Ch 33
Viewers 2k

Chapter 33

[ဒူးထောက်ခြင်းနှင့် ဖယ်ရှားခြင်း]



ဆယ်ရက်ကြာပြီးနောက် စုန့်လီချင်း အပန်းဖြေနန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ကျွင်းချီယွီ၏ ကြည်နူးဖွယ်ရယ်မောသံအား ကြားလိုက်ရသည်။


“ဟားဟားဟား ဟူနွီအာ၊ ဒါက မင်းပဲစဥ်းစားမိတတ်တဲ့ ကစားနည်းမျိုးပဲ၊ ပျော်စရာကောင်းတဲ့ ကစားနည်းမျိုးပဲ၊ ဟားဟား ငါတစ်ခါလောက် ထပ်လုပ်မယ်”


“အား အရမ်းယားတာပဲ ဟီးဟီးဟီး”


စုန့်လီချင်းသည် တစ်ခဏမျှ ရပ်သွားကာ ကျွင်းချီယွီသည် သူတို့၏ မင်္ဂလာဦးည၌ ညနက်သည်အထိ ဟူနွီအာနှင့် ကစားပြီး ဟာသတွေပြောနေခဲ့သည်ကို အမှတ်ရသွားခဲ့သည်။ သူ အဘယ်ကြောင့် ကျွင်းချီယွီအား သူတို့၏ အခန်းထဲသို့ ပြန်ဖို့ရာ ဒူးထောက်ပြီး တောင်းဆိုခဲ့သည်ကို မမှတ်မိတော့ပေ။ 


ယခု ဆင်တူသည့် အခြေအနေတွင်တော့ စုန့်လီချင်းသည် အံ့ဩစရာကောင်းစွာဖြင့် ခါးသီးမှုအား များစွာ မခံစားနေရပေ။


သူသည် တံခါးအား တွန်းဖွင့်လိုက်ကာ သူ့အရှေ့ရှိ အဓိပ္ပါယ်မရှိသည့် မြင်ကွင်းအား လျစ်လျူရှုထားသည့် ပုံပေါ်သည်။ 


ဟူနွီအာ၏ အဝတ်အစားများမှာ တစ်ဝက်တစ်ပျက်ပင် ကျွတ်နေပြီဖြစ်ပြီး ကျွင်းချီယွီ ပေါင်ပေါ်တွင် ထိုင်နေကာ သူ့ ညှပ်ရိုးထဲတွင် စပျစ်သီးများ ထည့်ထားလေသည်။


ကျွင်းချီယွီသည် စပျစ်သီးအား ကိုက်တော့မည့် အချိန်တွင် မဖိတ်ခေါ်ထားသော ဧည့်သည်ဖြစ်သည့် စုန့်လီချင်းမှာ ဝင်ရောက်နှောင့်ယှက်ခဲ့သည်။


စုန့်လီချင်း၏ မျက်နှာအား မြင်လိုက်သည်နှင့် တစ်ပြိုက်နက် ကျွင်းချီယွီ အပြုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး ဟူနွီအာအား ဆင်းဖို့ရာ ပြောလိုက်သည်။


ဟူနွီအာသည် သိမ့်မွေ့စွာပင် လျှောဆင်းသွားပြီး ကျွင်းချီယွီ၏ ခြေထောက်များအား မှီထားရင်း စုန့်လီချင်းအား အပြစ်ကင်းသည့် အမူအယာနှင့် ကြည့်နေလေသည်။ 


“မင်းဘာလို့ ဒီကိုရောက်နေတာလဲ” 


ကျွင်းချီယွီသည် သူ့အား တစ်ချက်ပင် မကြည့်ပေ။ 


“တကယ်မင်းဒီနေ့ ငါ့ကို ဒူးထောက်ပြီး တောင်းဆိုရင်တောင်မှ ငါအဲဒီကို ပြန်လာမှာ မဟုတ်ဘူး”


“ကျွန်တော် သိပါတယ်”


စုန့်လီချင်းသည် အနည်းငယ် အနားတိုးကပ်လာလေသည်။


“မင်းငါ့အရှေ့မှာတောင် ငါ့ကိုနှောင့်ယှက်နေတာ ငါသိပါတယ်၊ ငါပြောပြီးပြီလေ အခုကနေစပြီး မင်းက မင်းတစ်ဘဝလုံး တစ်ယောက်တည်း အခန်းလွတ်ထဲမှာပဲ နေသွားရမဲ့ အိမ်ရှေ့စံဖိဖုရား ဖြစ်သွားတော့မှာလို့ ငါမင်းကို ထပ်ပြီးမျက်နှာသာပေးတော့မှာ မဟုတ်ဘူး” 


“ကောင်းပါပြီ”


စုန့်လီချင်းသည် သူ၏ခေါင်းအား ငုံ့လိုက်ပြီး သိမ်မွေ့စွာ ပြန်ဖြေကြားလိုက်သည်။


ကျွင်းချီယွီမှာတော့ ထူးဆန်းစွာဖြင့် လှည့်လာပြီး သူ၏တည်ငြိမ်နေသည့် မျက်နှာထား ကြည့်နေရင်း မျက်မှောင်ကြုတ်နေလေသည်။


ပုံမှန်အားဖြင့် သူ့ဆီမှ လျစ်လျူရှုခံစားရသည့် စုန့်လီချင်းမှာ ယခုအချိန်တွင် ငိုယိုနေသင့်လေသည်။


သို့ပေမဲ့ သူသည် တိတ်တဆိတ်သာရပ်နေပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေကာ သူ၏ အပြစ်ပေးမှုများအား တစ်လုံးမှပင် မကြားလိုက်သကဲ့သို့ပင် ဖြစ်သည်။


“မင်း နားလေးသွားပြီလား ငါမင်းကို ထပ်မထိတော့ဘူးလို့ ငါပြောနေတာလေ၊ မင်းတစ်ခုခုလုပ်ဖို့ မစဥ်းစားနေနဲ့”


“ချီယွီ၊ ကျွန်တော် အရှင့်သားနဲ့ ဆွေးနွေးချင်တာလေး ရှိပါတယ်”


စုန့်လီချင်းသည် ပင်ပန်းနေသည်မှာ ကြာလှပြီဖြစ်ကာ သူ့တွင် တောင်းဆိုဖို့ရာ အင်အားပင် မရှိတော့ပေ။


ကျွင်းချီယွီသည် သူငိုယိုကာ ခံစားနေသည်ကို မမြင်ရသည့်အပြင် တစ်ခြားတစ်ခုအား ပြောနေခြင်းမှာ ကျွင်းချီယွီအား ပို၍ပင် ဒေါသထွက်သွားစေခဲ့သည်။


ဘာလဲ။


သူ သူ့ကိုအပြစ်ပေးတာကို အလေးအနက်မထားတာလား။


စုန့်လီချင်းသည် ပြောလိုက်သည်။ 


“သဘက်ခါက ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ဆောင်းဦးလလယ်ပွဲတော်နေ့ပါ၊ အရှင့်သား ကျွန်တော်နဲ့အတူ စုန့်အိမ်တော်ကို တစ်ရက်လောက် ပြန်ပေးလို့ရမလား”


“စုန့်အိမ်တော်ကို ပြန်တယ်၊ ဘာလို့လဲ” 


ကျွင်းချီယွီသည် သူ၏ တင်းကြပ်သည့် အပြစ်ပေးမှုမှာ စုန့်မိသားစုဆီသို့ ပြန်လည်ဖို့ထက် အရေးမကြီးပုံ ပေါက်နေသောကြောင့် ဒေါသထွက်နေလေသည်။


စုန့်လီချင်း ရှင်းပြလိုက်သည်။


“ကျွန်တော့်ဖခင်က အနောက်မြောက်ဒေသကနေ ပြန်ရောက်လာပါပြီ၊ ကျွန်တော် ချီလင်အိမ်တော်ကို မလာခင်က သူတို့နဲ့ ရက်အနည်းငယ် အတူမကုန်ဆုံးလိုက်ရပါဘူး၊ ကျွန်တော် ကျွန်တော်မိဘတွေကို တွေ့ချင်ပြီးတော့ သူတို့ကို ကျွန်တော် အဆင်ပြေနေတယ် ဆိုတဲ့အကြောင်းကို သိစေချင်ပြီး စိတ်ချစေချင်ပါတယ်”


ဤသည်မှာ စုန့်လီချင်း၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။


သူသည် အိမ်ပြန်ချင်ရုံသာ ဖြစ်သည်။


အကယ်၍သူသာ သူ၏ မိဘများအား မနှုတ်ဆက်ခဲ့ပဲ ကမ္ဘာကြီးမှ ထွက်ခွာသွားခဲ့မည်ဆိုလျှင် သားသမီးဝတ္တရားမကျေပွန်ကာ တစ်ကိုယ်ကောင်းဆန် သကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။ 


“အို အဲဒါဆိုရင် မင်းကငါ့ကို အတူလိုက်ခဲ့ပေးပြီးတော့ အကုန်လုံး အဆင်ပြေနေသလို ဟန်ဆောင်ပေးစေချင်တာပေါ့” 


ကျွင်းချီယွီ နားလည်လေသည်။


စုန့်လီချင်း ခေါင်းညိတ်လိုက်ကာ


“ဟုတ်ပါတယ်”


ကျွင်းချီယွီသည် မဲ့ပြုံးပြုံးလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ 


“ငါမသွားဘူး”


“ဘာဖြစ်လို့လဲ”


စုန့်လီချင်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ 


“မဟုတ်ရင် အရှင့်သား ကျွန်တော်နဲ့ အတူပဲလိုက်ပေးလေ၊ ဘာမှမလိုအပ်တာတွေ ပြောစရာမလိုပါဘူး၊ ရမလား ချီယွီ”


“မရဘူး” 


ကျွင်းချီယွီ၏ မျက်နှာမှာ လှောင်ပြောင်သရော်မှုများ ပေါ်လာလေသည်။


“မင်းရဲ့အိမ်ရှေ့စံမိဖုရား တာဝန်ကို ထမ်းဆောင်နေလား ဒါမှမဟုတ် မင်းရဲ့ခင်ပွန်းကို ပြုစုနေလို့လား၊ ငါကဘာလို့ မင်းနဲ့အတူ ဟန်ဆောင်ပေးရမှာလဲ၊ ထပ်ပြောရရင် မင်း စုန့်မိသားစုကို ပြန်မတိုင်လောက်ဘူးလို့ ငါဘယ်လိုသိနိုင်မှာလဲ၊ မင်းကငါ့ရှေ့မှာ တစ်မျိုးပြောပြီး ငါ့နောက်ကွယ်မှာတော့ တစ်မျိုးပြောတတ်တယ်လေ၊ မင်းကို ဘယ်ကိုမှ သွားခွင့်မပြုနိုင်ဘူး”


စုန့်လီချင်း၏ အသနားခံမှုမှာ လျှာဖျားလေးတွင် ရှိနေသော်ညား သူပြန်မျိုချလိုက်လေသည်။


သူ၏ မျက်လုံးများမှာ မှိန်ဖျော့သွားခဲ့သည်။


ယခုတွင် သူသည် ဖျားနာနေကာ ပင်ပန်းနွမ်းနယ်နေသည် ပုံပေါက်နေကာ သူ့ဖခင် သူ့အား မမေးဖို့ရာခက်ခဲပြီး သူအား မည်ကဲ့သို့ လှည့်စားကာ ရှောင်ထွက်နိုင်မည်နည်း။


“ကျွန်တော် နားလည်ပါတယ်”


စုန့်လီချင်းသည် အနည်းငယ် ဦးညွတ်လိုက်ပြီး နှုတ်ဆက်လိုက်လေသည်။


ကျွင်းချီယွီသည် အနည်းငယ်စိတ်ပျက်နေသည့် ပုံရသည့် သူ၏ ထွက်သွားသည့် ပုံရိပ်လေးအား ကြည့်ရင်း ယခင် သူ၏ မတ်မတ်ရပ်ခဲ့ဖူးသည့် ပုံစံမှာ ပျောက်ကွယ်သွားခဲ့သည်။


“နေဦး” 


ကျွင်းချီယွီ သူ့အား ခေါ်လိုက်သည်။


“နောက်ဆယ်ရက်နေရင် ဧကရာဇ်ရဲ့မွေးနေ့အတွက် မိသားစုပွဲတော် တစ်ခုကျင်းပဖို့ရှိတယ်၊ မင်းရဲ့ဖခင်လည်း ဖိတ်ကြားခံရမှာပဲ၊ မင်းသူနဲ့တွေ့ချင်ရင် ငါမင်းကိုခေါ်သွားပေးလို့ ရတယ်”


“တကယ်လား”


စုန့်လီချင်း၏ မျက်လုံးထဲတွင် တောက်ပမှုလေးတစ်ခု ထွက်ပေါ်လာလေသည်။ 


ကျွင်းချီယွီ ခေါင်းညိတ်လိုက်သည်။


“ငါမင်းကို သွားခွင့်ပြုတယ် ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်၊ မင်းငါ့အတွက် ဘာလုပ်ပေးနိုင်လဲ”


“ကျွန်တော် ဘာလုပ်ပေးနိုင်လဲ” 


စုန့်လီချင်းသည် သူ၏ လုပ်နိုင်စွမ်းများအား မသေချာပေ။ 


“ကျွန်တော် အရင်နေ့တုန်းက အောက်မေ့ဖွယ်ဖြစ်ရပ်တွေကို အစီရင်ခံပေးနိုင်ပါတယ်၊ အဲဒါကို လက်ခံပေးလို့ရမလား”


“တကယ်လို့ ဧကရာဇ်က ကျွန်တော် အစီရင်ခံထားတဲ့ အောက်မေ့ဖွယ်ဖြစ်ရပ်တွေကို မကျေနပ်ဘူးဆိုရင်တော့ ကျွန်တော် အဲဟာမှာလည်း မတော်ဘူးထင်တယ်”


“ကောင်းပြီ”


ကျွင်းချီယွီ သူ၏ မေးအားမော့လိုက်သည်။


“ဟူနွီအာက လတ်ဆတ်တဲ့ ထင်းရှူးစေ့တွေကို စားရတာကြိုက်တယ်၊ မင်းဒီ ထင်းရှူးသီး ပန်းကန်ကို ခွာတာနဲ့ စလိုက်လို့ရတယ်”


စုန့်လီချင်းသည် စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်အား ချလိုက်သည်။ ကျွင်းချီယွီသည် သူ့အား စိတ်ပျက်စရာများ လိုက်၍ အမိန့်ပေးကာ ခိုင်းစေချင်ရုံသာဆိုလျှင် သူသည်းခံနိုင်လေသည်။


“ကောင်းပါပြီ”


စုန့်လီချင်းသည် စားပွဲဆီသို့ လျှောက်သွားကာ ထင်ရှူးသီးများအား ယူတော့မည့်အချိန်တွင် ကျွင်းချီယွီ နောက်ထပ် စကားတစ်ခွန်း ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ 


“ဒူးထောက်ရင်း အခွံခွာ”


စုန့်လီချင်းသည် အံ့အားသင့်စွာဖြင့် ခေါင်းမော့လိုက်ပြီး ကျွင်းချီယွီ၏ လှောင်ပြောင်သည့် အပြုံးအားတွေ့လိုက်ရသည်။


နူဟွီအာမှာ သူ၏ဘေး၌ ရယ်မောနေလေသည်။


“မလုပ်ချင်ဘူးလား အဲဲဒါဆို ပြန်လာ ငါမင်းကို အတင်းအကြပ်မလုပ်ပါဘူး” 


ကျွင်းချီယွီ ပြောလိုက်သည်။


“ကျွန်-ကျွန်တော် လုပ်ချင်ပါတယ်”


ယခုအချိန်တွင် စုန့်လီချင်းတွင် မျက်နှာ သို့မဟုတ် ဂုဏ်သိက္ခာများ မရှိတော့ပေ။ ထိုအရာများ ပျောက်ဆုံးသွားခဲ့သည်မှာ အတော်ကြာလှပြီ ဖြစ်သည်။


သူ သူ၏ ဖခင်အား နောက်ဆုံးတစ်ကြိမ် တွေ့နိုင်သ၍ သူဘာမဆို လုပ်ဖို့ရာ ဆန္ဒရှိလေသည်။


ကျွင်းချီယွီ၏ အံ့အားသင့်နေသည့် အကြည့်အောက်တွင် စုန့်လီချင်းသည် ဘာစကားမှမပြောဘဲ ဒူးကွေးလိုက်ပြီး စားပွဲဘေး၌ ဒူးထောက်လိုက်သည်။


သူသည် သူ၏ ခေါင်းအား ငုံ့လိုက်ပြီး ထင်ရှူးသီးများအား စတင်အခွံခွာနေကာ အခွံမာများအား ခွဲပစ်ပြီး အထဲက ထင်ရှူးစေ့များအား ထုတ်လေသည်။ စုန့်လီချင်းသည် လက်သည်းအရှည် မထားတတ်သူဖြစ်၍ သူသည် အသီးများအား သူ၏ လက်ချောင်းများနှင့် ခွာရကာ သူ၏ လက်သည်းအောက်မှ အသားလေးများအား အနည်းငယ်ထိမိသောအခါ နာကျင်စွာယောင်ယမ်းသွားခဲ့သည်။ 


“ချီယွီ ကျွန်တော် အခွံခွာလို့ ပြီးသွားပါပြီ”


သူ၏ လက်ချောင်းထိပ်လေးများအား မထိမိစေရန်အတွက် စုန့်လီချင်းသည် သူ၏ လက်ဖဝါးနှင့် ပန်းကန်အား ကိုင်ထားကာ ကျွင်းချီယွီအား ပြလိုက်လေသည်။ 


“အို” 


ဟူနွီအာသည် အံ့အားသင့်ပြီး ပျော်ရွှင်နေသည့်ပုံစံ ဟန်ဆောင်နေကာ ချံ့ကားသည့် အမူအယာဖြင့်


“ထင်းရှူးစေ့ထဲက ဟာလေးတွေကပဲ စားလို့ရတာ၊ အရှင်သား ကျွန်တော် အခုလေးတင် ဖီးနစ်ပန်းရည်လေးတွေ ကျွန်တော် လက်သည်းမှာ ဆိုးထားတာလေ ကြည့်ပါဦး”


ကျွင်းချီယွီသည် စုန့်လီချင်းအား ကြည့်၍ ပြောလိုက်သည်။ 


“မင်းကြားတယ်မလား”


ဟူနွီအာသည် ချိုသာစွာ ရယ်မောလိုက်သည်။ 


“အဲဒါဆိုရင် အိမ်ရှေ့စံမိဖုရားပဲ နည်းနည်း လုပ်ပေးပါဦး”


စုန့်လီချင်းသည် တိတ်ဆိတ်နေကာ ထင်ရှူးစေ့များအား ကောက်လိုက်လေသည်။ နေ့ကြာစေ့လောက်သာရှိသည့် အခွံမှာ အတော်လေးမာကြောလေသည်။ သူသည် နာကျင်ကိုက်ခဲမှုကို တောင့်ခံကာ ခိုင်မာသည့် အခွံအား သူ၏ လက်သည်းဖြင့် ဖိချေနေလေသည်။ စုန့်လီချင်းသည် သူ၏ အားကုန်ထုတ်သုံးပါသော်ညား အခွံမှာ ကွဲသွားမည့်ပုံ မရှိပေ။


သေးငယ်သည့် အက်ကွဲသံလေးနှင့်အတူ စုန့်လီချင်းမှာလည်း အတော်လေး နာကျင်နေကာ ပဲစေ့အရွယ်ရောက်ရှိမည့် ချွေးများမှာလည်း သူ၏ နားထင်မှ တစ်ဆင့်ကျလာခဲ့သည်။


သူ၏ လက်မမှ လက်သည်းမှာ ကွာကျသွားပြီး သူသည်လည်း လှည့်လိုက်သည်။


စုန့်လီချင်းသည် နာကျင်မှုနှင့်အတူ အံကြိတ်ထားကာ သူ၏ နဖူးပေါ်တွင် သွေးကြောများပေါ်လာခဲ့ပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာခဲ့သော်ညား ကျခွင့်မပေးနိုင်ပေ။


“ချီယွီ ကျွန်တော် မလုပ်နိုင်ဘူး”


စုန့်လီချင်း၏ အသံမှာ မျက်ရည်များနှင့်အတူ တုန်ယင်နေလေသည်။


ကျွင်းချီယွီသည် သူ့ လက်ချောင်းများ တုန်ယင်နေသည်ကို မြင်ပြီး မျက်တောင် တစ်ဖျပ်ဖျပ်ခတ်ကာ အဝေးသို့ ကြည့်လိုက်လေသည်။


ဟူနွီအာသည် ကျွင်းချီယွီ၏ အနည်းငယ် တွန့်ဆုတ်မှုအား သတိထားမိလိုက်ပြီး အလျင်အမြန် ဖြတ်ပြောလိုက်သည်။ 


“အို အိမ်ရှေ့စံမိဖုရား ကျွန်တော်ရဲ့ မေ့လျော့မှုကို ကြည့်ပါဦး၊ ကျွန်တော်မှာ သစ်သားကလစ်လေး ရှိတယ်၊ အဲဒါလေးနဲ့ စမ်းလုပ်ကြည့်မလား”


ကျွင်းချီယွီ ဘာမှ မပြောသည်ကို မြင်၍ စုန့်လီချင်းသည် ထိုပစ္စည်းနှင့်အတူ ဆက်လုပ်ဖို့ရာမှ လွဲ၍ ရွေးချယ်စရာ မရှိပေ။


ယခုတွင် သစ်သားကလစ်လေး ရှိသွားပါသော်ညား ထင်းရှူးစေ့၏ ကွဲသွားသည့် အခွံမှာ ရှကာ လက်သည်းမရှိသည့် အသားထဲသို့ အလွယ်တကူ ထိုးဖောက်မိသွား နိုင်လေသည်။ ဒါဇင်နဲ့ချီ၍ အခွံခွာပြီးနောက် စုန့်လီချင်း၏ လက်ချောင်းမှာ သွေးများနှင့် ပေကျံနေပြီ ဖြစ်သည်။



*

စာရေးသူ အမှာစကား:


မင်းတို့ အဲလူယုတ်မာကို ဆဲလို့ရတယ်၊ ဒါပေမဲ့ အပြစ်မရှိတဲ့သူကိုတော့ ထည့်မပြောကြပါနဲ့ ကျေးဇူးပါ။


ငါကတော့ နှစ်ယောက်စလုံးကို မုန်းတယ် (ချီယွီနဲ့ ဟူနွီအာ) သူတို့နှစ်ယောက်က တကယ့်ကို တစ်ယောက်အတွက် တစ်ယောက် ဖြစ်တည်လာကြတာပဲ။ 


(T/N- ရေးတဲ့လူတောင် မုန်းနေတာ၊ ကျွန်တော်တို့မှာ ပြောစရာ စကားမရှိပါ )


*****


_____________________________________________________________________________