အခန်း(8)
သူမရဲ့သားက သူမ ရိုက်သမျှကို ငြိမ်ခံရင်း အော်ဟစ်နေတာကိုမြင်တော့ မဒမ်လီတစ်ယောက် ရုတ်တရက် ပြန်လည်လန်းဆန်းလာကာ သူမရဲ့လက်ကိုင်တုတ်ကို ဘေးသို့ဖယ်ထားလိုက်ပြီး သုံးလက်မအရွယ် ရွှေကြာပန်းပုံထွင်းထားတဲ့ဆေးတံကို ကောက်ယူလိုက်ပြီး ဆေးရွက်ထည့်ပြီး မီးညှိကာသောက်လိုက်တယ်။ ထို့နောက် လီမူလင်းကို စိုက်ကြည့်ပြီး မေးလိုက်ပြန်တယ်။
“ငါ မင်းကို ဘာအတွက် ပြုစုပျိုးထောင်ခဲ့တယ်လို့ထင်လဲ? မင်း ငယ်ငယ်တုန်းကကျတော့ အမေဖြစ်သူကို အမြဲတမ်း စိတ်ပူရအောင်လုပ်ခဲ့တယ်.. မင်း ကြီးပြင်းလာပြန်တော့လည်း သားသမီးဝတ္တရားကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကိုတောင်မသိဘဲ တစ်နေ့တည်းနဲ့ အစအနပျောက်သွားခဲ့တယ်..
မင်းရဲ့အကြီးဆုံးအစ်ကို နှစ်တွေအများကြီး ပြန်မလာဖြစ်ဘူးဆိုတာက စစ်ပွဲကြောင့်ပဲ.. နောက်ပိုင်း စစ်ပွဲပြီးသွားတဲ့အချိန်ကျတော့ သူက ဖူကျင်းကို တာဝန်ကျဖို့ အပို့ခံလိုက်ရတာ.. သူသာ ပေရှားဆီကိုပြန်လာချင်တယ်ဆိုရင် နိုင်ငံကြီးတစ်ခုလုံးကိုဖြတ်သန်းလာမှသာ ရောက်နိုင်မှာ.. သူ့ဆီမှာ တကယ်ကို ပြန်လာဖို့အတွက် နည်းလမ်းမရှိဘူး.. ဒါကြောင့် ငါ သူ့ကို အပြစ်မတင်ဘူး.. ဆိုတော့ မင်းမှာရော ဘယ်လိုအကြောင်းပြချက်မျိုးရှိလဲ”
ထိုသို့ မေးခွန်းမျိုး အမေးခံရတဲ့အချိန်မှာ လီမူလင်ရဲ့ မျက်လုံးမှ မျက်ရည်တွေက မထိန်းနိုင်တော့ပဲ ကျဆင်းလာခဲ့ရတယ်။ ဒီလိုမျိုး နှစ်တွေအများကြီးအတောအတွင်းမှာ ကျန်းချွမ်ဟွားက အလုပ်အကိုင်၊ သူမရဲ့ကိုယ်ဝန်နဲ့ ကလေးတွေကို အကြောင်းပြချက်အဖြစ်သုံးပြီး သူ့ကိုအိမ်မပြန်နိုင်အောင် ဆွဲထားခဲ့တယ်။
ဒါပေမယ့် သူ့အနေနဲ့ တခြားလူကိုလှီးလွှဲပြီး မပြောချင်ဘူး။ ပြောရမယ်ဆိုရင် ကျန်းချွမ်ဟွားက မကောင်းခဲ့တာဖြစ်နေရင်တောင် အဓိက တာဝန်ရှိတဲ့သူကတော့ သူကိုယ်တိုင်ပဲမလား။
သူမရဲ့ အသက်သုံးဆယ်ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ သားဖြစ်သူက သူမရဲ့ဘေးမှရပ်ပြီး နီရဲနေတဲ့မျက်ဝန်းတွေနဲ့မျက်ရည်သုတ်နေရတာကိုမြင်တော့ မဒမ်လီက မပျော်ရွှင်နိုင်တော့ဘူး။ သူမက ဆေးလိပ်ကိုနှစ်ဖွာလောက်ရှူရှိုက်လိုက်ပြိး ပြောလိုက်တယ်။
“မင်းလည်း အခု အဖေတစ်ယောက်ဖြစ်နေပြီပဲလေ.. ငါအမများကြီးပြောနေစရာမလိုလောက်ပါဘူး.. မင်းလည်း အခုဆိုရင် တွေးတောတတ်နေလောက်ပြီလို့ ထင်ပါတယ်”
“ကျွန်တော်သိပါပြီ.. ကျွန်တော် နားလည်ပါပြီ!”
လီမူလင်း သူ့ရဲ့မျက်နှာပေါ်မှ မျက်ရည်တွေကို သုတ်လိုက်ပြီး ခေါင်းအထပ်ထပ်ညိတ်လိုက်တယ်။ ထို့နောက် မဒမ်လီရဲ့ ချိုင်းထောက်ကို တစ်ချက်ခိုးကြည့်ကာ သတိအနေအထားနဲ့ အရှေ့သို့ တစ်လှမ်းတိုးလိုက်တယ်။
“အမေ ကျွန်တော် မနှစ်တုန်းက အိမ်တစ်လုံးဝယ်လိုက်နိုင်ပြီ.. ပင်းချန်ကို ကျွန်တော်နဲ့ခဏလောက်နေဖို့ လိုက်ခဲ့ပါလား”
“မသွားဘူး!”
မဒမ်လီက သားဖြစ်သူကို မျက်လုံးလှိမ့်ပြီး ကြည့်ရင်း ပြောလိုက်တယ်။
“မနှစ်တုန်းက မင်း စာရေးပို့လိုက်တဲ့အချိန် တုန်ဇီကို စာပြန်ခိုင်းတုန်းက ငါ မပြောခဲ့ဘူးလား? ငါ ဘယ်ကိုမှမသွားဘူး.. ဒီမှာပဲနေချင်တယ်.. အိမ်က ငါ့အတွက်သက်သောင့်သက်သာအရှိဆုံးနေရာပဲ!”
မဒမ်လီက ဆေးလိပ်ပြာတွေကို ပြာခွက်မှာ အသာခါလိုက်ပြီး ဆေးတံကို ခန်ပေါ်မှာ တတောက်တောက်မြည်အောင်ခေါက်လိုက်တယ်။
“ဒါ့အပြင် မင်းရဲ့ ဒုတိယအစ်ကိုနဲ့ ဒုတိယ မရီးက သားသမီးဝတ္တရား သိတတ်ကျေပွန်လွန်းတဲ့သူတွေပဲ.. ငါ သူတို့နဲ့ဆိုရင် နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေရတယ်.. မင်းတို့နှစ်ယောက်က မင်းရဲ့ဒုတိယအစ်ကိုနဲ့ မရီးတို့တွေထက် ပိုကောင်းအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ထင်လို့လား”
ထိုစကားကိုပြောရင်း မဒမ်လီက သူမလက်ထဲက ဆေးတံကို ခန်ပါ်သို့”ဒေါင်ခနဲ”မြည်အောင်ခေါက်ချလိုက်တော့ ကျန်းချွမ်ဟွားက ထိတ်လန့်သွားခဲ့ပြီး မသိစိတ်အရ ခေါင်းခါလိုက်မိတယ်။
မဒမ်လီက သူမရဲ့ပုံစံကြောင့် ရယ်ချင်သွားရပြီး ဆေးတံကိုကိုင်ရင်း ကျန်းချွမ်ဟွားကို လက်ညိုးထိုးကာ လီမူလင်းကိုပြောလိုက်တယ်။
“ကြည့်စမ်း မင်းမလုပ်နိုင်ဘူးဆိုတာကို မင်းရဲ့ဇနီးသည်က ဝန်ခံနေပြီ.. ငါ မင်းဆီက ဒီလိုကြားရတာ မင်းကိုယ်စားတောင် ရှက်မိတယ်”
လီမူလင်းက တစ်နေ့ခင်းလုံး ရိုက်နှက်ခံရလိုက်၊ ဆူပူကြိမ်းမောင်းခြင်း ခံရလိုက်နဲ့ ပြင်းထန်စွာ နှိပ်စက်ခံထားခဲ့ရတာလေ။ ဒါကို သူ့ရဲ့ဇနီးဖြစ်သူက မီးထဲသို့ လောင်စာထည့်ပြီး ပလက်ဖောင်းကို ပြန်ဖြိုချင်နေကာ သူ့ကို နောက်တစ်ကြိမ် ချောက်ထဲကိုတွန်းချနေပြန်ပြီ။
လီမူလင်းက ကျန်းချွမ်ဟွားကို စိုက်ကြည့်လိုက်ပြီး ခေါင်းကိုပြန်လှည့်ကာ အမေ ဖြစ်သူကို ကမန်းကတမ်း ပြန်ချော့ရပြန်တယ်။
“အမေက ပင်းချန်ကို မသွားချင်ဘူးဆိုရင်လည်း အခုကစပြီး ကျွန်တော် တစ်နှစ်ကို နှစ်ကြိမ်ပြန်လာပြီးတွေ့ပါ့မယ်”
မဒမ်လီက မောက်မာစွာနဲ့ နှာမှုတ်လိုက်တယ်။
“မင်းမလာချင်ရင် လာနေစရာမလိုဘူး .. မင်းတို့ပြန်မလာရင် အစားအစာတွေတောင် ပိုပြီးစုဆောင်းနိုင်သေးတယ်”
လီမူလင်းက သူ့ရဲ့ အမေအိုရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။
“အမေပြောတ တရားနည်းလမ်းကျပါတယ်.. ဒါမှမဟုတ် အမေစိတ်ကျေနပ်သွားအောင် ကျွန်တော့်ကို နှစ်ကြိမ်လောက်ထပ်ရိုက်လိုက်လေ”
မဒမ်လီက သူမရဲ့ ဆေးလိပ်ပြာခွက်ကို မြှောက်လိုက်လိုက်တော့ လီမူလင်းရဲ့ လည်ပင်က နောက်သို့ကျုံ့ဝင်သွားပြီး မျက်လုံးတွေကို ပိတ်ဆို့လိုက်မိကာ အရိုက်ခံဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။
ကျန်းချွမ်ဟွားကတော့ အလွန်ထိတ်လန့်သွားခဲ့ မလှုပ်ရဲတော့ဘူး။ သူမရဲ့နှလုံးသားထဲမှ နတ်ဆိုးလေးကတော့ တုန်ယင်နေပြီဖြစ်ကာ ထောင့်အစွန်းမှာကပ်ပြီး တုန်ယင်နေခဲ့ပြီ။
သူမက အမျိုးသမီးအချင်းချင်း ရန်ဖြစ်ရင်း လမ်းပေါ်ထွက်ကျိန်ဆဲဖို့အတွက်တောင် စိတ်ထဲမှာ တွေးထားခဲ့တာလေ။ အခုလို ပုံမှန်မဟုတ်တဲ့အရာတွေ ဘယ်လိုဖြစ်လာရတာလဲ။ ဒါက အစတုန်းက သူမတွေးထင်ထားတာနဲ့ မတူတော့ဘူး။
မဒမ်လီက ဆေးလိပ်ပြာခွက်ကိုမြင့်မြင့်မြှောက်လိုက်ပြီးမှ အောက်သိုအသာပြန်ချကာ သူမရဲ့သားဖြစ်သူရဲ့ခေါင်းကို ညင်သာစွာပွတ်ပေးလိုက်တယ်။
“လာခဲ့.. မင်း ဟန်ဆောင်နေရတာကို မရှက်ဘူးလား.. မင်းနာကျင်မှာကို မကြောက်ရင်တောင် ငါကတော့ ငါ့ရဲ့ဆေးလိပ်ပြာခွက် ကွဲသွားမှာကိုကြောက်တယ်.. ဒါက ငါတို့မိသားစုရဲ့ အမွေအနှစ်ရတနာပစ္စည်းပဲ”
လီမူလင်းက ဆေးလိပ်ပြာခွက်နဲ့ ခေါက်ထားလို့ အဖြူရောင်ပြောင်းနေတဲ့ ခန်ရဲ့အစွန်းကို တစ်ချက်ကြည့်လိုက်ပြီး တီးတိုးလေး ရေရွက်လိုက်တယ်။
“ခန်ရဲ့ ထောင့်ကို ခေါက်တဲ့အချိန်ကကျတော့ ကွဲသွားမှာကို ဘာလို့မကြောက်တာလဲ”
“မင်း ဘာပြောလိုက်တာလဲ?”
မဒမ်လီက ဆေးလိပ်ပြာခွက်ကို ပြန်ယူလိုက်ပြီး သူ့ရဲ့ခေါင်းကိုပြာခွက်နဲ့အသာထိလိုက်တယ်။
လီမူလင်းက အလျှင်အမြန် ရယ်မောလိုက်ပြီး
“ကျွန်တော်ပြောတာက ကျွန်တော့်ရဲ့အမေအတွကာ စီးကရက် ယူလာခဲ့တယ်.. နောက်ကျရင် စမ်းသောက်ကြည့်လေ.. ဒီစီးကရက်က အမေ့ရဲ့ ဆေးရွက်ကြီးတွေထက်တော်တော်လေးကောင်းတယ်”
“ အဲလိုအရာတွေကို စိတ်မဝင်စားဘူး.. မင်းဘာသာသောက်လိုက်”
မဒမ်လီက နှာမှုတ်ရင်း နောက်ဆုံးတော့ ကျန်းချွမ်ဟွားဘက်ကိုလှည့်ကြည့်လိုက်တယ်။
“လေးယောက်မြောက်သားရဲ့ဇနီး”
“ရှိပါတယ်!”
ကျန်းချွမ်ဟွားရဲ့ ခွေးခြေပေါ်မှာထိုင်နေတဲ့ ခြေထောက်တွေက တုန်ယင်သွားရတယ်။
မဒမ်လီက ကြင်နာတဲ့မျက်နှာထားနဲ့ ပြောလာတယ်။
“မင်းက လက်ထပ်ပြီးတဲ့အချိန်မှာ အိမ်ကိုလိုက်မလာခဲ့ဘူး.. မူလင်းက မင်းတို့မိသားစုအိမ်ရဲ့အခြေအနေအကြောင်းကို စာထဲမှာ ထည့်ရေးခဲ့တယ်.. မင်းတို့ရဲ့အခြေအနေကိုပြောထားတဲ့ပုံအရ ငါ့က မင်းတို့ရဲ့မိဘတွေနဲ့တွေ့ဖို့ ပင်းချန်ဆီကိုလိုက်လာသင့်တယ်ဆိုပေမဲ့ ..
မင်းမြင်တဲ့အတိုင်း ငါ့မှာ ခြေတံတိုတိုတွေပဲရှိတာ.. ငါက အဝေးကြီးကိုသွားနိုင်တာမဟုတ်လို့ မင်းဆီကို မလာနိုင်ခဲ့ဘူး.. ဒီတော့ မင်းရဲ့မိဘတွေကို ငါက တမင်စော်ကားချင်တဲ့စိတ်နဲ့ မလာခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြောပေးပါဦး”
ကျန်းချွမ်ဟွားက သူမရဲ့နဖူးပေါ်မှ ချွေးတွေကို အင်္ကျီလက်စနဲ့ သုတ်လိုက်ပြီး အပြုံးတစ်ခုကို ဖြစ်ညှစ်ထုတ်လိုက်ရတယ်။
“ဒါ... ဒါက အဲလောက်ထိ တွေးနေစရာမလိုပါဘူး...”
မဒမ်လီ ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ မင်တို့ထွက်သွားတဲ့အချိန်ကျရင် ယူသွားဖို့အတွက် လက်ဆောင်နည်းနည်းလောက် ပြင်ဆင်ထားလိုက်မယ်.. မင်းရဲ့မိဘတွေအတွက် ပြန်ယူသွားပေးနိုင်မလား.. ငါက ငါ့ရဲ့ခမည်းခမက်တွေကိုမမြင်ဖူးဘူးဆိုပေမဲ့ပေါ့”
ကျန်းချွမ်ဟွားက လီမူလင်းဆီကို ဆုံးရှုံးသွားရသလိုမျိုး တစ်ချက်ကြည့်လိုက်တော့ လီမူလင်းက ပြုံးပြီးပြောလိုက်တယ်။
“အမေ ကျွန်တော်တို့ အိမ်ထောင်ကျတာက နှစ်အတော်ကြာနေပြီလေ...”
“ တခြားလူတွေက ငါတို့မိသားစုကို ယဥ်ကျေးမှုမရှိဘူးလို့ ပြောလာမှာကို မခံနိုင်ဘူး”
မဒမ်လီက သားဖြစ်သူရဲ့စကားကို ဖြတ်ပြောလိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာတော့ ရွဲ့စောင်းလိုတဲ့ အရိပ်အယောင်တွေရှိနေခဲ့တယ်။
“ဒါက မင်းရဲ့အမေ မင်းရဲ့လက်ထပ်ပွဲအတွက် ကြိုတင်ပြင်ဆင်ပေးခဲ့တဲ့ ပိုက်ဆံပဲ.. မင်းရဲ့အစ်ကိုတွေလည်း ဒီလိုမျိုး အတူတူရခဲ့တယ်.. ဒါက မင်းရဲ့ဝေစုပဲ.. ဒါပေမယ့် မင်းက မင်္ဂလာပွဲကိုပင်းချန်မှာလုပ်ခဲ့ပြီး အိမ်ကိုပြန်မလာခဲ့တဲ့အတွက် မပေးရသေးတာ”
သူမက အနောက်ကိုလှည့်ကြည့်ပြီး သူမရဲ့အိပ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်တယ်။ ထိုလက်ကိုင်ပုဝါကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ပိုက်ဆံတစ်လိပ်ရှိနေခဲ့လေတယ်။
“မင်းရဲ့လက်ထပ်ပွဲအတွက် ပိုက်ဆံက ဇနီးသည်မိသားစုက အကုန်အကျခံခဲ့တာလား.. ပြန်သွားရင် ဒါကိုသူတို့ဆီပြန်ပေးလိုက်ပါ”
လီမူလင်းက ထိုပိုက်ဆံတွေကို ပြန်တွန်းပေးလိုက်တယ်။
“အဲဒါက အလုပ်လုပ်ရင်း စုဆောင်းထားခဲ့တဲ့ ပိုက်ဆံတွေပါ.. နောက်ပြီး နောက်ထပ်လိုအပ်တဲ့ပိုက်ဆံတွေကို လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ချေးငှားခဲ့တာ.. ဒါပေမယ့် အကုန်ပြန်ပေးခဲ့ပြီးပါပြီ.. အမေ.. ဒီပိုက်ဆံကို ပြန်ယူလိုက်ပါ.. ကျွမ်တော်က အလုပ်ကနေ ပိုက်ဆံတွေရနိုင်နေပါပြီ.. ကျွန်တော်ကသာ အမေကို နှစ်တွေအများကြီး လုပ်ကျွေးပြုစုဖို့ ပျက်ကွက်ခဲ့တာ.. ကျွန်တော်ကပဲ အမေ့ကို ပိုက်ဆံပေးသင့်တဲ့သူလေ”
“ပေးသင့်တဲ့အရာကတော့ ပေးရမှာပဲလေ!”
မဒမ်လီက သားဖြစ်သူထပ်မငြင်းနိုင်အောင်လို့ သူ့ရဲ့လက်ထဲသို့ ပိုက်ဆံကိုတွန်းထည့်ပေးလိုက်တယ်။
“ငါ့ရဲ့ဘဝမှာ တခြားလူတွေဆီကနေပြောစရာဖြစ်အောင် ဘာမှမလုပ်ခဲ့ဘူး.. ဒီပိုက်ဆံက ငါ့ရဲ့သား ဇနီးတစ်ယောက်ကို လက်ထပ်ယူဖို့အတွက် တင်တောင်းငွေပဲ.. ဒါကိုသာမပေးခဲ့ဘူးဆိုရင် သားဖြစ်သူရဲ့မင်္ဂလာပွဲကို မိဘတွေကသဘောမတူဘူးလို့ အပြင်လူတွေ ပြောလာလိမ့်မယ်”
လီမူလင်း ထိုအကြောင်းကိုတွေးတောပြီးနောက် သူ့အမေဆီမှ ပိုက်ဆံကို လက်ခံလိုက်တယ်။
“ကောင်းပါပြီ .. ဒါပေမယ့် ကျွန်တော်ပြန်တော့မဲ့အချိန် အမေအတွက်ယူလာတဲ့ ပင်စင်ပိုက်ဆံကိုတော့ လက်မခံပဲပြန်ပေးလို့မရဘူး”
“ပြန်မပေးပါဘူး”
မဒမ်လီက ဆက်ပြောလိုက်တယ်။
“မင်းရဲ့အစ်ကိုကြီးတောင် နှစ်တိုင်း ပိုက်ဆံပြန်ပို့တယ်.. မင်းရဲ့ဒုတိယအစ်ကိုက ငါ့အတွက် စားစရာတွေနေစရာတွေ ထောက်ပံ့ပေးနေပြီး ငါက သူ့ကိုမှီခိုနေရတယ်.. ငါ သူ့ကိုပဲ ဒူက္ခပေးနေလို့မရဘူး မင်း သူ့ကိုနည်းနည်းလောက်ထောက်ပံ့ပေးသင့်တယ်”
“အမေပြောတာ မှန်ပါတယ်”
လီမူလင်းက က ခေါင်းညိတ်ပြလာတယ်။
“တကယ်တော့ ကျွန်တော် လစာရဲ့ တစ်စိတ်တစ်ပိုင်းကို လတိုင်းထုတ်ယူပြီး အမေ့အတွက် စုဆောင်းထားခဲ့တယ်”
ထိုစကားကိုကြားသောအခါ ကျန်းချွမ်ဟွားရဲ့ မျက်လုံးတွေပြူးကျယ်သွားရပြီး လီမူလင်းကို လက်ညိုးထိုးကာပြောလာတယ်။
“ရှင် ဘယ်လိုလုပ်ပြီး သီးသန့်ငွေကို သိမ်းထားရဲတာလဲ”
လီမူလင်းက သူ့ရဲ့ဇနီးသည်ကို တည်ငြိမ်စွာကြည့်လိုက်တယ်။
“မများပါဘူး.. မင်း ငါ့ရဲ့ယောက္ခမကို လစဉ်ဘယ်လောက်ပေးလဲ..ငါလည်း ငါ့အမေအတွက် အတူတူချန်ထားပေးခဲ့တာ”
ကျန်းချွမ်ဟွား သတိလက်လွတ်နဲ့အော်ဟစ်လိုက်မိတယ်။
“မတူဘူးလေ!”
“ဘာလို့ မတူတာလဲ.. စတုတ္ထချွေးမ ..ဒီမှာမင်းရဲ့အမေနဲ့ လာထိုင်ပြီး မင်းရဲ့အမေကိုလာပြောပါဦး”
မဒမ်လီက ရုတ်တရက် ပြုံးပြလာပြီး ကျန်းချွမ်ဟွားကိုလက်ယပ်ခေါ်လိုက်တယ်။
ကျန်းချွမ်ဟွားရဲ့မျက်လုံးတွေက မဒမ်လီရင်း ခြေရင်းနားမှာ ထောင်ထားတဲ့လက်ကိုင်ချိုင်းထောက်နဲ့ သူမရဲ့လက်ထဲမှ ဆေးလိပ်ပြာခွက်ကို လှမ်းကြည့်လိုက်မိတယ်။ ထို့နောက်မှာ သူမရဲ့လက်တွေခြေတွေက နောက်တစ်ကြိမ် တုန်ယင်လာရပြန်တယ်။
“အမေ ကျွန်မ ဘာလို့ ဒီမှာပဲဆက်ထိုင်ပြီး မပြောရမှာလဲ”
“ရပါတယ်”
မဒမ်လီက သူမရဲ့ ကိုယ်နေဟန်ထားကို သက်သောင့်သက်သာပုံစံအတိုင်း ချိန်ညှိလိုက်တယ်။
“ဒါဆို ငါ့ကိုပြောလေ ဘာတွေက ကွာခြားလဲ”
**