Ch 6
Viewers 1k

၆၀ ခုနှစ်က မုဆိုးမလေး 


အပိုင်း ၆





ညနေနေဝင်ချိန်၌ တိတ်ဆိတ်ငြိမ်သက်နေပြီး သူမ ခြေသံလုံလုံဖြင့် လျှောက်သွားလိုက်သည်။ သူမ အသက်ပြင်းပြင်း ရှုပြီး အိမ်သို့ ပြန်လှည့်ရန် ပြင်လိုက်စဉ် အနီးနားမှ စကားပြောသံများအား ကြားလိုက်ရသည်။



"ရှင့်ရဲ့ ချွေးမဟောင်းကို ကိုင်တွယ်ဖို့ နည်းလမ်းရှိလား"



"ဘယ်သူလဲ လော့လန်လား" သူမ၏ ယခင်ယောက္ခမ ဖြစ်သူ ဝမ်မိသားစုမှ အဘိုးကြီး ဖြစ်သည်။ "အဲ့ဒီချွေးမက တော်တော် ဆိုးတယ်။ ငါ့အိမ်မှာ ရှိတုန်းက ငါ့မိန်းမတောင် သူ့ကို မနိုင်ခဲ့ဘူး။ အခု ဘယ်သူက သူ့ကို နိုင်မှာလဲ မင်း ဘာကြံစည်နေတာလဲ သူမကို မင်းချွေးမ ဖြစ်အောင် လုပ်မလို့လား။ မင်း အရင်က ထိန်းချုပ်ရ လွယ်ကူတဲ့သူနဲ့ ပေးစားချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား သူမက ပျော့ကွက်မရှိဘူးနော်"



"ဟူး ကျွန်မလည်း အကြံကုန်နေပြီ။ ကျွန်မသားသုံးကောင်ထဲက ဘယ်ကောင်မှ မိန်းမ မရကြသေးဘူး။ ကျွန်မ စိတ်ပူလာပြီ သူမအကျင့်စရိုက်ကို ဘယ်သူ ဂရုစိုက်နေမှာလဲ သူမက ရုပ်ချောပြီး လုပ်ရည်ကိုင်ရည် ရှိတယ်။ ဒုတိယအကြိမ် အိမ်ထောင်ပြုတာ ဖြစ်နေရင်တောင် နစ်နာစရာ မရှိပါဘူး"



"ဒီကိစ္စက နည်းနည်း ခက်ခဲတယ် ... ဟေ့ ... ဒီည ငါ ကင်းစောင့်ရမှာ မင်း ငါနဲ့ အဖော်လုပ်ပေးမလား"



"ရှင်ကလည်း အိုကြီးအိုမနဲ့ နှာဘူးထနေတုန်းပဲလား"



"ဟန်ဆောင် မနေပါနဲ့ ငါတို့ သိလာတာ ဒီနေ့မှ မဟုတ်တာ ငါ့မိန်းမကို ငါနိုင်တယ်။ မင်းအတွက် သေချာပေါက် အလုပ်ဖြစ်မယ့် အကြံတစ်ခု ပေးမယ်"



"ဘာအကြံလဲ"



လော့လန် ထောင့်တစ်နေရာတွင် မလှုပ်မယှက် ရပ်နေစဉ် စနစ်က စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။ 'ဖရဲသီး ဖရဲသီးအကြီးကြီးပဲ ဝမ်မိသားစုက အဘိုးကြီးနဲ့ အဒေါ်ရှု့တို့ ငြိစွန်းနေကြတာပဲ။' သူတို့ စကားပြောပုံအရ မကြာသေးခင်ကမှ ဖြစ်ပွားခဲ့သည့် ဇာတ်လမ်း မဟုတ်သည့်ပုံပင်။



လော့လန် နားစွင့်လိုက်သော်လည်း သူတို့၏ တီးတိုးပြောသံများကို မကြားရပေ။ အဘိုးကြီးက အသံကို ထိန်းပြီး ပြောနေခြင်း ဖြစ်သည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စနစ်နှင့် တိတ်တဆိတ် ဆက်သွယ်လိုက်သည်။



လော့လန် - 'သူတို့ ဘာပြောနေလဲ သိနိုင်မလား'



စနစ် - 'ပိုပြီး အားစိုက်လိုက်ပါ'



လော့လန် - 'အားစိုက်ရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ'



စနစ် - 'အဲ့ဒါဆိုရင် အမှတ်တွေကုန်လိမ့်မယ်'



လော့လန် - 'ဖြတ်ချင်သလောက် ဖြတ်လိုက်။ ရှိတဲ့ ရမှတ်လေး နည်းနည်းလေးကို ဖြတ်ချင်နေမှတော့ ငါလည်း ဆက်ပြီး နားမထောင်တော့ဘူး လမ်းခွဲကြတာပေါ့'



စနစ် - ' မလုပ်ပါနဲ့ ... မလုပ်ပါနဲ့  ဒီစနစ်က ပိုင်ရှင်နဲ့ ချိတ်ဆက်ပြီးသားပါ ပိုင်ရှင်ကို မှီခိုပြီးမှသာ အဆင့်မြှင့်လို့ ရမှာပါ။ ကောင်းပြီ အမှတ်မဖြတ်ဘဲ ပြောပြပါ့မယ်'



လော့လန် - 'ဘာလဲဆိုတာသာ တန်းပြောလိုက်စမ်းပါ။'



စနစ် - အဒေါ်ရှု့ရဲ့ သားသုံးယောက်က ပိုင်ရှင်ကို ဝိုင်းချုပ်ကြလိမ့်မယ် အကြီးဆုံးသားက အတင်းအဓမ္မ ကြံစည်လိမ့်မယ်။ အဒေါ်ရှု့ကလည်း လူတွေခေါ်လာပြီး သက်သေပြလိမ့်မယ်။ လူသိရှင်ကြား ဖြစ်သွားအောင် လုပ်ကြလိမ့်မယ်။ ပိုင်ရှင် သဘောတူတူ မတူတူ လက်ထပ်ရတော့မှာပေါ့။



လော့လန် - 'တိရစ္ဆာန်တွေ'



လော့လန်က နိဂုံးချုပ်အနေဖြင့် ထိုစကားနှစ်လုံးကို ရေရွတ်လိုက်ပြီး မည်သို့ တန်ပြန်လုပ်ရမည်ကို စတင် စဉ်းစားလိုက်သည်။ စနစ်ကမူ နှစ်သစ်ကူးပွဲတော် ရောက်သကဲ့သို့ စိတ်လှုပ်ရှားနေသည်။ ဒီဖရဲသီးက အတော်ကြီးသည့်အတွက် စနစ်၏ ရည်မှန်းချက် အောင်မြင်အောင် ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။



အဒေါ်ရှု့က အဘိုးကြီးဝမ်နှင့် ဖောက်ပြန်နေပြီး အဒေါ်ဝမ်ကမူ ချွေးမဖြစ်သူကို အနိုင်ကျင့်ရန် အမြဲကြံစည်နေသည်။ လော့လန် တစ်ယောက်တည်း ပြုံးလိုက်မိပြီး နောက်တစ်နေ့၌ ဝမ်မိသားစု၏ စတုတ္ထမြောက် ချွေးမနှင့် အတူအလုပ်လုပ်နေစဉ် အနားကပ်သွားပြီး တီးတိုး ပြောလိုက်သည်။



"နင့်ယောက္ခမ ဒေါသထွက်ပြီး ပေါက်ကွဲသွားတာ မြင်ချင်လား"



"ဘယ်လိုလုပ်ရမလဲ"



လော့လန် ရှင်းပြလိုက်ရာ စတုတ္ထမြောက် ချွေးမ၏ အကြည့်များ တောက်ပလာပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။ သူတို့နှစ်ဦး ခေါင်းချင်းဆိုင် တိုင်ပင်လိုက်ကြပြီး ညနေပိုင်း အလုပ်ပြီးသည်နှင့် စတုတ္ထမြောက် ချွေးမက ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် အိမ်သို့ အလျင်အမြန် ပြန်သွားခဲ့သည်။



လော့လန်လည်း ရေချိုး အဝတ်အစားလဲရန် အိမ်ပြန်လာခဲ့သည်။ စိတ်လှုပ်ရှားနေသဖြင့် အစားအသောက်ပင် မစားချင်တော့ပေ။ ထွက်ခွာရန် ပြင်ဆင်နေစဉ် သူမ၏ အစ်ကိုကြီးနှင့် တွေ့ခဲ့သည်။ သူသည် ရေစည်ပိုင်းကြီး တစ်ခုကို လှိမ့်လာခဲ့သည်။ အပြင်ဘက်တွင် ချောမွေ့နေပြီး အကွင်းများ မပါရှိသဖြင့် စည်ပိုင်းကောင်းတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားနေသည်။



"မင်း ဘယ်သွားမလို့လဲ"



သူမ ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။ "ရေစည်ပိုင်းကြီး ဘယ်ကရလာတာလဲ"



"အိမ်မှာ အပိုရှိနေလို့ နင့်ကို ပေးမလို့လေ"



"ယောက်မ ပေးလိုက်တာလား" လူတိုင်း ကျပ်တည်းနေကြသည်။ ရေစည်ပိုင်းလေး တစ်ခုကြောင့် သူတို့လင်မယားကြား ရန်ဖြစ်မှာကို သူမ မလိုလားပေ။



"အေး ... နင့်ယောက်မ ပေးလိုက်တာ"



"အာ ဒါဆို အထဲထည့်လိုက်။ သေတ္တာဘေးမှာ ထားလိုက်ပါ"



တဲအိမ်တံခါး ဖွင့်ပေးလိုက်ရာ သူမ၏ အစ်ကိုကြီးက ရေပုံးသုံးပုံးစာ ဝင်ဆံ့သော ရေစည်ပိုင်းကြီးကို လှိမ့်သွင်းပြီး သေတ္တာဘေးတွင် နေရာချလိုက်သည်။ မညီညာသော နေရာများကို ပြင်ရန် အပြင်ထွက်ပြီး မြေကြီးအချို့ သယ်ယူကာ တည်ငြိမ်အောင် ပြုလုပ်ပေးခဲ့သည်။



သေချာတည်ငြိမ်သွားပြီ ဖြစ်ကြောင်း စစ်ဆေးပြီးနောက် မတ်တပ်ရပ်ကာ လက်ခါလိုက်သည်။



"အလုပ်ပြီးတာတောင် ထမင်းမချက်သေးဘူးလား။ သေသေသပ်သပ် ပြင်ဆင်ပြီး ဘယ်သွားမလို့လဲ။ ဂျုံရိတ်သိမ်းပြီးမှ စီစဉ်ပေးမယ်လို့ နင့်အစ်မ ပြောထားတယ် မဟုတ်လား။ အစီအစဉ် ပြောင်းသွားလို့လား"



"မဟုတ်ပါဘူး ... တခြားကိစ္စရှိလို့ပါ"



"နင့်မှာ ဘာကိစ္စ ရှိလို့လဲ" အစ်ကိုကြီးသည် သူမ တစ်ယောက်တည်း နေထိုင်နေရသဖြင့် စိတ်ပူနေသည်။ "နင့်ဘဝကို ကောင်းကောင်းမွန်မွန် ရှင်သန်စမ်းပါ။ ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ ဝင်မပတ်သက်နဲ့။ မလိုအပ်တဲ့ ပြဿနာတွေနဲ့ မြင်ကွင်းတွေကို ရှောင်။ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်"



သူမ၏ အစ်ကိုကြီးတွင် အမြဲတမ်း တူညီသော ဘဝအမြင် ရှိသည်။ သူမသည် တိတ်ဆိတ်စွာနေပြီး စကားအများကြီး မပြောခဲ့ပေ။ ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ခြင်းသည် မှန်ကန်သည့် ချဉ်းကပ်မှုဖြစ်သော်လည်း တစ်ခါတစ်ရံ တက်ကြွစွာ လှုပ်ရှားခြင်းက တိုက်ခိုက်ခံရခြင်းထက် ပိုကောင်းသည်ကို သူ မေ့လျော့နေပုံရသည်။



"ညစာ ဘာစားမှာလဲ" အစ်ကိုဖြစ်သူက သူမ အစားအစာ ပြတ်လပ်မည်ကို စိုးရိမ်နေသည်။ ယောက္ခမအိမ်မှ ရိက္ခာအချို့ ယူလာနိုင်ခဲ့ခြင်းက အထင်ကြီးစရာပင်။ သူမသာ ငိုယိုပြီး အားနည်းတတ်သူမျိုးဆိုလျှင် သူ ခေါင်းကိုက်နေရပေလိမ့်မည်။ သူတတ်နိုင်သလောက် လုပ်ပေးချင်သော်လည်း အင်အားမရှိသဖြင့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူမကို ယာဂုကျဲကျဲလေးတောင် မသောက်ရသည့် အဖြစ်မျိုး အရောက်မခံနိုင်ပေ။



"ယာဂုပါပဲ"



"စားဖို့ လောက်ပါ့မလား"



"အင်း   စိတ်မပူပါနဲ့ အစ်ကိုကြီး။ ကျွန်မ စားစရာလောက်ပါတယ် "



"စားစရာ ပြတ်သွားရင် ပြောနော်။ ငါတို့လင်မယားနဲ့ အတူမနေချင်မှန်း သိပါတယ်။ ဒါပေမယ့် ငါ့မှာ စားစရာရှိနေသရွေ့ နင့်ကို အငတ်မထားပါဘူး"



"ဟုတ်ကဲ့ပါ ... နားလည်ပါပြီ"



သူမ ဂျုံမှုန့်ကြမ်း အနည်းငယ် ထုတ်ယူလိုက်သည်ကို မြင်လိုက်ရမှ အစ်ကိုကြီး စိတ်သက်သာရာရသွားပြီး အိမ်ပြန်သွားခဲ့သည်။ သူ ပြန်သွားသည်နှင့် သူမ အလျင်အမြန် ချက်ပြုတ်လိုက်သည်။ ညစာစားပြီးမှ အားလုံး စတင်မည်ဖြစ်သည်။ စောစောသွားလို့ အလကားပင်။



ယာဂုတစ်ပန်းကန်နှင့် အစ်မဖြစ်သူ ယူလာပေးသော မုန်ညင်းချဉ်အနည်းငယ်ဖြင့် ရိုးရှင်းသော ညစာတစ်နပ် ဖြစ်သွားသည်။ ယခုခေတ်တွင် ဝဖြိုးသောသူများ ရှားပါးပြီး ထိုကဲ့သို့သော အစားအစာများမှာ အများသူငါ စားသုံးနေကျ ဖြစ်သည်။ ဝဖြိုးခြင်းသည် ချမ်းသာကြွယ်ဝမှု၏ လက္ခဏာဖြစ်ပြီး ပြည့်စုံသော မိသားစုဖြစ်ကြောင်း ဖော်ပြသည်ဟု လူအများက ယုံကြည်ကြသည်။



စားသောက်ပြီးနောက် ပန်းကန်များကို အလျင်အမြန် ဆေးကြောသန့်စင်ကာ တဲအိမ်တံခါးပိတ်ပြီး ထွက်ခွာခဲ့သည်။ အချိန်တန်ပြီဟု ယူဆသဖြင့် မနေ့က ရောက်ခဲ့သော ကောက်နယ်တလင်းရှိ ဂျုံပုံများဆီသို့ သွားလိုက်သည်။



ကောက်နယ်တလင်းတွင် မီးအိမ်တစ်လုံးသာ ချိတ်ဆွဲထားသဖြင့် နေရာသေးသေးလေးကိုသာ လင်းစေသည်။ ဒီည အဘိုးကြီးဝမ် ကင်းစောင့်ပြန်သည်။ စကားပြောသံများ မကြားရသဖြင့် မှောင်မိုက်သော ထောင့်တစ်နေရာရှိ သူမအား မည်သူမှ ရှာမတွေ့နိုင်သော ဂျုံရိုးပုံများကြားတွင် ပုန်းအောင်းနေလိုက်သည်။



"ဟေ့ ... ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ"  အဘိုးကြီးဝမ်၏ အသံထွက်လာခဲ့သည်။ သူမ ဂျုံရိုးပုံ နောက်ကွယ်မှ ချောင်းကြည့်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်း ထိုလူနှစ်ယောက် ဖြစ်နေပြီး အဒေါ်ရှု့မှာ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများ ဝတ်ဆင်ထားသည်။



"ကျွန်မက မိန်းမလေ။ သားသုံးယောက်ကို ထမင်းကျွေးရဦးမယ်။ ရှင့်မိန်းမလို သက်တောင့်သက်သာ နေရမယ် ထင်နေလား။ ချွေးမရကတည်းက ထမင်းမချက်ရတော့ဘူးလေ"



"မင်းလည်း မင်းသားအတွက် မိန်းမ အမြန်ရှာပေးလိုက်လေ။ ချွေးမရရင် မင်းလည်း သက်တောင့်သက်သာ နေရတော့မှာပေါ့"



အဒေါ်ရှု့မှာ အသက် ၅၀ မပြည့်သေးသဖြင့် အဒေါ်ဝမ်ထက် အများကြီး ငယ်သည်။ သို့သော် သူမသည် ငယ်ရွယ်စဉ်ကတည်းက မုဆိုးမဖြစ်ခဲ့ပြီး ကလေးလေးယောက်ကို တစ်ကိုယ်တည်း ပျိုးထောင်ခဲ့ရသဖြင့် မည်သည့်အမျိုးသားကမျှ ထိုဝန်ထုပ်ဝန်ပိုးကို မထမ်းရွက်ရဲကြပေ။



နှစ်ကာလများ ကြာမြင့်လာသည်နှင့်အမျှ သူမသည် သားလေးယောက်အနက် သုံးယောက်ကို အရွယ်ရောက်အောင် ပျိုးထောင်နိုင်ခဲ့သဖြင့် စွမ်းဆောင်ရည်ရှိသည်ဟု လူအများက ပြောစမှတ် ပြုကြသည်။ သူမနှင့်ပတ်သက်သည့် ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း လော့လန် သိပ်အာရုံမစိုက်ခဲ့ပေ။ 



လောင်ဝမ်နှင့် အဒေါ်ရှု့တို့ကြား ဤမျှ ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။ သူတို့၏ ရင်းနှီးကျွမ်းဝင်မှုကို ကြည့်ခြင်းအားဖြင့် မကြာသေးမီကမှ ဖြစ်ပွားခဲ့သော ဇာတ်လမ်း မဟုတ်ကြောင်း သိသာလှသည်။



အဒေါ်ဝမ်က စိတ်ဓာတ်ခိုင်မာပြီး ယောကျာ်းများ ဖောက်ပြန်ခြင်းသည် ပုံမှန်ကိစ္စဟု မကြာခဏ ပြောလေ့ရှိသည်။ ယခု လောင်ဝမ် ဖောက်ပြန်နေသည်မှာ နှစ်ချီနေပြီဖြစ်ရာ သူမ မည်သို့တုံ့ပြန်မည်ကို လော့လန် သိချင်နေသည်။



"ကျွန်မ အသက်ကြီးလာရင် အားကိုးစရာ မရှိဘူး။ ချွေးမက နှိပ်စက်မှာကိုလည်း စိုးရိမ်တယ်"



"စိတ်မပူပါနဲ့။ အဲ့ဒီအဘွားကြီး သေတာနဲ့ မင်းကို ယူမှာပါ"



"လိမ်မနေပါနဲ့ ရှင် အဲ့လိုပြောလာတာ နှစ်တွေကြာလှပြီ။ အခုထိ ကျွန်မကို အရူးလုပ်နေတုန်းပဲလား"



"မလိမ်ပါဘူး ငါ့မိန်းမကို စိတ်မဝင်စားတာ ကြာလှပြီ"



"ဘာလုပ်မလို့လဲ"



"ဒီနေ့ မင်း လှနေတယ်လေ။ ဘယ်လိုသဘောရလဲ လူတိုင်း ဂျုံရိတ်ရတာ ပင်ပန်းနေကြတယ်။ ပြီးသွားတာနဲ့ ငါ့အစီအစဉ်က အလုပ်ဖြစ်လာလိမ့်မယ်။ မကြာခင် မင်းကို ပြုစုမယ့် ချွေးမ ရလာတော့မှာပါ"



"ကျွန်မကို မထိနဲ့။ ကျွန်မသား သုံးယောက်ကို ပြောထားပြီးပြီ။ မနက်ဖြန်ညကျရင် လှုပ်ရှားကြလိမ့်မယ်"



"အချိန်ရပါသေးတယ်"



"ဒီနတ်ဆိုးအိုကြီးကတော့ ဒီအသက်အရွယ် ရောက်နေတာတောင် မနေတတ် မထိုင်တတ် လုပ်နေတုန်းပဲလား"



သူတို့၏ အသံများက ပိုပြီး ပရောပရည်သံ ပေါက်လာသဖြင့် လော့လန် ကျောချမ်းသွားခဲ့သည်။ ဒီအဘိုးကြီး အဘွားကြီးနှစ်ယောက်က အစီအစဉ် ရှိနေကြသည်။ အချိန်အခါကောင်းကို စောင့်နေကြသည်ဆိုတော့ သူမ ဦးအောင် လှုပ်ရှားလိုက်သည်။



ထို့နောက် အဝတ်အစားများ ချွတ်နေသည့် အသံကို ကြားလိုက်ရသည်။ လော့လန် အေးစက်စွာ ပြုံးလိုက်ပြီး သူမ၏ အစီအစဉ်ကို အကောင်အထည် ဖော်လိုက်သည်။ နွေရာသီဖြစ်၍ အဝတ်အစား ပါးပါးလျလျသာ ဝတ်ဆင်ထားကြသဖြင့် ယူလိုက်သည်နှင့် သူတို့ခန္ဓာကိုယ်ပေါ်တွင် ဘာမျှ ကျန်တော့မည် မဟုတ်ပေ။



"လောင်ဝမ် လောင်ဝမ်"



ဝမ်မိသားစု၏ စတုတ္ထမြောက် ချွေးမက သူမ၏ ယောက္ခမကို ခေါ်လာခဲ့ပြီး လော့လန်က အဝတ်အစားများကို အခြားကောက်ရိုးပုံတစ်ခုပေါ် တင်လိုက်ကာ ပွဲကြည့်ရန် အနီးနားတွင် ပုန်းနေလိုက်သည်။ ထိုနေရာသည် သူတို့နှစ်ဦး ထွက်ပြေးရန် အသုံးပြုရမည့် လမ်းကြောင်းဖြစ်ပြီး အရေးကြီးချိန်တွင် လှုပ်ရှားရန် အသင့်ရှိနေသည်။



အဒေါ်ဝမ်၏ အော်သံကြောင့် အတွင်းမှ နှစ်ယောက် ထိတ်လန့်သွားကြသည်။ သူတို့၏ အဝတ်အစားများကို ကဗျာကယာ လိုက်ရှာခဲ့ကြပေမယ့် မှောင်မိုက်နေသဖြင့် လောလေ အမှားပါလေ ဖြစ်နေကြသည်။



"ဟေ့ ... အဲ့ဒါ ငါ့ဟာ"



"မဟုတ်ဘူး ... ငါ့ဟာ"



သူတို့၏ အသံများက တိုးတိုးလေး ဖြစ်နေသဖြင့် လော့လန်က အနီးနားရှိ ကျောက်တုံးကို ထုရိုက်ကာ ကျယ်လောင်သော အသံများ ဖန်တီးလိုက်သည်။ သူမ၏ ယောက္ခမကို ဦးဆောင်လာသော စတုတ္ထချွေးမက အသံလာရာဆီသို့ ဦးတည်သွားလိုက်သည်။



"အဖေ ... ဒီမှာ ရှိနေတာကိုး"



အသံများ နီးကပ်လာသော်လည်း အတွင်းမှ နှစ်ယောက်မှာ အဝတ်အစား ရှာမတွေ့ကြသေးပေ။ သူတို့သည် လက်နှိပ်ဓာတ်မီး မဖွင့်ရဲဘဲ အမှောင်ထဲတွင် စမ်းတဝါးဝါး ရှာဖွေနေကြသော်လည်း မအောင်မြင်ဘဲ မီးပူပေါ်ကျသည့် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြသည်။



အဘိုးကြီးဝမ် ထိတ်လန့်သွားပြီး ထိုအမျိုးသမီးကို ဆန့်ကျင်ဘက်သို့ တွန်းပို့လိုက်သည်။



"မင်း အရင်သွားနှင့်။ ငါ တားထားလိုက်မယ်"



"အင်း"



လောင်ဝမ်မှာ လက်ပြတ်အင်္ကျီသာ ဝတ်ထားပြီး အောက်ခံဘောင်းဘီ မပါသဖြင့် အောက်ပိုင်းကို ဖုံးအုပ်ထားရကာ ပျောက်ကွယ်သွားချင်စိတ် ပေါက်နေသည်။



"ငါ အနားယူမလို့ လုပ်နေတာ။ နင်တို့ ဘာလာလုပ်ကြတာလဲ ရှေ့မတိုးလာနဲ့"



လောင်ဝမ်က သူတို့ကို တားဆီးရန် ကြိုးစားနေစဉ် အဒေါ်ရှု့မှာ အတွင်းခံအဝတ်အစားဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် လော့လန်က သူမကို လွယ်လွယ်ကူကူ လွှတ်ပေးမည် မဟုတ်ပေ။ အဒေါ်ရှု့ ကောက်ရိုးပုံထဲမှ ထွက်လာသည်နှင့် လော့လန်က လှမ်းဆွဲလိုက်သည်။



"အား"



အဒေါ်ရှု့ လန့်ဖျပ်သွားပြီး အော်ဟစ်လိုက်မိသည်။ 'ဘယ်သူလဲ ... ဘယ်သူ ရှိသေးတာလဲ ... ' သူမ ထိတ်လန့်နေစဉ် လော့လန်က အပြင်ဘက်သို့ ဆွဲထုတ်ပြီး အကွယ်အကာမဲ့သည့် နေရာသို့ ရောက်သွားစေလိုက်သည်။



"အား"



နောက်ထပ် အော်သံတစ်ချက် ထွက်ပေါ်လာပြီး လက်နှိပ်ဓာတ်မီး အလင်းတန်းတစ်ခု သူမအပေါ် ရုတ်တရက် ကျရောက်လာခဲ့သည်။ သူမသည် ထိတ်လန့်တကြားဖြင့် ကိုယ့်ကိုယ်ကိုယ် တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ပြေးရန် ကြောက်ရွံ့နေသဖြင့် ပုန်းအောင်းရန် အလိုအလျောက် ဝပ်ချလိုက်သည်။



လော့လန်တွင် လက်နှိပ်ဓာတ်မီး မရှိပေ။ ဒီတစ်ခုကို လောင်ဝမ်၏ စတုတ္ထ ချွေးမဆီက ငှားလာခြင်း ဖြစ်သည်။ အလင်းရောင် ဖြတ်သန်းသွားစဉ် လော့လန်က အဝတ်ဗလာဖြင့် ရှိနေသော အဘိုးကြီးဝမ်ကို ကန်လိုက်ရာ အဒေါ်ရှု့ အပေါ်သို့ တည့်တည့် ပြုတ်ကျသွားခဲ့သည်။



"အား"



"အို့းးးး"



လောင်ဝမ်၏ စတုတ္ထချွေးမ လက်နှိပ်ဓာတ်မီး အလင်းရောင်က ထိုနှစ်ယောက်ကြား လူးလာတုံ့ပြန်နေပြီး ဖြစ်ပျက်နေသည်များကို အဒေါ်ဝမ်အား ရှင်းလင်းစွာ ပြသနေသည်။ မှောင်မိုက်ပြီး လူသူကင်းမဲ့သော ကောက်နယ်တလင်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဘောင်းဘီမပါဘဲ ရှိနေခြင်းက အလွန် အရှက်ရဖွယ် မြင်ကွင်းပင်။ စကားပြောစရာ မလိုတော့ပေ။ အဒေါ်ဝမ် ဒေါသပေါက်ကွဲတော့သည်။



"သေနာမ  ငါ့ယောကျာ်းကို ဘယ်လိုတောင် ခိုးရဲတာလဲ" အဒေါ်ဝမ်သည် အော်ဟစ်လိုက်ပြီး အဒေါ်ရှု့၏ ဆံပင်ကို ဆွဲလိုက်သည်။ "အကုန်လုံးနဲ့ပတ်အိပ်ပေးပြီး နင့် သားသုံးကောင်ကို ကျွေးမွေးခဲ့တာလို့ လူတွေ ပြောကြတာ ကြားဖူးတယ်။ ငါ့ယောကျာ်းကိုတောင် လာပတ်သက်မယ်လို့ မထင်ထားဘူး။ နင့်လို မိန်းမမျိုးကို ရေနှစ်သတ်ပစ်သင့်တယ်"



လော့လန် လှည့်ထွက်သွားသော်လည်း စနစ်က သူမကို အလျင်အမြန် ပြန်ခေါ်လိုက်သည်။ “လော့လန် ဘယ်သွားမလို့လဲ ဒါက ဖရဲသီးအကြီးကြီးပဲ ထွက်သွားလို့ မရဘူး”



လော့လန် - 'ပွဲကြည့်ဖို့ လူသွားခေါ်ဦးမယ်'



'အမှတ်နှစ်ဆ ပေးမယ်။ အမြန်ပြန်လာခဲ့။ နောက်ကျသွားရင် သူတို့ ရန်ဖြစ်လို့ ပြီးသွားလိမ့်မယ်'



 “ဘယ်နှစ်ဆလဲ”



“နှစ်ဆ”



“…”



“လေးဆ”



“...”



“ဆယ်ဆ အခုအမြန် ပြန်လာခဲ့တော့”



တိတ်ဆိတ်ခြင်းသည် သူမ၏ အကောင်းဆုံး လက်နက်ဖြစ်သည်။ ရည်မှန်းချက် အောင်မြင်ပြီဖြစ်သဖြင့် အခင်းဖြစ်ပွားရာသို့ ပြန်လာခဲ့သည်။ စနစ်သည် ဤမြင်ကွင်းကြောင့် အလွန် ပျော်ရွှင်နေခဲ့သည်။ ဤဖရဲသီးသည် ပိုင်ရှင်၏ ခင်ပွန်းနှင့် ပတ်သက်သည့် ကိစ္စကို ပြန်လည် အစားထိုးပေးနိုင်လောက်သည်အထိ ကြီးမားသည်။



“အော်လိုက် ... ကျယ်ကျယ် အော်လိုက်”



လော့လန်သည် ယခင် ယောင်းမဖြစ်သူကို တီးတိုး ပြောလိုက်ပြီးနောက် ဝင်ရောက် ဖြန်ဖြေပေးသည့် ဟန်ဆောင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ဂျုံရိတ်သိမ်းရသဖြင့် ပင်ပန်းနွမ်းနယ်နေကြသော်လည်း ပြဇာတ်ကြည့်ရမည်ဆိုသဖြင့် လူအုပ်ကြီး အမြန် စုဝေးရောက်ရှိလာကြသည်။



"ဟေ့ ... ဘာဖြစ်တာလဲ"



"အဒေါ်ရှု့ကို အဒေါ်ဝမ် ရိုက်နေတယ်"



"ကြည့်ပါဦး အဘိုးကြီးဝမ်နဲ့ အဒေါ်ရှု့တို့ ဘောင်းဘီ မပါကြဘူး"



"ဟား ... ဟား ... ရုပ်ဆိုးလိုက်တာ" အမျိုးသမီးတစ်ဦးက မျက်လုံးများကို အုပ်ထားပြီး လက်ချောင်းကြားမှ ချောင်းကြည့်နေသည်။



"မြင်လား အဘိုးကြီးဝမ်နဲ့ အဒေါ်ရှု့ ဖောက်ပြန်နေတယ်လို့ ကြားထားတာ တကယ်ပါလား"



လူအုပ်ကြီး တီးတိုး ပြောဆိုနေကြစဉ် အဒေါ်ဝမ်က အဒေါ်ရှု့ကို ဆက်ရိုက်နှက်နေပြီး ဆံပင်များကို ဆွဲနှုတ်ကာ မျက်နှာကို ကုတ်ခြစ်နေသည်။ အဘိုးကြီးဝမ်က ကြားဝင်ပြီး ဆင်ခြေပေးရန် ကြိုးစားနေသည်။



"ငါတို့ ရေထဲ ပြုတ်ကျသွားတာပါ။ သူ့ကို ဆွဲထူပေးရုံပါ ... မင်း ထင်သလို မဟုတ်ပါဘူး တော်ပါတော့"



"ပေါက်ကရတွေနဲ့ ငါ့ကို လာမလိမ်နဲ့"



အစီအစဉ်အတိုင်း ဖြစ်ပျက်နေသည်ကို လော့လန် တိတ်တဆိတ် ကြည့်ရှုနေသည်။ စနစ်ကလည်း လူအုပ်ကြီးနှင့်အတူ ပွဲကြည့်ပြီး ပျော်ရွှင်နေသည်။



"တကယ်ပါ ... ကျိန်ပြောရဲတယ် မရိုးမသား စိတ်ရှိရင် မိုးကြိုးပစ်ပါစေ"



လအနည်းငယ်အတွင်း၌ ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ယခုအချိန်တွင် လူအများက ပွဲကြည့်ရုံသာ ကြည့်နေကြသည်။



အဒေါ်ဝမ်က အကွယ်အကာမဲ့နေသော အဒေါ်ရှု့ကို ထိုးကြိတ်နေခဲ့သည်။ နောက်ဆုံးတွင် မောပန်းသွားပြီး မေးခွန်းထုတ်လိုက်သည်။



"နင့်ဘောင်းဘီ ဘယ်မှာလဲ"



"ရွှံ့နွံထဲမှာ ကျွတ်ကျန်ခဲ့တာ။ မှောင်နေတော့ ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး" အဘိုးကြီးဝမ်က အလျင်အမြန် ဝင်ပြောလိုက်သည်။



"ရွှံ့နွံထဲ ပါသွားတာ ကျုပ်တို့ တကယ် ရွှံ့နွံထဲ ပြုတ်ကျသွားတာပါ ပြဿနာ မရှာပါနဲ့တော့"



အဒေါ်ဝမ်သည် တွေဝေသွားပြီးနောက် သူတို့ကို မှားယွင်းစွာ စွပ်စွဲမိတာလားဟု တွေးတောမိသည်။ ထိုစဉ် လော့လန်က ဘောင်းဘီနှစ်ထည်ကို အလင်းရောင်ရှိရာသို့ ပစ်ပေးလိုက်သည်။ ဘယ်သူ ပစ်ပေးလိုက်မှန်း မမြင်ရသော်လည်း လက်နှိပ်ဓာတ်မီး အလင်းရောင်အောက်တွင် ဘောင်းဘီများကို ရှင်းလင်းစွာ မြင်လိုက်ရသည်။



ဘောင်းဘီများတွင် ဂျုံကောက်ရိုးများသာ ကပ်နေပြီး သူတို့ပြောသကဲ့သို့ ရွှံ့များ မပါရှိပေ။ အဒေါ်ဝမ် ကြောင်အနေစဉ် ချွေးမဖြစ်သူက အဆုံးသတ် ထိုးနှက်ချက်ကို ပေးလိုက်သည်။



"ယောကျာ်းဝတ် တစ်ထည်၊ မိန်းမဝတ် တစ်ထည် ... ရွှံ့တွေလည်း မပါပါလား"



"နင်တို့ အယုတ်တမာ ၂ ယောက်!”