Ch 1
Viewers 1k

အခန်း(1)

မြောက်ဘက်မှတိုက်ခတ်လာတဲ့ လေတွေက ကြမ်းတမ်းလွန်းပြီး ကောင်းကင်ပေါ်မှ ငန်းမွေးတွေလို ထူထပ်တဲ့နှင်းတွေကိုပါ ခေါ်ဆောင်လာခဲ့တယ်။  လီမိသားစုရဲ့ အမျိုးသမီးကြီးက မီးဖိုခန်းထဲမှာထိုင်ပြီး  မီးဖိုကို ထင်းတွေထပ်ဖြည့်လိုက်ပြီး ဆေးလိပ်ကို တချက်ဖွာရှိုက်လိုက်တယ်။ 




သူမရဲ့မျက်နှာအမူအယာကတော့ ဝမ်းနည်းမှုတွေကို အနည်းငယ်ပြသနေခဲ့တယ်။ ထိုအချိန်မှာပဲ ရုတ်တရက် အဝတ်နဲ့လုပ်ထားတဲ့ ကန်လန့်ကာက မ,တင်ခံလိုက်ရပြီး  လီမင်နန်နှင့် လီမင်ပေတို့က အပြင်ဘက်မှ ဝင်လာကြကာ အေးစက်တဲ့လေနှင့် နှင်းမှုန်များကိုပါအတူ သယ်ဆောင်လာခဲ့ကြတယ်။


မီးဖိုထဲမှာ အဘွားအိုကြီးထိုင်နေတာကို မြင်တော့ လီမင်ပေက သူ့ရဲ့လက်အိတ်အထူကြီးတွေကို မချွတ်ခင်မှာ လှမ်းအော်ပြောလာခဲ့တယ်။


“အဖွား အစ်ကိုနဲ့ ကျွန်တော်က ငါးနှစ်ကောင်တောင်ဖမ်းလာတယ်” 


သူ ပြောပြီးသွားသည်နှင့် မီးဖိုရှေ့မှာထိုင်နေတဲ့ အဘွားကြီးက ထရပ်လာကာ သူ့ရဲ့ဆေးလိပ်ကို ဆေးလိပ်ပြာခွက်မှာ ထည့်ပြီးငြိမ်းသပ်နေရင်း ပြုံးရွှင်စွာနဲ့ပြောလာတယ်။


“တကယ်လား ဒီကိုမြန်မြန်ယူလာခဲ့ ငါ ငါးကို မတွေ့ရတာ အချိန်အတော်ကြာနေပြီ”


လီမင်နန်က လျှော်ကြိုးဖြင့် ချည်နှောင်ထားတဲ့ နှစ်ပေါင်မျှရှိသော ငါးကြင်းနှစ်ကောင်ကို အဖွားလီအား ပေးအပ်လိုက်ပြီး ရေဘူးကို ကောက်ယူကာ ရေတစ်ဝက်လောက် ငဲ့သောက်လိုက်တယ်။


“ဒီနွေရာသီမှာတောင် ဒီလောက်ငါးကြီးကို မဖမ်းမိခဲ့ဘူး” 


မစ္စလီက သူ့လက်ထဲက ငါးနှစ်ကောင်ကို လှည့်ပတ်ကြည့်ရင်း သူမရဲ့ပါးစပ်မှ အပြုံးကို ခက်ခက်ခဲခဲရပ်လိုက်ရတယ်။


“မင်းတို့ရဲ့အမေက မီးဖွားခါနီးပြီ နောက်ပြီး မင်းတို့ရဲ့အစ်ကိုကြီးက စာဖတ်ရတာ ပင်ပန်းနေလောက်ပြီဆိုတော့ ဒီငါးကို သူတို့အတွက် ချက်ပေးရမယ်”


လီမင်ပေခေါင်းညိတ်ပြီးပြောလာတယ်။


“အမေက ဒီတစ်ခေါက် ညီမကို မွေးပေးမှာလား?”


သူမရဲ့မြေးတွေအကြောင်းကိုတွေးမိတော့ မစ္စလီက အနည်းငယ်စိုးရိမ်သွားရပြန်ကာ သက်ပြင်းချလိုက်မိတယ်။


“မိန်းကလေးတစ်ယောက်မွေးလာဖို့ မျှော်လင့်ပါတယ်.. ဆင်းရဲလွန်းတဲ့ အဖိုးကြီးတွေလို စားသောက်နိုင်လွန်းတဲ့ ကောင်လေးတွေကို ကြည့်ရတာ ငါစိတ်ပျက်နေပြီ”


လီမင်ပေ ရယ်မောလိုက်ပြီး လီမင်နန်ကို မီးဖိုရှေ့မှာ အတူဝင်ထိုင်ခိုင်းလိုက်တယ်။  ရုတ်တရက်ဆိုသလိုပဲ ကောင်လေးနှစ်ယောက်က နှာခေါင်းရှုံ့လိုက်မိကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မီးဖိုထဲမှာ ထည့်ဖုတ်ထားတဲ့ အာလူးနှစ်လုံးကို မီးဖိုချိတ်နဲ့ လှမ်းဆွဲထုတ်လိုက်ကြတယ်။ ပြီးနောက် အပူချိန်ကို ဂရုမစိုက်ကြပဲ အလျှင်အမြန် ကောက်ယူပြီး ထပ်ပိုင်းခြမ်းလိုက်ကြလေတယ်။


မစ္စလီ လှည့်ကြည့်လိုက်ချိန်မှာ အာလူးဖုတ်နှစ်လုံးက သူ့မြေးနှစ်ယောက် တစ်ဝက်လောက်စီ စားပြီးသွားပြီဆိုတာကို မြင်တွေ့လိုက်ရလေတယ်။ ပုံမှန်အတိုင်းသာဆိုရင် သူမက စကားအနည်းငယ်လောက် ကြိမ်းမောင်းနေဦးမှာဖြစ်ပေမဲ့  ယနေ့မှာတော့ သူ့မြေးဖြစ်သူတွေက ငါးကြီးနှစ်ကောင်ကို ဖမ်းမိခဲ့တာကြောင့်  သူမ သိပ်ပြီး စိတ်မဆိုးတော့ဘူး။ ထိုအစား သူမက ရယ်မောပြီး ဆူပူသလိုပြောလိုက်တယ်။


“မင်းတို့တွေကတော့လေ.. သွား အနောက်ခန်းကိုပြီးတော့ ကွေ့ဟွားကို ငါးချက်ဖို့ ထွက်လာခိုင်းလိုက်”


ကောင်လေးနှစ်ယောက်က ပြန်ဖြေပြီး အာလူးပူပူကိုလည်း လက်နဲ့ ကိုင်ထားရင်းနဲ့ လှမ်းအော်ခေါ်လိုက်ကြတယ်။


“မရီး  အဖွားက ဟင်းချက်ဖို့ ထွက်ခဲ့ဦးတဲ့”


“ဘာလဲ?”


“ငါးချက်ကြမယ်.. ပြီးရင် ဂေါ်ဖီနဲ့ အာလူးပြုတ်မယ်!” 


မစ္စစ်လီက လက်ကိုင်တုတ်ကို ထောက်ကာ ကျယ်လောင်စွာ အော်ပြောလာတယ်။


လီမိသားစုမှ ကောင်လေးနှစ်ယောက်က ကွေ့ဟွားကို မရီးလို့ ခေါ်ကြပေမယ့် တကယ်တမ်းမှာတော့ ဝူကွေ့ဟွားက လီမိသားစုရဲ့ အကြီးဆုံးသား လီမင်တုန်နဲ့ လက်မထပ်ရသေးဘူး။  


ဝူကွေ့ဟွားရဲ့မိသားစုက မြေယာရှင်မိသားစုကနေ ဆင်းသက်လာတာဖြစ်ပြီး ဆင်းရဲမွဲတေမှုကြောင့် ဘဝက အလွန်ဆိုးရွားပြီး သနားစရာကောင်းခဲ့တယ်။


ကွေ့ဟွားရဲ့ အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ်လောက်မှာ မိသားစုက စားဖို့အတွက်မလုံလောက်တော့တာကြောင့် ထိုကောင်မလေး ကွေ့ဟွားကို စားစရာတစ်ခုခုနဲ့ လဲလှယ်ပြီး ရောင်းချဖို့ စဉ်းစားခဲ့ကြပေမယ့် ထိုရွာမှာရှိနေတဲ့ဘယ်သူကမှ မဝယ်ချင်ခဲ့ကြဘူးလေ။ 


ထိုအချိန် လီမိသားစုရဲ့အဖွားဖြစ်သူက ဆွေမျိုးတွေဆီကိုသွားရင် ဝူမိသားစုအိမ်ရှေ့မှဖြတ်သွားခဲ့တယ်။ ကွေ့ဟွားရဲ့ ရုပ်ရည်ကချောမောပြီး ရွှင်လန်းတက်ကြွတဲ့ကိုယ်ရည်ကိုယ်သွေးရှိကြောင်းကို သူမ မြင်တွေ့ခဲ့တယ်။ လီမိသားစုက ဟိုးအရင်ကတည်းက ကြင်နာတတ်ကြောင်းကို ဝူမိသားစုမှလည်း သိထားတာကြောင့် မိသားစုနှစ်ဖက်ဆွေးနွေးပြီး  ပဲပိစပ်အိတ်တစ်ဝက်ကို ကလေးသတို့သမီးအဖြစ်လဲလှယ်ပေးခဲ့တယ်။ 


အခုချိန်မှာ ကွေ့ဟွားက လီမိသားစုထဲမှာရောက်ရှိနေတာ ဆယ်နှစ်ကြာနေခဲ့ပြီ။ သူမ စရောက်လာချိန်မှာ နှစ်အနည်းငယ်လောက် ကျောင်းကိုလိုက်ခဲ့ပြီး စာလုံးတွေ ဖတ်တတ်ဖို့ သင်ယူခဲ့တယ်။  ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်မှာတော့ စာဆက်မသင်တော့ဘဲ ချက်ပြုတ်၊ လျှော်ဖွတ်ပြီး အိမ်သန့်ရှင်းရေးတွေကိုလုပ်ဖို့အတွက် တာဝန်ယူလာခဲ့တယ်။


မစ္စလီက မီးဖိုအတွင်းရှိ ခွေးခြေခုံလေးပေါ်မှာထိုင်ပြီး ကွေ့ဟွားက ငါးကိုသတ်  အကြေးခွံများကို ဖယ်ရှားပြီး အိုးထဲသို့ ဆီအနည်းငယ်လောင်းထည်းပြီး ချက်လိုက်တာကို ကျေနပ်စွာကြည့်လိုက်ပြီး :  “ဟင်းပွဲက ပိုမွှေးလာပြီ.. တုန်ဇီက အသားငါးတွေမစားဖြစ်တာကြာပြီဆိုတော့ ခံတွင်းတွေ့လိမ့်မယ်”


ကွေ့ဟွားက အသံတိုးတိုးပြုလိုက်ပြီး  သူမရဲ့ ကျစ်ဆံမြီးရှည်ကို အနောက်သို့ ပို့လိုက်ကာ အာလူးများကို သွက်လက်စွာ ဖြတ်တောက်လိုက်ပြန်တယ်။ ထိုအခိုက်မှာပဲ အရှေ့ခန်းဆီမှ နာကျင်စွာအော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး မစ္စလီက ချက်ချင်းထရပ်ကာ သူမရဲ့ လမ်းလျှောက်တုတ်ကိုတောင် ယူဖို့ မေ့သွားခဲ့တယ်။


သူမက အရှေ့ခန်းသို့ရောက်အောင် ခြေလှမ်းသုံးလှမ်းနှစ်လှမ်းစာလောက်ဖြင့်  ပြေးသွားခဲ့ပြီး လှမ်းအော်လိုက်တယ်။


“တုန်ဇီရဲ့အမေ.. အဲဒါလာနေပြီလား အထဲက လှုပ်လာပြီလား”


“အိုး  မင်းက အဲဒါကို သည်းခံနေတာလား.. ဘာလို့ စောစောမပြောခဲ့တာလဲ”


မစ်စ်လီက တစ်ချက်လှမ်းကြည့်လိုက်ပြီးအော်ပြောလိုက်ပြန်တယ်


“မင်ပေ.. မင်းရဲ့ တတိယအဒေါ်ကို လာကူပေးဖို့မြန်မြန်သွားရှာလိုက်”


လီမင်ပေက သူ့ရဲ့ သားရေဦးထုပ်ကို လှမ်းဆွဲပြီး ခေါင်းပေါ်မှာဆောင်းလိုက်ကာ ကုတ်အင်္ကျီကိုအမြန်ဝတ်လျှက် ပြေးထွက်သွားခဲ့တယ်။  မီးဖိုချောင်ထဲမှာရှိတဲ့ ကွေ့ဟွားကတော့ ထိုလှုပ်ရှားမှုကိုကြားလိုက်ရတာနဲ့ ရေတစ်အိုးကို အမြန်ကျိုလိုက်ပြီး ပြင်ဆင်ထားသည့်အရာတွေအားလုံးကို အရှေ့ခန်းထဲသို့ ယူဆောင်လာပေးခဲ့တယ်။


ပေချားခရိုင်က တောင်တန်းများဝန်းရံထားတဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်လေတယ်။ လီမိသားစုသည် မြို့တစ်မြို့ထဲမှာ အတူနေကြပေမဲ့လည်း မြို့အတွင်း နေထိုင်သူ လူဦးရေက သိပ်ပြီးမများများပြားတာကြောင့် အိမ်တွေက သိပ်ပြီးနီးကပ်မှုမရှိဘူး ။ ကံကောင်းထောက်မစွာနဲ့  လီမင်ပေမှာ လျှင်မြန်သော ခြေထောက်တွေရှိတာကြောင့် အားစိုက်ထုတ်စရာမလိုဘဲ တတိယအဒေါ်ရဲ့အိမ်သို့ ရောက်ရှိသွားခဲ့တယ်။


မစ္စစ်လီရဲ့တတိယမချွေးမဖြစ်တဲ့ လျို့ရှို့လန်တစ်ယောက်  ပြောင်းဖူးပြုတ် ပြုတ်နေတုန်းမှာ အဝေးမှခွေးဟောင်သံကို ရရုတ်တရက်ကြားလိုက်ရတယ်။ သူမက နုပ်နုပ်စင်းထားတဲ့ မုန်လာဥထဲကို ငရုပ်ကောင်းဟင်းရည်ထဲသို့ ထည့်ပြီး မွှေရင်းနဲ့ လှမ်းအော်လိုက်တယ်။


“ကွမ်ဇီ.. မင်းရဲ့ဒုတိယဦးလေးတို့ မိသားစုက ရောက်လာလား လှမ်းကြည့်လိုက်ဦး”


လီမင်ကွမ် တံခါးကိုဖွင့်ပြီး ကြည့်လိုက်တော့ လီမင်ပေက သူတို့အိမ်တံခါးကို တွန်းဖွင့်နေတာကို မြင်လိုက်ရတာကြောင့် အမြန်လှည့်ပြီး လှမ်းပြောလိုက်တယ်။


“အမေ ပေဇီ ရောက်နေတယ်” 


“ မင်းရဲ့ ဒုတိယအဒေါ်မွေးတော့မှာဖြစ်ရမယ်”


လျို့ရှို့လန် သူ့အဝတ်တွေပေါ်ကို လက်သုတ်လိုက်ပြီး :


“မင်ရုန် အိုးလာကြည့်လိုက်ဦး.. ငါမင်းရဲ့ မင်းရဲ့ အဖွားအိမ်ဆီ သွားလိုက်ဦးမယ်”


သူမက အလျှင်အမြန်ပြောရင်း မင်ပေရဲ့နောက်သို့ လိုက်သွားခဲ့တယ်။


မစ္စစ်လီရဲ့ ဒုတိယချွေးမ ဝမ်စုဖန်းက ကလေးလေးဦး မွေးထားပြီးဖြစ်တာကြောင့် ယခုအခါမှာ အသက်အရွယ်ကြီးနေပြီဖြစ်ပေမဲ့ မွေးလမ်းကြောင်းက ပိုပြီးမြန်ဆန်စွာ ပွင့်လာခဲ့တယ်။ တတိယမိသားစုမှ လျို့ရှို့လန်ရောက်ရှိလာချိန်မှာ ဝမ်စုဖန်းက မွေးနေတဲ့အချိန်ကိုတောင်ရောက်နေပြီ။


လျို့ရှို့လန်က လက်ကို အမြန်ဆေးလိုက်ပြီး  ဝမ်စုဖန်းရဲ့ ဗိုက်ကိုထိကိုင်ကာ မစ္စလီကိုပြောလိုက်တယ်။


“အမေ.. အနားယူလိုက်ဦး ကျွန်မ ရောက်လာပြီ”


မစ္စလီကလည်း အခြေအနေကို အခွင့်ကောင်းယူပြီး ခန်ပေါ်မှာ တတိယချွေးမအတွက်နေရာပေးရင်း ခေါင်းပေါ်မှချွေးများကိုသုတ်လိုက်တယ်။


“အသက်ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမထုတ်နိုင်တော့ဘူး.. မင်းရဲ့ ဒုတိယယောက်မ မင်ပေကိုမွေးတုန်းကဆို ငါကိုယ်တိုင် ကလေးကို မီးဖွားပေးနိုင်ခဲ့တယ်”


လျို့ရှို့လန်က ဝမ်စုဖန်းရဲ့ဗိုက်ကို တွန်းလိုက်ပြီး :


“ပေဇီက အသက် ရှစ်နှစ်ရှိနေပြီလေ အဲဒါက ဘယ်လောက်တောင်ကြာနေပြီလဲ”


ဝမ်စုဖန်းက ရယ်ချင်ပေမယ့် အင်အားတွေကုန်သွားမှာကို ကြောက်တာကြောင့် နှုတ်ခမ်းကို ဖိကိုက်လိုက်မိကာ လျို့ရှို့လန်က အလျှင်အမြန်ပြောလာတယ်။


“ အိုး ငါ့ရဲ့ခေါင်းကတော့လေ.. ဒုတိယယောက်မ အားပြန်စိုက်လိုက်ဦး နင်လုပ်နိုင်ပါတယ်”


ဝမ်စုဖန်းက အံကိုတင်းတင်းကြိတ်ပြီး  အသက်ရှုအောင့်ကာ အောက်ဘက်ကို အားစိုက်လိုက်တယ်။


သည်းမခံနိုင်လောက်အောင် နာကျင်တဲ့ ဝေဒနာကြောင့် ဝမ်စုဖန်း မထိန်းနိုင်လောက်အောင် ညည်းညူရင်းနဲ့ နဖူးမှ ချွေးများကလည်း ဆံပင်များကိုပါ စိုရွှဲလာကာ မျက်နှာပေါ်မှာ ကပ်လာခဲ့တယ်။


ဝမ်စုဖန်း သူမ ဆက်ပြီး ထိန်းထားနိုင်တော့မှာ မဟုတ်ကြောင်း ခံစားလိုက်ရချိန်မှာပဲ သူမရဲ့ ဝမ်းဗိုက်ထဲမှ ပူနွေးတဲ့ လျှပ်စီးကြောင်းများ လှည့်ပတ်လာသလိုခံစားရပြီး သွေးတွေကလည်း လှည့်ပတ်စီးဆင်းလာကာ ဝမ်စုဖန်းရဲ့ ခွန်အားတွေက တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာပြီး သူမစိတ်ဓာတ်တွေကလည်း ပိုမိုသာမန်လာခဲ့တယ်။


“ဝူး... အူဝဲ... အူဝဲ... “ရွှံ့မြေနဲ့ဆောက်လုပ်ထားတဲ့ အခန်းထဲမှာ အော်ဟစ်ငိုယိုသံတစ်ခုက ပဲ့တင်ထပ်စွာ ပေါ်ထွက်လာပြီး လျို့ရှို့လန်က အနီရောင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ကလေးလေးကို ဆွဲကိုင်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်လေတယ်။


“အမေ ဒုတိယယောက်မက မိန်းကလေး မွေးတာ!”


“တကယ်လား ငါ့ကိုပြဦး!”


မစ္စလီက အနားကို တိုးကပ်လာတော့ လျို့ရှို့လန်က ကလေးကိုအသင့်ပြင်ထားတဲ့ အဝတ်စတွေနဲ့ သုတ်ကာ သန့်ရှင်းရေးလုပ်လိုက်ပြီး အနှီးထဲမှာ ထုတ်ပိုးပြီးမှ မစ္စလီရဲ့ လက်ထဲကို ပေးလိုက်တယ်။


မစ္စတာလီက အနှီးကို အသာလှပ်ကြည့်ကာပျော်ရွှင်စွာပြုံးလိုက်တယ်။ 


“တကယ် မိန်းကလေးပဲ..ငါက သားလေးယောက်ပဲမွေးခဲ့ပြီး  သမီးမရှိပဲနေခဲ့ရတာ အခုတော့ မြေးတွေထဲမှာ မြေးမလေးတစ်ယောက်ပါလာပြီ.. အရင်တုန်းက မင်းနဲ့ မင်းရဲ့ယောက်မတွေကလည်း သားတွေပဲ တစ်ယောက်ပြီး တစ်ယောက်မွေးခဲ့တော့ မြေးတွေထဲမှာတောင် မိန်းကလေးမပါလာနိုင်လောက်တော့ဘူးလို့ထင်ခဲ့တာ”


“ဒုတိယယောက်မရဲ့  ဘဝက ကောင်းလွန်းတယ် အခုဆိုအနာဂတ်မှာ သမီးအတွက်ပါ စဥ်းစားလို့ ရသွားပြီပဲ”


လျို့ရှို့လန် ပြုံးလိုက်ပြီး ဝမ်စုဖန်းကို  သန့်ရှင်းရေး အမြန်လုပ်ပေးလိုက်ကာ လက်တွေကိုဆေးပြီး သူမရဲ့ အနွေးထည်ကို ကောက်ယူလိုက်တယ်။


“အမေ  ဒါဆို အမေ့ကိုပဲ အလုပ်ရှုပ်စေရတော့မှာပဲ.. ကျွန်မ ပြန်လိုက်တော့မယ်”


“မပြန်နဲ့ ဒီမှာပဲစားလိုက်တော့” 


မစ္စစ်လီက သူ့မြေးမလေးကို ပွေ့ချီပြီး မော့မကြည့်ပဲပြောလာတယ်။


“မင်း အခုမှ အိမ်ကိုပြန်ရင် အိုးထဲမှာ ဘာမှ ကျန်တော့မှာမဟုတ်ဘူး.. ဒီနေ့ ကွေ့ဟွားက ဂေါ်ဖီနဲ့ အာလူးတွေကို ပြုတ်ပြီး ငါးစွပ်ပြုတ်ချက်ထားတယ်”


ဝမ်စုဖန်းကလည်း ကုတင်ပေါ်တွင် လဲလျောင်းနေရင်း ဖြောင်းဖြလာတယ်။


“ယဥ်ကျေးနေရအောင်  အပြင်လူတွေမှမဟုတ်တာ..  မောင်နှမတွေအချင်းချင်း ဝင်စားတာက ဘာဖြစ်လို့လဲ”


လျို့ရှို့လန်က မနက်ခင်းကတည်းက ရေအနည်းငယ်သာသောက်ထားရသေးတယ်။ ဒါကြောင့် အခုချိန်မှာ သူ့ဗိုက်က ဆာလောင်လွန်းလို့ တုန်တောင် တုန်ယင်ချင်နေပြီ။ သူမက အမြဲတမ်း ရွှင်လန်းတက်ကြွနေတတ်ပြီး ဝမ်စုဖန်းနဲ့လည်း  ဆက်ဆံရေးကောင်တာကြောင့် ဟန်ဆောင်မနေတော့ဘဲ ပြောလာတယ်။


“ဒုတိယယောက်မကိုပဲ အကုန်အကျခံခိုင်းရတော့မယ်”


“ဘာဖြစ်လဲ?” 


မစ္စလီကဝင်ပြောလာတယ်။


“အတိတ်မှာတုန်းက ဒီလိုပွဲမျိုးသာရှိခဲ့ရင် ငါက အသားတွေပါထုတ်ပြီး ဖက်ထုတ်တွေလုပ်ခဲ့မှာ.. အိုင်းယား ဒါ ငါ့အမှားပါပဲ..  နှစ်တိုင်းက အဆင်ပြေနေတာ မဟုတ်တော့ဘူး.. လွန်ခဲ့တဲ့လအနည်းငယ်လောက်က သီးနှံတွေကလည်း အလုံအလောက်မရရှိခဲ့ဘူး.. ငါသာ မြေယာကိုထပ်ဖွင့်ပြီး အသီးအရွက်တွေထပ်မစိုက်ရင် ဗိုက်မပြည့်မှာကိုတောင် ကြောက်ရတယ်”


“မဟုတ်တာ” 


လျို့ရှို့လန်က သက်ပြင်းချရင်း ပြောလာတယ်။


“ဒီနှစ် ကျေးလက်ဒေသတွေမှာ ရိတ်သိမ်းရတဲ့ စပါးတွေ တော်တော်များတယ်လို့ ကျွန်မ မူစန်းဆီကနေ ကြားခဲ့တယ်.. ဒါပေမယ့်  အားလုံးက တောင်တန်းရဲ့အပြင်ဘက်ကို ထွက်သွားခဲ့တာလေ.. ဒီတော့ ကျွန်မတို့တွေ စားနပ်ရိက္ခာတွေကို  လုံလောက်အောင် အထောက်အပံ့မရနိုင်တော့ဘူး.. တကယ်လို့ ထင်းနင်ရဲ့မိသားစုကလည်း မြေတချို့ယူပြီးစိုက်ခဲ့မယ်ဆိုရင် ကျွန်မတို့တွေ အခု ပြောင်းဖူးမုန့်တောင် မစားနိုင်တော့မှာကို စိုးရတယ်”


မစ္စလီက ခေတ်စနစ်ဟောင်းမှာ ကြီးပြင်းလာခဲ့ရတဲ့သူပဲလေ။  သူမ ငယ်စဉ်ဘဝကတည်းက ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ရရှိခဲ့တယ်။ ဒါကြောင့်သူမဆီမှာ အစာအစာပေါ်မှာ လွန်ကဲတဲ့လိုချင်တောင့်တမှုနဲ့ ပူပင်သောကတွေ ရှိနေခဲ့တယ်။


လီမိသားစုမှာ အိမ်ထောင်စုစာရင်းရှိပြီး လစဥ်လတိုင်း ရိက္ခာထောက်ပံ့မှုကိုရရှိရန်အတွက် စပါးပြောင်းဆန်စာအုပ်ရှိနေသော်လည်း မစ္စလီက စိတ်မသက်မသာဖြစ်နေတုန်းပဲ။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က တောင်တန်းပေါ်မှလျှိုမြောင်တွေကြားထဲမှာ ပြန့်ပြူးတဲ့ မြေကွက်လပ်တွေရှိနေမလားဆိုတာကို  သူမရဲ့သားတွေနှင့်မြေးတွေကို ခေါ်ကာ လိုက်ရှာခဲ့တယ်။


ငတ်မွတ်ခေါင်းပါးတဲ့အချိန်ကြားမှာ ပြောင်း၊ ပဲပိစပ်၊ ဂေါ်ဖီထုပ်၊ အာလူးနှင့် ကန်စွန်းဥ စတဲ့ သီးနှံများကိုလည်း စိုက်ပျိုးခဲ့တယ်။ အထောက်အပံ့တွေ ပေါများတဲ့အချိန်မှာ ထိုအရာတွေက သူတို့ရဲ့ဘဝကို တိုးတက်စေနိုင်ခဲ့တယ်။ 


ယခုချိန်မှာတော့ ရိက္ခာပြတ်လပ်မှု ရုတ်တရက် ကြုံလာခဲ့ရတာကြောင့် လီမိသားစုထဲမှာ ထိုကောက်ပဲသီးနှံတွေသာရှိနေခဲ့တဲ့အတွက် မိသားစုက ရှားရှားပါးပါးဆာလောင်မွတ်သိပ်မှုတွေကို စတင်ခံစားခဲ့ရတယ်။


မီးဖိုချောင်ထဲမှာတော့ ကွေ့ဟွားက လက်တွေရောခြေတွေရော အလုပ်ပေးပြီး  ထမင်းချက်နေခဲ့တယ်။ သူမက ဂေါ်ဖီထုပ်နှင့် အာလူးများကို ပြုတ်ပြီးပြီဖြစ်လို့ ပြောင်းဖူးမှုန့်တွေကို ပန်ကတ်အဖြစ် ပြုလုပ်လိုက်တယ်။


မင်ပေနဲ့ မင်နန်တို့ ညီအစ်ကိုနှစ်ယောက်ဖမ်းမိလာတဲ့ငါးကိုတော့ ဆီသတ်ကာ တို့ဟူးနှင့် ကြာဇံတို့ဖြင့် ဟင်းတစ်အိုးချက်လိုက်တယ်။ ကျန်ရှိနေတဲ့ငါးကိုတော့ ဝမ်စုဖန်းအတွက် နို့ထွက်စေဖို့ စွပ်ပြုတ်ဖြူတစ်ပန်းကန်လုံးချက်ထားခဲ့တယ်။


လီမူဝူ အလုပ်ဆင်းပြီး ပြန်လာချိန်မှာတော့ သူ့ရဲ့ဇနီးသည်က သမီးလေးမွေးထားကြောင်း ကြားလိုက်ရတာကြောင့် အင်္ကျီကို အမြန်ချွတ်ကာ သူ့ချွေးမနှင့် မွေးခါစကလေးကို တွေ့ဖို့ အရှေ့ခန်းဆီသို့ အမြန်သွားခဲ့တယ်။ကွေ့ဟွားက ငါးစွပ်ပြုတ်ပန်းကန်ကိုယူလာခဲ့ပြီး ဝမ်စုဖန်းထနိုင်အောင်ထူပေးလိုက်ကာ ငါးစွပ်ပြုတ်ပန်းကန်လုံးကို သူမရဲ့ လက်ထဲသို့ ထည့်ပေးလိုက်တယ်။


လီမူဝူက သူ့သမီးလေးရဲ့မျက်နှာကို စိတ်ကျေနပ်စွာကြည့်ပြီး သူ့အသံက ခါတိုင်းထက် အနည်းငယ်ပိုပြီးညင်သာနူးညံ့နေခဲ့တယ်။


“ဟင်းရည်များများသောက်လိုက်.. ငါတို့သမီးလေး နို့အလုံအလောက်သောက်ရဖို့လိုတယ်”


ဝမ်စုဖန်း တုံ့ဆိုင်းစွာ ပြုံးလိုက်တယ်။


“ကျွန်မရဲ့အသက်က ဘယ်လောက်ရှိနေပြီလဲ..  နို့ထွက်နိုင်ဦးမှာတဲ့လား.. ပေဇီကိုမွေးတုန်းကတောင် နို့အများကြီးမသောက်ခဲ့ရဘူးလေ..  ဒါကြောင့် ပေဇီကိုတိုက်ဖို့ဆိတ်နို့တွေ ယူလာခဲ့ရသေးတယ်မလား..  ရှင်မနက်ဖန်အလုပ်သွားရင် ဘယ်သူ့မှာ ဆိတ်မွေးထားလဲ လိုက်ရှာခဲ့.. ဆိတ်နို့ နေ့တိုင်းဝယ်ပြီးတိုက်တာက ပိုကောင်းလိမ့်မယ်”


လီမူဝူ ခပ်တိုးတိုးတုံ့ပြန်ပြီး ပြောလာတယ်။ 


“ သမီးအတွက် အိမ်ထောင်စုစာရင်းထဲကိုသွားထည့်တဲ့အချိန်ကျရင်   နို့မှုန့်နဲ့ သကြားညိုတွေ ပြန်ယူလာနိုင်မလား ကြည့်မယ်”


ဝမ်စုဖန်း ခေါင်းငုံ့ပြီး ငါးဟင်းချိုပန်းကန်တစ်ဝက်လောက် စားလိုက်ပြီးနောက် ပြန်မော့ကြည့်လိုက်ချိန်မှာ လီမူဝူက ကလေးလေးရဲ့ ပန်းနုရောင်သန်းနေတဲ့ မျက်နှာလေးကို သူ့ရဲ့ကြမ်းတမ်းတဲ့လက်ချောင်းတွေနဲ့ ပုတ်နေတာကို တွေ့လိုက်ရတယ်။


မွေးကင်းစကလေးက ချိုသာစွာ အိပ်ပျော်နေခဲ့တုန်းပဲ။ ဝမ်စုဖန်း ကလေးကို နှိုးလာပြီး နို့တောင်းဖို့ ငိုလာမှာကို စိုးရိမ်တာကြောင့် သူ့ကို အမြန်နှင်ထုတ်လိုက်တယ်။


“ဒီမှာ မနေနဲ့ .. ထမင်း မြန်မြန်သွားစားလိုက်တော့” 


လီမူဝူ ပြုံးရွှင်စွာနဲ့ မတ်တပ်ထရပ်လိုက်တယ်။


“ဒီလိုပျော်စရာကောင်းတဲ့ပွဲမျိုးအတွက် ငါသိမ်းထားတဲ့ဝိုင်ကို ထုတ်ပြီး အမေ့နဲ့အတူ တစ်ခွက်လောက်သောက်ရမယ်”


လီမူဝူက အရှေ့ခန်းထဲမှထွက်လာပြီးနောက်  ဝိုင်အိုးကို အရင်သွားယူခဲ့တယ်။ လီမင်တုန်က ဝိုင်ပုလင်းကို ယူမ,ပေးပြီး  ဝိုင်ခွက်ငယ်နှစ်ခွက်ကို ထုတ်ကာ မစ္စလီနှင့် လီမူဝူတို့အတွက် ဝိုင်တစ်ခွက်စီ လောင်းထည့်ပေးလိုက်တယ်။


မစ္စလီက ဝိုင်ကို အရင်သောက်လိုက်ပြီး ငါးခွက်ကို ညွှန်ပြကာ:


“တုန်ဇီက ဦးနှောက်ကို အာဟာရဖြစ်စေဖို့ ငါးများများစားလိုက်.. အခု မင်းကကောလိပ်တက်ရတော့မှာ”


လီမင်တုန်က သူ့ရဲ့နှာခေါင်းပေါ် မှာလျောကျနေတဲ့မျက်မှန်ကို တွန်းတင်လိုက်ပြီး နူးညံ့တဲ့ အပြုံးနဲ့ ပြန်ပြောလာတယ်။


“အိမ်ထဲမှာ အသားငါးတွေ မတွေ့ရတာကြာပြီ.. ဘယ်လိုလုပ်ပြီး ကျွန်တော် တစ်ယောက်တည်းစားနိုင်မှာလဲ.. အဖွားအရင်စားပါ”


ဒီမှာ ငါးအပိုင်းတွေအများကြီးရှိပြီး လျို့ရှို့လန်အတွက်လည်း ငါးရရှိနိုင်တယ်။


လျို့ရှို့လန်က သူ့ရဲ့ပန်းကန်လုံးကိုကိုင်ပြီး ဟင်းထည့်ပေးလာတာကို ရှောင်လိုက်တယ်။


  “ငါက စာလည်းဖတ်တတ်တာမဟုတ်ဘူး.. ဒါကြောင့် ငါ့အတွက် ဟင်းတွေကို  မဖြုန်းတီးပါနဲ့..  ငါ ကြာဇံတွေလည်း ယူထားပြီ .. ဒါတွေနဲ့စားလိုက်လို့ရတယ်”


လီမူဝူကလည်း သူ့သားက သူ့အတွက် ငါးထည့်တော့မှာကို မြင်လိုက်ရတာကြာင့် လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်တယ်။


“ဝိုင်နဲ့မြည်းဖို့အတွက် ငါးခေါင်းက အကောင်းဆုံးပဲ.. အသားနည်းနည်းပဲ ကျန်တော့တော့ မင်းစားလိုက်တော့”



လီမင်တုန်က သူ့အတွက် တူနဲ့တစ်ပိုင်းယူလိုက်ပြီး ကျန်တဲ့ညီလေးသုံးယောက်ကလည်း သူတို့ရဲ့တူတွေနဲ့ အပိုင်းကြီးတစ်ပိုင်းဆီ လျှင်မြန်စွာယူလိုက်ကြကာ  မြိန်ရေရှက်ရေ စားလိုက်ကြတယ်။ 


လီမူဝူ ဝိုင်တစ်ငုံသောက်လိုက်ပြီး ငါးခေါင်းကို ကိုက်လိုက်တယ်။ သူ ငါးခေါင်းကို ကိုက်နေရင်း အရိုးသာ ကျန်တော့တဲ့အချိန်မှာပဲ ဘေးခန်းဆီမှ သနားစရာကောင်းလှတဲ့ ကလေးလေးတစ်ယောက်ရဲ့ အော်ဟစ်သံကို ကြားလိုက်ရလေတယ်။


လီမူဝူ မထိန်းနိုင်ပဲ အော်ရယ်လိုက်တယ်။


“ငါ့ရဲ့သမီးလေး နိုးလာပြီ”







***