အပိုင်း (၅၉) (က)
အချိန်တိုအတွင်းတွင် ရှဲ့ချန်သည် တွက်ချက်မှုများနှင့် စာရင်းအားလုံးကို ချုပ်ပြီးသွားတော့သည်။ သူသည် တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်စေရန် စာရင်း ပြုစုပေးထားလေသည်။
ကျန်းယွင်ကျူးက စာရင်းစာအုပ်ကို လက်ခံလိုက်သည်။ မဆိုးဘူး။ သူ့စာရင်းက ခေတ်သစ်မှတ်တမ်းတွေနဲ့ နည်းနည်းတူတယ်။
သူမ မသိလိုက်သည်က ရှဲ့ချန်သည် ထိုသို့ ရေးထားပေးခြင်းမှာ သူမ နားမလည်မှာကို စိုးရိမ်ခဲ့သောကြောင့်ပင်။
သည်နေ့ နေ့လယ်ခင်းတွင် လျန်၅၀ စရံသွင်းသူ ၂ယောက်နှင့် ၁၀လျန် စရံသွင်းသူ ၇ယောက်ရှိသည်။ စုစုပေါင်း လျန်၁၇၀။ ကျန်ယွင်ကျူး ပိုင်သည့်ငွေလည်း ဖြစ်သလို မပိုင်သေးသည့်ငွေလည်း ဖြစ်လေသည်။
သို့တိုင် ကျန်းယွင်ကျူးကတော့ အလွန်မှ ကျေနပ်နေမိသည်။ အနည်းဆုံးတော့ ဆိုင်တွင် အလုပ်လုပ်ရန် ငွေအရင်းအနှီး ရသွားပြီ။ ထို့ကြောင့် သူမသည် လုပ်ချင်သည့်အရာတိုင်းကို ထိန်းချုပ်ထားရန် မလိုတော့ပေ။
ထို့အပြင် သူမသည် နေ့လယ်က အသားတင်အမြတ် ၂လျန် ရထားလေသည်။
ဒါသည် စားသောက်ဆိုင်ဖွင့်ဖို့ရာ နှောင့်နှေးနေရခြင်း၏ ရလဒ်ဖြစ်မည်။ ခြင်္သေ့အကအဖွဲ့က စတင်ပြီး ကပြလိုက်ချိန်တွင် အားလုံးက လန်းဆန်းသွားပြီး လာစားကြည့်ချင်သွားကြတော့သည်။
ညနေပိုင်းတွင် ဧည့်သည်အလွန်များမည်မဟုတ်ဟု ခန့်မှန်းထားခဲ့သည်။
ကျန်းယွင်ကျူး တွေ့ထားသည့်အတိုင်းပင် ညနေခင်းတွင် ဧည့်သည်အလွန်နည်းပါးလေသည်။
နောက်တစ်နေ့တွင် ရုတ်တရက်ဆိုသလို ဧည့်သည်ပိုများလာခဲ့သည်။ တချို့က အသစ်တစ်ခုခု စားကြည့်ရန် မိတ်ဆွေများကို ခေါ်လာပြီး တချို့က စားသောက်ဖို့ရာ သူတို့၏မိသားစုများကို ခေါ်လာခဲ့ကြသည်။
တတိယနေ့တွင် ဧည့်သည်များ အများကြီး နည်းသွားပြန်သည်။
လေးရက်မြောက်နေ့တွင် ဧည့်သည်လာသည့် နှုန်းက တည်ငြိမ်သွားတော့သည်။ ရှဲ့ချန်က စာရင်း လာလုပ်ပေးခဲ့ပြီး သည်နေ့ ၂လျန်နှင့် ငွေ၂ပြား ရှာနိုင်ခဲ့ကို တွေ့လိုက်ရသည်။
တစ်နေ့ ၂လျန်။ တစ်လကို လျန် ၇၀နီးပါးပဲ။ ဒီငွေက တော်တော်လေး များနေပါပြီ။
ဒါပေမဲ့ အဓိကအချက်က ဒီလုပ်ငန်း ကောင်းကောင်း လည်ပတ်နေဖို့ပဲလေ။
ပြီးခဲ့သည့် နှစ်ရက်အတွင်း ကျန်းယွင်ကျူးသည် ပေါင်ဖူလိုအကြောင်း စုံစမ်းထားခဲ့သည်။ သည်စားသောက်ဆိုင်ကို လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ကျော်ကတည်းက ဖွင့်လာခဲ့ခြင်းဖြစ်သည်။ ပိုင်ရှင်၏ မျိုးရိုးနာမည်မှာ စုန့်ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်က ပိုင်ရှင်အိုကြီးက ဆိုင်ကို သားနှစ်ယောက်အား လွဲပေးလိုက်ပြီး အနားယူသွားခဲ့သည်။
စုန့်မိသားစု၏ အကြီးဆုံးသားသည် ဒုတိယသားထက် အများကြီးပိုလုပ်နိုင်စွမ်းရှိသူဖြစ်သည်။ သူက ဆိုင်၏ တာဝန်ခံဟောင်းကို ဖြုတ်လိုက်ပြီး သူကိုယ်တိုင် တာဝန်ခံလုပ်ကာ ဆိုင်၏ ကိစ္စကြီးငယ် အားလုံးကို တာဝန်ယူခဲ့သည်။
လွန်ခဲ့သည့် လေးနှစ်အတွင်း စီရင်စုမြို့တွင် စားသောက်ဆိုင် သုံးဆိုင်ကို ဖွင့်ခဲ့ကြသည်။ တစ်ဆိုင်စီတိုင်းက အကြာဆုံး နှစ်ဝက်ကျော်ကျောက်လောက် လည်ပတ်ပြီးနောက်တွင် ပိတ်ချလိုက်ရသည်ချည်းသာ။
ပထမစားသောက်ဆိုင်တွင် အစားအသောက်ထဲ၌ ကြွက်ခေါင်းတစ်ခု ပါလာခဲ့သည်။ အလွန်မှ ရွံစရာကောင်းလွန်းသဖြင့် လူတိုင်းက ထိုဆိုင်သို့ ထပ်မသွားကြတော့ပေ။
ဒုတိယဆိုင်မှာ ပိုင်ရှင်သည် တခြားမြို့က ဖြစ်သည်။ ရဲမက်များက အမြဲတမ်းလိုလို သူ့ဆိုင်သို့လာကာ အကြောင်းအမျိုးမျိုးကြောင့် စစ်ဆေးမေးမြန်းခြင်းများ လုပ်ခဲ့ကြသည်။ အနှောင့်အယှက် ဖြစ်လွန်းကြသဖြင့် ဧည့်သည်များက အစားအသောက် ကောင်းကောင်းမစားနိုင်ပေ။ လုပ်ငန်းကလည်း အလိုလို မကောင်းဘဲ ဖြစ်လာတော့သည်။ နောက်ပိုင်းတွင် သူသည် တံခါးပိတ်ပြီး ဒေါသထွက်ထွက်နှင့် ထွက်ခဲ့ရသည်။
တတိယတစ်ခုမှာ ရွှယ်ကျင်းနှင့် သူ့မိတ်ဆွေတို့ အလုပ်လုပ်ခဲ့သည့် ယွင်ဟယ်လို ဖြစ်သည်။ သည်တစ်ခုကတော့ လက်ခံနိုင်ဖွယ်ရာပင် မရှိပေ။ ပိုင်ရှင်၏မိန်းမက တခြားတစ်ယောက်နှင့် လိုက်ပြေးသွားခဲ့သည်။ နေ့တိုင်း ဆိုင်ထဲတွင် ကောလာဟလများ ပြည့်နေပြီး ပိုင်ရှင်သည် အမှန်တွင်တော့ မိန်းမစိုးတစ်ယောက်ဖြစ်သဖြင့် သူ့မိန်းမကို လုံးဝစိတ်ကျေနပ်အောင်မလုပ်ပေးနိုင်ဟု ဆိုကြလေသည်။ သူက မကြာခဏဆိုသလို ဆိုင်ထဲက အမျိုးသမီးဧည့်သည်များကို စိုက်ကြည့်နေတတ်ပြီး စိတ်ဖြင့် ပြစ်မှားနေတတ်သည်ဟု ပြောကြလေသည်။
ဆိုင်ပိုင်ရှင်မှာ စိတ်ကုန်လာသဖြင့် တံခါးပိတ်လိုက်တော့သည်။
အကြောင်းအားလုံးကို နားထောင်လိုက်ပြီးနောက် ကျန်းယွင်ကျူးသည် ရွှယ်ကျင်းပြောသည့် ပေါင်ဖူလိုက မသန့်ရှင်းဘူးဟူသည့် စကားကို နားလည်သွားတော့သည်။ စားသောက်ဆိုင်တစ်ခု ပိတ်လိုက်ရသည်က သာမန်ဖြစ်သော်လည်း လွန်ခဲ့သည့် လေးနှစ်အတွင်း စီးပွားရေးအရ ပေါင်ဖူလိုနှင့် ယှဥ်ပြိုင်ခဲ့သည့် စားသောက်ဆိုင်အားလုံးသည် ပိတ်ချခဲ့ရသည်။ ဒါက သိပ်ပြီးတော့ လက်တွေ့မကျပေ။
သူမက စိတ်ထဲက စိုးရိမ်လာမိတော့သည်။
သည်အချိန် ပေါင်ဖူလိုတွင်။
“ ဒီလရဲ့ အမြတ်က ဘာလို့အဲလောက်တောင် နည်းရတာလဲ” စုန့်လောင်အာ (စုန့် ဒုတိယသား) က စားပွဲကို ပုတ်ကာ ဒေါသဖြင့် မှတ်ချက်ပေးလေသည်။
တာဝန်ခံစုန့်က စာရင်း တွက်နေသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် သူက ခေါင်းမော့ကာ ပြန်ပြောလေသည်။
“ စီရင်စုမြို့ထဲမှာ ချီရှန်းကျွီ ဆိုင်အသစ်ဖွင့်ထားတယ်လေ၊ လွန်ခဲ့ရက်ပိုင်းတုန်းက ငါတို့ဆိုင်က ဝင်ငွေတွေက ၃၀%လောက် ကျသွားခဲ့တယ်”
“ ရက်ပိုင်းလောက်ပဲ ဖွင့်ရသေးတဲ့ဆိုင်ပဲ၊ ဒါကို ဒီလောက်အကြီးကြီး ထိခိုက်တယ်ပေါ့”
စုန့်လောက်အာ့က ချီရှန်းကျွီ အကြောင်းကို သိသည်။ သူသည် ထိုဆိုင်တွင် သွားစားခဲ့သေးသည်။
ထိုဆိုင်၏နာမည်က ကြီးလာခဲ့သည်။ စီရင်စုမြို့တွင် ပညာသင်များ၏ အကြိုက်ဆုံးဆိုင်ဟု ဆိုကြသည်။ ပညာသင်တွေတဲ့လေ။ ဟင်း။ အားလုံးက နိမ့်ကျနေတဲ့အချိန်မှာ စာလေ့လာတာကပဲ သာလွန်တဲ့ကိစ္စကိုး။ သူတို့ချီးကျူးနေတာက သေချာပေါက် သာမန်တော့မဟုတ်ဘူး။
ဟုတ်နေပါပြီ။ သူ အဲဒီကို ရောက်သွားတော့ ဆိုင်ရဲ့ပတ်ဝန်းကျင်လည်း ကောင်းလိုက်တာ။ ဟင်းပွဲတွေကလည်း သေသေချာချာကို ပြင်ဆင်ထားတယ်။ ကျစ်။ ဆိုင်ရှင်ကတောင် ချောချောလှလှလေး။
ဒီလို မိန်းမလှတစ်ယောက်က လုပ်ထားတဲ့အစားအသောက်ကို စဥ်းစားလိုက်မိတော့ အစားအသောက်က ပိုပြီးအရသာရှိလာတယ်လို့တောင် ခံစားရတယ်။
“ မင်း ဘာသိလဲ၊ အခုက အစစအရာရာ စျေးကြီးနေတာ၊ ဆိုင်က အရင်တုန်းကလို ငွေမရှာနိုင်တော့ဘူး”
တာဝန်ခံစုန့်က ပြောလိုက်၏။ တကယ်တော့ ဒီလဝင်ငွေက အဲလောက်လည်း မနည်းပါဘူး။ စုန့်လောင်အာ့က ဘာမှမလုပ်ဘူးလေ။ သူက ဘာလို့ ငွေကို ခွဲပေးရမှာလဲ။
ထိုအကြောင်းကို စဥ်းစားမိလိုက်ပြီး သူက ဒေါသထွက်လာတော့သည်။ သူ့အဖေက ဘာလို့များ စုန့်လောင်အာ့ကို မွေးလာတာလဲမသိဘူး။ သူသာ တစ်ဦးတည်းသောသားဆိုရင် အခုလောက်ဆို အားလုံးက သူ့အပိုင် ဖြစ်နေလောက်ပြီ။ ဘယ်လောက်များ အေးဆေးပြီးလွတ်လပ်နေလိမ့်မလဲ။
သူသည် သည်အကြောင်း စဥ်းစားနေလိုက်ချိန်တွင် သူ့တွင် သားသုံးယောက်ရှိနေနှင့်တာကို မေ့သွားပုံရလေသည်။ သူ့ကိုယ်လုပ်တော်က ထပ်ပြီး ကိုယ်ဝန်ရှိနေပြီး သူမက သားတစ်ယောက် မွေးပေးနိုင်ဖို့ သူက မျှော်လင့်ထားသေးသည်။
“ ငါက နားမလည်ဘူးဟုတ်လား၊ ငါက ဘာကိုနားမလည်တာလဲ၊ မင်းသာ ငါ့ကို ငွေမပေးချင်တာလေ၊ ငါ အခု ဒါကို စာရင်းရှင်းတော့မယ်၊ ပြီးခဲ့တဲ့လက ငွေ ငါ့ကို ပေးတော့၊ မဟုတ်လို့ကတော့ ငါ အဖေ့ဆီကို သွားရလိမ့်မယ်၊ အစကတည်းက သဘောတူထားပြီးသား၊ မိသားစုတစ်ခုစီက စားသောက်ဆိုင်ကို တစ်ဝက်ရရမယ်လို့၊ မင်းက ကိုယ့်ဟာကို တာဝန်ခံလုပ်ပြီး ငါ့ကို ဝင်စွက်ဖက်ခွင့်မပေးတာ ဘာသဘောလဲ။
ငွေ မဝင်ဘူးဟုတ်လား၊ ဒါဆို မင်းငါ့ကို တာဝန်ခံပေးလုပ်လိုက်၊ ငါ ငွေဝင်အောင်လုပ်နိုင်တယ်လို့ အာမခံတယ်”
စုန့်လောင်အာ့က လူမိုက်တစ်ယောက်လို ထိုနေရာတွင်ထိုင်ချလိုက်လေသည်။
တာဝန်ခံစုန့်က ပြုံးလိုက်၏။ ငွေလိုချင်တယ်ပေါ့ ကိစ္စမရှိဘူး။ ဒါပေမဲ့ သူ အားတော့ စိုက်ရမှာပေါ့။
နေ့လယ်စာအချိန် ပြန်ရောက်လာသည်။ ရွှယ်ကျင်းသည် ရွာကကိစ္စများကို တန့်သယ်ပေါင်းအား အလွန်မှ မြန်မြန်ဆန်ဆန် လွှဲပေးခဲ့လိုက်ပြီး ဆိုင်သို့ သတင်းလာပို့လေသည်။ သူသည် ကျန်းယွင်ကျူးထံမှာ အချိန်တော်တော်အောင် သင်ယူခဲ့သည်ဖြစ်ရာ သူမ၏ အကူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်လေသည်။
သူရောက်လာသောအခါ ကျန်းယွင်ကျူးက ပိုပြီး စိတ်အေးသွားပြီး ဆိုင်ထဲက လူများကို ကြည့်ရန် ခဏလောက် အနားယူနိုင်လေသည်။
သည်နေ့ဆိုင်ထဲတွင် အမျိုးသမီးဧည့်သည်များ ရှိသည့် စားပွဲဝိုင်းသုံးခုကို တွေ့လိုက်ရပြီး သူတို့အားလုံးသည် ဆယ်ကျော်သက်များ ဖြစ်ကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် မိန်းကလေးများဖြစ်လေသည်။
ချီရှန်းကျွီသည် ခေတ်သစ်က ပြပွဲရုံလေးများနှင့် အနည်းငယ်ဆင်တူသည်။ စားပွဲတစ်ခုစီက သက်သောင့်သက်သာရှိပြီး အတိုင်းအတာတစ်ခုအထိ သီးသန့်ဆန်သည်။ အမျိုးသမီးဧည့်သည်များက သည်နေရာတွင် အေးအေးဆေးဆေး စားသောက်နိုင်လေသည်။
ကျန်းယွင်ကျူးက အမျိုးသမီးဧည့်သည်များကို ကြည့်ရင်း စဥ်းစားနေမိသည်။
“အမေတို့ဆိုင်က အခုဆိုရင် တော်တော်လေး နာမည်ကြီးလာပြီ၊ အမေတို့ဆိုင်က သားနားတယ်လို့ အားလုံးက ပြောနေကြတယ်၊ ဒါပေါ့လေ ဒီမိန်းကလေးတွေကလည်း လာချင်ကြမှာပေါ့”
အမျိုးသမီးချန်က ဆိုင်ထဲတွင် အမျိုးသမီးဧည့်သည်များ အလွန်များနေသည့်အကြောင်း စဥ်းစားနေသည်ကို ထင်လိုက်သဖြင့် သူမက ဝမ်းသာအားရ ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်သည်။ သူမရဲ့ဆိုင်လေးက အများကြီး တိုးတက်လာတဲ့ပုံပဲ။
နောက်ထပ် ဧည့်သည်သစ်တစ်ဖွဲ့ ရောက်လာလေသည်။ ကျန်းယွင်ကျူးက ဒါကို ဆက်တိုးတက်အောင် လုပ်ဖို့လိုသည်ဟု ခံစားမိလိုက်သည်။
သူမ ပထမဆုံးစဥ်းစားမိတဲ့အရာက ရေဘဝဲအသားလုံးပဲ။ တကယ်တော့ သူမက ရေဘဝဲတွေကို မြင်လိုက်က တည်းက ပထမဆုံးစဥ်းစားမိတာ ဒီလိုသွားရေစာမျိုးလေ။ အကြောင်းမသင့်တော့ ဒီရက်ပိုင်းမှာ အရမ်းအလုပ်များပြီး လုပ်ဖို့ အချိန်မရှိနေတာ။
မလုပ်သေးတာပဲ ကောင်းပါတယ်လေ။ ဒါက နည်းနည်းဗာဟီရ များနေသေးတယ်။ အရင်ဆုံး အသားလုံးပုံစံ အကြော်အိုးတစ်ခု ရှိဖို့လိုတယ်။ ကျန်တာကိုတော့ သူမက သေသေချာချာ စဥ်းစားပြီး လုပ်နိုင်မယ်လို့ ထင်မိတယ်။ ရေဘဝဲအသားလုံးကို တာကိုးယခိ လို့ခေါ်တယ်။ သူ့ဖြစ်ပေါ်လာပုံက တော်လေးစောပါတယ်။ အဲဒီတုန်းက ခေတ်သစ်မှာလို ဟင်းခတ်အမွေးအကြိုင်တွေမရှိတာတောင် သူတို့တွေက အရသာရှိနေတုန်းပဲတဲ့။
ဒါဆိုရင်တော့ သူမ အချိန်ရလာရင် အကြော်အိုးတစ်ခုလောက်တော့ မှာရမယ်။
ရေဘဝဲအသားလုံးနှင့်အတူ ကျန်းယွင်ကျူးသည့် နောက်တစ်ခုကို ချက်ချင်းစဥ်းစားမိသွားလေသည် __ နို့လက်ဖက်ရည်။ အဓိကပစ္စည်းက နို့ပဲ။ နို့သာရှိရင် သူမက သွားရေစာနဲ့ သောက်စရာ အမျိုးမျိုးလုပ်နိုင်ပြီး သူမရဲ့ဟင်းပွဲတွေကို အရသာတိုးအောင် လုပ်ပေးနိုင်တယ်။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူမသည် မနေနိုင်တော့ဘဲ စျေးသွားချင်စိတ် ပေါက်လာတော့သည်။
စားသောက်ပြီး ခဏလောက် အိပ်လိုက်ပြီးနောက် ကျန်းယွင်ကျူးက ထထွက်လာကာ စျေးသွားဖို့ ပြင်ဆင်လိုက်လေသည်။ စီရင်စုမျိုတွင် နေရခြင်းက အကျိုးများပြီး စျေးဝယ်ရသည်ကလည်း ပိုပြီးအဆင်ပြေလာခဲ့သည်။
“ မိန်းကလေးကျန်း အပြင်သွားမလို့လား” ထိုအခိုက်တွင် အသံတစ်ခုက ထွက်လာ၏။
ကျန်းယွင်ကျူးက လှည့်ကြည့်လိုက်သောအခါ ရှန်ဖုန်းမင် ဖြစ်နေလေသည်။
“အင်း” သူမက ပြန်ဖြေလိုက်သည်။
“ ကျွန်တော် မင်းနဲ့ လိုက်ခဲ့မယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။
“ကျွန်မ စျေးသွားမလို့ပါ” ကျန်းယွင်ကျူးက ရှင်းပြလိုက်၏။
“ကျွန်တော်လည်း ဝယ်စရာရှိနေလို့ပါ”
သည်လိုကိုး။
ကျန်းယွင်ကျူးက အရင်ထွက်လာခဲ့လိုက်သည်။ ရှန်ဖုန်းမင်က သူမနောက်က လိုက်လာခဲ့သည်။ သူတို့နှစ်ယောက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် လူများ၏စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်မိလျက်သားဖြစ်သွားတော့သည်။ ယောကျ်ားက အရပ်မြင့်ကာ တောင့်ဖြောင့်ပြီး မိန်းကလေးက လှပကာ ကျက်သရေရှိလှသည်။ အတူတူလျှောက်လာခြင်းက ချက်ချင်းဆိုသလို ညှို့မှိုင်းလွန်းလှသည့်် ဆောင်းရာသီကို အရောင်များ ထည့်ပေးလိုက်လေသည်။
ကျန်းယွင်ကျူးက လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကိုကြည့်ကာ ပန်းပဲဖိုဆိုင်တစ်ခုကို ရှာနေလိုက်သည်။
ရှန်ဖုန်းမင်၏မျက်လုံးများက မျက်နှာချင်းဆိုင်လမ်းပေါ်က လူငယ်စုံတွဲလေးပေါ် ရောက်နေသည်။
သူတို့သည် အလွန်မှ သာမန်ဆန်သည့် လူငယ်စုံတွဲလေးဖြစ်လေသည်။ ယောက်ျားက ချောမောလှသည် မဟုတ်သော်လည်း သူ့တွင် ဖြောင့်တန်းသည့်မျက်ခုံးတစ်စုံရှိပြီး မိန်းမက သိမ်မွေ့လေသည်။ သူတို့သည် လက်တွဲထားကြပြီး လမ်းလျှောက်ရင်း စကားပြောကာ ရယ်မောနေကြလေသည်။
လူငယ်စုံတွဲလေးက မြန်မြန်ပဲ ဖြတ်သွားလိုက်ကြသည်။ ရှန်ဖုန်းမင်သည် မျက်လွှာချလိုက်ပြီး ညာဘက်တွင် ချထားသည့် ကျန်းယွင်ကျူး၏လက်ကို ကြည့်လိုက်လေသည်။ ဆောင်းတွင်း အဝတ်အစားများက လက်အဝကျယ်ပြီး အင်္ကျီလက်က အနည်းငယ်ရှည်လေသည်။ ပြည့်ဖောင်းကာ ဖြူဖွေးသည့် သူမ၏လက်အပိုင်းလေးတစ်ခုသာ ပေါ်နေလေသည်။
သူ့လက်က လှုပ်ရှားလိုက်သော်လည်း ရုတ်တရက် လက်သီးဆုပ်တစ်ခု ဖြစ်သွားတော့သည်။
သည်အချိန်တွင် ကျန်းယွင်ကျူးသည် လမ်းဘယ်ဖက်က ပန်းပဲဖိုတစ်ခုကို တွေ့လိုက်ပြီး ဝမ်းသာအားရဖြင့် ချက်ချင်းလျှောက်သွားလိုက်လေသည်။
“သူဌေး”
ကျန်းယွင်ကျူးက ခေါ်လိုက်၏။ ပန်းပဲဖိုက မကြီးပေ။ အထဲတွင် လူတစ်ယောက်သာ ရှိပြီး ကြံ့ခိုင်တောင့်တင်းသည့်ယောက်ျားတစ်ယောက် ရှိနေသည်။
ထိုလူက ပန်းပဲထုနေ၏။ အသံကိုကြားလိုက်ရာ သူက ခေါင်းမော့ကြည့်လိုက်ပြီး အားတက်သရော မေးလိုက်လေသည်။
“ မိန်းကလေး ဝယ်ချင်တာများရှိလား၊ ကြည့်နော် အားလုံး စျေးသက်သာတယ်”
“ကျွန်မ အိုးတစ်မျိုးကို မှာချင်လို့ပါ၊ ဒီမှာ လုပ်ပေးနိုင်မလား” ကျန်းယွင်ကျူးက မေးလိုက်လေသည်။
“ဘယ်လိုအိုးလဲ၊ မိန်းကလေးက ကျွန်တော့်ကို ပြောပြပါလား”
ကျန်းယွင်ကျူးက အိုးပုံစံအား ထိုလူကို ပြောပြလိုက်လေသည်။ ထိုလူ နားထောင်လိုက်ပြီး မျက်မှောင်ကျုံ့ထားလိုက်သည်။
“ ဒါက နည်းနည်းတော့ လုပ်ရခက်တယ်”
ဒီအိုးက မကြီးဘူး။ ဒါပေမဲ့ လက်သီးဆုပ်လောက် အရွယ်ရှိတဲ့ စက်လုံးခြမ်းပုံစံရှိတယ်။ (မုန့်လင်မယားကြော်တဲ့အိုးပုံစံပါ) ဒီခွက်လေးတွေကို လက်နဲ့တစ်ခုချင်း အချောသပ်ရမယ်။ သတိမထားမိလိုက်ရင် ကျိုးသွားနိုင်တယ်။ တကယ် လုပ်ရတာလက်ဝင်တာပဲ။
ကျန်းယွင်ကျူးသည် လုပ်ဖို့ မလွယ်မှန်း သိထားလေသည်. ထို့ကြောင့် သူမက နောက်ထပ်အကောင်းဆုံးတစ်ခု ဖြစ်အောင် ဖြေရှင်းပေးလိုက်သည်။
“ အိုးတစ်ခုစီမှာ ခွက်တွေ လျှော့ထည့်လိုက်လို့ရပါတယ်၊ ပြီးရင် နောက်ထက် နှစ်အိုးလောက် လုပ်လိုက်ပေါ့”
ထိုလူက ပြုံးပြလိုက်ပြီး
“ ဒါဆိုရင်တော့ အဆင်ပြေပါတယ်”
“ မြန်မြန်လေး ရနိုင်မလား”
ကျန်းယွင်ကျူးက မေးလိုက်၏။ အလွန်နောက်ကျသွားလျှင် ရေဘဝဲများကို ရောင်းလို့ကုန်သွားမည်ကို စိုးရိမ်မိလေသည်။
လုပ်နိုင်တာပေါ့လေ။ ငွေပဲ ထပ်ထည့်ပေးလိုက်။
အများကြီး မပေးလိုက်ရပါဘူး။ ကျန်းယွင်ကျူးသည် ထိုကိစ္စကို စဥ်းစားမနေတော့ဘဲ သဘောတူလိုက်လေသည်။
နှစ်ယောက်သားက စျေးကို ညှိနှိုင်းလိုက်ပြီး အချိန်သတ်မှတ်လိုက်သည်။ ကျန်းယွင်ကျူးက လှည့်ထွက်လာခဲ့လိုက်သည်။
...
အခန်း (၅၉) (ခ)
နောက်တစ်ခုက နို့ဝယ်ရမယ်။
ဒါကတော့ ကံနဲ့ဆိုင်သွားပြီ။ မွေးမြူရေးခြံက ရောင်းတဲ့နွားတွေထဲမှာ နွားပေါက်လေးတွေမွေးထားတဲ့ နွားရှိမရှိ အပေါ်မူတည်တယ်။
ကျန်းယွင်ကျူးသည် သည်နေ့ အလွန်ကံကောင်းနေသည်။ သူမသည် နွားပေါက်ရောင်းချင်သည့် လူတစ်ယောက်နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ နွားကြီးကတော့ သူ့ဘေးတွင် ပါလာခဲ့သည်။
သို့သော် ရောင်းသူက ဝယ်သူတစ်ယောက်နှင့် စျေးညှိနေသဖြင့် သူမက ဘေးတွင် စောင့်နေရလေသည်။
နောက်ဆုံးတော့ အရောင်းအဝယ်က မဖြစ်ခဲ့ပေ။ ဝယ်သူက နွားပေါက်မှာ အလွန်သေးသည်ဟု ထင်သည်။ အမှန်တွင်တော့ အဓိကအကြောင်းအရင်းမှာ စျေးမတည့်ခြင်းပင်။
“မိန်းကလေး မင်းက”
နွားရောင်းသမားက ကျန်းယွင်ကျူးကို ဇဝေဇဝါနှင့် မေးလိုက်သည်။ သူသည် ကျန်းယွင်ကျူးက နွားဝယ်လိမ့်မည်ဟုတော့ မထင်ပေ။
ကျန်းယွင်ကျူးက သူမ၏စိတ်ကူးများကို ထုတ်ပြောလိုက်ပြီး သူမက နွားနို့ဝယ်ချင်ကြောင်း ပြောပြလိုက်လေသည်။
“ဒါက...”
ထိုလူသည် အောက်ဘက်ကရွာမှ ဖြစ်လေသည်။ သူသည် နွားနို့ကို ရောင်းလို့ရသည်ဟု တစ်ခါမှ မကြားခဲ့ဖူးပေ။
“ ကျွန်မက စီရင်စုမြို့ထဲက စားသောက်ဆိုင်တစ်ခုရဲ့ ပိုင်ရှင်ပါ၊ ဟင်းပွဲအသစ်လေးကို စမ်းကြည့်ချင်လို့ နွားနိုးနည်းနည်းလောက် ရချင်လို့ပါ” ကျန်းယွင်ကျူးက ရှင်းပြလိုက်လေသည်။
သူမက ပြောပြလိုက်ပြီးနောက်တွင် နွားရောင်းသမားက အနည်းငယ်သဘောပေါက်သွားလေသည်။
နောက်ဆုံးတွင် နှစ်ယောက်က စျေးညှိလိုက်ကြသည်။ နွားရောင်းသမားက နေ့တိုင်း ချီရှန်းကျွီကို နို့လာပို့ပေးလိမ့်မည်။
နွားကို မရောင်းလိုက်ရသော်လည်း နွားနို့ကိုတော့ ရောင်းလိုက်ရလေသည်။ နွားရောင်းသမားမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။
သို့တိုင် ကျန်းယွင်ကျူးပေးသည့် စျေးက ကောင်းနေသည်။ မည်သူက ငွေကိုလွန်ဆန်နိုင်ပါမည်နည်း။
နောက်တစ်နေ့မနက်ခင်းတွင် ကျန်းယွင်ကျူးသည် နွားနို့ပုံးတစ်ဝက်ကို ရခဲ့သည်။
“ ဒီလောက် အများဆုံးပဲရတယ်၊ မင်း လိုချင်တဲ့အတိုင်းပဲ အားလုံးကို မနက်က လတ်လတ်ဆတ်ဆတ် ညစ်ထားတာ” နွားရောင်းသမားက ရှင်းပြလိုက်သည်။
ကျန်းယွင်ကျူးက ရေပုံးငယ်လေးကို လှုပ်ကြည့်လိုက်သည်။ နွားနို့က အမှန်ပင် လတ်ဆတ်လေသည်။ သူမသည် အလွန်ဝမ်းသာသွားပြီး ချက်ချင်း ငွေချေပေးလိုက်တော့သည်။
ထိုလူက ငွေကိုလက်ခံလိုက်ပြီး အပြန်ပြန် အလှန်လှန်ကြည့်နေမိ၏။ နွားနို့ကို ရောင်းလို့ရမှန်း သေချာသိသွားသည်နှင့် သူသည် ပျော်ရွှင်စွာ ပြန်သွားတော့သည်။
နို့တော့ ရပြီ။ ဘာလုပ်ရမလဲ။ နို့လက်ဖက်ရည်လား။ မနက်အစောကြီးဆိုတော့ မသင့်တော်ဘူး။ ထို့အပြင် ကျန်းယွင်ကျူးက ရေဘဝဲအသားလုံးက အသင့်ဖြစ်လာလျှင် သူတို့သည် နို့လက်ဖက်ရည်နှင့် စားသင့်သည်ဟု ခံစားမိလေသည်။
ဒါဆို အခု.... မနက်စာအတွက် ကွက်တိဖြစ်မည့်အရာတစ်ခုကို သူမ ရုတ်တရက် စဥ်းစားမိလိုက်လေသည်။
သူမသည် နွားနို့ပုံးကို မီးဖိုဆောင်ထဲသို့ သယ်သွားမည်ပြင်လိုက်လေသည်။ သည်အခိုက်တွင် လက်တစ်ဖက်က နွားနို့ပုံကို ကောက်ယူလိုက်တော့သည်။
“ကျွန်တော် လုပ်ပေးမယ်”
ရှန်ဖုန်းမင်။
“ကျွန်မပဲ လုပ်ပါ့မယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ သူမက ပြောရင်းဆိုရင်း နွားနို့ပုံကို ဆွဲယူဖို့ လက်ဆန့်လိုက်လေသည်။
ရှန်ဖုန်းမင်သည် သူ့လက်ထဲက နွားနို့ပုံးနှင့် သူမကို ကြည့်လိုက်လေသည်။
ကျန်းယွင်ကျူးက ယုန်ဖမ်းခဲ့သည့်အချိန်က သူ့လက်ကို ဆွဲမိသွားသည့်အကြောင်းကို ထူးထူးဆန်းဆန်း စဥ်းစားမိသွားတော့သည်။ ထို့ကြောင့် သူမ၏လက်များက လေထဲတွင် ရပ်သွားတော့သည်။
“ မိန်းကလေးက ကျွန်တော်နဲ့ဆိုရင် အမြဲတမ်း အရမ်းကို ယဥ်ကျေးတယ်နော်” ရှန်ဖုန်းမင်က ရုတ်တရက်ပြောလိုက်၏။
ကျန်းယွင်ကျူးသည် ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ ယဥ်ကျေးတယ်တဲ့လား။ ဟုတ်မှာပါ။ သူမမှာ သူ့သရုပ်မှန်ကို စဥ်းစားမိလိုက်တိုင်း မနေနိုင်တော့ဘဲ ကိုယ့်ဟာကို ခပ်ခွာခွာပဲ နေချင်ခဲ့မိတယ်လေ။
“ မိန်းကလေးက ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တာ ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲတောင် မသိဘူး”
“ အင်း ကျေးဇူးပြန်ဆပ်ဖို့ မလိုပါဘူး”
“ဒါပေမဲ့ ကျွန်တော်ကတော့ ကျေးဇူးပြန်ဆပ်ချင်တယ်လေ”
ကျန်းယွင်ကျူးသည် ခေါင်းမော့လိုက်ပြီး ရှန်ဖုန်းမင်ကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးများက ပင်လယ်လို နက်ရှိုင်းနေ၏။
“ မိန်းကလေး လုပ်ချင်တာဘာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်တော့်ကို လုပ်ချင်စေချင်တာ ရှိရင်ပဲဖြစ်ဖြစ် ကျွန်တော် လုပ်နိုင်တာဆိုရင် အဆင်ပြေပါတယ်” ရှန်ဖုန်းမင်က တစ်လုံးချင်း ပြောလိုက်လေသည်။
ထို့နောက်တွင် စကားတစ်လုံးချင်းစီတိုင်းက ပင်လယ်လှိုင်းတစ်ခုလို ကျန်းယွင်ကျူးဆီ အရှိန်နှင့် ပြေးဝင်လာခဲ့သည်။ ကျန်းယွင်ကျူးမှာ ရင်ခုန်သွားတော့သည်။ အဆင်ပြေသတဲ့လား။ သူမက ဘာပဲ လိုချင်တာ ဖြစ်ဖြစ်တဲ့လား။
သူမက ထိုသို့သာ သူ့ကို ငေးကြည့်မိနေပြီး အကြည့်လွှဲဖို့ရာ မေ့လျော့သွားတော့သည်။
နှစ်ယောက်သား၏ အကြည့်တို့သည် အပြန်အလှန် ရစ်ပတ်သွားတော့သည်။ ရှန်ဖုန်းမင်က ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုး၏။ သူ၏မြင့်မားသည့် အရိပ်က ကျန်းယွင်ကျူးကို လွှမ်းမိုးသွားလေသည်။
ကျန်းယွင်ကျူးက နောက်တစ်လှမ်း ဆုတ်လိုက်ချင်သော်လည်း သူမ၏နောက်တွင် နံရံတစ်ခုသာ ကျန်တော့သည်ကို သိလိုက်လေသည်။
သူမ၏အသက်ရှူနှုန်းမြန်လာသည်ကို ခံစားမိလိုက်လေသည်။ အခြေအနေကို ပေါ့ပါးသွားအောင် သူမက ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ရာ ချောမွတ်သည့် သွယ်လျလျ လှည်တိုင်တစ်ခုက ပေါ်လာလေသည်။
ရှန်ဖုန်းမင်၏အကြည့်သည် ထိုချောမွတ်သည့်လည်တိုင်ဆီသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရတော့သည်။ သူသည် လူပေါင်းများကို သ-တ်ခဲ့ဖူးရာ ထိုနူးညံ့သည့်နေရာက မည်မျှနုနယ်မှန်း သိနေသည်။ သို့သော် ထိုနေရာက အလွန်မှနူးညံ့ပြီး လှပနိုင်သည်ကိုတော့ မသိခဲ့ပေ။
“ အစ်မ ဆိုင်ထဲမှာလား” ကျန်းယွင်ရွှယ်၏အသံက ထွက်လာ၏။
ကျန်းမိသားစု အားလုံးက စီရင်စုမြို့တွင် မနေကြပေ။ ကျန်းချိန်က လှည်းအငှားလိုက်ရသည်။ နေ့စဥ် မြို့တံခါး အဖွင့်အပိတ်က သူ့အလုပ်ကို ထိခိုက်လေသည်။ ထို့ကြောင့် သူက ရွာတွင် နေသည်။ အဘိုးချန်ကလည်း ရွာအိမ်က ကျယ်ဝန်းသည်ဟု သဘောကျသဖြင့် ရွာတွင်သာ နေခဲ့သည်။
အမျိုးသမီးချန်က စီရင်စုမြို့တွင် နေသည်။ သူမသည် ကျန်းချိန်၊ အဘိုးချန်နှင့် အိမ်က တချို့ကိစ္စများကို စိတ်မချသဖြင့် တခါတလေ မြို့တွင်နေပြီး တခါတလေ အိမ်ပြန်နေရသည်။
မနေ့က ရွှယ်ကျင်း ရောက်လာသောအခါ ဆိုင်က အလုပ်အရမ်းမများတော့ပေ။ သူမက ရွာသို့ ပြန်သွားခဲ့သည်။ ကျန်းယွင်ကျူး၊ ကျန်းလင်နှင့် ရှန်ဖုန်းမင်တို့သာ ကျန်ခဲ့သည်။
ကျန်းယွင်ရွှယ်က ထလာပြီး မနက်ခင်း ကျန်းယွင်ကျူး မနက်စာအတွက် ဘာလုပ်မည်ကို မေးချင်လာခဲ့သည်။ သို့သော် မည်သူ့ကိုမှ မတွေ့ရချေ။ ထို့ကြောင့် သူမက ခြံဝင်းထဲတွင် ရပ်ကာ အော်လိုက်လေသည်။
“ဒီဖက်မှာ”
ကျန်းယွင်ကျူးက ပြန်လာခဲ့၏။ သူမက လှည့်ထွက်လာပြီး အနောက်ဖက်ခြံသို့ လျှောက်လာခဲ့လိုက်လေသည်။
“မိန်းကလေးကျန်း ကျွန်တော် ခုနက ပြောတဲ့စကားကလေ ကျွန်တော် တကယ်ပြောတာပါ”
သူမနောက်က ရှန်ဖုန်းမင်က ပြောလိုက်လေသည်။
ကျန်းယွင်ကျူးမှာ ထပ်ပြီး ရင်ခုန်သွားတော့သည်။ သူက အတည်ပြောတာတဲ့။ သူ့စကားလေးနက်မှုက မသိသာသည်တော့ မဟုတ်ပေ။
သူမ၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ဝင်လာတော့သည်။ ရွှေ၊ အိမ်ရာ.....
သို့သော် ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားလေသည်။ တကယ်တော့ သူမ ဘာမှလုပ်ခဲ့တာလည်း မဟုတ်ပါဘူးလေ။ သူမက ဒီအတိုင်း သူ့ကို ရက်ပိုင်းလောက်ပဲ ဂရုစိုက်ပေးခဲ့တာ။ တစ်ဖက်လူက အဲလိုပြောပေမဲ့ သူမက အလွန်အကျွံတောင်းဆိုလိုက်ရင်....
ထားလိုက်ပါလေ။ သူမက အခု စားသောက်ဆိုင်တစ်ဆိုင်လည်း ဖွင့်နေပြီပဲ။ သူမ အလုပ်ကြိုးစားရင် မကြာခင် လိုချင်တဲ့ဘဝမှာ နေနိုင်တော့မှာပါ။
ထိုသို့ စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူး၏စိတ်သည် တည်ငြိမ်သွားတော့သည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်ပေါ်လာခဲ့သည်။
လူတစ်ယောက်ရဲ့လောဘက ဆင်တစ်ကောင်ကို မျိုချင်တဲ့ မြွေတစ်ကောင်လိုပဲ။ လက်မတင်လေးပဲ။ အန္တရာယ်များလွန်းလိုက်တာ။
“အစ်မ ညီမလေးတို့ မနက်စာဘာလုပ်မှာလဲ၊ ညီမလေးက အစ်မကို ကူညီပေးမယ်လေ”
ကျန်းယွင်ရွှယ်က ပြောလိုက်သည်။
“စား.....”
ကျန်းယွင်ကျူးသည် သူမ၏နွားနို့ပုံးက ရှန်ဖုန်းမင်၏လက်ထဲတွင် ကျန်နေခဲ့သည်ကို သတိရသွားတော့သည်။
သည်အခိုက်တွင် ရှန်ဖုန်းမင်က နွားနို့ပုံးကို သယ်ကာ ထွက်လာခဲ့၏။
“ မိန်းကလေးကျန်း” သူက ပြောလိုက်သည်။
“ ကျွန်မအတွက် မီးဖိုထဲမှာ သွားထားပေးလို့ရမလား”
ကျန်းယွင်ကျူးက ရှန်ဖုန်းမင်သာ တစ်ခုခု လုပ်ပေးနိုင်ခဲ့လျှင် သူမအပေါ် အကြွေးတင်ဟု ခံစားရမည် မဟုတ်ဟု ထင်မိလိုက်သည်။
“အင်း”
ရှန်ဖုန်းမင်က လက်ခံလိုက်ပြီး နွားနို့ပုံးကို မီးဖိုဆောင်ထဲတွင် သွားထားပေးလိုက်လေသည်။
“ဒါက ဘာလဲဟင်”
ကျန်းယွင်ရွှယ်က ရေပုံးထဲက အရာကို သိလိုစိတ်ဖြင့် ကြည့်လိုက်လေသည်။ အဖြူရောင် ဖြစ်ပြီးတော့ ရေဟောင်းနဲ့ တူနေသလိုပဲ။ နည်းနည်း....
“နွားနို့” ကျန်းယွင်ကျူးက ပြုံးပြလိုက်သည်။
“နွားနို့” ကျန်းယွင်ရွှယ်သည် မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။ ဒီလိုဟာမျိုးက နွားပေါက်လေးတွေ စားတဲ့ဟာမလား။
“ နောက်ကျရင် သိလာလိမ့်မယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။
“အစ်မ အရသာရှိတဲ့အစားအသောက်လုပ် မလို့လား”
မီးဖိုဆောင်ထဲသို့ ဘယ်အချိန်က ရောက်လာမှန်း မသိသည့် ကျန်းလင်က ကျန်းယွင်ကျူးကို စိတ်လှုပ်ရှားကာ မေးလိုက်လေသည်။
“ မြန်မြန် မျက်နှာသွားသစ်ကြ၊ ပြီးရင်း အစ်မကို မီးမွှေးကူနော်” ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
“ ဟုတ်”
ကျန်းလင်က ပြေးထွက်သွား၏။ ထို့နောက် သူသည် မြန်မြန်ပြန်ရောက်လာပြီး မီးမွှေးလိုက်လေသည်။
ကျန်းယွင်ရွှယ်ကလည်း ကူညီပေးနေသည်။ ခဏအကြာတွင် ကျန်းဝူက ရောက်လာလေသည်။ မီးဖိုဆောင်မှာ ချက်ချင်းဆိုသလို အသက်ဝင်လာတော့သည်။
နို့နည်းနည်းကို အိုးထဲလောင်းထည့်လိုက်၏။ ချက်ပြုတ်နေရင်း ကျန်းယွင်ကျူးက ဗီဒိုထဲတွင် လှန်လှောရှာဖွေလိုက်သည်။ ဟုတ်ပြီ။ မနေ့ချက်က ချက်ထားတဲ့အထဲက ကျန်တဲ့ ပဲနီတွေကို တွေ့ပြီ။ ဒီပဲနီတွေက ကျက်ပြီးသားဆိုတော့ အချိန်ကုန်သက်သာတယ်။
ရေထဲသို့ ကော်မှုန့်နှင့် ကောက်ညှင်းမှုန့်များ အချိုးအတိုင်း လောင်းထည့်လိုက်ပြီး ညက်သွားအောင် မွှေလိုက်သည်။
နောက်ထဲ ဒယ်အိုးတစ်ခုကို ပြင်ဆင်ထားလိုက်သည်။ အထဲတွင် ဟင်းချက်ဆီတစ်လွှာလောက် သုတ်လိုက်သည်။
သည်အချိန်တွင် နို့က ပွက်ပွက်ဆူလာခဲ့သည်။ ပျစ်နေသည့် ကောက်ညှင်းမှုန့်အရည်ကို နို့ထဲ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပြီး အဆက်မပြတ် မွှေလိုက်ပြီးနောက် သကြားထည့်လိုက်လေသည်။
နို့က တဖြည်းဖြည်း ပိုပျစ်လာခဲ့သည်။ သည်အချိန်တွင် ပဲနီကို ထည့်လိုက်သည်။
ခဏလောက် မွှေပေးလိုက်ပြီး အသင့်ဖြစ်လုနီးနီး ဖြစ်သွားခဲ့သည်။ ဒယ်အိုးထဲသို့ နို့ကို လောင်းထည့်လိုက်ပြီး အပြင်ထုတ်ကာ အအေးခံထားလိုက်သည်။
အခုချိန်ထိ ရာသီဥတုက အလွန်အေးနေလေသည်။ ခဏအကြာတွင် ဒယ်အိုးထဲက အရာများသည့် နို့နှစ်ရောင်အဖြူရောင် အနှစ်တုံးလေးများအဖြင့် ပျစ်ခဲသွားတော့သည်။
ထိုအရာကို ဒယ်အိုးထဲ ထုတ်လိုက်ပြီး ဓားတစ်ချောင်းဖြင့် အတုံးငယ်လေးများဖြစ်အောင် လှီးလိုက်ပြီး ပန်းကန်ပြားပေါ် တင်ထားလိုက်သည်။ နို့ပဲနီမုန့်တစ်ပန်းကန်က အသင့်ဖြစ်သွားတော့သည်။
အချောသပ်ပြီးသွားသည့် ပစ္စည်းသည် နို့နှစ်ရောင်ရှိပြီး အောက်ဖက်တွင် ပဲနီးများ ဝါးတားတား ပေါ်လေသည်။
“ စားကြည့်” ကျန်းယွင်ကျူးက ပြောလိုက်သည်။
ကျန်းလင်နှင့် တခြားသူများက ဆက်ပြီးမနေနိုင်တော့ပေ။ သကြားထည့်ပြီးကတည်းက သည်မုန့်ကသည် အနံချိုချိုလေးတစ်ခု ထွက်လာပြီး သွားရည်ကျလာစေတော့သည်။
သို့တိုင် သူတို့က ပြောလိုက်၏။
“အစ်မလည်း စားလေ”
ကျန်းယွင်ကျူး လုပ်ထားသည့်အရာဖြစ်သဖြင့် ကျန်းယွင်ကျူးက အရင်ဆုံး စားရမည်မှာ သဘာဝပင်။
ကျန်းယွင်ကျူးက တစ်ပိုင်းကို ညှပ်လိုက်လေသည်။ သို့သော် ရှန်ဖုန်းမင် ရှိနေသည်ကို တွေ့လိုက်ရာ သူမက မေးလိုက်လေသည်။
“လူကြီးမင်းရှန် ရှင်ရော မြည်းကြည့်မလား”
“ဟုတ်ကဲ့” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။
ကျန်းယွင်ကျုးသည် တုံ့ဆိုင်းသွားပြီးမှ သူမလက်ထဲက အပိုင်းတစ်ပိုင်းကို သူ့အား လှမ်းပေးလိုက်သည်။
ရှန်ဖုန်းမင်သည် လက်ဆေးထားပြီးဖြစ်သည်။ သူက လက်ဖြင့် လှမ်းယူလိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
“ဘယ်လိုလဲ”
ကျန်းယွင်ကျူးက မေးလိုက်၏။ ရှမင်းဆက်က အထက်တန်းသားတချို့သည် အစားအသောက်အတွက် နွားနို့ကို အသုံးပြုကြမှန်း သူမ သိထားလေသည်။ ထို့ကြောင့် သည်နို့ပဲနီမုန့်က ရှန်ဖုန်းမင်အတွက်တော့ ထူးခြားချင်မှ ထူးခြားပေမည်။
“နည်းနည်းချိုတယ်၊ ဒါပေမဲ့ အရသာရှိတယ်”
ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။ ထို့နောက် သူက ကျန်သည့်မုန့်တစ်ဝက်ကို သူးပါးစပ်ထဲ ထည့်လိုက်လေသည်။ သူ့မျက်လုံးထဲတွင် အလင်းတန်းများ ဖြစ်သွားတော့သည်။
“ အရသာရှိတယ် အစ်မ၊ မြန်မြန်စားကြည့်”
ကျန်းဝူက မုန့်တစ်တုံးကို ကိုင်မြောက်ကာ ကျန်းယွင်ကျူးကို ပြောလိုက်၏။
“ မောင်လေး စားနော်၊ ဒီမှာ အများကြီး ရှိသေးတယ်”
ကျန်းယွင်ကျူးက မုန့်တစ်တုံးကို သူမ၏ပါးစပ်ထဲ ထည့်လိုက်လေသည်။ သကြားထည့်ထားပြီး ကျက်အောင် လုပ်ထားသဖြင့် မုန့်က ညှီနံ့လုံးဝ မထွက်ပေ။ နို့နံ့သင်းသင်းလေးတစ်ခု ကျန်နေလေသည်။ ပဲနီ၏အချိုအရသာနှင့် ပေါင်းလိုက်သောအခါ တော်တော်လည်း အရသာရှိသွားတော့သည်။
မုန့်၏အရသာကလည်း ကောင်းမွန်ပြီး နူးညံ့ကာ အိစက်နေသည်။
သူမက နေ့လယ်ခင်းတွင် သည်အချိုပွဲကို ထည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သေချာပေါက် ရောင်းကောင်းမှာပဲ။
...