Ch 13
Viewers 2k

အခန်း(13)


လင်းပါးပါးက ဒေါသတကြီးဖြင့် စားပွဲခုံပေါ်သို့ လက်နှင့် ရိုက်ချလိုက်လေ၏။ 


“ငါက စာလုံးပေါင်းပြနေရဦးမှာလား? ကောင်းပြီ! မင်းအစ်ကိုက မင်းကို လာတွေ့ဖို့ ဆေးရုံကိုရောက်လာခဲ့တာကို မင်းက မိသားစုဝင်တစ်ယောက်ကို ထိုးပြီး တုံ့ပြန်လိုက်တယ်၊  ငါတို့တစ်မိသားစုလုံးက လူတွေကြားမှာ ဟာသကြီးဖြစ်နေရပြီ၊


ငါတို့လင်းမိသားစုမှာ မင်းလို ကျေးဇူးမသိတတ်တဲ့သား မရှိဘူးကွ!” 


ပုံမှန်ဆိုလျှင် တိတ်ဆိတ်ပြီး သိမ်မွေ့သော လင်းမားမားပင်လျှင် ယွီဟန်အား စိတ်ပျက်သည့်ဟန်ဖြင့် ကြည့်နေခဲ့သည်။ 


“ရှောင်ဟန်၊ မင်း ဒီတစ်ခေါက်တော့ တော်တော်လေးလွန်သွားပြီ၊  မင်းရဲ့အစ်ကိုက ကောင်းစေချင်တဲ့ ဆန္ဒနဲ့ လုပ်ခဲ့တာကို မင်းဘယ်လိာတုံ့ပြန်ခဲ့တာလဲ” 


လင်းမိသားစု၏ အငယ်ဆုံးသမီးဖြစ်သူ လင်းချင်းရှီကတော့ မျက်မှောင်ကြုတ်ရုံသာ ကြုတ်နေခဲ့ပြီး ယွီဟန်ကို ဝေဖန်ပိုင်းခြားနေသည့်ထဲတွင် မပါဝင်ခဲ့ချေ။ 


သို့သော် လင်းစုံတွဲမှာမူ ယွီဟန်မှ လင်းယွီချန်ကို ထိုးနှက်ခဲ့သည့်အတွက် တောင်းပန်ရမည်ဟု ညီညီညာညာနှင့် ပြောဆိုနေခဲ့ကြသည့်အတွက် ညစားစားပွဲဝိုင်းရှိ လေထုအား ချက်ချင်းပင် အေးစက်သွားစေခဲ့၏။ 


“ကျွန်တော့်ဆီကို လာတွေ့ပေးတာ? အဲဒီစကားကို ပြောရတာ စိတ်မသိုးမသန့်တောင် မဖြစ်ဘူးလား?” 


ယွီဟန်က ပြုံးနေသေးသော်လည်း သူ၏မျက်ဝန်းများမှာမူ ရယ်မြူးနေသည့် အရိပ်အယောင်တစ်ခုမျှပင် မရှိနေခဲ့ချေ။ 


“ရင်းနှီးမြုပ်နှံတဲ့သူက အရေးကြီးတဲ့အချိန်ကြီးမှာ ပိုက်ဆံကို ပြန်ရုတ်သိမ်းသွားတာကို မင်းက မင်းရဲ့အမှားကို ပြန်မကြည့်ဘဲနဲ့ ဆေးရုံကိုရောက်လာပြီး လူနာတစ်ယောက်ဆီမှာ မင်းရဲ့ပြဿနာတွေကိုဖြေရှင်းပေးပါဆိုပြီး ခြိမ်းခြောက်ခဲ့တယ်၊  မင်းကရော ဒါကို ရယ်စရာကောင်းတယ်လို့မထင်ဘူးလား?” 


လင်းယွီချန်၏ မျက်နှာအနေအထားမှာ ရှံ့မဲ့သွားခဲ့၏။ 


“ရှောင်ဟန်၊ မင်းပြောတာ မှားနေပြီ၊ ငါက မင်းကို ဘယ်လို ခြိမ်းခြောက်ခဲ့လို့လဲ?” 


ယွီဟန် : “အိုး..  ဆိုတော့ မင်း ဆေးရုံကိုလာရတာ ငါ့ကိုတွေ့ဖို့သက်သက်ပဲ မဟုတ်ဘူးဆိုတာကို ဝန်ခံတယ်ပေါ့?” 


လင်းယွီချန် : “…….” 


“ပြီးတော့ လင်းဟန်က ရှဲ့မိသားစုထဲမှာ အခက်အခဲတွေကြုံတွေ့နေရတာကိုလည်း သိနေနဲ့ကို မင်းအစား ရှဲ့စစ်ရှင်းကို စကားပြောပေးပါလို့ ငါ့ကို ပြောခဲ့တယ်၊ မင်းသာ ဒီလောက်တောင် တတ်ကျွမ်းနေတယ်ဆိုရင် ဘာလို့ ကိုယ့်ဘာသာကိုယ် မလုပ်ခဲ့တာလဲ?” 


ယွီဟန် လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ပြုံးကာပြောလိုက်သည်။ 


“အိုး၊ ငါမေ့သွားတယ်၊  မင်းက အကူအညီတောင်းဖို့နေနေသာသာ ရှဲ့စစ်ရှင်း‌ရဲ့ ရှေ့မှာ လေတောင်လည်ရဲတာ မဟုတ်ဘူးလေ” 


ရှဲ့မိသားစုရှိ လင်းဟန်၏အခြေအနေကိုပင် ဂရုမထားဘဲ သူ၏ ပန်းတိုင်များကို ရောက်ရှိရန်အတွက် လင်းဟန်အား အသုံးချချင်သည့် လင်းယွီချန်၏စိတ်ဓာတ်အကြောင်းကိုပြောရလျှင် ယွီဟန်အနေဖြင့် သူ့၏ နောက်ထပ် သွားတစ်ချောင်းအား ရိုက်ချိုးပစ်ရန်ပင် လုံလောက်နေလေပြီ။ 


လင်းမိသားစုဘက်တွင်တော့ ယွီဟန်က သူ့၏ နာမည်အပြည့်အစုံကိုသုံးကာ ပြောဆိုနေသည်ကိုပင် သတိမမူမိလောက်သည်အထိ ယွီဟန်၏ ပုံမှန်နှင့်မတူဘဲ တင်းတင်းမာမာပြောဆိုနေမှုကြောင့် အံ့အားသင့်နေကြ၏။ 


သူတို့၏ အမြင်တွင် လင်းဟန်ဆိုသူမှာ အမြဲတစေ ကြောက်ရွံ့တွန့်ဆုတ်တတ်ကာ ကျိုးနွံနှိမ့်ချတတ်သည့်သူတစ်ဦးဖြစ်သည်။ 


လင်းဟန်က ဘယ်တုန်းကများ သူတို့ကို ဒီလိုမျိုး အာခံပြီး ပြောရဲသွားတာလဲ ? 


ယွီဟန်က လင်းယွီချန်၏ ဒေါသထွက်နေသောအကြည့်တို့အား လျစ်လျူရှုလိုက်ကာ ပို၍ သက်တောင့်သက်သာဖြစ်စေမည့် ပုံစံသို့ပြောင်းထိုင်လိုက်ပြီး ဆက်ပြောလိုက်လေသည်။ 


“ငါ မှတ်မိတာသာ မှန်မယ်ဆိုရင်  မင်းရဲ့ အရင်စီမံကိန်းက မင်းရဲ့ စီမံမှုညံ့ဖျင်းလို့ မတော်တဆထိခိုက်မှုဖြစ်သွားတယ်၊ ပြီးတော့ ရလဒ်အနေနဲ့ ဆောက်လုပ်ရေးနေရာမှာ အလုပ်သမားတစ်ယောက်သေဆုံးသွားခဲ့တယ်လေ၊ သေဆုံးသွားတဲ့သူရဲ့ မိသားစုဝင်တွေက ကုမ္ပဏီမှာတောင် ပြဿနာလာရှာခဲ့တယ်မလား?’ 


ထိုစကားအား ကြားလိုက်ချိန်တွင် လင်းပါးပါးတစ်ယောက် ချက်ချင်းဆိုသလိုပင် လင်းယွီချန်အား  မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်ကာ မေးလာသည်။ 


“ရှောင်ချန်၊၊ အဲဒါ အမှန်ပဲလား?” 


လင်းယွီချန်တစ်ယောက် ခေတ္တမျှ ကြက်သေသေသွားသော်လည်း ချက်ချင်းပြန်ပြီး တည်ငြိမ်ယောင်ဆောင်လျက် ပြောပြလိုက်သည်။ 


“ပါး၊ သူ့ရဲ့ မဟုတ်တမ်းတရားတွေကို နားမထောင်ပါနဲ့၊ အဲဒီလိုမျိုးတွေ တစ်ခုမှမဖြစ်ခဲ့ဘူး! 


ပြီးတော့ လူသေသွားတာလိုမျိုး တစ်ခုခုကြီးကြီးမားမားဖြစ်ခဲ့ရင် အကြီးအကျယ် ဂယက်ရိုက်သွားမှာပေါ့၊ ပါး မသိလိုက်ဘဲ နေမဲ့အရာမျိုးလား”


ယွီဟန် ရယ်မောလိုက်လေသည်။ 


“သေချာတာပေါ့ ၊ အကြီးအကျယ် ဂယက်ရိုက်သွားမှာကို ကြောက်လို့ပဲ မင်းက မြန်မြန်ဆန်ဆန်နှင့် နှုတ်ပိတ်ခပေးလိုက်တာလေ၊  ဒါပေမဲ့ မင်းက အဲဒီဖြစ်ရပ်တစ်ခုလုံးကို  မင်းရဲ့အပြစ်လို့ မမြင်ခဲ့ဘူး


ကုမ္ပဏီမှာ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မျက်နှာပျက်ခဲ့ရလို့ဆိုပြီး သေဆုံးသွားတဲ့သူရဲ့ သားကိုတောင် ချောင်းရိုက်ပြီး သူတို့ကို စကားတစ်လုံးမှ မပေါက်ကြားစေဖို့နှင့်၊ မဟုတ်ဘူးဆိုရင် မင်း သူတို့ရဲ့လက်တွေကို ဖြတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ဖို့ လူငှားခဲ့တယ်လေ” 


လင်းယွီချန်၏ မျက်နှာပြင်မှာ လုံးလုံးလျားလျားပင် ဖျော့တော့သွားသော်လည်း ဆက်လက်ပြီး ပြန်လည်ငြင်းခုံလေသည်။“မဟုတ်ဘူး၊ မင်း ငါ့ကို စွပ်စွဲနေတာပဲ၊  ငါ မင်းပြောတာတွေကို ဘာတစ်ခုမှ မလုပ်ခဲ့ဘူး၊ မင်းက ငါ့ကို ချောက်ချဖို့ ဇာတ်လမ်းဆင်နေတာလား” 


သူ့အနေဖြင့် ထိုအကြောင်းအား အသေအချာ ဖုံးကွယ်ခဲ့ပြီး ပေါ်ထွက်မလာနိုင်တော့သည့် လျှို့ဝှက်ချက်တစ်ခုအဖြစ် လုပ်ခဲ့ခြင်းဖြစ်သည်။


ထိုကိစ္စ မပျံ့နှံ့သွားနိုင်ခင်မှာပင် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ပြီး ထိုအကြောင်းအရာနှင့်ပတ်သတ်၍လည်း မည်သူ့ကိုမျှမပြောပြခဲ့ပေ။ 


လင်းဟန်က တစ်ချိန်လုံး ဆေးရုံတွင် ရှိနေခဲ့ပြီး ဤအကြောင်းကို မည်သို့သိခဲ့သနည်း? 


ရှဲ့စစ်ရှင်းများ ဖြစ်နိုင်မလား?’ 


မဖြစ်နိုင်ပေ။ လင်းဟန်ကိုယ်တိုင်ပင် ရှဲ့စစ်ရှင်းက သူ့အား ဆိုးဆိုးရွားရွား ဆက်ဆံသည်ဟု ပြောခဲ့သဖြင့် ဤကိစ္စအား စုံစမ်းရန် သူ့အား မည်သို့ ကူညီပါမည်နည်း? 


လင်းမားမားကတော့ ယွီဟန် ပြောပြနေသည့်လူမှာ လင်းယွီချန်ဖြစ်နေသည်အား မယုံကြည်နိုင်သကဲ့သို့ပင် မျက်မှောင်အားကြုတ်လိုက်၏။


“ရှောင်ဟန် နားလည်မှုလွဲနေတာများ ရှိနေမလား? ‌ရှောင်ချန် က ‌ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ကလေပဲ၊ သူက မင်း ပြောနေတဲ့အရာတွေကို မလုပ်နိုင်ဘူး” 


လင်းယွီချန်၏ စိတ်ထဲတွင်တော့  လင်းဟန်၏စကားလုံးများအား ပြန်ချေပရန် နည်းလမ်းတစ်ခုအား လျင်မြန်စွာတွေးတောနေသည်။ 


နောက်ဆုံးတွင်တော့ တစ်ခုခုအား စဥ်းစားမိသွားကာ ပြောလာသည်။ 


“ရှောင်ဟန်၊ ဒီမိသားစုထဲမှာ ငါက မင်းရဲ့နေရာကို ယူထားတယ်လို့ အမြဲတွေးနေခဲ့တာလား? ဒါပေမဲ့  ဟိုးအရင်အတိတ်မှာတုန်းက ဆေးရုံမှာဖြစ်ပျက်ခဲ့တဲ့ ကလေးချင်းအလဲခံရတဲ့ကိစ္စကို ငါတို့တွေ  ပြန်သွားပြီးပြောင်းလဲလို့မရတော့ဘူးလေ


ပါးနဲ့ မားက ငါ့ကို လင်းမိသားစုထဲမှာ ဆက်နေခိုင်းထားခဲ့လို့ မင်းစိတ်ဆိုးနေတယ်ဆိုတာကို ငါနားလည်ပါတယ်၊ မင်း ငါ့ကို တကယ်ကြီး မုန်းတီးနေတယ်ဆိုရင် ဒီအရာအားလုံးကို မင်းကို ပြန်ပေးပါ့မယ်” 


လင်းယွီချန်မှာ သူ၏ ခေါင်းကို နှိမ့်ချလိုက်ကာ နောင်တရရှိနေသည့်ဟန်ဖြင့် ဆက်ပြောလာ၏။ 


“မင်းအပေါ်မှာ မှားခဲ့တာတွေအတွက်ကို တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါ့ကို နာမည်ဖျက်ဖို့ မလိုပါဘူး၊ ငါက လင်းမိသားစုရဲ့ တကယ့်သားအရင်းမဟုတ်ဘူးဆိုတာနှင့် နောင်တစ်ချိန်ကျရင် မင်းအပိုင်ဖြစ်လာမဲ့အရာတွေကိုလည်း ငါဘယ်တော့မှ မထိပါဘူးဆိုတာကို လူသိရှင်ကြား ရှင်းလင်းပေးပါ့မယ်၊ ဒါဆို မင်းစိတ်‌ကျေနပ်သွားမှာလား?” 


ဆိုရလျှင် သခင်လေးအတုတစ်ယောက်ဟု ဖော်ထုတ်ပြီးခံရပြီးနောက်တွင်တောင်မှ လင်းမိသားစု၏ နှလုံးသားထဲတွင် ကြီးမားသောနေရာတစ်ခုအား ဆက်လက်ထိန်းသိမ်းထားနိုင်သော လင်းယွီချန်၏အရည်အချင်းနှင့် မိသားစုစီးပွားရေးကိုပင် လင်းယွီချန်အားအမွေပေးချင်နေသော လင်းမိသားစုတို့၏စိတ်ဆန္ဒမှာ လင်းယွီချန်၏ လုပ်ဆောင်နိုင်စွမ်းများကို ပြသနေ၏။ 


သူ၏ စိတ်ထိခိုက်ဖွယ် ဇာတ်လမ်းထဲတွင် လင်းယွီချိန်သည်က နစ်နာသူဖြစ်သွားပြီး ယွီဟန်ကတော့ မနာလိုဝန်တိုမှုကြောင့် ဇာတ်ကြောင်းအတုအယောင်များဖန်တီး၍ သခင်လေးအတုအား စွပ်စွဲချင်နေသည့် တရားခံဖြစ်သွားတော့သည်။ 


လင်းပါးပါးက လင်းယွီချိန်၏စကားလုံးများကြောင့် သိသိသာသာပင် သနားကြင်နာသွားလေသည်။ 


လင်းယွီချန်ကို သူ၏အမျိုးသမီးနှင့်အတူ မွေးမြူစောင့်‌ရှောက်ခဲ့သည့်အတွက် လင်းယွီချန်၏စိတ်ထားအား သူ ကောင်းမွန်စွာ နားလည်သည်ဟုလည်း ယုံကြည်ထားသည်။ 


တစ်ဖက်တွင်မူ ကျေးလက်ဒေသ၌ ကြီးပြင်းခဲ့ရသော လင်းဟန်သည်က သူတို့နှင့် သံယောဇဥ်ကြိုးနှောင်တစ်စုံတစ်ရာမရှိသည့်အပြင် ခွန်အားနည်းကာ အရည်အချင်းမရှိသူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်သည်။ 


ထို့အပြင် လင်းဟန်၏ ကျေးလက်တောရွာမှ မိဘများက လင်းဟန်ကို ကောင်းမွန်စွာပြုစုပျိုးထောင်ပေးခဲ့လိမ့်မည်ဟုလည်း မယုံကြည်ကြပါချေ။ 


လင်းပါးပါးမှာ တောရွာမှ မယဥ်ကျေး၊ ရိုင်းစိုင်းသော မိသားစုတွင် ကြီးပြင်းလာသော ကလေးတစ်ယောက်သည်က သဘာဝအလျောက် မုန်းတီးစက်ဆုပ်ဖွယ်ကောင်းမည်ဟု အပြည့်အဝယုံကြည်ထားသူဖြစ်လေသည်။ 


စိတ်ပိုင်းဖြတ်ပြီးနောက် အဖေလင်းက ယွီဟန်အား စူးစိုက်ကြည့်ကာ ပြောလိုက်၏။ 


“မဖြစ်နိုင်တာတွေလာပြောနေတာပဲ၊ မင်းက အချိန်အကြာကြီး တောရွာဘက်မှာ နေခဲ့ရတာမို့လို့ အမြင်ကျဥ်းလာတာပဲဖြစ်ရမယ်၊ သူများကို မနာလိုပြီး မဟုတ်မမှန်တဲ့သတင်းတွေ လိုက်ဖြန့်နေမယ့်အစား ရှဲ့စစ်ရှင်း စိတ်ကျေနပ်စေဖို့ ဘာတွေလုပ်ရမယ်ဆိုတာကိုပဲ အာရုံစိုက်နေသင့်တယ်” 


ယွီဟန်က မေးစေ့အောက်တွင် လက်ကို ထောက်ထားလျက် စားပွဲ၌ထိုင်နေကြသော သူများအားလုံးကို အေးဆေးတည်ကြိမ်စွာ ကြည့်လိုက်လေသည်။


“တကယ်လို့ သူလုပ်ခဲ့လား မလုပ်ခဲ့ဘူးလားဆိုတာကို သိချင်ရင် စုံစမ်းကြည့်ပေါ့၊ သူ ဘယ်လောက်ပဲ တိတိကျကျလုပ်ခဲ့ပါစေ၊ သဲလွန်စတွေ မထားခဲ့ဖို့ဆိုတာက မဖြစ်နိုင်ဘူး


ဒီလိုမှမဟုတ်ရင် အဲဒီရင်းနှီးမြှုပ်နှံသူက သတင်းကို ကြားသွားပြီး သူ့ရဲ့ရင်းနှီးမြှပ်နှံငွေတွေကို ပြန်နုတ်သွားတာမျိုး ဖြစ်လာနိုင်မှာတဲ့လား ? “


လင်းပါးပါးတစ်ယောက် အနည်းငယ် ဝေခွဲမရဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်၏။ 


ဆိုရလျှင် ယွီဟန်က အလွန်အမင်းသေချာနေဟန်ဖြင့် ပြောနေသောကြောင့်ပင် ထိုကိစ္စမှာ  ဖြစ်နိုင်သည်ဟုပင် ထင်ရသည်။ 


လင်းယွီချန်က စိုးရိမ်သွားရပြီး အရှေ့သို့ တိုးလာလေ၏။


“ဟန်တိတိ၊ မင်းက ငါနဲ့ပတ်သတ်ပြီး တကယ့်ကို အာဃာတတွေ ရှိနေတာလား?”ငြိမ်သက်နေသည့် စနစ်ပင် လင်းယွီချန်၏ ကြိုးကိုင်ချယ်လှယ်နေသော အမူအရာအား ရွံရှာသွားဟန်ဖြင့် ယွီဟန်အား အကြံပေးလိုက်သည်။


{Host.. သူတို့ကို ဆက်ပြီးတော့ မဖြောင်းဖျပါတော့နဲ့လား၊ လင်းမိသားစုက အဖတ်ဆယ်လို့မရတော့တဲ့ အနေအထားရောက်နေပြီ၊  မင်း ဘာပဲပြောပြော လင်းယွီချန်က သူတို့နဲ့ အနှစ် ၂၀ ကြာအောင် အတူတူနေလာတာလေ၊ မင်း သူ့ထက် အလေးသာမှာမဟုတ်ဘူး၊ ဒီမိသားစုထဲမှာ လင်းဟန်က အမြဲတမ်း အပြင်လူဖြစ်နေမှာပဲ} 


ဤကိစ္စပြီးနောက်ပိုင်း ဆက်ဖြစ်လာမည့်ဇာတ်ကြောင်းမှာ :  လင်းဟန် ပြန်လည်၍ ရောက်လာခဲ့ပြီးနောက် လင်းမိဘများက လင်းဟန်အား မည်သည့်အချိန်ကမျှ သူတို့၏ သားတစ်ဦးအဖြစ် အသိအမှတ်မပြုခဲ့ဘဲ လင်းဟန် နာမကျန်းဖြစ်မှုကြောင့် ဆုံးပါးသွားသည့်အခါ၌ပင် သူ့၏စျာပနသို့ ရောက်လာခြင်းမရှိကြပေ။


ယွီဟန်မှာ မျက်ခုံးပင့်လိုက်သည်။


“ငါလာတာ သူတို့ကို ဖျောင်းဖျဖို့ လာတယ်လို့ ဘယ်သူပြောလဲ?” 


စနစ်: {ဒါဆို ဘာလို့ဒီကို လာတာလဲ?} 


ယွီဟန် စနစ်အား ပြန်မဖြေဘဲ ရေးရေးမျှသာ ပြုံးလိုက်၏။ 


စနစ်ကတော့ စိတ်ထဲ၌ မကောင်းသည့်ခံစားချက်တစ်ခုအား ထပ်မံခံစားလိုက်ရတော့သည်။