Ch 26
Viewers 2k

Chapter 26


ဟူနွီအာက ကျွင်းချီယွိအားခေါ်ထုတ်သွားသည်ကို ပေရှင်းရှု ကြည့်နေမိသည်။ သူဆက်မကြည့်ချင်တော့တာကြောင့် ပြတင်းပေါက်ကို ပိတ်လိုက်သည်။


“ခုနကတော့ ချစ်သလိုလိုဟန်ဆောင်နေပြီး နောက်တစ်စက္ကန့်ကျတော့ သူ့အချစ်ဆုံးကျွန်နဲ့ ပျော်ဖို့ထွက်သွားတယ်ပေါ့၊ လီချင်းက သတိလစ်နေလို့သာပေါ့၊ မဟုတ်ရင် မင်းရဲ့ ရက်စက်တဲ့လုပ်ရပ်ကို မြင်တာနဲ့ နိုးလာမှာပဲ”


ပေရှင်းရှု သက်ပြင်းချလိုက်ပြီး စုန့်လီချင်း၏ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။


တော်ဝင်သမားတော်က သွေးတိတ်အောင်လုပ်ပေးထားပြီး ဒဏ်ရာကို ကုသပေးထားပြီးသားဖြစ်သည်။


သို့ပေမယ့် သူကြည့်လေလေ တုန်လှုပ်လေလေ၊ ကြည့်လေလေ ဒေါသထွက်လေလေ ဖြစ်လာခဲ့သည်။


စုန့်လီချင်း၏ ခန္ဓာကိုယ်တွင် ကောင်းသည့်နေရာဆိုလို့ တစ်နေရာမှမရှိတော့ပေ။ သူ၏မူလက အပြစ်အနာအဆာကင်းမဲ့သည့် အသားအရည်က နေရာတိုင်းပွန်းပဲ့နေပြီး ခရမ်းရောင်အကွက်တွေလည်း ရှိနေသည်။ ကျွင်းချီယွိက သူ့ကိုယ်သူထိန်းချုပ်ပြီး စုန့်လီချင်း၏ ကြွက်သားနှင့် အရိုးတွေကို မထိခိုက်စေခဲ့သော်လည်း အသားထဲက နာကျင်မှုကလည်း နာကျင်မှုတစ်ခုပဲမဟုတ်လား။


ဤဒဏ်ရာများအားလုံးက စုန့်လီချင်း ခံစားခဲ့ရသည့် အရှက်ရဖွယ်အားလုံးကို ကိုယ်စားပြုနေလေသည်။


ပေရှင်းရှုက စုန့်လီချင်း၏ နူးနူးညံ့ညံ့လည်ပင်းလေးအား ထိလိုက်သည်။ ထိုနေရာတွင် မှဲ့သေးသေးလေးတစ်ခုနှင့် ညိုမည်းနေသော လက်ချောင်းရာတွေ ရှိနေသည်။


“ကျွင်းချီယွိက… ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ၊ သူကဘယ်လိုလုပ် ဒီလိုစိတ်ရှိလက်ရှိ လုပ်ရက်ရတာလဲ”


ပေရှင်းရှု၏ မျက်နှာပေါ်မှ မျက်ရည်တစ်စက် လိမ့်ဆင်းလာခဲ့သည်။


သူသာဆိုရင် စုန့်လီချင်းကို သူ့လက်ဖဝါးထဲ ဆုပ်ကိုင်ထားပြီး ဘာမှမထိခိုက်အောင် ကာကွယ်ပေးထားမှာ။ ဆံခြည်မျှင်လေး တစ်မျှင်ကိုတောင် ထိရက်မှာမဟုတ်ဘူး။


သူ့ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး စိတ်ခံစားချက်မျိုးစုံရောထွေးနေသည်။ သူ့သွားတွေက မုန်းတီးမှုကြောင့် ယားယံလာပြီး နှလုံးသားက နာကျင်နေသည်။ သူ့ကို အပူအအေးဒဏ်တွေကနေ မကယ်တင်နိုင်ခဲ့သည့် သူ့ကိုယ်သူ မုန်းမိသည်။


“လီချင်း…ငါတောင်းပန်ပါတယ်၊ ငါ…ငါ မင်းကိုနာကျင်အောင် လုပ်ခဲ့မိတာ”


ပေရှင်းရှုတစ်ယောက် မချင့်မရဲ ခံစားနေရသည်။ သူသာ အဲနေ့က စိတ်လိုက်မာန်ပါမလုပ်ခဲ့ဘူးဆိုရင် ကျွင်းချီယွိက စုန့်လီချင်းကို ဒီလိုညှဉ်းပန်းနှိပ်စက်မှာ မဟုတ်ဘူး။


တကယ်တော့ သူဘာများ လုပ်ပေးနိုင်မှာမလို့လဲ။ သူက သမားတော်မဟုတ်သလို သူ့ဆေးပညာအစွမ်းကလည်း နန်းတော်ထဲက တော်ဝင်သမားတော်များနှင့် မယှဉ်နိုင်ပေ။


ပေရှင်းရှုက သေးငယ်သော ကြွေပုလင်းလေးတစ်လုံးကို ထုတ်လိုက်ပြီး အနက်ရောင်ဆေးလုံးသုံးလုံးကို သွန်ချလိုက်သည်။


ဒါက ပေရှင်းရှု၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။


ဒီဆေး၌ နာမည်မရှိပေ။ လုံလန်သမားတော်က သဲကန္တာရဆေးပင်တစ်မျိုးကနေ ဖန်တီးထားသည့် နတ်ဆေးသာဖြစ်သည်။ စုစုပေါင်း ဆေးလုံးကိုးလုံးရှိပြီး ပေရှင်းရှုက တစ်နှစ်တစ်လုံးသောက်ရသည်။ ဒီနတ်ဆေးလုံးက သူ့အား အခုချိန်ထိ ခြောက်နှစ်ကြာ အသက်ရှင်စေခဲ့သည်။


ပေရှင်းရှုက အနောက်မြောက်ဘက်ဆီ ဗလာမျက်လုံးများဖြင့် ကြည့်လိုက်သည်။


“ခမည်းတော်… ကျွန်တော့်ကို အပြစ်မတင်ပါနဲ့”


သူ စုန့်လီချင်းနှုတ်ခမ်းကို ဟပြီး ဆေးလုံးတစ်လုံးကို ထည့်ပေးလိုက်သည်။ ဆေးလုံးက ပဲနီလေးအရွယ်အစားလောက်သာ ရှိတာကြောင့် စုန့်လီချင်းက ပြန်အန်မထုတ်ခဲ့ပေ။


ပေရှင်းရှု အနည်းငယ်ပြုံးလိုက်သည်။ ဆေးလုံးက ပါးစပ်ထဲ၌ အရည်ပျော်သွားသည်။ စုန့်လီချင်းသာ အန်မထုတ်ဘူးဆိုလျှင် ဆေးမှ ရေအဖြစ်ပြောင်းပြီး ဝမ်းဗိုက်ထဲ တဖြည်းဖြည်းစီးဝင်သွားမှာဖြစ်သည်။


ပေရှင်းရှု အိပ်ရာဘေးတွင် နာရီအနည်းငယ်ကြာအောင် နေနေခဲ့သည်။


တစ်ခြားတစ်ဖက်မှာတော့ ကျွင်းချီယွိက ရှင်းလဲ့စံအိမ်တွင် ညစာစားနေသည်။ သူ ရေချိုးပြီးနောက် ဟူနွီအာက သူ့အား တစ်နာရီလောက် နှိပ်ပေးခဲ့သည်။ ဟူနွီအာ၏ ချော့မော့မှုကြောင့် သူ သက်တောင့်သက်သာရှိလာပြီး သူ့နှလုံးသားထဲက စုန့်လီချင်းအပေါ်ထားသည့် အနည်းငယ်သော အပြစ်ရှိစိတ်က ယခုဆို လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။


ညဘက်ရောက်တော့ ပေရှင်းရှု ထွက်မသွားသေးတာကို ကျွင်းချီယွိသတိရသွားပြီး စိုးရိမ်စိတ်ကြောင့် အဝတ်အစားလဲကာ အဓိကခြံဝင်းသို့ ပြန်လာခဲ့သည်။


“မင်းကဘာလို့ ထွက်မသွားသေးတာလဲ”


ကျွင်းချီယွိ အခန်းထဲကို ဝင်ဝင်ချင်း အလျင်စလိုမေးလိုက်သည်။


“အရှင့်သား မောင်းထုတ်နေရမှာစိုးလို့ ကျွန်တော်မျိုး မနှောက်ယှက်တော့ပါဘူး၊ တည်းခိုဆောင်ဆီ ပြန်ပါတော့မယ်”


ပေရှင်းရှု ထရပ်လိုက်သည်။ သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေသည်။


ကျွင်းချီယွိ စုန့်လီချင်းအား ကြည့်လိုက်သည်။ သူက သတိလစ်နေဆဲဖြစ်သော်လည်း သူ၏ ဖျော့တော့နေခဲ့‌သော မျက်နှာက ပြန်လည်ကောင်းမွန်လာပြီး အနည်းငယ်ပိုကောင်းလာပုံပင်။


“မင်းမှာ ကုဖို့ဆေးရှိတယ်မဟုတ်လား၊ ဘာလို့ သူက အခုထိ မနိုးလာသေးတာလဲ”


“ဆေးရှိရင်တောင် အဲဆေးကို နတ်ဆေးတို့ နတ်ဆေးပင်တို့များ ထင်နေတာလား၊ သောက်လိုက်တာနဲ့ ချက်ချင်းတန်းပျောက်သွားမှာလား”


ပေရှင်းရှု၏ စကားတွေထဲ ဒေါသတွေပါနေသည်။ အကြောင်းကတော့ ကျွင်းချီယွိဝင်လာသည့်အချိန်မှာ စုန့်လီချင်း၏ အခြေအနေကို ဂရုမစိုက်ခဲ့ပေ။ သူက စုန့်လီချင်းအကြောင်းကို မေးတောင်မမေးဘဲ စုန့်လီချင်းနေမကောင်းဖြစ်နေတာကို ပြဿနာတစ်ခုလို သဘောထားနေပုံပင်။


ကျွင်းချီယွိက တားဆီးခံလိုက်ရတာကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။


“မနက်ဖြန်ကျ သူ့ကို ထပ်လာကြည့်ပါ့မယ်”


ပေရှင်းရှုက ကျွင်းချီယွိနှင့် မတည့်တာကြောင့် ထွက်သွားလိုက်သည်။ သူတံခါးဝမှာရပ်ပြီး စုန့်လီချင်းကို ကျွင်းချီယွိဆီ လက်လွှဲခဲ့ပေမယ့် သူစိုးရိမ်နေတုန်းပင်။


ပေရှင်းရှု လှည့်ပြောလိုက်သည်။


“သူအခုထိ နိုးမလာသေးဘူး၊ မင်းမှာ အသိစိတ်ရှိရင် သူ့ကိုသေချာဂရုစိုက်ပေးပါ”


ကျွင်းချီယွိက မကျေမနပ်ပြန်ပြောလိုက်သည်။ 


“သူက ငါ့ရဲ့မိဖုရား၊ မင်းမှာ အပြင်လူတစ်ယောက်အနေနဲ့ သူ့ကိုငါ့ဆီအပ်နှံဖို့ အခြေအနေမျိုး ရှိလို့လား”


ပေရှင်းရှု ထွက်သွားလိုက်ချိန်မှာ သူ့စိတ်အခြေအနေက မည်းမှောင်နေသည်။ သူ့မှာတကယ် ထိုအခြေအနေမျိုး မရှိပေ။


သူ ပိုစကားပြောမိလေလေ ကျွင်းချီယွိကို ပိုပြီးမကျေမချမ်းနိုင်ဖြစ်လေလေပင်။ ဒီအရူးကောင် ကျွင်းချီယွိက နောက်တစ်ခါဆို စုန့်လီချင်းကို ဘာတွေထပ်လုပ်မလဲဆိုတာကို သူမခန့်မှန်းနိုင်ဘူး။


ကျွင်းချီယွိ အခန်းထဲ ခဏထိုင်နေရင်း ငြီးငွေ့လာသည်။


“ရှောင်တိ” 


ကျွင်းချီယွိက အမိန့်ပေးလိုက်သည်။


“နောက်ထပ်လူနည်းနည်း ထပ်ပို့လိုက်မယ်၊ သူတို့က အိမ်ရှေ့စံမိဖုရားကို အလှည့်ကျ ကောင်းကောင်းပြုစုလိမ့်မယ်၊ မင်းက တော်ဝင်သမားတော်ပြောသလိုပဲ လုပ်ပါ”


“ဟုတ်ကဲ့ပါ” 


ရှောင်တိ ကတိပေးလိုက်သည်။ 


“ကျွန်မ အိမ်ရှေ့စံမိဖုရားကို သေချာပေါက် ကောင်းကောင်းပြုစုပါ့မယ်”


“အင်း”


ကျွင်းချီယွိ ခေါင်းငြိမ့်ပြီး ထရပ်လိုက်သည်။


“အရှင့်သား…” 


ရှောင်တိက သူ့ကို ခေါ်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ 


“သွားတော့မလို့ပါလား”


ကျွင်းချီယွိက သူသွားတာလာတာတွေကို မေးမြန်းတာ၊ ထိန်းချုပ်တာနှင့် ပတ်သက်ပြီး အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသည်။


“ဘာလဲ၊ မင်းမှာ ငါ့ကို ထိန်းချုပ်ဖို့ အရည်အချင်းရှိနေပြီလား”


ရှောင်တိ ခေါင်းငုံ့ပြီးပြောလိုက်သည်။


“မဟုတ်ပါဘူး…ဒီကျွန်က အိမ်ရှေ့စံမိဖုရား အခုထိ မနိုးလာသေးလို့ အရှင့်သားသာ သူ့ကို စကားပြောပေးရင် သူနိုးလာမယ်လို့ ထင်မိတာပါ၊ သူက အရှင့်သားက သူနဲ့အတူ အချိန်ကုန်ဆုံးပေးဖို့ တစ်လျှောက်လုံး မျှော်လင့်ခဲ့တာပါ”


“ဟမ့်” 


ကျွင်းချီယွိ ပိုပြီး စိတ်မကျေနပ်ဖြစ်လာသည်။


“ငါက လိုချင်တာမှန်သမျှကို တောင်းဆိုတိုင်းဖြည့်ဆည်းပေးတဲ့ နတ်ဘုရားမဟုတ်ဘူး၊ ငါသာ ဒီမှာ သူ့ကိုပိုကြည့်ပေးရင် သူ ပိုမြန်မြန် ကောင်းလာမှာလား”


ဟူနွီအာထံမှ မြှောက်ပင့်မှုများ၊ သူ့ဘက်က အခိုင်အမာ ရပ်တည်မှုများနှင့် ချီးကျူးတာများကို သူရခဲ့ပေမယ့် စုန့်လီချင်းထံမှ ကန့်သတ်ခံရခြင်းများ၊ ငြီးငွေ့ဖွယ်ကောင်းခြင်းများနှင့် နစ်နာမှုများကိုသာ ခံစားခဲ့ရသည်။


ကျွင်းချီယွိက ဒီလိုအသက်မဲ့သည့်နေရာမှာ မနေချင်သောကြောင့် ရှင်းလဲ့စံအိမ်ကိုပဲ တန်းပြန်သွားခဲ့သည်။


ပေရှင်းရှုက သူ့ကတိကို မဖျက်ခဲ့။ သူမနက်စောစော ချီလင်အိမ်တော်ထံ ရောက်လာခဲ့သည်။ စုန့်လီချင်းကို တော်ဝင်သမားတော် ဆယ်ယောက်ကျော်က ၀န်းရံထားတာကြောင့် ပေရှင်းရှု ကြားမ၀င်နိုင်ပေ။ ဒါကြောင့် သူဟင်းရည်နှင့် ဆေးတွေကိုပဲ ကျိုနေလိုက်သည်။ သူ တော်ဝင်သမားတော်များ၏ မှတ်ချက်တွေကို နားထောင်ပြီး ချီမြောင်နှင့် အကြိမ်ပေါင်းများစွာ တိုင်ပင်ဆွေးနွေးခဲ့သည်။


ချီမြောင် ထူးဆန်းတာကြောင့် မေးလိုက်မိသည်။ 


“လုံလန်မင်းသားက ဆေးပညာကို စိတ်ဝင်စားတာလား”


“မဟုတ်ပါဘူး” 


ပေရှင်းရှုက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။


“ဘာမှအကူအညီမရတာထက်စာရင် သင်ယူတာက ပိုကောင်းတာပေါ့၊ လီချင်းအတွက်…ပိုပြီး မျှော်လင့်ချက်ရှိလာနိုင်တယ်လေ”


“မင်း… ” 


သူ စုန့်လီချင်းအပေါ် သဘောကျတာကို ချီမြောင်သိသည်။


“ငါ သူ့ကို ဆီးပန်းမွှေးကိတ်မုန့်တစ်ဘူး ပေးခဲ့တာနဲ့တင် အစေခံမိန်းကလေးပြောတာကို ကြားပြီး အိမ်ရှေ့စံမင်းသားကို အပြစ်ပြုမိခဲ့တာ၊ မင်းသူ့ကို သဘောကျတာက သူ့အတွက်မကောင်းဘူး”


“ငါသိပါတယ်… သူနိုးလာတာနဲ့ ငါဘယ်တော့မှ အိမ်တံခါးဝက‌နေ မထွက်ဘဲ သူနဲ့ဝေးဝေးနေမှာပါ”


ပေရှင်းရှုက ဒီအကြောင်းကို အလွန်ရှင်းရှင်းလင်းလင်းသိပေမယ့် သူ့လုပ်ရပ်တွေကို အပြစ်မတင်ခဲ့ပေ။


ဒါပေမဲ့ အချစ်နွံထဲ ကျရောက်နေတဲ့သူတိုင်းက သတိလွတ်သွားတတ်တာပဲမဟုတ်လား။ 


သုံးရက်ဆက်တိုက် သူ့ကို ညဘက်ထိ အဖော်ပြုပေးပြီးမှ ပေရှင်းရှု တည်းခိုဆောင်ထံ ပြန်လာခဲ့သည်။


ဘေးနားဘယ်သူမှမရှိချိန်မှာ ပေရှင်းရှု စုန့်လီချင်းကို ဆေးလုံးတစ်လုံးတိုက်လိုက်သည်။


“ဒါက နောက်ဆုံးတစ်လုံးပဲ၊ လီချင်း မင်းသာ မနိုးလာရင် ငါ တကယ်…ဘာမှမတတ်နိုင်တော့ဘူး…”


ပေရှင်းရှု၏ လက်ချောင်းတွေ တုန်ယင်နေမိသည်။ ဆေးလုံးတွေကုန်သွားလို့ စိုးရိမ်ထိတ်လန့်နေတာမဟုတ်ဘဲ ကမ္ဘာပေါ်မှာ သဲကန္တာရနတ်ဆေးပင်ကိုရှာဖို့က ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သူသိနေတာကြောင့်ပင် ဖြစ်သည်။ စုန့်လီချင်းသာ နိုးမလာခဲ့လျှင် ကုသဖို့ဆေးထပ်မရှိတော့ပေ။


အချိန်တွေကုန်လွန်လာသည်နှင့်အမျှ စုန့်လီချင်း၏ တိတ်ဆိတ်ငြိမ်သက်နေသော မျက်နှာလေးကိုကြည့်ရင်း ပေရှင်းရှုပိုပြီး စိုစရိမ်လာသည်။


သူ ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်ပြီး သူတို့ယုံကြည်ကိုးကွယ်သည့် လုံလန်ကနတ်ဘုရားတွေထံ ဆုတောင်းလိုက်သည်။ 


တကယ်တော့ ပေရှင်းရှုက နတ်ဘုရားတွေကို ဘယ်တုန်းကမှ မကိုးကွယ်ခဲ့ဖူးပေ။ သူအခုချိန်မှာ ကြုံရာမရဖြစ်နေလို့ပဲ ဖြစ်သည်။


“လီချင်း… မင်း အန္တရာယ်ကင်းကင်းနဲ့ နေကောင်းအောင်နေရမယ်နော်”


“အဟွတ်——”


ထိုအချိန်၌ အားနည်းလှသည့် ချောင်းဆိုးသံနှစ်ခုက ကောင်းကင်ဘုံက တယောသံလို ထွက်ပေါ်လာခဲ့သည်။ ပေရှင်းရှု မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်ပြီး အိပ်ရာထောင့်စွန်းနား မှောက်လျက်လဲကျသွားသည်။


စုန့်လီချင်းက မှုန်မှိုင်းနေ‌သည့် မျက်လုံးတွေကိုဖွင့်လိုက်သည်။ သူ အကြိမ်ရေအနည်းငယ် အသက်ရှူသွင်းပြီးနောက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ထထိုင်လိုက်သည်။ သူ ပေရှင်းရှုကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်။


ပေရှင်းရှုမှာ လက်ဆန့်ထားကာ တောင့်တင်းနေလေသည်။


_________________________________________________________________________