Ch 7
Viewers 2k

အခန်း(7)


ယွီဟန်က  သူ၏လက်မှဒဏ်ရာကို အနည်းငယ်မျှပင် အာရုံမထားပေ။ 


အရိုးကျိုးရုံလေးသာဖြစ်သည်။ သူအနေနှင့် နည်းနည်းလေးမျှ ဂရုမစိုက်ချေ။


ဖြစ်နိုင်မည်ဆိုလျှင် ရှဲ့စစ်ရှင်းအတွက် လက်တစ်ဖက်တည်းနှင့်ပင် ကင်းမြီးကောက်ထောင်ပြလိုက်ပေဦးမည်။ 


“လင်းယွီချန်နဲ့ပတ်သတ်ပြီး.. သူ့ကို ထိုးလိုက်တာ မင်းလား?”


ရှဲ့စစ်ရှင်း သူ့ကို စိုက်ကြည့်လိုက်၏။ သူ၏အရှေ့တွင် ရပ်နေသောသူသည်က သူနှင့်လုံးလုံးမသက်ဆိုင်လှသော သူစိမ်းတစ်ဦးကဲ့သို့ပင် သူ၏ အေးစက်နေသောလေသံမှာ ခံစားချက်များ ကင်းမဲ့နေလေသည်။ 


ယွီဟန် အနည်းငယ်ပြုံးပြလိုက်၏။


“တခြားဘယ်သူဖြစ်နိုင်မှာမို့လို့လဲ?” 


သူ့လေသံမှာတော့ ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်ရောနှောနေလေသည်။


“ဒီအရှင်ထက် ဘယ်သူ့မှ  လက်သီးထိုးတာ ပိုမမြန်နိုင်ဘူး” ဆိုသည့်စကားလုံးများမှာ သူ့မျက်နှာတစ်ပြင်လုံးတွင် ရေးသားထားလေသည်။ 


ရှဲ့စစ်ရှင်း : “……..” 


ထပ်မံ ရှင်းပြရန်မကျန်တော့ဟု ထင်မိသည်။ 


ကောင်းတယ်! လိုလိုလားလား ဝန်ခံလိုက်တာပဲ။ 


ရှဲ့စစ်ရှင်းမှာ သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။


သူ၏စကားသံမှာ ခံစားမှုမပါဆဲပင်။


“သူတို့က ဆုံးဖြတ်ချက်တစ်ခု ချစေချင်နေတယ်၊  ပြီးတော့ သူတို့ ဒီကိစ္စကို လွယ်လွယ်ကူကူ အလွတ်မပေးလောက်ဘူး” 


ရှဲ့စစ်ရှင်း၏ သဘောထားမှာ ထင်ရှားသည်: ဤကိစ္စမှာ ယွီဟန်၏ ပြဿနာဖြစ်သည့်အတွက် သူကိုယ်တိုင် ဖြေရှင်းခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ 


လင်းဟန်နှင့် ခံစားချက်ကြိုးနှောင်များလည်း ရစ်ပတ်ထားခြင်းမရှိသော လင်ယောကျာ်းဖြစ်သည့်အားလျော်စွာ သူ့အတွက် သေချာပေါက် ဤအရှုပ်ထုပ်ကို ရှင်းပေးမည်မဟုတ်ပေ။ 


အမှန်တကယ်တွင်လည်း ယွီဟန်သည်လည်း ရှဲ့စစ်ရှင်း၏အကူအညီကို တောင်းဆိုရန် ရည်ရွယ်ချက်မရှိပေ။ 


“ဆုံးဖြတ်ချက်?” 


ယွီဟန် အထင်အမြင်သေးသည့်ပုံစံဖြင့် ရယ်မောလိုက်၏။ 


လင်းမိသားစုက ဖြေရှင်းချက်တစ်ခု တောင်းဆိုရဲသေးတယ်? 


ဥပဒေစိုးမိုးနေတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်နေသေးတယ်ဆိုတာကို တွေးလိုက်သေးလို့သာ လင်းယွီချိန်ကို ICU (အရေးပေါ်လူနာခန်း) ထဲကို တိုက်ရိုက် မပို့လိုက်တာ။ 


ဒါပေမယ့် သူဘက်က တကယ်ကို လွှတ်မပေးနိုင်သေးဘူး‌ပေါ့။ 


ယွီဟန် ခေတ္တမျှတွေးလိုက်တာ  တုံ့ဆိုင်းစွာဖြင့် စကားဆိုလိုက်လေသည်။


“သူ့ကို သွားအသစ်ဝယ်လို့ ရအောင် ပိုက်ဆံပေးလိုက်မယ်” 


ရှဲ့စစ်ရှင်း: “......” 


ယွီဟန် မျက်ခုံးပင့်ကြည့်လိုက်သည်:


“ဘာလဲ? မကျေနပ်သေးဘူးလား?” 


ဤနည်းလမ်းက သူတွေးနိုင်သမျှထဲတွင် အကောင်းဆုံးဖြစ်လေသည်။ 


လုံအောင့်ထျန်းအား ကြီးမားသောလိုက်လျောမှုတစ်ခုကို လုပ်ခိုင်းစေခြင်းက မဖြစ်နိုင်လုနီးပါးပင်။ 


ရှဲ့စစ်ရှင်းလည်း သူ့အကြံဉာဏ်ကြောင့် အနည်းငယ် တွေဝေသွားခဲ့ကာ မိနစ်ဝက်လောက် ငြိမ်သက်နေခဲ့သည်။ 


စိတ်မရှည်ဖြစ်လာသော ယွီဟန်လည်း သူ၏ တုံ့ပြန်မှုကို မစောင့်နေတော့ပေ။ သူ ခေါင်မိုးထပ်ပေါ်သို့ ‌ရောက်နေသည်မှာ ကြာလှပေပြီ။


ပါးလွှာနေသော ဆေးရုံဝတ်ရုံကိုသာ ဝတ်ဆင်ထားသည့်အတွက်‌ လေကြောင့် အနည်းငယ်အေးစ ပြုလာလေသည်။ ထိုအခိုက်တွင် နှာမချီရန်ပင် မထိန်းသိမ်းနိုင်ပါတော့ချေ။ 


ပိုမို၍ နှောင့်နှေးမကြန့်ကြာချင်တော့သည့်အတွက် သူ၏ ရည်ရွယ်ချက်ကိုပင် တိုက်ရိုက် ပြောလိုက်၏။


“ရှဲ့စစ်ရှင်း၊ ကွာရှင်းရအောင်” 


လေထုက ခေတ္တခဏလောက် ရပ်တန့်သွားသလိုပင်။ ခေါင်မိုးထပ်ရှိ ရံဖန်ရံခါတိုက်သော လေအေးသည်သာ အချိန်မရပ်တန့်သွားသော သက်သေတစ်ခုအဖြစ် တည်ရှိကာနေလေသည်။ 


ခေတ္တကြာသောအခါ  ရှဲ့စစ်ရှင်း စကားစပြောလာလေသည်။


သူ၏လေသံက တည်ငြိမ်နေဆဲပင်။ 


“ဘာလို့လဲ? အကြောင်းပြချက်က အတူတူပဲလား?” 


ထိုနေ့က ဆေးရုံဆောင်ထဲတွင် ယွီဟန်ပြောခဲ့သော စကားလုံးများက မ‌နေ့တနေ့ကလိုပင် လောလောလတ်လတ်ပင်ရှိနေခဲ့ကာ သူ၏မှတ်ဥာဏ်ထဲတွင် စွဲမြဲနေသေးသည်။ 


သူက မထိုက်တန်ဘူး? 


ရှဲ့စစ်ရှင်းအနေဖြင့် ထိုအခိုက်တွင် ယွီဟန်၏ ပြောဆိုပြုမူပုံကြောင့် ခေတ္တမျှ မှင်တက်သွားရသည်မှာ အမှန်တကယ်ပင် ဖြစ်ပေ၏။ 


ထိုဝါကျတစ်ကြောင်းတည်းအတွင်း၌ ပေါင်းထည့်ထားသော  သူ၏ ယုံကြည်ချက်ပြည့်ဝနေမှုနှင့် တောက်ပနေမှုတို့သည် သရုပ်ဆောင်နေခြင်းသက်သက်ဟု မထင်ရပေ။ 


ရှဲ့စစ်ရှင်းက သူ့ကိုဆက်၍ လေ့လာရန် ဆုံးဖြတ်လိုက်လေသည်။ 


ယွီဟန် လှောင်ပြုံးပြုံးလိုက်ကာ သူ့မေးခွန်းကို ပြက်ရယ်ပြုလိုက်၏။


“လုံအောင့်ထျန်းဆိုတဲ့ ငါက ငါ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ငါ့ဘဝကို တည်ဆောက်လာတာ၊  မင်းကို ဘာလို့ရှင်းပြဖို့ လိုအပ်မှာလဲ!” 


“……..” 


ရှဲ့စစ်ရှင်းအနေဖြင့် ယွီဟန်က အဘယ်ကြောင့်  ထိုသို့စကားမျိုးများပြောသည်ကို နားမလည်နိုင်ပေ။ သို့သော်လည်း သူ့(ရှဲ့စစ်ရှင်း)ကိုသာ ပြောင်းလဲချင်ခဲ့လျှင် သူ့၏အနီးတွင် နေခြင်းက အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနည်းဖြစ်မည်ဆိုသည်ကိုတော့ သူသိထားခဲ့သည်။  


ထို့ကြောင့် ယခင်ရောက်လာခဲ့ဖူးသည့် စာအုပ်ကူးပြောင်းသူတစ်ဦးတစ်ယောက်ကမှ ‌ရောက်လာသည်နှင့် ကွာရှင်းပြတ်စဲခြင်းကို မတောင်းဆိုခဲ့ဖူးပေ။ 


သို့သော် ရှဲ့စစ်ရှင်းသည်က ဤစာအုပ်ကူးပြောင်းသူများ၏ စိတ်မချရဘဲ လိမ်လည်လှည့်ဖြားတတ်သော ဗီဇကို ကောင်းကောင်းသိလေသည်။ သူတို့ပြောသမျှစကားတိုင်းတွင် ရည်ရွယ်ချက်တစ်ခုခုရှိနေတတ်သည်ကို သူသိထားသည်။ရှဲ့စစ်ရှင်း ယွီဟန်၏ ယုတ္တိမရှိသော အပြုအမူကြောင့် ခေတ္တခဏမျှ အံ့အားသင့်သွားသော်လည်း အမြန်ပင် ပြန်လည်၍ တည်ငြိမ်သွားလေသည်။ 


ဖြစ်နိုင်သည်မှာ သမားရိုးကျမဟုတ်သော နည်းလမ်းများဖြင့် သူ၏ သတိပြုမှုကို ဆွဲဆောင်နိုင်ရန် ယွီဟန်ဘက်မှ ကွာရှင်းပြတ်စဲခြင်းကို အဆိုပြုခဲ့ခြင်းဖြစ်နိုင်သည်။ 


ဤအကြောင်းကို တွေးမိလိုက်သောအခါတွင် ရှဲ့စစ်ရှင်း၏ မျက်ဝန်းများက ပို၍ပင် မည်းမှောင်သွားလေသည်။ 


စာအုပ်ကူးပြောင်းသူများက ရည်မှန်းချက်ပန်းတိုင်တူညီကြသော်လည်း သူတို့၏ လုပ်ရပ်များကမူ တစ်ခါတရံတွင် ခန့်မှန်းရခက်ခဲတတ်သည်။ သူတို့ကို ထိန်းချုပ်အကျပ်ကိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့အား အနီးကပ်စောင့်ကြည့်ခြင်းပင်ဖြစ်၏။ 


ယွီဟန်ကိုလည်း ငြင်းပယ်ရန် ဆုံးဖြတ်ပြီးသော်လည်း ရှဲ့စစ်ရှင်းအနေဖြင့် ထိုသူဘက်မှ မည်သို့သော အကြောင်းပြချက်များဖြင့် ရောက်ရှိလာမည်ကို မြင်ချင်သေးသည်။ 


သို့နှင့် သူ့ကိုယ်သူ ထိန်းချုပ်ကာ မော့ကြည့်လိုက်သည်။ 


“.....ငါသဘောမတူရင်ရော?” 


“သဘောမတူဘူး? ဟားဟား” 


ယွီဟန်က အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်သည့်နှယ် ခေါင်းကိုနောက်ပြန်ပစ်သည်အထိ အားရပါးရအော်ရယ်တော့သည်။ 


သူက ရယ်မောပြီးသည့်နောက်တွင်  စိတ်ကြီးဝင်ဂုဏ်မောက်လွန်းသည့်လေသံဖြင့် အတိအလင်းပြောလိုက်လေသည်။


“ကောင်းကင်ဘုံတွေကို ဖီဆန်ရင်တော့ ချွင်းချက်ရှိဦးမယ်၊ ငါ့ကိုဖီဆန်ရင်တော့ အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက်မရှိနိုင်ဘူး” 


ရှဲ့စစ်ရှင်း: “……..” 


သူ၏ အမူအရာက သြဇာအာဏာတို့ လုံလုံလောက်လောက် မသက်ရောက်သည်ကို သတိထားမိသွားသကဲ့သို့ ယွီဟန်က ခံစားချက်မပါဝင်သောလေသံဖြင့် ထပ်ပေါင်းထည့်လိုက်၏။


“ငါ့ကို ဒေါသထွက်‌အောင်လုပ်လို့ ရလာမဲ့ အကျိုးဆက်တွေကို မင်းသိချင်လောက်မှာ မဟုတ်ဘူး” 


တိတ်ဆိတ် ငြိမ်သက်..


လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ 


ယွီဟန်၏ စကားလုံးများအပြီး၌ လေထုပင် ရုတ်တရတ် အေးခဲသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ 


ရှဲ့စစ်ရှင်းက စကားပြန်ပြောခြင်းမရှိခဲ့ပေ။ သူ၏ ပါးလွှာသော နှုတ်ခမ်းသားများက လိုင်းတစ်ကြောင်းသဖွယ် တင်းတင်းစေ့သွားလေသည်။ သူ၏ မည်းမှောင်နေသော မျက်ဝန်းများကတော့ ယွီဟန်ကိုသာ စူးစိုက်ကြည့်နေခဲ့လေသည်။ 


မတိုင်ခင်က သူ၏အရှေ့တွင် အလွန်အမင်းမာနထောင်လွှားခဲ့သည့် လူငယ်ကို ပြန်လည်သုံးသပ်နေသကဲ့သို့ အကြည့်တို့က ယွီဟန်၏အပေါ်တွင် စူးရဲစွာကျရောက်နေခဲ့သည်။


ယခုမတိုင်မီက ရှဲ့စစ်ရှင်းအနေဖြင့် ဤစာအုပ်ကူးပြောင်းသူအသစ်ကို အထူးတလည် ထူးခြားသည်ဟု မထင်ခဲ့ပေ။ 


ဥာဏ်နီဥာဏ်နက်များခြင်း၊ အလျှော့အတင်းမလုပ်တတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်မှန်ကန်သည်ဟုသာ စွဲမြဲစွာ ထင်မြင်နေခြင်း-- ဤသည်မှာ စာအုပ်ကူးပြောင်းသူအားလုံးနှင့်ပတ်သတ်၍ ရှဲ့စစ်ရှင်း၏ သုံးသပ်ချက်ကို အကျဥ်းချုံးထားခြင်းဖြစ်သည်။ 


ရှဲစစ်ရှင်းအနေဖြင့် အစပိုင်းတွင် သူတို့ကို ပျင်းစရာကောင်းသည်ဟု ထင်မြင်ခဲ့ကာ အတူတကွ လိုက်ပါကစားပေးဖို့ရာကိုပင် စိတ်မဝင်စားတော့ချေ။ 


သူတို့ကို နောက်တစ်ကြိမ် ထပ်မံကြည့်ရမည်ကိုပင် ပို၍ မုန်းတီးခဲ့၏။ 


သို့သော်လည်း တစ်ဖက်သူ၏ တစ်ခုပြီးတစ်ခု လုပ်ဆောင်လာသော လုပ်ရပ်များသည်က ရှဲ့စစ်ရှင်းကို ဒီတစ်ခေါက် စာအုပ်ကူးပြောင်းသူမှာ ထိုက်တန်သော ပြိုင်ဘက်တစ်ယောက်ဖြစ်လာနိုင်သည်ဆိုသည့်အချက်အား ဝန်ခံရန် တွန်းအားပေးနေခဲ့လေသည်။ 


ရှဲ့စစ်ရှင်း အနည်းငယ် စိတ်ဝင်စားလာခဲ့ပြီ။ 


“အဲလိုလား?” 


သူ၏ နှုတ်ခမ်းများက အပေါ်သို့ကွေးညွတ်သွားခဲ့၏။ 


“ဒါဆို မင်းကို ဒေါသထွက်အောင်လုပ်တဲ့ အကျိုးဆက်တွေကို မြင်ခွင့်ပြုပါဦး” 


ယွီဟန်တစ်ယောက် ကြောင်အမ်းသွားရလေသည်။ 


ခေါင်မိုးထပ်ပေါ်ရှိ တွေ့ဆုံမှုမှာ ကိုယ်ရံတော်တစ်ဖွဲ့ရောက်ရှိလာခြင်းကြောင့် နောက်ဆုံးတွင် အဆုံးသတ်သွားလေသည်။ 


ရှဲ့စစ်ရှင်းက မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် ခြေလှမ်းအနည်းငယ်ဆုတ်ခွာသွားလေသည်။ 


“လုပ်ကြတာပေါ့၊ မင်းရဲ့နာမည်နဲ့ လင်းယွီချန်အတွက် သွားအသစ်မှာလိုက်မယ်” 


ဤဖြေရှင်းချက်ကို လင်းမိသားစုမှမည်သို့တုံ့ပြန်မည်ဆိုသည်ကို ရှဲ့စစ်ရှင်း ဂရုမစိုက်ပေ။


ယွီဟန် မည်သို့ကိုင်တွယ်မည်ဆိုသည်ကိုသာ မြင်ချင်ခြင်းဖြစ်သည်။ ဆိုရလျှင် လင်းမိသားစုက ဖြေရှင်းရန် မလွယ်ကူလှပေ။ 


ထိုသို့ပြောပြီးသည့်နောက်တွင် ရှဲ့စစ်ရှင်းက ယွီဟန်အား အဓိပ္ပာယ်ပြည့်ဝသော အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းမှုမရှိ လှည့်ထွက်သွားလေသည်။ 


အတွေးနက်နေသော ယွီဟန်မှာမူ ကိုယ်ရံတော်များထံမှ ဝိုင်းရံခံလိုက်ရပြီး ဆေးရုံခန်းသို့ ပြန်လည်ခေါ်ဆောင်ခြင်းခံလိုက်ရ၏။ 


အပြန်လမ်းတွင် ရှဲ့စစ်ရှင်းရောက်လာသည့်အချိန်မှစ၍ သေဟန်ဆောင်နေသော စနစ်က ထပ်မံ၍ ထွက်‌ပေါ်လာလေသည်။


{ဂုဏ်ပြုပါတယ်၊ hostက အဓိကဗီလိန်ရဲ့ အာရုံစိုက်မှုကို အောင်မြင်စွာနဲ့ ဖမ်းစားလိုက်နိုင်ပါပြီ~ host ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ!} 


စနစ်အနေဖြင့် ရှဲ့စစ်ရှင်းက မည်သူတစ်ဦးတစ်ယောက်အကြောင်းကိုမှ စိတ်ဝင်စားသည်ကို မမြင်ဖူးချေ။


ဤသည် တကယ့်ကို အရေးပါသော ရှာဖွေတွေ့ရှိမှုတစ်ခုပင်! 


“’အာရုံစိုက်မှုကို ဖမ်းစားနိုင်သွားတယ်’ ဆိုတာက ဘာကို ပြောချင်တာလဲ?” 


ယွီဟန် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်၏။


“သူ ငါ့ကို စစ်ကြေငြာသွားတာ မဟုတ်ဘူးလား?” 


စနစ်: {?}နောက်ဆုံးတွင် ရှဲ့စစ်ရှင်းဖော်လှစ်ပြသသွားသော လှောင်ပြုံးကို ယွီဟန် ပြန်တွေးလိုက်မိလေသည်။ 


သူ့အနေဖြင့် ရင်ဘတ်အတွင်း၌ လောင်ကျွမ်းနေသော နိုင်လိုစိတ်ပြင်းပြမှုတို့ကို ခက်ခက်ခဲခဲပင် ချုပ်ထိန်းထားရ၏။ 


သူ၏ အရှိန်အဝါကြီးသော ရောင်ဝါလက္ခဏာ၏ သက်ရောက်ခြင်းမခံရသည့် လူက  အနည်းငယ်သာရှိပြီး ထိုအထဲတွင် ရှဲ့စစ်ရှင်း ပါဝင်နေခဲ့သည်။


“ဟမ့်၊  ငါ့ကို ဒေါသထွက်စေတဲ့အတွက် ဖြစ်လာမယ့်ဆိုးကျိုးတွေကို သူ့ကို နားလည်အောင်လုပ်ပစ်မယ်၊”


ကောင်းကင်ဘုံ၏သားတော်တစ်ယောက်ဖြစ်သည့် လုံအောင့်ထျန်းက အတိအလင်း ကြေညာလိုက်သည်။


စနစ်: {..} 


တိတ်ဆိတ်ငြိမ်သက်သွားရပြန်ပြီ။ 


ယွီဟန် အခန်းသို့ပြန်ရောက်ချိန်တွင် အခန်းတံခါးပေါက်တွင် နေရာချထားသော ကိုယ်ရံတော်တစ်ဝက်လောက်က မရှိတော့ပေ။ သူ့ကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်ရန် မကြံရွယ်တော့သည်ကို ထင်ထင်ရှားရှား ပြသနေ၏။


သူ့ကို ထိန်းထားနိုင်သည်လည်း မဟုတ်သည့်အတွက် လွတ်လွတ်လပ်လပ် ဝင်စေထွက်စေဟုသာ ခွင့်ပြုလိုက်ခြင်းဖြစ်နိုင်သည်။ 


ဤရွှေ့ကွက်မှာ ယွီဟန်၏ လက်ထဲသို့ လုပ်ပိုင်ခွင်ထည့်ပေးလိုက်ခြင်းပင်


တကယ်တမ်းတွင် အပြင်သို့ သွားချင်သည့်အချိန်တိုင်း ခေါင်မိုးထပ်သို့ တွယ်တက်နေရခြင်းက လုံအောင့်ထျန်းတစ်ယောက်ဖြစ်ကာ စွမ်းအားကြီးမားသော သူ့အတွက်ပင် ခြေကုန်းလက်ပန်းကျစေပေသည်။ 


ထို့ကြောင့် ယွီဟန်လည်း ပျော်ပျော်ရွှင်ရွှင်ပင် လက်ခံလိုက်ကာ နေ့စဥ် နေ့တိုင်း ခေါင်မိုးထပ်သို့သွားရောက်၍ အပန်းဖြေသည်ကို အလေ့အကျင့်တစ်ခုလုပ်လိုက်ပြီး တစ်ခါတရံ၌ ထိုနေရာတွင်ပင်  တရားထိုင်ခြင်းများ၊ အသက်ရှုလေ့ကျင့်ခန်းများကို လုပ်ဆောင်ခဲ့လေသည်။ 


*