အခန်း(12)
ယွီဟန်တစ်ယောက် ရှဲ့စစ်ရှင်း၏ကုမ္ပဏီအတွင်းမှ အတော်လေးပျော်ရွှင်နေသည့်အမူအရာဖြင့် ထွက်လာခဲ့သည်။
ရှဲ့စစ်ရှင်းက ကျန်းစစ်နျဥ်အားပေးမည်ဆိုသည့်ကိစ္စအား သဘောမတူခဲ့သော်လည်း သူ့(ယွီဟန်)ကို တခြား စွမ်းဆောင်ရည်ကောင်းမွန်သည့် လူတစ်ဦး တာဝန်ချပေးပါမည်ဟု ကတိပေးခဲ့လေသည်။
ယွီဟန်သည်လည်း ကျန်းစစ်နျဥ်ကိုယ်တိုင်အား လိုအပ်နေခြင်းမဟုတ်ခဲ့သည့်အတွက် ချက်ချင်း သဘောတူလိုက်၏။
ကျန်းစစ်နျဥ်မှ သူ့ကို ကုမ္ပဏီအောက်ထပ်သို့ လိုက်ပို့ပေးသည့်အချိန်တွင် ထိသူ၏မျက်နှာပေါ်တွင် ရှိနေခဲ့သည့် ကြောက်ရွံ့နေသော မျက်နှာထားကသာ ယွီဟန်ကို အနည်းငယ် စိတ်ကသိကအောက်ဖြစ်စေခဲ့သည်။
သူ စနစ်ကို ပြောလိုက်လေသည်။
“ထင်ရတာတော့ ကျန်းစစ်နျဥ်က ငါ့ဘက်ကို လာဖို့ သိပ်ပြီး စိတ်အား မထက်သန်လောက်ဘူးထင်တယ်”
စနစ်မှာလည်း စိတ်ပျက်မှုနှင့် ပြည့်နေခဲ့လေ၏ :
{ဘယ်သူက စိတ်အားထက်သန်မှာလဲ !!}
ဘယ်လိုလူမျိုးက ဒီလိုမျိုး တိုက်ရိုက်ကြီး သွားလို့ရမှာလဲ?
ဒါက တဖြည်းဖြည်း.. ဖြည်းဖြည်းချင်းသွားရတဲ့ နေရာ မဟုတ်ဘူးလား?
အနည်းဆုံးတော့ သူ့ရဲ့ အရင် host တွေက အဲဒတီလိုမျိုးပဲ လုပ်ခဲ့တာပဲလေ..... ရလဒ်တွေကလည်း မကောင်းခဲ့ဘူး ဆိုပေမယ့်ပေါ့။
ယွီဟန်တစ်ယောက် စနစ်နှင့် အချီအချမပြောချင်သောကြောင့် နှာခေါင်းရှုံ့လိုက်ကာ ရိုးရှင်းစွာပင် ပြောလိုက်၏။
“သူ အဲဒါကို နောင်တရလိမ့်မယ်”
*
ယွီဟန် ကားအတွင်းသို့ ဝင်ရောက်လိုက်သော်လည်း ရှဲ့မိသားစုအိမ်ရာထံသို့ ချက်ချင်း မပြန်သွားချင်ခဲ့ပေ။
ယွီဟန် ခေတ္တမျှ တွေးတောပြီးသည့်နောက်တွင် အရှေ့ခန်းတွင်ရှိနေသော ယာဥ်မောင်းကို လှမ်းပြောလိုက်သည်။
“လင်းမိသားစုအိမ်ရာကို သွားမယ်”
စနစ်မှာ စူးစမ်းချင်ဟန်ဖြင့် မေးလိုက်လေသည်။
{မင်း လင်းအိမ်ရာကို ဘာလုပ်ဖို့ သွားမှာလဲ?}
ယွီဟန် : “သေချာပေါက် လုံအောင့်ထျန်းရဲ့ အရေးကြီးတဲ့ဇာတ်ကြောင်းကို လိုက်လုပ်ဖို့ပေါ့”
စနစ် : {???}
စနစ်သည်က ယခင်က လုံအောင့်ထျန်းဌာနခွဲမှ host တစ်ဦးနှင့်မျှ လက်တွဲခဲ့ဖူးသည့်အတွက် အရေးကြီးသည့် ဇာတ်ကြောင်းဆိုသည်မှာ မည်သည်မှန်းကို မသိပါချေ။
စနစ် : {လုံအောင့်ထျန်းရဲ့ အရေးကြီးတဲ့ ဇာတ်ကြောင်းဆိုတာ ဘာကြီးလဲ??}
ယွီဟန်မှာ လျို့ဝှက်ဆန်းကြယ်နိုင်စွာ ရယ်မောလိုက်သည်။
“ခဏနေရင် တွေ့ရလိမ့်မယ်”
ယာဥ်မောင်းကတော့ ယွီဟန်မှ လင်းအိမ်ရာသို့ သွားမည်ဟူသည့် စကားကို ကြားလိုက်သော်လည်း မေးခွန်းတစ်ခုမှ မေးမြန်းခြင်းမရှိခဲ့ချေ။
ရှဲ့စစ်ရှင်းမှ သူတို့ဆီသို့ သူတို့၏ မဒမ်လုပ်ချင်သည့်အရာဟူသမျှအား မနှောင့်ယှက်ရဟု ခိုင်းစေခြင်းကိုခံထားရလေသည်။
ထိုတွင် ချွင်းချက်တစ်ခုတော့ရှိခဲ့သည် : သူတို့က ရှဲ့စစ်ရှင်းထံသို့ ပြန်လည် တင်ပြရပေမည်။
ထို့ကြောင့် ယွီဟန်တစ်ယောက် လင်းအိမ်ရာအတွင်းသို့ ဝံ့ကြွားစွာ လမ်းလျှောက်ဝင်သွားသည့်အချိန်တွင် ရှဲ့စစ်ရှင်းမှာလည်း ထိုသတင်းကို ချက်ချင်းပင် ရရှိလိုက်လေသည်။
သူက စားပွဲပေါ်တွင်ရှိနေသော ပန်းရောင်နေ့လယ်စာဘူးအား စိတ်နှင့်ကိုယ်နှင့်မကပ်စွာ စိုက်ကြည့်နေမိသည်။
“ဥက္ကဌ”
ကျန်းစစ်နျဥ်မှ သတိကြီးစွာဖြင့် မေးလာခဲ့၏။
“ဘာများတွေးနေတာလဲ?”
ငါ ဘာတွေ တွေးနေတာလဲ?
ပြောလို့ရသည့်တစ်ခုတည်းသောအရာမှာ ဤစာအုပ်ကူးပြောင်းသူသည်က မသိနားမလည်မှုများကြောင့် စိတ်ကြီးဝင်လွန်းပြီး အကြောက်တရားကင်းမဲ့နေသည်သာဖြစ်နိုင်သည်ဟုပင်။
လင်းမိသားစုသည်က ယခုအချိန်တွင် သူတို့၏ မကျေနပ်မှုများအတွက် ထွက်ပေါက်တစ်ခုကို ရှာဖွေနေခဲ့သည့်အတွက် ယွီဟန် သူတို့၏ တံခါးဝမှ ဖြတ်သန်းဝင်ရောက်သွားခြင်းမှာ ဤလောဘကြီးလှသည့်မိသားစုမှ လုံးလုံးလျားလျားဝါးမျိုခြင်းခံလိုက်ရခြင်းမျိုးသာ ဖြစ်လာလိမ့်မည်။
သူ၏စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည့် စာအုပ်ကူးပြောင်းသူတစ်ဦးအား တွေ့ရှိဖို့ရာဆိုသည်မှာ ရှားပါးလှသည့် အရာဖြစ်သည်။
သူတို့နှစ်ယောကင ထိပ်တိုက်ရင်ဆိုင်မှုမတိုင်မီ အခြားသူများမှ ယွီဟန်အား အနိုင်ယူသွားမည်ကို မလိုချင်ပါပေ။
ခေတ္တမျှ တွေးတောပြီးသည့်နောက်တွင် ရှဲ့စစ်ရှင်း မတ်တပ်ရပ်လိုက်၏။
“လင်းမိသားစုအိမ်ရာကို သွားမယ်”
ကျန်းစစ်နျဥ်း : “ဟမ်?”
သူ ကြားလိုက်တဲ့စကားက မှန်ရော မှန်ရဲ့လား?
*
လင်းမိသားဝင်များမှာ ယွီဟန်ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အချိန်တွင် အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
ယနေ့သည်ကား လင်းယွီချန်၏ မွေးနေ့ဖြစ်၏။
သို့သော် မကြာသေးမီက လင်းယွီချန်တစ်ယောက် ဆေးရုံတွင် ယွီဟန်ထံမှ အထိုးခံလိုက်ရသည့် သတင်းမှာလည်း ပျံ့နှံ့သွားခဲ့သည်ဖြစ်ရာ သူ့အဖို့ အရှက်ကွဲစရာကြီးတစ်ခုဖြစ်ခဲ့လေသည်။
ထို့ကြောင့် ဤနှစ်အတွက် မွေးနေ့ပါတီတစ်ခုအား ကျင်းပဖို့ရာ အစီအစဥ်မရှိပါချေ။
ဧည့်ခံစားသောက်ပွဲ ကျင်းပမည် မဟုတ်သည့်အတွက် လင်းမိသားစုသည်လည်း လင်းယွီချန်၏ မွေးနေ့အား ရိုးရှင်းစွာဂုဏ်ပြုရန် စုဝေးခဲ့ကြသည်။
သူတို့၏ ကျောင်းအဆောင်တွင် နေထိုင်သော အထက်တန်းကျောင်းသူအရွယ် သမီးလေးပင် အချိန်မီ အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မိသားစုသည်ကား အတူတကွစုဝေးကာ ပူပူနွေးနွေးညစာအား ပျော်ရွှင်စွာ စားသောက်နေကြလေ၏။
သို့သော်လည်း ယွီဟန်ကတော့ ဤညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းမခံခဲ့ရပေ။လင်းမိသားစု၏နှလုံးသားအတွင်းတွင် လင်းဟန်အား သူတို့၏မိသားစုဝင်တစ်ဦးအဖြစ် မခံယူထားကြသောကြောင့်ဖြစ်နိုင်၏။
ယွီဟန် ရောက်ရှိလာသည့်အခိုက်တွင် လင်းမိသားစုဝင်များအားလုံးသည်က လင်းယွီချန်ကို ဂုဏ်ပြုဖို့ရာအတွက် ဝိုင်ခွက်များအား ပင့်,မထားကြပြီး အလွန်အမင်း ပျော်ရွှင်နေကြသည်မှာ သိသာလှပေ၏။
ယွီဟန် ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဖြစ်ပေါ်သွားကြသည့် သူတို့၏မျက်နှာထားများမှာလည်း အတော်လေးပင်ကြည့်ကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်နိုင်လိမ့်မည်။
လင်းပါးပါးက ရုတ်ချည်းပင် မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်ဝန်းများမှာ ဒေါသနှင့် လောင်မြိုက်လာခဲ့၏။
“မင်း ပြန်လာရဲသေးတယ်ပေါ့လေ?!”
ယွီဟန်ပါဝင်ခဲ့သည့် လတ်တလော အဖြစ်အပျက်သည်က လင်းပါးပါး၏ လည်ချောင်းအတွင်းတွင် ဆူးညွှတ်တစ်ခု ကျန်ရစ်နေခဲ့သည့်အလား ခံစားနေရဆဲဖြစ်နေခဲ့သည်။
ဤဖြစ်ရပ်ကြောင့် လင်းဟန်ဆိုသည်မှာ မသိနားမလည်တတ်ကာ ကျေးဇူးမသိတတ်သည့် သားတစ်ဦးဖြစ်သည်ဟူသော သူ့၏ယုံကြည်ချက်ကို ပို၍ခိုင်မာသွားခဲ့ရသည်။
“ဘာလို့ မပြန်လာရဲရမှာလဲ?”
ယွီဟန်က လင်းပါးပါး၏မျက်နှာအား မမြင်လိုက်သည့်သယောင် ဟန်ဆောင်ကာ ညစာစားပွဲခုံ၌ ထိုင်ရန် ခုံတစ်လုံးကို ပေါ့ပါးစွာ ဆွဲယူလိုက်သည်။
လင်းယွီချန်သည်လည်း ယွီဟန်ကိုမြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားရလေ၏။
သူ၏မျက်ဝန်းတစ်လျှောက်တွင် မုန်းတီးနာကျည်းမှုကြီးတစ်ခု ဖြတ်သန်းသွားသော်လည်း သူ အလျင်အမြန်ပင် ဖုံးကွယ်ထားလိုက်သည်။
သူက မတ်တပ်ရပ်လိုက်ကာ လင်းပါးပါး၏လက်အား ဆွဲကိုင်၍ ပြောလိုက်လေ၏။
“ပါး၊ ရှောင်ဟန်က အခုလို ပြန်လာတယ်ဆိုတာ ရှားတယ်လေ၊ ကျွန်တော်တို့လည်း မိသားစုအားလုံး ဆုံဆည်းပြီး ထမင်းအတူမစားရတာ ကြာလှပြီ၊ ဒီနေ့က ကျွန်တော့်မွေးနေ့ဆိုတော့ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့၊ စိတ်ထိန်းပါဦး”
ထို့နောက် သူက ယွီဟန်ဘက်သို့ လှည့်လိုက်ကာ ပြောလိုက်သည်။
“တောင်းပန်ပါတယ် ရှောင်ဟန်၊ ငါက မင်းကို ဆေးရုံမှာပဲ ရှိနေသေးတယ်ထင်လို့ ငါ့မွေးနေ့ကို မဖိတ်လိုက်မိတာ”
လင်းယွီချန်မှ ယွီဟန်အား တောင်းပန်သည့်စကားပြောနေသေးသည်ကို မြင်လိုက်ရသည့်အတွက် လင်းပါးပါးက ပို၍ပင် ဒေါသပုံထလာခဲ့သည်။
“အဲဒီစကားနားမထောင်တဲ့ကောင်! သူက ဒီနေရာကို သူ့အိမ်လို့တောင် သဘောထားတယ် မထင်ဘူး”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? ရှောင်ဟန်က ဒီတိုင်း...ဒီအတိုင်း.....”
လင်းယွီချန်တစ်ယောက် ယွီဟန်အတွက် ဆင်ခြေတစ်ခု ပေးနိုင်ရန် အကြောင်းပြချက်များရှာနေသည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
သို့သော် သူ အမှန်တကယ်တမ်းတွင်တော့ မည်သည့်အရာကိုမှ မရှာနိုင်ခဲ့သဖြင့် တုံ့ဆိုင်းနေရသည့် မျက်နှာထားကို ပြသလိုက်၏။
ယွီဟန်သည်ပင်လျှင် ဤဖျော်ဖြေတင်ဆက်မှုတစ်ခုလုံးမှာ ကျွမ်းကျင်ပြောင်မြောင်လှသည်ဆိုသည့်အချက်အား သဘောတူရပေမည်။
ထင်ထားသည့်အတိုင်းပင် လင်းပါးပါးသည်လည်း လင်းယွီချန်၏ တုံ့ဆိုင်းနေသည့် မျက်နှာထားကြောင့် ပို၍ပင်ဒေါသကြီးလာခဲ့သည်။
သူ၏အသံမှာလည်း ကျယ်လောင်လာခဲ့၏။
“သူ့အတွက် ပြောပေးမနေနဲ့! သူသာ ဒီမိသားစုအတွက် ဂရုစိုက်ခဲ့မယ်ဆိုရင် မင်းကို မကူညီတဲ့အပြင် မင်းရဲ့သွားအကောင်းတွေထဲက တစ်ချောင်းကိုလည်း ရိုက်ချိုးခဲ့မှာတဲ့လား? အဓိပ္ပာယ်မရှိလိုက်တာ !”
ယခုဆိုလျှက် လင်းယွီချန်သည်က သူတို့မိသားစု၏မျက်နှာဖုံးဖြစ်နေခဲ့ပြီဖြစ်ကာ သူ့ခံတွင် သွားတစ်ချောင်း ပျောက်နေသည်က အလွန်ပင် ရုပ်ဆိုးနေခဲ့ရသည်ပင်။
သူ အပြင်ထွက်တဲ့အချိန်ကျရင် တခြားသူတွေက လင်းမိသားစုကို ဘယ်လို ထင်ကြမလဲ?!
လင်းပါးပါးမှ ထိုသွားအကြောင်းကို ပြောဆိုလိုက်လျှင် လင်းယွီချန်၏မျက်နှာထားမှာ ရှက်ရွံ့စွာဖြင့် ခေတ္တမျှ ရုပ်ဆိုးသွားရလေသည်။
သူ့ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ ဂုဏ်မောက်သည့် သူတစ်ဦးက သွားတစ်ချောင်းပျောက်နေခဲ့ရပြီး ထိုအကြောင်းသည်လည်း လူသိရှင်ကြားဖြစ်နေခြင်းမှာ အမှန်ပင် ကြီးမားလှသည့် မျက်နှာပျက်စရာပင် ဖြစ်ပေသည်။
ယွီဟန်သည် သူ၏မေး,ကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်ကာ သူ့(လင်းယွီချန်)ကို ပျင်းရိစွာ ကြည့်နေခဲ့သည်။
“မင်းက စကားကိုတောင်ပီအောင် ပြောနိုင်နေပါလား၊ မင်းရဲ့သွားကို ပြင်ပြီးသွားပြီပေါ့?”
ထိုနေ့တုန်းက ရှဲ့စစ်ရှင်းနှင့် ဖြေရှင်းချက်တစ်ခုကို ဆွေးနွေးပြီးဖြစ်သော်လည်း နောက်ပိုင်းကိစ္စများကို သူ ဆက်လက် မစုံစမ်းရသေးခဲ့မိပေ။
ယခုတွင်မူ လင်းယွီချန်၏အကောင်းအတိုင်းရှိနေသော သွားကို မြင်တွေ့လိုက်ရသည့်အတွက် ရှဲ့စစ်ရှင်းမှ တစ်ဖက်လူ၏ သွားကို အစားထိုးပြန်စိုက်ရန် အမှန်တကယ် စီစဥ်ပေးခဲ့ခြင်း ဖြစ်ရမည်။
လင်းယွီချန်မှ ၎င်းအား လက်ခံခဲ့သည်လားကိုတော့ ယွီဟန် မသိချေ။
လင်းယွီချန်မှာ ကိုယ့်ကိုယ်ကိုယ် ဖိအားပေး၍ ပြုံးပြလိုက်လေသည်။
“ရှောင်ဟန်၊ မင်း ငါ့ကို ထိုးခဲ့ပေမဲ့ ငါ မင်းကို အပြစ်မတင်ပါဘူး၊ ပါးကိုသာ စကားကောင်းကောင်းမွန်မွန်ပြောလိုက်ဦး၊ ပါးက ကျန်းမာရေးကောင်းတာမဟုတ်ဘူး၊ သူ ဒေါသထွက်လို့မရဘူးလေ”
ယွီဟန်က တွေဝေသွားဟန်ဖြင့် မေးလိုက်၏။
“ငါကတော့ ဘာမှ အမှားလုပ်ထားတယ်လို့ မထင်ပါဘူး၊ မင်း ငါ့ကို ဘာလို့ အပြစ်တင်လို့ရမှာလဲ?”
“……”
လင်းယွီချန်တစ်ယောက် ဆက်ပြီး မပြုံးပြနိုင်တော့ပေ။ယွီဟန်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဆက်လက်ပြောလိုက်သည်။
“ပြီးတော့ အသက်ကြီးနေတဲ့လူကြီးတွေဆိုတာ ကိုယ့်စိတ်ကို ကိုယ်ထိန်းသင့်တာလေ၊ ပါးက ဒေါသထွက်ချင်နေတယ်ဆိုမှတော့ ငါတို့လည်း လုပ်လို့ရတာ ဘာမှမရှိတော့ဘူး”
သူသည် လင်းပါးပါးကို တစ်ချက်မျှ ကြည့်ပြီး စိတ်ပျက်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ထို့နောက် အလိုလိုက်အကြိုက်ဆောင်ပေးသော်လည်း အနည်းငယ် အထင်သေးသည့်လေသံဖြင့် ပြောလိုက်လေ၏။
“ပါး၊ ပါးက ဒီအရွယ်ကြီးမှာ ကလေးလိုမျိုး ဂျီကျလို့မရဘူးလေ”
မိသားစုတစ်စုလုံး : “……”
လင်းပါးပါးမှာ ဒေါသထွက်ချင်သော်လည်း ယွီဟန်၏စကားလုံးများကြောင့် သူ့ကို လမ်းပိတ်သွားစေလေသည်။
ထို့ကြောင့် သူ၏ဒေါသကို မဖော်ပြနိုင်တော့ချေ။
နောက်ဆုံးတွင် ဒေါသကို အတတ်နိုင်ဆုံးသာ ထိန်းလိုက်တော့သည်။
“ရှောင်ဟန်၊ တခြားဟာတွေကိုတော့ ထားလိုက်ပါတော့၊ မင်းအစ်ကို,ကိုပဲ တောင်းပန်လိုက်”
ယွီဟန် မျက်ခုံးများကို ပင့်လိုက်လေသည်။
“ဘာလို့လဲ?”
*