဲ့အရာတွေကို မိုးနတ်မင်းက စောင့်ကြည့်နေပါတယ်၊ ရှင့်အမေ တကယ် ဆုံးပါးသွားတာလားတော့ ကျွန်မ မသိပါဘူး၊ သူမသာ မဆုံးသေးဘူးဆိုရင် ရှင့်ရဲ့လိမ္မာသိတတ်တဲ့ အပြုအမူကြောင့် သူမက ရှင့်ကို ချီးကျူးနေမလား၊ ဒါမှမဟုတ် သူမကို မြှုပ်ပေးဖို့ ရှင့်ကိုယ်ရှင် ရောင်းစားတော့မယ်ဆိုတဲ့အကြောင်း ကြားလိုက်ရင်....”

ဝမ်ထျန်း၏ နာမည်အစစ်မှာ စုန့်လင်ဖြစ်သည်။ သူသည် စုန့်လောင်အာ့၏ အကြီးဆုံးသားဖြစ်သည်။ သူသည် လွန်ခဲ့သည့်၄နှစ်က ယွဲ့တစားသောက်ဆိုင်၏ အစားအသောက်ထဲတွင် ကြွက်ထည့်ခဲ့သူ အမှန်ပင်။  သည်တစ်ကြိမ်တွင် သူတို့သည်  စုံစမ်းထားခဲ့ပြီး ချီရှန်းကျွီက စားပွဲထိုးခေါ်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် သူတို့သည် တူညီတဲ့လုပ်ရပ်ကို ထပ်လုပ်ချင်ခဲ့လေသည်။

မည်သူက ထင်ခဲ့ပါမည်နည်း... စုန့်လင်၏ အမေသည် သက်ရှိထင်ရှားနှင့် ကျန်းကျန်းမာမာ ရှိနေလေသည်။ သည်ကိစ္စကို သူ့အမေသာ ကြားသွားခဲ့လျှင်တော့...

စုန့်လင်၏ မျက်နှာသည် ဖြူဆုတ်သွားပြီး အောင့်သက်သက်နှင့် ရှက်သွားတော့သည်။ ကျန်းယွင်ကျူးက သူ့ကို ချက်ချင်း မိသွားမည်ဟု ထင်မထားခဲ့ပေ။

...

အပိုင်း (၆၀) (ခ)

နှစ်လမ်းကျော်တွင် တာဝန်ခံစုန့်နှင့် စုန့်လောင်အာ့တို့က စောင့်နေကြသည်။

သည်အချိန်တွင် စုန့်လင်က ပြန်ရောက်လာသည်။ နှစ်ယောက်လုံးက သူ့ကို ချက်ချင်း ဝိုင်းမေးကြတော့သည်။

“ဘယ်လိုလဲ ၊ အောင်မြင်ခဲ့လား”

“ သောက်ကျိုးနဲ အောင်မြင်မှာလား”

စုန့်လင်သည် သူတို့နှစ်ယောက်အပေါ်သို့ သူ့ဒေါသအားလုံးကို ပုံချလိုက်လေသည်။

“ ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ဦးလေးနဲ့ အဖေမှ ဟုတ်ရဲ့လား၊ ကျွန်တော့်အမေကို သေအောင် ကျိန်စာတိုက်ပြီး ကျွန်တော့်ကို ဒီလိုသိက္ခာမဲ့တဲ့အလုပ် လုပ်ခိုင်းနေတာ၊ အခု ကောင်းရောလေ၊ တစ်ဖက်လူက ကျွန်တော့်အကြောင်းကို သိပြီးသား။

ခင်ဗျားတို့နှစ်ယောက်က နောက်ကွယ်မှာ လူကောင်းဟန်ဆောင်ပြီး ကျွန်တော့်ကိုကျတော့ မျက်နှာပျက်ရအောင် လုပ်တယ်၊ ကျွန်တော့်အမြင်တော့ ခင်ဗျားတို့မှာ ဘာရည်ရွယ်ကောင်းမှ ရှိတာမဟုတ်ဘူး။

ဦးလေးကြီး ခင်ဗျား ကျွန်တော့်ကို ထောင်ထဲရောက်အောင် လုပ်နေတာလား။၊ မဟုတ်ရင် ဘာလို့ ခင်ဗျားရဲ့သားကို မသွားခိုင်းတာလဲ၊ ခင်ဗျားရဲ့သားလည်း မငယ်တော့ပါဘူး၊ တစ်နေ့လုံး အိမ်မှာပဲ ဘာမှမလုပ်ဘဲ စားသောက်နေတာပဲ။

အဖေကရော ဘာလို့ သူ့ကို ယုံနေတာလဲ၊ သူ ကျွန်တော်တို့ကို မကောင်းတာလုပ်ခိုင်းတိုင်း သူကတော့ ရလဒ်ကို အထိုင်ယူနေတာပဲ၊ ကျွန်တော့်အထင်တော့ သူက လူကောင်း မဟုတ်ဘူး။

တစ်နေ့ကျရင် သူ အခွင့်အရေးရတာနဲ့ ကျွန်တော်တို့နှစ်ယောက်လုံးကို ထောင်ထဲပို့လိမ့်မယ်၊ အဲဒီအချိန်ကျမှ သူက စားသောက်ဆိုင်ကို တစ်ယောက်ထဲ ပျော်ပျော်ကြီး အပိုင်စီးလို့ရမှာလေ”

တတွတ်တွတ်ပြောရင်း စုန့်လင်က တာဝန်ခံစုန့်၏ မျှော်မှန်းချက်များကို အမှန်ပင် ထုတ်ပြောလိုက်လေသည်။

စုန့်လောင်အာ့၏မျက်နှာမှာ ပြောင်းလဲသွားတော့သည်။ တာဝန်ခံစုန့်ကို ကြည့်လိုက်ပြီး စုန့်လင်၏ စကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရတော့သည်။

“အစ်ကိုကြီး မင်း အဲလောက် ရက်စက်မယ်လို့ ငါ မထင်ခဲ့မိဘူး” စုန့်လောင်အာ့က တာဝန်ခံစုန့်ကို ဒေါသခြောင်းခြောင်းထွက်ကာ ပြောလိုက်တော့သည်။

“ငါ့မှာ အဲလိုစိတ်မရှိပါဘူး” တာဝန်ခံစုန့်က ချက်ချင်းပြန်ပြောလိုက်သည်။

“ဒါဆို ငါ့ကို စားသောက်ဆိုင်တစ်ဝက် ပေးတော့” စုန့်လောင်အာ့ပြောလိုက်၏။

“စားသောက်ဆိုင်က တစ်ခုပဲ ရှိတာ ဘယ်လိုခွဲမှာလဲ” တာဝန်ခံစုန့်က ဒေါသထွက်ထွက်နှင့် ပြန်ပြောလေသည်။

“ရောင်းပြီး ငွေခွဲပေး” စုန့်လောင်အာ့ ပြန်ပြောလိုက်သည်။

တာဝန်ခံစုန့်သည် သူ့ကြောင့် ဒေါသအရမ်းထွက်သွားတော့သည်။ ရွှေဥ ဥပေးတဲ့ကြက်မကိုလေ။ သူက ကြက်မကို ငွေအတွက် ရောင်းချင်တာတဲ့လား။ ပိုဆိုးတာက စုန့်လင်က ဘေးကနေ ကူပြီး ဆုံးဖြတ်ပေးနေတော့ ဒါကို စိတ်ကူးကောင်းတစ်ခုလို့ ထင်သွားတာပေါ့။

သုံးယောက်သားသည့် စကားများကြတော့သည်။ နောက်ဆုံးတော့ တာဝန်ခံစုန့်က သူတို့ကို ငွေပေးလိုက်ပြီး သူတို့လည်း ထွက်သွားတော့သည်။

တာဝန်ခံစုန့်သည် နားထင်သို့ သွေးတက်နေပြီး ထိုနေရာတွင် ရပ်နေလေသည်။ ဒါကို ကြက်ခိုးမရ ဆန်ရှုံးလို့ ခေါ်တာပဲ။

ကျန်းယွင်ကျူးကတော့ သူတို့ဘာဖြစ်ခဲ့မှန်း မသိတော့ပေ။ ပေါင်ဖူလိုက ချီရှန်းကျွီကို တိုက်ခိုက်ခဲ့သည်ကိုသာ သူမ သိလေသည်။ နောက်ဆိုလျှင် သူမသည် ပိုပြီး သတိထားရတော့မည်။

သူမသည် စဥ်းစားနေရင်း အပြင်ဘက်မှာ နောက်ထပ်လူတစ်ယောက်က ဝင်လာလေသည်။

“တဆိတ်လောက်ပါခင်ဗျာ၊ ဒီမှာ လူခေါ်နေတာလား”

ကျောပေါ်တွင် အဘွားကြီးတစ်ယောက်သယ်ထားသည့် လူငယ်လေးတစ်ယောက်ဖြစ်လေသည်။ သူ့နောက်တွင် အမျိုးသမီးတစ်ယောက်ပါလာသည်။

သူတို့သုံးယောက်သည် အလွန်မှမသပ်မရပ် ဖြစ်နေသည်။ သူတို့၏အဝတ်အစားများက စုတ်ပြဲနေပြီး သူတို့၏မျက်နှာများက စိမ်းဖန့်နေသည်။

သို့တိုင် ယောက်ျား၏မျက်လုံးများက အလွန်မှ တောက်ပနေပြီး ဇွဲကြီးသည့်ခံစားချက်တစ်ခု ပိုင်ဆိုင်ထားသည်။

“ ရှင်တို့က ဘယ်သူလဲ” ကျန်းယွင်ကျူးက မေးလိုက်သည်။

“ကျွန်တော်တို့က ချန်ဖုန်းစီရင်စုကနေ ကပ်ဘေးရှောင်လာတဲ့သူတွေပါ၊ မနှစ်ကတည်းက ချန်ဖုန်းစီရင်စုမှာ နှင်းနည်းနည်းပဲ ကျပြီး မြေကြီးကိုတောင် မဖုံးခဲ့ဘူး၊ နွေဦးလည်း လာတော့မှာ မိုးလုံးဝရွာမဲ့ အရိပ်မတွေ့တာနဲ့ ကျွန်တော်တို့လည်း မစောင့်နိုင်တော့ဘဲ ထွက်ပြေးလာခဲ့ကြတာ” 

ထိုလူက ရှင်းပြလိုက်သည်။

ထို့နောက် သူက ဆက်ပြောလေသည်။

“ မိန်းကလေး ကျွန်တော်တို့ လခများများ မလိုပါဘူး၊ ကျွန်တော်တို့မှာ နေစရာနဲ့ စားစရာ ရှိရင် လုံလောက်ပါပြီ”

ကျန်းယွင်ကျူးက သူ့လက်များကို စစ်ဆေးလိုက်သည်။ လက်များသည့် အချိန်အကြားကြီး အလုပ်လုပ်ခဲ့ရသည့် လက်များ ဖြစ်လေသည်။

“ကျွန်မ စားပွဲထိုးတစ်ယောက်နဲ့ အလုပ်ကြမ်းသမားတစ်ယောက် ခေါ်နေပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

“ ကျွန်တော် အရင်ကတော့ စားပွဲထိုး မလုပ်ဖူးပါဘူး၊ ဒါပေမဲ့ ကျွန်တော် သင်ယူနိုင်ပါတယ်၊ မိန်းကလေးက ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက်ပေးဖို့ တောင်းပန်ပါတယ်၊ ကျွန်တော် စာလည်း နည်းနည်းပါးပါး ဖတ်တတ်ပါတယ်” ထိုလူက စိတ်အားထက်သန်သည့်မျက်လုံးများနှင့် ပြောလိုက်လေသည်။

သည်စားပွဲထိုးအလုပ်က အတတ်ပညာ အရည်အချင်းများများစားစား မလိုအပ်ပေ။

ကျန်းယွင်ကျူးက သူ့ကို သဘောကျသွားလေသည်။

“ အရင်ဝင်လာပါ”

ထို့နောက် သူမက အမျိုးသမီးချန်ကို ပြောလိုက်သည်။

“အမေ မီးဖိုထဲမှာ စားစရာတစ်ခုခုရှိလား၊ သူတို့အတွက် နည်းနည်းလောက် ယူလာပေးလိုက်ပါအုံး”

ထိုလူက သူတို့သည် ချန်ဖုန်းစီရင်စုမှ ကပ်ဘေး ရှောင်လာကြသည်ဟု ကြားလိုက်ချိန်တွင် အမျိုးသမီးချန်သည် ချက်ချင်း အကြောင်းအရာတော်တော်များများကို စဥ်းစားမိသွားတော့သည်။ ကျန်းယွင်ကျူး၏ စကားကိုကြားလိုက်ချိန်တွင် သူမက ချက်ချင်းပြောလိုက်လေသည်။

“ အမေ သူတို့အတွက် ခေါက်ဆွဲနည်းနည်းပါးပါး ပြုတ်ပေးလိုက်မယ်”

“မလုပ်ပါနဲ့၊ မလိုပါဘူးခင်ဗျာ” ထိုလူက မြန်မြန်ပြန်ပြောလိုက်လေသည်။ ထို့နောက် သူသည် တံခါးနားတွင် အလွန်မှ ရိုရိုကျိုးကျိုးဖြင့် ရပ်နေ၏။

သူသည် ဆိုင်က အလွန်မှ သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့သုံးယောက်မှာ သူတောင်းစားများနှင့် တူနေသည်။ သူတို့သည် ဆိုင်ထဲသို့ ဝင်လာရဲလိမ့်မည်မဟုတ်ပါ။

“ဝင်လာပါ၊ ဘာမှမဖြစ်ပါဘူး” ကျန်းယွင်ကျူးက လက်ယက်ခေါ်လိုက်၏။

ထိုအခါမှ ထိုလူက ဂရတစိုက်ဖြင့် ဆိုင်ထဲသို့ ဝင်လာခဲ့လေသည်။ သူက ဘေးကထိုင်ခုံပေါ်တွင် အဘွားကြီးကို ချပေးလိုက်ပြီး သူကတော့ ဘာပဲပြောပြောနေပါစေ ထိုင်ဖို့ရာ ငြင်းဆန်လိုက်လေသည်။

ကျန်းယွင်ကျူးက သူတို့သုံးယောက် အခြေအနေကို မေးလိုက်၏။

ထိုလူ၏နာမည်မှာ လီဟယ် ဖြစ်သည်။ သူ့က အဘွားကြီးက သူ့အမေဖြစ်သည်။ သူ့နောက်က အမျိုးသမီးကတော့ သူ့ဇနီး အမျိုးသမီးဟွမ် ဖြစ်သည်။ သူတို့သည် ချန်ဖုန်းစီရင်စု လင်းချန်မြို့ဇာတိ ဖြစ်လေသည်။ သူတို့မိသားစုတွင် ကျက်တီးမြေဧကအနည်းငယ်ရှိပြီး သူတို့သည် စိုက်ပျိုးရေးဖြင့် အသက်မွေးခဲ့ကြသည်။ သူတို့သည် မချမ်းသာသော်လည်း ဗိုက်ပြည့်အောင်တော့ နေနိုင်လေသည်။

သို့သော် ပြီးခဲ့သည့်နှစ်နှစ်က ချန်ဖုန်းစီရင်စုတွင် ပြင်းပြင်းထန်ထန် မိုးခေါင်ရေရှားခဲ့သည်။ မြေများကလည်း ခြောက်ကပ်ကုန်သည်။ သူတို့သည် အားလုံးကို ရောင်းချပြီး အဆုံးထိရင်ဆိုင်ဖို့ရန်ပင် ခက်ခဲခဲ့လေသည်။

တခြားရွေးချယ်စရာမရှိတော့သဖြင့် သူတို့သည် အငတ်ဘေးမှ ထွက်ပြေးရတော့သည်။

လီဟယ် စာဖတ်တတ်သည့်အကြောင်းအရင်းမှာ သူသည် အားလပ်ချိန်တွင် ရွာထဲက ဗေဒင်ဆရာဆီမှ သင်ယူခဲ့ခြင်းကြောင့်ပင်။ သူသည် တစ်နေ့လျှင် စာနှစ်လုံး လေ့လာခဲ့ပြီး တဖြည်းဖြည်း စာလုံးများစွာကို မှတ်မိလာနိုင်ခဲ့သည်။

“ ချန်ဖုန်းမှာ ဒီနှစ်ရော နောက်ထပ်မိုးခေါင် သလား”

အမျိုးသမီးချန်က ခေါက်ဆွဲပန်းကန်း ၃ပွဲနှင့်ထွက်လာပြီး လိဟယ်၏စကားကို အချိန်ကိုက် ကြားလိုက်လေသည်။ သူမက တအံ့တဩနှင့် ပြောလိုက်လေသည်။

ဟိုတုန်းက သူတို့သည် ချန်ဖုန်းမှ ကြိုထွက်လာသည်ကလည်း သည်လိုအခြေအနေမျိုးကို စိုးရိမ်မိသောကြောင့်ပင်။ အခုတော့ သူတို့သည် သတင်းကြားလိုက်ပြီး အမျိုးသမီးချန်သည် အလွန်ပျော်သွားပြီး ဖော်မပြတတ်သည့် ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။

လီဟယ်က ခေါင်းညိတ်လိုက်ပြီး

“ဖြစ်မှာပဲ”

အမျိုးသမီးချန်က ငေးငေးငိုင်ငိုင်ဖြင့် ထိုနေရာတွင် ရပ်နေလိုက်၏။

ကျန်းယွင်ကျူးက ခေါက်ဆွဲပန်းကန်သုံးလုံးကို လီဟယ်တို့အဖွဲ့ရှေ့ တွန်းပို့ပေးလိုက်သည်။

“မြန်မြန်စားလိုက်နော်”

လီဟယ်နှင့် တခြားသူများသည် နှစ်ရက်တိတိ ဘာမှ ကောင်းမစားရသေးချေ။ အခုတော့ အနွေးတထောင်းထောင်း ထနေသည့် ခေါက်ဆွဲကို မြင်လိုက်သောအခါ သူတို့သည် တံတွေးမမျိုချဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သို့သော်...

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ တကယ်တော့ ကျွန်မတို့မိသားစုကလည်း ချန်ဖုန်းကနေ ကပ်ဘေးရှောင်ခဲ့ကြတာ၊ မနှစ်ကလေ”

“ဟုတ်ရဲ့လား” လီဟယ်သည် မယုံကြည်နိုင်ဖြစ်နေလေသည်။

သူတို့တွေက ကပ်ဘေးရှောင်ခဲ့တာဆိုတော ဘဝက ခက်ခဲနေမှာပေါ့။ ဒါပေမဲ့ စီရင်မြို့မှာ ဒီလောက်ကောင်းတဲ့ဆိုင်တစ်ဆိုင် ဖွင့်နိုင်တာကိုကြည့်ရင် ဒါက...။

“တကယ်ပါ”

အမျိုးသမီးချန်က ပြန်ဖြေလိုက်သည်။ ဟိုတုန်းက သူတို့တွေ ဝူလင်စီရင်စုကို လာခဲ့တဲ့အချိန်တုန်းကလည်း သူတို့တွေက လီဟယ်တို့အဖွဲ့နဲ့ သိပ်မကွာပါဘူး။

ကျန်းယွင်ကျူးရဲ့ ကျေးဇူးတွေပေါ့လေ။

သည်နောက်ထပ် ဆက်နွယ်မှုကြောင့် လီဟယ်တို့မိသားစုသည်  ချုပ်တီးထားမှုများ လျော့သွားပြီး ခေါက်ဆွဲကို တစ်လုတ်ပြီးတစ်လုတ် စားလိုက်ကြသည်။

ခေါက်ဆွဲပန်းကန်ကြီးများသည် မြန်မြန် ကုန်သွားလေသည်။ သူတို့သုံးယောက်၏ မျက်နှာများသည်လည်း အနည်းငယ် နီမြန်းလာတော့သည်။

“မိန်းကလေး ကျွန်တော် သင်ယူနိုင်ပါတယ်၊ သင်ရင် ကျွန်တော်က တော်တော်မြန်မြန်  တတ်လွယ်ပါတယ်၊ ကျွန်တော့်ကို တစ်ရက်နှစ်ရက်လောက် စမ်းခိုင်းကြည့်ပါလား၊ အဆင်မပြေဘူးဆိုရင် ကျွန်တော့်ကို မောင်းထုတ်လိုက်လို့ရပါတယ်”

လီဟယ်၏စိတ်က သည်ကိစ္စပေါ်တွင် ရှိနေဆဲပင်။ သူသည် ပန်းကန်လုံးကို ချလိုက်ပြီး ကျန်းယွင်ကျူးကို ရိုးရိုးသားသား ပြောလိုက်လေသည်။

ကျန်းယွင်ကျူးက သူ့ကို လူကောင်းတစ်ယောက်မှန်း ခံစားမိလိုက်သည်။ အနည်းဆုံးတော့ သူက သူ့ကိုယ်သူ စိတ်ဓာတ်တက်ကြွအောင် လုပ်တတ်တယ်။ ဥပမာ သူက စာရေးတတ် ဖတ်တတ်တယ်။ သာမန်လယ်သမားတွေဆို နေ့တိုင်း သူတို့အလုပ်ပြီးတာနဲ့ အရမ်းကိုပင်ပန်းနေပြီ။ ဘယ်သူက ဗေဒင်ဆရာတစ်ယောက်ဆီမှာ စာလုံးလောက် သင်ချင်ပါ့မလဲ။

သူက လေ့လာခဲ့တဲ့အပြင်ကို ဇွဲကလည်း ရှိသေးတယ်။

“စားပွဲထိုးက စာတတ်ရင် အကောင်းဆုံးပဲ၊ ကောင်းပါပြီ၊ ရှင်တို့နေပြီး ရက်နည်းနည်းလောက် စမ်းကြည့်လိုက်ပေါ့၊  ရှင်တို့နဲ့ ကိုက်ညီတယ်ဆိုရင် ကျွန်မ ရှင်တို့ကို လက်ခံပေးပါမယ်” 

ကျန်းယွင်ကျူးက ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ပြီးနောက် လီဟယ်သည် ဝမ်းသာလွန်းသဖြင့် ငိုမိတော့မတတ်ပင်။ အခုဆိုလျှင် သူတို့ကိုယ်ပေါ်တွင် ငွေတစ်ပြားမရှိတော့ဘဲ ငတ်မွတ်ပြီး လမ်းပေါ်တွင် လဲကျတော့မည့်ဆဲဆဲပင်။ သည်အချိန်တွင် ကျန်းယွင်ကျူးက သူ့ကိုငှားလိုက်ခြင်းက သူ့ကို အသက်ရှင်လမ်းတစ်ခု ပေးလိုက်သည့် သဘောပင်။

“မိန်းကလေးကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” လီဟယ်က သူမကို မနားတမ်း ကျေးဇူးတင်စကားပြောနေတော့သည်။

သည်အချိန်တွင် သူ့ဇနီး အမျိုးသမီးဟွမ်က ရုတ်တရက် သူ့ကို ဆွဲလိုက်လေသည်။

ထိုအခါမှ လီဟယ်သည် သတိရသွားပြီး ကျန်းယွင်ကျူးကို ပြောလိုက်တော့သည်။

“ မိန်းကလေး ဒီမှာ လက်တိုလက်တောင်း အလုပ်သမားလည်း ခေါ်နေတယ်လို့ ပြောလိုက်တယ်နော်၊ အလုပ်သမားက ကျား မ ခွဲထားသလား”

ပုံမှန်အားဖြင့် လူခေါ်လျှင် ယောက်ျားများကိုသာ ခေါ်ချင်ကြလေသည်။ ထို့ကြောင့် သူက သည်လိုမေးလိုက်ခြင်းဖြစ်သည်။

ကျန်းယွင်ကျူးက သူဆိုလိုသည့် သဘောကို နားလည်ပြီးသားပင်။

“ သတ်မှတ်ချက် မရှိပါဘူး”

“ဒါဆို ကျွန်တော့်မိန်းမ....”

“ အစမ်းခန့်သုံးရက်၊ ဒီသုံးရက်ပြီးမှ ကျွန်မတို့တွေ ဆက်နေရမယ် မနေရဘူးဆိုတာကို ဆွေးနွေးနိုင်မှာပါ”

“ကျေးဇူးတင်ပါတယ် မိန်ကလေး”

“ကျေးဇူးတင်ပါတယ် မိန်းကလေး”

သည်တစ်ကြိမ်တွင် အဘွားလီကပင် ထရပ်လိုက်လေသည်။ မိသားစုတစ်ခုလုံးက ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ပြောလိုက်ကြသည်။

ကျန်းယွင်ကျူးက လက်ခါပြလိုက်၏။ စားပွဲထိုးတစ်ယောက်၊ လက်တိုလက်တောင်း အလုပ်သမားတစ်ယောက်နှင့် ရှဲ့လျန်တို့ကို တစ်ပြိုင်ထဲ ခန့်လိုက်လေသည်။ လုံလောက်လုနီးပါး ရှိသွားတော့သည်။

ကျန်းယွင်ကျူးက အပြင်ထွက်သွားပြီး အလုပ်ခေါ်စာကို ဖြဲလိုက်တော့သည်။ သူမသည် သည်လို အရင်လုပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး လူထပ်မခေါ်တော့ပေ။

လီဟယ်၏ စကားများက သူမကို အကြပ်အတည်းဖြစ်ဦးမည့် ခံစားချက်တစ်ခု ပေးနေတော့သည်။ ချန်ဖုန်းက ဒီနှစ်လည်း  ပြင်းပြင်းထန်ထန် မိုးခေါင်အုံးမှာပဲ။ ကပ်ဘေးဒုက္ခသည်တွေအများကြီးကလည်း လုစီရင်စုပြည်နယ်ကို အုံလိုက်ကျင်းလိုက် ရောက်လာလိမ့်မယ်။ အခုတော့ သူမ မစဥ်းစားဘဲနဲ့ လုပ်ငန်းချဲ့လို့ မဖြစ်တော့ဘူး။ ပြီးတော့ ပေါင်ဖူလိုကလည်း ဘာပြဿနာတွေလုပ်အုံးမလဲ မသိဘူး။

လီဟယ်တို့သုံးယောက်သည့် ဆိုင်တွင် စားသောက်နိုင်သော်လည်း နေရာထိုင်ခင်းကတော့ဖြင့်....

အမှန်တွင်တော့ စားသောက်ဆိုင်၏ အနောက်ဖက်ခြံထဲတွင် အိမ်တစ်လုံးရှိသည်။ သို့သော် ကျန်းယွင်ကျူးက သူတို့ကို သည်နေရာတွင် မနေစေလိုပေ။ သူမက အနည်းငယ် စိတ်ပြောင်းလိုက်ပြီး အကြံတစ်ခု ထုတ်လိုက်၏။ သူမသည် စီရင်စုမြို့ထဲတွင် နောက်ထပ်အိမ်တစ်လုံး ငှားဖို့စီစဥ်လိုက်သည်။ တစ်ချက်မှာ ငါးတံခွန်နှင့် ရေဘဝဲတို့လို စားသောက်ဆိုင်အတွက် ပစ္စည်းများအားလုံးကို သိမ်းဆည်းရန် ဖြစ်ပြီး ဒုတိယတစ်ချက်မှာ လီဟယ်တို့မိသားစုက  အခုလောလောဆယ် ထိုနေရာတွင် နေနိုင်မည်။

တတိယအချက်နှင့် အရေးအကြီးဆုံးမှာ သူမသည် ဆန်များကို ဝယ်လှောင်ထားဖို့အတွက်ပင်။ လက်ထဲတွင် အစားအသောက်ရှိနေလျှင် သူမသည် စိုးထိတ်မိမည်မဟုတ်ပေ။

သူမ၏စကားကို လက်တွေအကောင်အထည်ဖော်လိုက်ပြီး ကျန်းယွင်ကျူးက ချက်ချင်း ပွဲစားဆီ သွားလိုက်ကာ ချီရှန်းကျွီနှင့် တစ်လမ်းကျော်သာ ဝေးသည့်နေရာတွင် အိမ်တစ်လုံး ငှားရမ်းလိုက်တော့သည်။

ခြံဝင်းက မကြီးပေ။ သို့သော် ရေခဲခန်းတစ်ခု ပါသည်။ ကျန်းယွင်ကျူးက ထိုအချက်ကို သဘောကျသွားပြီး သည်အိမ်ကို ငှားခဲ့ခြင်းပင်။

သူမက ကျန်းချိန်ကို အိမ်က ကျန်သည့်ငါးအားလုံးကို ယူလာခိုင်းလိုက်ပြီး ရေခဲခန်းတွင် ထည့်ခိုင်းလိုက်သည်။ သို့မှသာ သည်ငါးများကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်လိမ့်မည်။

ထို့နောက် ကျန်းယွင်ကျူးက လီဟယ်တို့သုံးယောက်အတွက် အဝတ်အစားသုံးစုံ ဝယ်ခဲ့လိုက်သည်။ လီဟယ်နှင့် အမျိုးသမီးဟွမ်တို့သည် သူတို့ဝတ်ထားသည့် စုတ်ပြဲနေသည့်အဝတ်အစားဖြင့် ဆိုင်တွင် အလုပ်လာလုပ်လို့ မဖြစ်ပေ။ ထို့ကြောင့် ဝန်ထမ်းများအတွက် အလုပ်ဝတ်စုံအဖြစ် သတ်မှတ်ပေးလိုက်သည်။

သူတို့သုံးယောက်သည် ကျေးဇူးတင်စိတ်ဖြင့် ပြည့်နက်နေပြီး သူတို့သည် သမာဓိနတ်မင်းနှင့် တွေ့ခဲ့သည်ဟုပင် ပြောကြလေသည်။

လီဟယ်နှင့် အမျိုးသမီးဟွမ်တို့က သန့်ရှင်းရေးလုပ်ကာ အဝတ်အစားသစ်များကို ဝတ်လိုက်ကြသည်။ လူ၏တန်ဆာက အဝတ်ဖြစ်ပြီး မြင်း၏တန်ဆာက ကုန်းနီးဆိုကမှန်ပေသည်။ သို့မဟုတ်လည်း သူတို့သည် ပျော်ရွှင်စရာ အခါသမယကြောင့် ပြန်လည်လန်းဆန်းလာဟန်တူသည်။ နှစ်ယောက်လုံး၏ အသွင်ပြင်က ချက်ချင်းပြောင်းလဲသွားလေသည်။ လီဟယ်သည် အလွန်မှ တက်ကြွဟန်ပေါ်ပြီး အမျိုးသမီးဟွမ်က သန့်ရှင်းသပ်ရပ်နေသည်။

နှစ်ယောက်လုံးက အလုပ်လုပ်ရန် ချီရှန်းကျွီသို့ ချက်ချင်းသွားလိုက်ကြတော့သည်။ သူတို့သည် အလုပ်ကြိုးစားပြီး ကျန်းယွင်ကျူး၏ကျေးဇူးကို ပြန်ဆပ်ကာ သူတို့ကိုယ်တိုင်အတွက်လည်း လမ်းကောင်းတစ်ခုကို ရှာဖွေကြမည်ဟု စိတ်ထဲက သစ္စာပြုလိုက်တော့သည်။

ကျန်းယွင်ကျူးကတော့ သူမသည် ဆန်နှင့် ကောက်နှံရောင်းသည့်ဆိုင်သို့ သွားလိုက်သည်။ သူမသည် ဆန်ဆိုင်သုံးခု ဆက်တိုက်သွားကာ ဆန်သုံးသုတ်ခွဲ ဝယ်ထားလိုက်သည်။ တစ်သုတ်ကို ချန်ရှီရွာက သူမ၏အိမ်သို့ ပို့လိုက်သည်။ တစ်သုတ်ကို ချီရှန်းကျွီ၏ အနောက်ဘက်ခြံတွင် ထားလိုက်ပြီး နောက်ဆုံးတစ်သုတ်ကိုတော့ အသစ်ဝယ်ထားသည့်အိမ်က သိုလှောင်ရုံထဲတွင် ထားလိုက်လေသည်။

ကြက်ဥအားလုံးကို ခြင်းတစ်လုံးတည်းထဲတွင် ထားလို့မရမှန်း သူမ သိလေသည်။

သည်ကိစ္စပြီးစီးသွားတော့ သူမလည်း အနည်းငယ် ပိုပြီးစိတ်အေးသွားတော့သည်။

ချီရှန်းကျွီသို့ ပြန်လာခဲ့၏။ နေ့လယ်စာစားချိန် ရောက်နေပြီကို တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးက ဆိုင်ထဲတွင် အားလုံးကို ခေါ်လိုက်ပြီး အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။

ဆိုင်တွင် နောက်ထပ်လူသုံးယောက်တိုးလား၏။  ရွှယ်ကျင်းမှာ အလွန်ပျော်နေလေသည်။ သဘောက စားသောက်ဆိုင်သည် ပိုကြီးလာသည့်သဘောပင်။

အနှေးနှင့် အမြန်ဆိုသလို သူတို့၏ချီရှန်းကျွီသည် ပေါင်ဖူလိုကို ကျော်သွားပြီး ဝူလင်စီရင်စုတွင် အကောင်းဆုံးစားသောက်ဆိုင် ဖြစ်လာလိမ့်မည်ဟု ခံစားလိုက်ရလေသည်။

မဟုတ်သေးပါဘူး၊ ဘာလို့ ဝူလင်စီရင်စုမှာပဲ ကျေနပ်နေမှာလဲ။ ကျန်းယွင်ကျူး၏ အရည်အချင်းနှင့်ဆိုလျှင် လုပြည်နယ်သို့ သွားလည်း ပြဿနာမရှိဟု  ခံစားမိလိုက်သည်။

လုပြည်နယ်ကိုသွားပြီး စားသောက်ဆိုင်ကြီးတစ်ခု ဖွင့်လိုက်။ ဒါဆို သူကလည်း လုပြည်နယ်ကို သူမနဲ့ လိုက်သွားနိုင်မယ်။ သူ့ဆရာက သူ့ကိုတွေ့ရင် လန့်ပြီး မေးတောင်အောက်ကျသွားလိမ့်မယ်။

ရွှယ်ကျင်း၏စိတ်ကူးသည့် မည်သည့်နေရာအထိ ရောက်သွားမှန်း မသိသော်လည်း သူသည် ပျော်ရွှင်နေတော့သည်။

လီဟယ်နှင့်အမျိုးသမီးဟွမ်တို့ကလည်း ဝမ်းသာမှုဖြင့် ပြည့်နေကြသည်။ ချီရှန်းကျွီက လူများအားလုံးက အလွန်သဘောကောင်းကြသည်။ သူတို့သည် သည်နေရာတွင် နေနိုင်သည်က ကံကောင်းခြင်းပင်။

ရှဲ့လျန်က  အနည်းငယ်စိတ်ပူနေလေသည်။ သူမက ခေါင်းငုံံ့ထားပြီး လက်ဖြင့် အင်္ကျီအစွန်းကို ပွတ်နေလေသည်။ သူမသည် ကောင်းကောင်း မလုပ်နိုင်သဖြင့် ကျန်းယွင်ကျူးက သူမကို ထပ်မလိုချင်တော့မှာ စိုးရိမ်နေမိလေသည်။

“ဟုတ်ပြီ ဧည့်သည်တွေ ရောက်လာပြီ၊ အားလုံးပဲ အလုပ်လုပ်ကြမယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။

အားလုံးက လူစုခွဲလိုက်ကြလေသည်။ လီဟယ်က ရှေ့သို့သွားလိုက်သည်။ အမျိုးသမီးဟွမ်နှင့် ရှဲ့လျန်တို့က မီးဖိုဆောင်ထဲသွားလိုက်ပြီး ရွှယ်ကျင်းက ဆက်ပြုတ်နေလေသည်။ အားလုံးက အလွန် အလုပ်များနေကြတော့သည်။

ကျန်းယွင်ကျူးက သူမ၏ ပဲနီနို့ကိတ်မုန့်ကို လုပ်လိုက်သည်။ တစ်ချိန်ထဲတွင် သူမက နောက်ထပ် သရေစာတစ်မျိုး ချင်းနို့ပူတင်းကို လုပ်လိုက်လေသည်။ ဒီလို အေးချမ်းသည့်ရာသီဥတုမှာ ဒါတစ်ခွက်လောက်စားပြီး အအေးကိုမောင်းထုတ်လိုက်ရင် သင့်တော်တယ်မလား။

သည်အချိန်တွင် မိန်းကလေးတစ်ယောက်က ဆိုင်ထဲဝင်လာခဲ့သည်။ ဆိုင်ထဲဝင်လာပြီးနောက် သူမက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ပြတင်းပေါက်နားတွင် ထိုင်လိုက်လေသည်။

ကျန်းယွင်ကျူးက ဆိုင်ရှေ့သို့လာပြီး ပစ္စည်းတစ်ခု လာယူသည်နှင့်တိုက်ဆိုင်သွားကာ သူမကို တွေ့လိုက်ပြီး ပြုံးပြလိုက်သည်။ ဒါ ချင်ယောင်း မဟုတ်ဘူးလား။

အမှန်ပင် ချင်ယောင်းဖြစ်နေသည်။ အမှန်တွင်တော့ သူမသည် ချီရှန်းကျွီသို့ အစောကြီးကတည်းက လာချင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်အခေါက်က ကျန်းယွင်ကျူး ငြင်းလိုက်သည့်ကိစ္စကို သတိရသွားပြီး သူမက လာဖို့ရာ တုံးဆိုင်းနေခြင်းပင်။

ရက်ပေါင်းများစွာကြာပြီးနောက် ကျန်းယွင်ကျူးက သူမအကြောင်း မေ့လောက်ပြီးဟု ထင်မိလေသည်။ ထို့ကြောင့် သူမက တစ်ချက်လာကြည့်လိုက်ခြင်းပင်။

“မိန်းကလေး ဘာသုံးဆောင်ချင်ပါသလဲ”

လီဟယ်က အပြုံးလေးတစ်ခုနှင့် မေးလိုက်လေသည်။ စားပွဲထိုးတစ်ယောက် လုပ်ရသည်က မခက်ပေ။ အနည်းဆုံးတော့ သူသည် အခုလောလောဆယ် ကောင်းမွန်သည့်အလုပ်တစ်ခုကို လုပ်နေခြင်းပင်။

ချင်ယောင်းက တွေ့ရာ ဟင်းနှစ်မျိုးကို မှာလိုက်သည်။ ရုတ်တရက် နံရံအပေါ်က ‘ပဲနီနို့ကိတ်မုန့်’ဟူသည့် အစားအသောက်အသစ်က သူမ၏မျက်လုံးကို ဖမ်းစားထားလေသည်။ အရသာရှိမည်ထင်သည်။ ထို့ကြောင့် သူမက တစ်ပွဲမှာလိုက်လေသည်။

သည်အချိန်တွင် သူမဘေးက စားပွဲတွင်ထိုင်နေကြသည့် မိန်းကလေးတချို့လည်း ရှိသည်။ သူတို့ကလည်း ပဲနီနို့ကိတ်မုန့်ကို မှာလိုက်ကြသည်။

ကိတ်ကို တည်ခင်းပေးလိုက်ချိန်တွင် နို့နံ့သင်းပြီး ချိုမြနေသော်လည်း စေးကပ်ကပ်ဖြစ်မနေပေ။ ထင်ထားသည့်အတိုင် အရသာရှိလေသည်။

“ဒီမုန့်ကို ဆိုင်ပိုင်ရှင်ကိုယ်တိုင် လုပ်ထားတာပဲ ဖြစ်ရမယ်၊ ‘နူးညံ့တဲ့လက်နဲ့ ကျောက်စိမ်းကို အကြိမ်ကြိမ် ပွတ်တိုက်လို့ အရောင်ထွက်လာရသလို ဆီစိမ်းကိုလည်း ညက်ပြီးအဝါရင့်ရင့် ဖြစ်လာတဲ့အထိ တည်ပေးရတယ်’တဲ့ ဆိုင်ရှင်လိုလူမျိုးကပဲ သည်လောက်ကောင်းတဲ့ ကိတ်မုန့်ကို လုပ်နိုင်မှာ၊ လမ်းပေါ်က ဟာတွေဆိုရင် အားလုံးက အလကားပဲ၊ အဖြစ်သဘောပဲ လုပ်ထားတာ” ဘဲဥမျက်နှာနှင့် မိန်ကလေးက ချီးကျူးလိုက်လေသည်။

“ဟုတ်တယ်၊ ဒီဆိုင်ကို ကြည့်လိုက်၊ ဒီနေ့ ငါတို့တွေ နေရာမှန်ကို လာခဲ့တာ နင် သိလာလိမ့်မယ်၊ အစ်မယဲ့ ဒီနေ့ကျွန်မတို့ကို ဒီလောက်ကောင်းတဲ့နေရာတစ်ခုဆီ ခေါ်လာပေးလို့ ကျေးဇူးပဲနော်”  မျက်နှာဝိုင်းနှင့် မိန်းကလေးက အလယ်တွင်ထိုင်နေသည့် မိန်းးကလေးကို ပြောလိုက်လေသည်။

ထိုမိန်းကလေးက ပြုံးလိုက်ပြီး

“ငါတို့တွေက ပုံမှန်ဆိုရင် စားသောက်လည်ပတ်ဖို့ နေရာတစ်ခု မရှိတတ်ဘူးလေ၊ အခုတော့ ဝမ်းသာစရာကောင်းလိုက်တာ”

“အဟုတ်ပဲ” မိန်းကလေးများက ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။

သည်အချိန်တွင် တစ်ယောက်က ပြောလိုက်လေသည်။

“ ဒါပေမဲ့ ဒါပါပဲ၊ ဒီကိတ်မုန့်က သာမန်နို့ကိတ်မုန့်တစ်ခုပဲလေ၊ ငါ လုပြည်နယ်ကို သွားတုန်းက ခဏခဏစားခဲ့ဖူးတယ်” အပြာရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် ပြောလိုက်ခြင်းပင်။

သူမက ထိုသို့ပြောလိုက်သည်နှင့် မိန်းကလေးများက ဆက်မပြုံးကြတော့ပေ။ သူရဲ့မိသားစုက လုပြည်နယ်မှာ ဆွေမျိုးတွေရှိမှန်း သူတို့ သိပါတယ်။ ဘယ်သူမှ လုပြည်နယ်ကို မရောက်ဖူးတဲ့အတိုင်း နေ့တိုင်း ဒီအကြောင်းကိုပဲ ပြောစရာမလိုပါဘူး။

အပြာရောင်နှင့်မိန်းကလေးက တစ်ခုခု ထပ်ပြောချင်လိုက်သော်လည်း မိန်းကလေးတချို့က ဆိုင်၏ အနောက်ဘက်တံခါးကို ရုတ်တရက် လှမ်းကြည့်လိုက်ကြလေသည်။ သူမသည် လိုက်ကြည့်လိုက်၏။

ထိုလူ ထွက်သွားပြီးနောက် မိန်းကလေးများက တစ်ဖန်ပြန်စုစည်းသွားကြပြီး

“ ခုနက အဲဒီသခင်လေးက ဘယ်သူလဲ”

မျက်နှာဝိုင်းနှင့်မိန်းကလေးက နီမြန်းနေသည့်မျက်နှာတစ်ခုဖြင့် မေးလိုက်၏။

တခြားသူများကလည်း နားစွင့်ထားလိုက်ကြသည်။ သခင်လေးက အရမ်းချောတာပဲ။ အထူးသဖြင့် သူ့ရဲ့ထူးခြားတဲ့အငွေ့အသက်လေး။ လူတွေကို သူ့ကို မော်မကြည့်ရဲအောင် ဖြစ်စေပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင်လည်း ဖြစ်စေတယ်။

အလယ်တွင် ထိုင်နေသည့်မိန်းကလေး ပြုံးလိုက်ပြီး

“ ငါလည်း မသိဘူး၊ ငါကြားတာတော့ ဆိုင်မှာ ငှားနေတဲ့ မြို့တော်က သခင်လေးတစ်ယောက်တဲ့”

မိန်းကလေး အယောက်တိုင်းက ကိုယ်စီအတွေးများ ဝင်လာကြလေသည်။ သူတို့တွေ့လိုက်သူမှာ ရှန်ဖုန်းမင်သာ ဖြစ်လေတော့သည်။

 ...