အခန်း(6)
နေရောင်ဖျော့ဖျော့က ဝရန်တာမှတစ်ဆင့် ဖြာကျနေကာ အခန်းကို နွေးထွေးသောအလင်းရောင်ဖြင့် ဖြည့်စည်းပေးနေခဲ့၏။
လိုက်ကာအဖြူများသည်လည်း လေပြည်သွားရာလမ်းကြောင်းအတိုင်း ရွေ့လျားနေခဲ့ကာ အေးချမ်း၍ ကြည်လင်အေးငြိမ်းစေသော ရှုခင်းပုံကို ဖော်ကျူးနေခဲ့သည်။ သို့သော် အခန်းထဲတွင် ရှိနေသင့်သော လူတစ်ဦး၏ဖြစ်တည်မှုမှာ ပျောက်ဆုံးနေလေ၏။
ရှဲ့စစ်ရှင်း စိတ်ထင့်သွားကာ မျက်ခုံးများက တွန့်ချိုးသွားလေသည်။
သူက တံခါးပေါက်ရှိ ကိုယ်ရံတော်ဘက်သို့လှည့်ကာ မေးလိုက်၏။
“သူ တစ်ချိန်လုံး အခန်းထဲမှာ ရှိနေခဲ့ တာလား”
ဗလာနကျင်းဖြစ်နေသော အခန်းကို မြင်လိုက်ရသော ကိုယ်ရံတော်မှာလည်း ထိတ်ထိတ်ပျာပျာဖြစ်သွားကာ လျှင်မြန်စွာ ဖြေလာခဲ့သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ မဒမ်ထွက်လာတာကို မမြင်လိုက်ပါဘူး”
သူတို့အနေဖြင့် တစ်စက္ကန့်မျှပင် အပျင်းမကြီးရဲပဲ အခန်းကို ဝီရိယရှိရှိ စောင့်ကြပ်နေကြခြင်းဖြစ်သည်။
ရှဲ့စစ်ရှင်း၏ နှုတ်ခမ်းများသည်ကား ပါးလွှာသော လိုင်းပုံစံထိအောင် ဖြောင်းတန်းသွားလေသည်။
သူ၏ မှောင်မည်းသော မျက်လုံးအစုံကတော့ ပွင့်ဟနေသော လသာဆောင်တံခါးနှင့် လသာဆောင်ပေါ်ရှိ ဖိနပ်ရာဖျော့ဖျော့ပေါ်သို့ စူးစိုက်ကြည့်နေခဲ့သည်။
*
ဆယ်မိနစ်ကြာပြီးနောက်တွင် ရှဲ့စစ်ရှင်းက ဆေးရုံဒါရိုက်တာ ရုံးခန်းထဲတွင် ထိုင်ကာ စီစီတီဗီ ဗီဒီယိုမှတ်တမ်းအား ကြည့်နေခဲ့သည်။
ဗီဒီယိုထဲတွင် အပြာနှင့် အဖြူ အဆင်းများရှိသော ဆေးရုံဝတ်ရုံကို ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်က လသာဆောင်အဖျားတစ်လျှောက် လျင်မြန်စွာရွေ့လျားသွားပြီးနောက် ဘေးကပ်လျက်ရှိသော လသာဆောင်သို့ လက်တစ်ဖက်ဖြင့် ခုန်ကျော်နေသည်ကို မြင်လိုက်ရလေသည်။
လသာဆောင်နှစ်ခုကြားရှိ အကွာအဝေးက တစ်မီတာကျော်ခန့် ကျယ်ပေသည်။ ၁၀ ထပ်ရှိသော အမြင့်တွင် သာမန်လူမျိုး မည်သူမဆို ကြောက်ဒူးတုန်နေကြလိမ့်မည်။
သို့သော်လည်း ဤကောင်လေးမှာကား တုံ့ဆိုင်းမှုအရိပ်အမြွက်ပင်မရှိဘဲ အလွန်ပေါ့ပါးစွာဖြင့် စွေ့ခနဲ ခုန်ကျော်လိုက်၏။
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည့်အခါတွင်လည်း ထိုကောင်လေးက မျက်လုံးနားရှိ ဆံနွယ်စများကို ချောမွေ့သော နဖူးပြင်ပေါ်သွားအောင်ထိ အနောက်သို့ရောက်အောင် ဖြီးသင်လိုက်ပြန်သည်။
လုံးဝ သက်သောင့်သက်သာရှိကာ ပေါ့ပေါ့ပါးပါးပုံစံပင်။
သူ၏ လည်သိုင်းပတ်တီးစီးထားသော ညာဘက်လက်ကိုသာ လျစ်လျူရှုလိုက်မည်ဆိုလျှင် ယခုမြင်ကွင်းမှာ မည့်သည့်ဇာတ်ကားထဲတွင်မဆို ပရိသတ်အများအပြားထံမှ အော်ဟစ်ချီးကျူးသံများထွက်ပေါ်လာစေမည့် ဂန္ထဝင်အခိုက်အတံ့တစ်ခု လွယ်လွယ်ကူကူပင် ဖြစ်နိုင်ပေသည်။
သူ၏ အန္တရာယ်များလွန်းလှသော လုပ်ရပ်များကို တွေ့လိုက်ရသောအခါ ပုံမှန်ဆိုလျှင်ငြိမ်သက်နေသော ရှဲ့စစ်ရှင်းပင်လျှင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ယွီဟန်က ထိုနေရာတွင် အချိန်ကြာကြာမဆိုင်းနေပေ။ အလွန်တည်ငြိမ်မှုရှိသော လှုပ်ရှားမှုများနှင့် နောက်ထပ်လသာဆောင်တစ်ခုထံသို့ ဆက်လက် ခုန်ကျော်သွားခဲ့ပြန်လေ၏။
သူက စင်္ကြံလမ်းတစ်လျှောက်ရှိ ကိုယ်ရံတော်များကို ဂရုတစိုက်ရှောင်ရှားကာ ဓာတ်လှေကားအသုံးမပြုရန် ဆုံးဖြတ်လိုက်ပြီး လှေကားရှိရာနေရာသို့ ဦးတည်၍ ခေါင်မိုးထပ်သို့ ရှေ့ဆက်သွားလေသည်။
ဗီဒီယို၏ နောက်ဆုံးစက္ကန့်တွင် ယွီဟန်သည် ခေါင်မိုးထပ်တံခါးကို ဖွင့်လိုက်ကာ စီစီတီဗီကင်မရာဘက်သို့ တိုက်ရိုက်လှမ်းကြည့်လိုက်လေသည်။
ယွီဟန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် ကွေးညွတ်သွားကာ လှောင်ရယ်နေသဖွယ် အပြုံးတစ်ခုကို ဖော်ပြလာခဲ့လေသည်။
ရှဲ့စစ်ရှင်းတစ်ယောက် တွေးတောနေသကဲ့သို့ မျက်နှာထားမှာ ထိုအပြုံးကို စိုက်ကြည့်လိုက်၏။
ရှဲ့စစ်ရှင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆေးရုံဒါရိုက်တာမှာမူ အလွန်စိတ်ဖိစီးနေပုံရကာ ပြောလာခဲ့သည်။
“မဒမ်က အဲဒီအပေါ်ကိုရောက်သွားတာ နာရီဝက်လောက်ရှိနေပါပြီ၊ ဒီကိစ္စက ကျွန်တော်တို့ရဲ့ ဂရုမစိုက်မှုကြောင့်ဖြစ်ရတာပါ...”
“ခင်ဗျား အပြစ်မဟုတ်ပါဘူး”
ယွီဟန် လေသာဆောင်မှ လွတ်မြောက်သွားလိမ့်မည်ဟု မည်သူမှ ထင်ထားလိမ့်မည်မဟုတ်ပေ။
သာမန်လူတစ်ဦးတစ်ယောက်ဆိုပါက လွတ်မြောက်ရန်အတွက် ဤလမ်းကြောင်းကို စဥ်းစားမည်မဟုတ်ပါချေ။
ထိုအရာသည်က ယွီဟန်မှာ သာမန်လူသားတစ်ဦးမဟုတ်သည်ကိုသာ ပြသနေ၏။
ရှဲ့စစ်ရှင်း၏ နှုတ်ခမ်းများက အပေါ်သို့ အနည်းငယ်ကွေးသွားကာ သူ၏ မည်းနက်နေသာ အကြည့်တွင်းမှ စိတ်ဝင်စားမှုကို ဖုံးကွယ်ရန်အတွက် သူ့မျက်လုံးအစုံအား မှေးကျဥ်းလိုက်၏။
သူက ခေါင်မိုးထပ်တွင် ရှိနေသောလူကို သွားဖမ်းရန် တွေးတောကာ မတ်တတ်ရပ်လိုက်လေသည်။
ခေါင်မိုးထပ်တွင် ရှိနေသော စနစ်ကတော့ ဗီလိန်၏တည်ရှိမှုက ပို၍ ပို၍ နီးကပ်လာသည်ကို သတိပြုမိခဲ့သည်။ သူ့အနေဖြင့် အလွန်တည်ငြိမ်အေးဆေးနေသော Host ကြောင့်ပင် ပို၍ပင် အံ့သြနေခဲ့ရ၏။
{Host.. ရှဲ့စစ်ရှင်းကို မျှားခေါ်ဖို့အတွက် လင်းယွီချိန်ကို တမင်သက်သက် ထိုးလိုက်တာလားဗျ}
ယခင် hostများ အားလုံးမှာ ရှဲ့စစ်ရှင်းနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အတွက် သူ့ထံသို့ အပူကပ်ကာ လင်းယွီချန်၏ တောင်းဆိုမှုများကို လိုက်လျောပေးခဲ့ကြလေသည်။
သို့သော်လည်း ရှဲ့စစ်ရှင်းကိုယ်တိုင်ကတော့ သူတို့ထံသို့ တစ်ကြိမ်တစ်ခါမှ လာရောက်ရှာဖွေခြင်းမရှိခဲ့ပေ။ယွီဟန်တစ်ဦးတည်းကသာ ဤအရာကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စနစ်မှာ ယွီဟန်က ရွှေတံဆိပ်ဆုရ ဝန်ထမ်းဖြစ်နေခြင်းက မထူးဆန်းကြောင်း တွေးလိုက်မိ၏။
အမှန်တကယ် စွမ်းဆောင်နိုင်သောသူတို့သည်က နေရာတိုင်းတွင် သာလွန်ထူးကဲလေသည်။
သူ၏ hostမှာ လွန်ခဲ့သော မချိန်များကတည်းက တွက်ချက်ထားပြီးသားဖြစ်ကာ ထုတ်ပြောခြင်းမရှိရုံသာ ဖြစ်နိုင်သည်။
“ဟက်ချိုး!”
ယွီဟန်တစ်ယောက် ခေါင်မိုးထပ်သို့ ရောက်သွားပြီးနောက်တွင် အထပ်မြင့်နေရာတွင်ရှိသော လေအေးများကြောင့် နှာချေလိုက်မိသည်။
“ဘာပြောလိုက်တာလဲ၊ သေသေချာချာမကြားလိုက်ဘူး”
စနစ်: {…..ဘာမှမဟုတ်တော့ပါဘူး}
သူ့ရဲ့ လေးစားမှုတွေအကုန်လုံးက ဒီအတိုင်းပဲ နားလည်မှုလွဲမှားတာသက်သက် ဖြစ်နိုင်ပါတယ်လေ။
သူ့ရဲ့ host, လုံအောင်ထျန်းက လင်းယွီချန်ကို ဒီအတိုင်း မနှစ်သက်တာပဲဖြစ်ရမယ်။
ယွီဟန် ခေါင်မိုးထပ်ရှိ လက်ရန်းအစွန်းသို့ ခြေလှမ်းအနည်းငယ်ဖြင့် လျှောက်သွားကာ ထိုအမြင့်မှ အောက်ဆုံးသို့ လှမ်းကြည့်လိုက်သည်။
ပုဂ္ဂလိကဆေးရုံမှာ တောင်စောင်းပေါ်တွင် တည်ဆောက်ထားသည့်အတွက် အတွင်းရေးကို သေချာထိန်းသိမ်းနိုင်ခြင်းသာမက လှပသောမြင်ကွင်းကိုလည်း ရရှိနိုင်၏။
အထူးသဖြင့် အပေါ်စီးမှကြည့်လျှင် မြို့တော် A ၏ အစိတ်အပိုင်းတော်တော်များများကို မြင်တွေ့ရနိုင်သည်။
ယွီဟန် ခေါင်မိုးစွန်းတွင် ရပ်ကာ အဝေးတစ်နေရာသို့ ငေးမောကြည့်နေမိ၏။
ထို့နောက် အဝေးသို့မြင်နိုင်စေရန်အတွက် သူ၏ မျက်လုံးစုံကို မှေးကျဥ်းကာကြည့်လိုက်၏။
သူ၏ခန္ဓာကိုယ်မှာ ပိန်ပါးလွန်းလှအြီး အားကောင်းသောလေက သူ၏ဆေးရုံဝတ်ရုံကို လှိုင်းပုံစံများထလာသည်အထိ လှုပ်ခတ်လာလေသည်။
သူသာ မြဲမြဲဆွဲကိုင်မထားမိလျှင် လေတိုက်ရာ လမ်းကြောင်းထဲသို့ပင် ပါသွားကောင်းပါသွားနိုင်သဖြင့် ယွီဟန်တစ်ယောက် သူ၏ဖျော့တော့နေသော လက်ချောင်းများဖြင့် လက်ရန်းကို ဆွဲကိုင်လိုက်၏။
ဤကဲ့သို့ အထီးကျန်ဆန်လွန်းလှသည့် ပုံသဏ္ဍာန်ကို မြင်သည့်သူတိုင်းသည် သူ ကြီးမားသည့် ကိစ္စတစ်ခုကို လုပ်ဆောင်ရန် ကြံရွယ်နေသည်ဟု ထင်မြင်လောက်သည်။
ရှဲ့စစ်ရှင်းလည်း ထိုသို့ပင် တွေးလိုက်မိ၏။
ခေါင်မိုးထပ်သို့ ရောက်သည်နှင့် သံတံခါးအား တွန်းဖွင့်လိုက်သည့်အချိန်တွင် မြင်လိုက်ရသော မြင်ကွင်းမှာ ယွီဟန်၏ ပိန်သွယ်ကာ ချည်နဲ့နေသော နောက်ကျောပြင်ကိုပင်ဖြစ်ပေသည်။
ယွီဟန်က လက်ရန်းအနောက်တွင် မတ်တပ်ရပ်နေခဲ့ပြီး သူ၏ဆံပင်များသည်လည်း လေကြောင့် ပွနေခဲ့လေသည်။ သူက မျက်တောင်ပင် တစ်ချက်မခတ်ပဲ အဝေးတစ်နေရာကို စိုက်ကြည့်နေခဲ့၏။
မူလကတည်းက သိမ်မွေ့သော မျက်လုံးများမှာ နက်ရှိုင်းလှသော ပူဆွေးသောကတစ်ခုကို သယ်ဆောင်ထားသကဲ့သို့ ထင်မြင်ရသည်။
ရှဲ့စစ်ရှင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
သူ့စိတ်ထဲတွင် ပထမဆုံးပေါ်လာသော အတွေးမှာ ဤစာအုပ်ကူးပြောင်းလာသူမှာ သူ၏မစ်ရှစ်နှင့်ပတ်သတ်ပြီး မျှော်လင့်ချက်ကင်းမဲ့လွန်းသည့်အတွက် လက်လျှော့ရန်ကြံစည်နေသည်လား ဟူ၍ပင်။
ရှဲ့စစ်ရှင်းက တစ်ဖက်လူ တွေးတောနေသည်ကို မသိရှိဘဲ သူ၏နောက်သို့ လျှောက်သွားလိုက်သည်။
ယွီဟန်၏ဘက်တွင်တော့ သူ့အနားသို့ မည်သူချဥ်းကပ်လာသည်ကိုပင် မသိသေးဘဲ စနစ်နှင့် စကားပြောနေခဲ့လေသည်။
စနစ်မှာ ယွီဟန် အဘယ်ကြောင့် မလှုပ်မရှားဖြင့် ထိုနေရာမှာ ရပ်နေသည်ကို အလွန်သိချင်နေလေသည်။
{Host.. ဘာကို ကြည့်နေတာလဲ}
ယွီဟန်: “ငါသိမ်းပိုက်တော့မယ့် မြစ်တွေနဲ့ တောင်တွေကို ကြည့်နေတာ၊ အရမ်းလှတာပဲ!”
စနစ်: {…….}
ထိုစကားကို အချိန်ကိုက်ကြားလိုက်ရသော ရှဲ့စစ်ရှင်း: “…..”
“မင်း ဒီမှာ ဘာလာလုပ်နေတာလဲ?”
ရှဲ့စစ်ရှင်းတစ်ယောက် မထိန်းနိုင်တော့ဘဲ စကားစလိုက်မိသည်။
အဆုံးတွင်တော့ ယွီဟန်သည်လည်း လူတစ်ဦးက သူ၏ အနောက်မှ ချဥ်းကပ်လာသည်ကို သတိပြုမိလိုက်လေသည်။ ထို့ကြောင်း သူ လှည့်ကြည့်လိုက်ရာ ရှဲ့စစ်ရှင်းကို မြင်တွေ့လိုက်ရ၏။
ရှဲ့စစ်ရှင်း၏ မျက်နှာအမူအရာသည်ကား ခက်ထန်နေကာ သူ၏နက်ဆွေးသော မျက်ဝန်းများက အရှေ့ရှိလူကိုသာ စူးစိုက်နေခဲ့သည်။
“မင်း ငါ့ကို ရှာတွေ့သွားတာ မြန်သားပဲ”
ယွီဟန်အနေဖြင့် သူ ခေါင်မိုးထပ်တွင် အချိန်ပိုကြာကြာလောက်အထိ တစ်ယောက်တည်းရှိနေနိုင်လိမ့်မည်ဟုမူလက ထင်မြင်ခဲ့မိသည်။
သူက ခန္ဓာကိုယ်အား တစ်ပတ်လည် လှည့်လိုက်ကာ လက်ရမ်းပေါ်တွင် တံတောင်ဆစ်ကို ပေါ့ပေါ့ပါးပါး မှီလိုက်၏။
ထို့နောက် မေးကို အနည်းငယ် မော့လိုက်ပြီး ရှဲ့စစ်ရှင်းနှင့် တိုက်ရိုက် မျက်နှာချင်းဆိုင်လိုက်လေသည်။
သူ၏ ပယင်းသဖွယ် တောက်ပနေသော မျက်လုံးများမှာ မမှားယွင်းနိုင်ဖွယ် ဖီဆန်မှုတို့ကို ဖော်ဆောင်ထားလို့နေခဲ့သည်။ ဝမ်းနည်းကြေကွဲခြင်း၏ အရိပ်တို့ လုံးလုံးလျားလျားပင် မရှိနေခဲ့ချေ။
ယွီဟန်တစ်ယောက် အတော်လေး အဆင်ပြေပြေရှိနေသည်ကို တွေ့မြင်လိုက်ရသည့်အတွက် ရှဲ့စစ်ရှင်းတစ်ယောက် လှည့်ဖျားခံလိုက်ရသလို လံစားမိကာ ရယ်မောချင်သွားမိရသည်။
ခေါင်းမိုးအစွန်းတွင် ရပ်နေသော ယွီဟန်ကိုမြင်လိုက်ရသည့်အတွက် ထိုတခဏတွင် သူ အမှန်တကယ်ခုန်ချသွားမည်ကို အနည်းငယ် စိုးရိမ်သွားသကဲ့သို့ပင်။
--
ဆိုရလျှင် ယွီဟန်သည်က ဆယ်ထပ်မြောက်အဆောက်အဦးမှတဆင့် ခေါင်မိုးထပ်သို့ပင် တက်ခဲ့နိုင်ခဲ့သည်မဟုတ်ပါလား။ထို့ကြောင့် ရှဲ့စစ်ရှင်းလည်း သူ မလုပ်နိုင်သည့်အရာ မရှိလောက်ဟုယုံကြည်သွားခဲ့ရသည်။
သို့သော်လည်း ရှဲ့စစ်ရှင်းအနေဖြင့် ယခုအချိန်တွင် မတိုင်ခင်တုန်းက အခြေအနေသည်က သူ၏ နားလည်မှုလွဲမှားခြင်းသက်သက်ဆိုသည်ကို သိခဲ့ပေပြီ။
ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိနေသည့် စာအုပ်ကူးပြောင်းသူတစ်ယောက်အတွက် သူ နည်းနည်းလေးမျှပင် စိတ်ပူပေးမည်မဟုတ်ပေ။
အထူးသဖြင့် သူ့ရှေ့မှ ကောက်ကျစ်လွန်းသည့် စာအုပ်ကူးပြောင်းသူအတွက် လုံးဝမဖြစ်နိုင်ပါချေ။
ထိုသို့ တွေးနေရင်းဖြင့် ရှဲ့စစ်ရှင်း၏ အကြည့်က ယွီဟန် လည်ပင်းပေါ်တွင် ရောက်ရှိနေသော ညာဘက်လက်ပေါ်သို့ ကျရောက်သွားလေသည်။
သူ၏ မျက်နှာပေါ်တွင် ပေါ့ပါးသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကြည့်ရတာ မင်းရဲ့လက်က လုံးဝသက်သာသွားတဲ့ပုံပဲ”
သို့သော်လည်း သူ၏အပြုံးမှာ အေးစက်နေခဲ့ပြီး လှောင်ပြောင်သရော်သော အငွေ့အသက်တို့ ရှိနေလေသည်။
ယွီဟန်သည်လည်း ထေ့ငေါ့ဟန်ဖြင့် ပြန်ဖြေခဲ့သည်။
“ဒါက အနာသေးသေးလေးလောက်ပါပဲ!”
တခြားကမ္ဘာများတွင်ဆိုပါက ချီစွမ်းအင်များ ပျက်စီးသွားခဲ့လျှင်တောင်၊ ကိုယ်ခံပညာများ ဆုတ်ယုတ်သွားမည်ဆိုလျှင်တောင်၊ တောင်စောင်းပေါ်မှ ပြုတ်ကျကာ ခန္ဓာကိုယ်တွင် မထိခိုက်မိသည့်နေရာ မရှိလောက်အောင် ဖြစ်သွားမည်ဆိုလျှင်တောင် သူက အသံတစ်ချက် ထွက်မှာမဟုတ်ပါချေ။
စာရေးသူမှာ ပြောစရာရှိပါတယ်။
ယွီဟန်: ငါ့က ငါ့ရဲ့အလုပ်ကိုပဲ အာရုံစိုက်တယ်၊ ငါ့ကို အာရုံပြောင်းအောင် မလုပ်စမ်းနဲ့။
စာကြွင်း : လသာဆောင်ပေါ်ကို ခုန်တက်ခြင်းနှင့် ခေါင်မိုးအစွန်းနားမှာ မတ်တပ်ရပ်ခြင်းက အလွန်အမင်းအန္တရာယ်များပါတယ်။
လိုက်ပါ အတုမခိုးရ!!
*