Ch 4
Viewers 1k

၆၀ ခုနှစ်က မုဆိုးမလေး 


အပိုင်း ၄





 



လူအများရှေ့တွင် ယောက္ခမဖြစ်သူအား ဒူးထောက်၍ အမှန်တကယ် တောင်းပန်နေသည်။ ဒီခေတ်ဒီအခါတွင် ယောက္ခမများ အာဏာရှိသေးသော်လည်း ဟိုးအရင်ခေတ်ဟောင်းကလို မဟုတ်တော့ပေ။ ခေတ်သစ်တွင် လူတိုင်း အပေါ်ယံကြည့်လျှင် တန်းတူညီမျှ ရှိကြရမည်။ ချွေးမဖြစ်သူကို ဒူးထောက်ခိုင်းပြီး တောင်းပန်ခိုင်းခြင်းက လူထု၏အမြင်ကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။



"သူ့ကို သိပ်အနိုင်မကျင့်ပါနဲ့။ ဒီချွေးမလေးက အတော်လေး လုပ်ရည်ကိုင်ရည် ရှိပါတယ်။ ဒူးထောက်ပြီး တောင်းပန်ရလောက်တဲ့အထိ ဘာလို့ အနိုင်ကျင့်ရတာလဲ"



"အနိုင်ကျင့်တာ တော်တော် လွန်လွန်းလို့ နေမှာ။ ဒါမှမဟုတ်ရင် ဒီခေတ်ကြီးထဲ ဒူးထောက်ပြီး တောင်းပန်တာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး"



"ဟုတ်တယ် ... ခေတ်ဟောင်းတုန်းကတောင် ဒီလောက်ယုတ်မာတဲ့ ယောက္ခမက ရှားတယ်"



"မိန်းမချင်း ကိုယ်ချင်းစာပါဦး။ ချွေးမကို ဘာလို့ ဒီလောက် အနိုင်ကျင့်ရတာလဲ။ အသက်ကြီးလာရင် ချွေးမတွေကိုပဲ အားကိုးရမှာ မဟုတ်ဘူးလား"



"အဒေါ်ဝမ်ရေ ချွေးမကို အနိုင်မကျင့်ပါနဲ့။ သူ့ခမျာ လွယ်ရှာတာ မဟုတ်ဘူး။ ဒါ ခေတ်သစ်ရောက်နေပြီ ... ခေတ်ဟောင်းက ပုံစံတွေ လုပ်လို့မရတော့ဘူးလေ"



ဝင်ပြောလိုက်သူမှာ အမျိုးသမီးရေးရာ ဥက္ကဋ္ဌဖြစ်ပြီး ဝမ်မိသားစု၏ စတုတ္ထမြောက် ချွေးမကို အကြံပေး ဖျောင်းဖျနေသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။ ချွေးမလေးမှာ သစ်ရွက်လေးတစ်ရွက်လို တုန်ရီနေပြီး မတ်တပ်မရပ်ဘဲ ယောက္ခမဖြစ်သူထံမှ ခွင့်လွှတ်မှုရရန် ဆက်၍တောင်းပန်နေခဲ့သည်။ လေတိုက်ခံရသည့် သစ်ရွက်လေးအလား သနားစဖွယ် ငိုယိုနေရှာသည်။



"အမေရယ် ... ကျွန်မကို လွှတ်ပေးပါနော်။ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ်"



"နင် ..." အဒေါ်ဝမ် စကားမပြောနိုင် ဖြစ်သွားပြီး မည်သူကမျှလည်း သူမကို မယုံကြည်ကြပေ။ ဘုရားရေ ... ခေတ်ဟောင်းက ယောက္ခမတွေထက် ပိုယုတ်မာပြီး ဒူးထောက်ကာ မထရဲသည်အထိ ချွေးမကို အနိုင်ကျင့်ကြောင်း လူတိုင်းက ဆွေးနွေးနေကြသည်။



"ငါ ဘယ်တုန်းက ..."



သူမ အလွန်တုန်လှုပ်နေသဖြင့် မည်သို့ရှင်းပြရမည်ကို မသိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ဘာပြောရမှန်းပင် မသိတော့ချေ။ လူအုပ်ကြီးက သူမ ချွေးမကို ဆူငေါက်နေသည်ကို ကြည့်နေကြပြီး ချွေးမဖြစ်သူကမူ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သနားစဖွယ် တောင်းပန်နေသည်။ ဒီမြင်ကွင်းထဲတွင် သူမ ဘာပြောပြော အရာထင်မည် မဟုတ်ပေ။



"ဝမ်ပေါင်းဇီ" အမျိုးသမီးရေးရာ ဥက္ကဋ္ဌ၏အသံမှာ ဒေါသသံပါနေပြီး လေးလံသော တူတစ်ချောင်းကဲ့သို့ ပဲ့တင်ထပ်နေသည်။ "ကိုယ့်ချွေးမကို အခုလို ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်တာက အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အဖမ်းခံရနိုင်တယ်ဆိုတာ ရှင် သိရဲ့လား"



စာမတတ် ပေမတတ်နှင့် ဥပဒေအကြောင်း နားမလည်သူများမှာ တာဝန်ရှိသူ၏ သတိပေးချက်ကြောင့် ကြောက်လန့်သွားကြပြီး အဒေါ်ဝမ်မှာ ခြေထောက်များပင် ပျော့ခွေသွားသည်။ ပုံမှန်ဆိုလျှင် ချွေးမဖြစ်သူက တိတ်တဆိတ် သည်းခံလေ့ရှိသော်လည်း ဒီနေ့တွင်မူ အနီးနားရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။



အဒေါ်ဝမ် အနိုင်ကျင့်သမျှ ခံနေရသည့် ချွေးမဖြစ်သူမှာ ဒူးထောက်ပြီး တောင်းပန်နေသည်။ ဘေးမှ ကြည့်နေသူ အားလုံးနီးပါးက သူမကို ယောက္ခမဆိုးကြီးဟု ပြစ်တင်ရှုတ်ချနေကြသည်။ လူတိုင်းကို ခြိမ်းခြောက်ရန် သူမ၏အာဏာကို အသုံးပြုနေသည်ဟု စွပ်စွဲကြသဖြင့် သူမ ဒေါသတကြီး ငိုကြွေးလေတော့သည်။



ပြဇာတ်ပြီးသွားသည့်အခါ သူမသည် ငိုနေဆဲဖြစ်ပြီး ချွေးမဖြစ်သူကမူ လှဲချပြီး အိပ်ပျော်သွားတော့သည်။ သူမ အလွန်ပင်ပန်းနေသဖြင့် အဘွားကြီးက သူမကို တိုက်ရိုက် မဆူငေါက်သရွေ့ နားပိတ်ပြီး အိပ်ပျော်အောင် အိပ်လိုက်တော့သည်။



'တောင် ... ဖရဲသီးစားသုံးမှု ရမှတ်များ ထည့်သွင်းပြီးပါပြီ။ host အခုလိုပဲ ဆက်ကြိုးစားပေးပါဦး'



လော့လန် ကြားလိုက်ရသဖြင့် တိုးတိုးလေး ရယ်မောလိုက်မိသည်။ ကောင်းကင်ကို မော့ကြည့်ရင်း မိုးကာတစ်ခုလောက် လဲလှယ်သင့်သည်ဟု တွေးလိုက်သည်။ အချိန်ကိုက်ပင် ... သူမ၏ ရမှတ်များက လုံလောက်နေသဖြင့် မိုးသည်းမှာကို စိုးရိမ်စရာ မလိုတော့ပေ။



ဝမ်မိသားစု၏ စတုတ္ထမြောက် ချွေးမက အတော်လေး ထိရောက်မှုရှိပြီး သူမကို ရမှတ်များစွာ ရရှိစေခဲ့ရာ တစ်ညလုံး အဖော်ပြုပေးရသည်မှာ တန်ပါသည်။



ထိုညက ရာသီဥတု မကောင်းသလို နောက်နေ့တွင်လည်း တိမ်ထူနေ၏။ ဂျုံများ ရိတ်သိမ်းရန် အချိန်တန်နေပြီဖြစ်ရာ ရာသီဥတုသာ ချက်ချင်း မသာယာလာပါက အခြေအနေ ဆိုးရွားသွားနိုင်သည်။



မနက်ပိုင်းတွင် သူမ လယ်ယာသုံးကိရိယာများကို သယ်ကာ အလုပ်ဆင်းခဲ့သည်။ အဖွဲ့ငယ်တစ်ခုတည်းတွင် အတူရှိနေကြသောကြောင့် ဝမ်မိသားစုမှ ချွေးမအချို့နှင့် ရှောင်လွှဲ၍ မရဘဲ ထိပ်တိုက်တွေ့ဆုံခဲ့သည်။ စတုတ္ထမြောက် ချွေးမက ကျေးဇူးတင်သော မျက်ဝန်းများနှင့် တိတ်တဆိတ် ပြုံးပြခဲ့သည်။ 



လော့လန်လည်း ကြင်နာစွာ ပြန်ပြုံးပြလိုက်ပေမယ့် အမှန်တကယ်တော့ သူမ ဘာမှလုပ်ပေးခဲ့ခြင်း မရှိချေ။ အဓိကအချက်မှာ ထိုချွေးမကိုယ်တိုင်ပင် ဖြစ်သည်။ သူမသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မပြောဆိုပါက အခြားသူများ မည်မျှ စိတ်ပူပေးနေပါစေ အလကားသာ။



"လော့လန်ရေ မိုးတော်တော်သည်းမယ့်ပုံပဲ။ နင့်တဲအိမ်လေး ရေထဲပါမသွားပါစေနဲ့လို့ ဆုတောင်းပေးပါတယ်" ဝမ်မိသားစု၏ အကြီးဆုံးချွေးမက ဝင်ပြောလိုက်သည်။



"အို ... အဲ့လိုသာဆိုရင် ဘယ်လိုလုပ်မလဲ။ လော့လန်မှာက စောင်တစ်ထည်နဲ့ အိုးတစ်လုံးပဲ ရှိတာလေ။ မိုးကြောင့် ပျက်စီးသွားရင် လမ်းဘေးမှာ အိပ်ရတော့မှာပေါ့" ဒုတိယချွေးမက ဝင်ထောက်ခဲ့သည်။



သူတို့ ယောက္ခမဖြစ်သူ၏ ညွှန်ကြားချက်ကြောင့် ဒီနေ့ သူမကို တမင်တကာ ဒုက္ခပေးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ မနေ့က စတုတ္ထမြောက် ချွေးမ၏ ဖြစ်ရပ်တွင် သူမ သွေးထိုးပေးသည်ဟု ထင်မြင်နေကြသောကြောင့် ဖြစ်သည်။



"ဖြန်း" လူတိုင်း အံ့အားသင့်သွားအောင် လော့လန်က ဒုတိယချွေးမဆီသို့ ရုတ်တရက် ပြေးဝင်သွားလိုက်သည်။ "နင်က ပါးစပ်ကြမ်းတော့ ပါးရိုက်ခံရတာနဲ့ တန်တယ်"



"နင် ငါ့ကို ရိုက်ရဲတယ်ပေါ့ ... နင်နဲ့ငါ တွေ့မယ်"



ဒုတိယချွေးမက လော့လန်၏ ဆံပင်ကို ဆွဲရန် လက်မြှောက်လိုက်သော်လည်း လော့လန်က လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ပေါက်ပြားကို ဝှေ့ယမ်းပြလိုက်ရာ ဒုတိယချွေးမမှာ ကြက်သေသေသွားခဲ့သည်။



"ရှေ့တိုးရဲရင် တိုးလေ။ ဒီပေါက်ပြားနဲ့ ခုတ်ပစ်လိုက်မယ်"



"နင် လုပ်ရဲလို့လား"



"ငါ့မှာ ကြောက်စရာ ဘာမှမရှိဘူး။ အခု ငါက တစ်ယောက်တည်းဆိုတော့ ငါ့ဗိုက်ဝဖို့ပဲ ပူရတော့တာ။ နင့်ကို သတ်လိုက်ရင်လည်း ငါ့အသက်နဲ့ ပြန်ပေးဆပ်လိုက်ရုံပဲ"



တစ်ကိုယ်တည်း နေထိုင်နေရပြီဖြစ်သည့်အတွက် သူမ သန်မာဟန်ပြမှ ရမည်။ သို့မဟုတ်ပါက ရွာသားများက သူမကို တစ်ခုလပ်မုဆိုးမအဖြစ် မြင်ပြီး နည်းလမ်းပေါင်းစုံဖြင့် အနိုင်ကျင့်ရန် ကြံစည်လာကြပေလိမ့်မည်။ အထူးသဖြင့် ဤမိန်းမများသည် ယခင်ယောက္ခမအိမ်မှ ဖြစ်နေသဖြင့် သူတို့ကြားတွင် မကျေလည်မှုများ ရှိပြီးသား ဖြစ်သည်။



"လော့လန် နင်က သစ်ခွပန်း မဟုတ်ဘူး။ ဆူးတွေနဲ့ နှင်းဆီပန်းအစစ်ပဲ။ အပြင်ပန်းက လှပပေမယ့် ခူးဖို့ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို ဆူးနဲ့ထိုးတယ်။ နင်က ပန်းကောင်းတစ်ပွင့် မဟုတ်ဘူး"



"ချီးကျူးတဲ့အတွက် ကျေးဇူးပါ"



ငါ့ကို နှိမ့်ချပြီး ဒေါသထွက်အောင် လုပ်ချင်ရင် နင်တို့ကို ဒေါသထွက်စေမယ့် နည်းလမ်းနဲ့ ပြန်တုံ့ပြန်ပေးမယ်။ သူမ၏ ယုံကြည်မှုရှိပြီး ပူပင်သောကကင်းသော အမူအရာသည် တကယ့်ကို နှင်းဆီပန်းတစ်ပွင့်နှင့် တူသည်။ သူမကို လာခူးမည့်သူ မည်သူမဆို နှစ်ခါပြန် စဉ်းစားသင့်သည်။



"နင် ... ဒီလောက် ခေါင်းမမာနေနဲ့။ မုန်တိုင်းမိပြီး နင့်တဲအိမ်လေး ပျက်စီးသွားတာကို ငါ စောင့်ကြည့်နေမယ်။ နင့်ပစ္စည်းတွေ အကုန် ရေစိုပြီး နင် ငိုနေတာကို ငါ စောင့်ကြည့်နေမယ်"



"ဘယ်သူ ငိုမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"



"ဆက်ပြီး ခေါင်းမာနေလိုက်" ထိုအမျိုးသမီး ပြောရင်း လှည့်ထွက်သွားကာ မြေကြီးပေါ်မှ မြက်ရိုင်းများကို ဒေါသတကြီး ဆွဲနှုတ်လိုက်သည်။ "စောင့်နေလိုက်၊ နင် စောင့်နေလိုက်။ ညီမတို့ရေ သူ ငိုနေတာကို သွားကြည့်ကြရအောင်"



အကြီးဆုံးချွေးမက ပြန်ပြောလိုက်သည်။ "ကောင်းပြီ ... သူ့မာနတွေ ရှိနေသေးလားဆိုတာ အတူတူ သွားကြည့်ကြတာပေါ့"



ကောင်းကင်ကြီးက တဖြည်းဖြည်း မည်းမှောင်လာပြီး အဖွဲ့ခေါင်းဆောင်က စိုက်ခင်းထဲမှ ဂျုံများကို စစ်ဆေးကြည့်လိုက်သည်။ အစေ့အဆန်များ စိမ်းနေသေးပြီး ရိတ်သိမ်းရန် နောက်ထပ် နှစ်ရက် သုံးရက်ခန့် လိုသေးသည်။ သို့သော် မိုးမည်မျှကြာအောင် ရွာမည်ကို မသေချာသဖြင့် အမြန်ဆုံး သာယာလာရန် မျှော်လင့်နေမိသည်။



နေ့လယ်စာ စားရန် အိမ်ပြန်ရောက်သောအခါ လော့လန်သည် သူမ၏အမှတ်များကို စနစ်မှ အကောင်းဆုံး ရေစိုခံ တာပေါ်လင်စနှင့် လဲလှယ်လိုက်သည်။ တာပေါ်လင်စတွင် ကပ်ခွာပါပြီးသား ဖြစ်သည်။ အနက်ရောင် အကာအကွယ်ဖလင်ကို ခွာပြီး မျက်နှာပြင်ပေါ် ကပ်လိုက်ရုံသာ။ သို့သော် မြက်ပင်များပေါ်တွင် ကောင်းစွာကပ်မည် မဟုတ်သဖြင့် မြက်ခြောက်များကို အရင်ဖယ်ရှားရသည်။



တဲအိမ်က သိပ်မကြီးသဖြင့် အလုပ်က လွယ်ကူသည်။ မြက်ခြောက်များ အားလုံး ဖယ်ရှားပြီးနောက် အကာအကွယ်ဖလင်ကို ခွာကာ တာပေါ်လင်စကို သစ်သားပေါ်တွင် ကပ်လိုက်သည်။ ကပ်ပြီးနောက် စမ်းသပ်ကြည့်ရာ ခိုင်မြဲစွာ ကပ်နေသည်။ တာပေါ်လင်စမှာ ထူထဲပြီး ခိုင်ခံ့ကာ သစ်သားပေါ်တွင် ကွက်တိ ကပ်နေခဲ့သည်။



အားစိုက်ထုတ်မှုအချို့ဖြင့် တဲအိမ်တစ်ခုလုံးကို အမိုးကာစဖြင့် အမြန် ကပ်လိုက်သည်။ အနက်ရောင် အမိုးကာစ အထူကြီးက သူမ၏ နေစရာနေရာလေးကို လုံးဝ လွှမ်းခြုံထားလိုက်သည်။ သူမ ရေလောင်းချပြီး စမ်းသပ်ကြည့်ရာ တစ်စက်မှ မယိုစိမ့်ပေ။



အခြေအနေ ကောင်းမွန်သွားပြီ ဖြစ်သည်။ သူမ သီချင်းတစ်ပုဒ်ကို ညည်းရင်း ပျော်ရွှင်စွာ အလုပ်လုပ်နေသည်။ တာပေါ်လင်စ ကပ်ပြီးနောက် အပြင်ဘက်မှကြည့်လျှင် ပုံမှန်အတိုင်း မြင်ရစေရန် မြက်ခြောက်များဖြင့် ပြန်ဖုံးထားလိုက်သည်။



သူမ၏ အစ်ကိုနှင့် ခဲအိုဖြစ်သူတို့က တဲအိမ်ကို ခိုင်ခံ့အောင် ကူညီပေးထားပြီးဖြစ်ရာ လေပြင်းဒဏ်ကို ခံနိုင်ရည်ရှိသည်။ ရေစိုခံတာပေါ်လင်စ ကပ်ပြီးသောအခါ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများကို ကြောက်စရာ မလိုတော့ပေ။



နေ့လယ်စာ စားပြီးသည်နှင့် မည်းမှောင်နေသော ကောင်းကင်ကြီးမှ မိုးစက်များ ကျဆင်းလာခဲ့သည်။ ညနေပိုင်းတွင် အလုပ်နားမည်မှာ သေချာနေပြီဖြစ်သည်။ အပြင်ဘက်တွင် ရေမြောင်းတူးထားပြီးဖြစ်၍ ရေဝင်မည်ကို စိုးရိမ်စရာမလိုဘဲ ပစ္စည်းများအားလုံး တဲအိမ်ထဲသို့ သိမ်းဆည်းလိုက်သည်။



ဒီနေ့ အနောက်မြောက်လေ တိုက်ခတ်နေသဖြင့် မိုးရေမဝင်စေရန် ရှေ့တံခါးပေါက်လေးကို ဖွင့်ထားလိုက်သည်။ သူမသည် တဲအိမ်လေးထဲတွင် သက်တောင့်သက်သာ ထိုင်ရင်း အပြင်ဘက်တွင် မိုးရွာနေသည်ကို ကြည့်ရှုခံစားနေသည်။



လေသံနှင့်အတူ မိုးရွာသံ ရောနှောနေပြီး လျှပ်စီးလက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ခေါင်းမိုးကို မော့ကြည့်လိုက်သည်။ ရေတစ်စက်မှ မယိုသည့်အပြင် အစိုဓာတ်လက္ခဏာပင် မတွေ့ရပေ။ 'ကောင်းလိုက်တာ ... ဒီစနစ်မှာ ပစ္စည်းကောင်းတွေ တကယ် ရှိတာပဲ။'



ရာသီဥတု အခြေအနေကြောင့် တခြားဘာမှ လုပ်လို့မရသဖြင့် ဖိနပ်အောက်ခံများကို ထုတ်ကာ ချုပ်လိုက်သည်။ လယ်သမားများသည် လယ်တောထဲတွင် ဖိနပ်အမြန် ပါးတတ်သဖြင့် ဒီအောက်ခံများမှာ သူမ၏ ကိုယ်ပိုင်ဖိနပ်အတွက် ဖြစ်သည်။ အချို့လူများမှာ ဖိနပ်မကုန်စေရန် ခြေဗလာဖြင့် သွားလာကြသော်လည်း သူမကမူ အကျင့်မရှိပေ။ အဝတ်အစားများ ဟောင်းနွမ်းနေလျှင်ပင် ခြေဗလာဖြင့် မသွားချင်ပါ။



"စနစ် ငါ့မှာ အမှတ်ဘယ်လောက် ကျန်သေးလဲ"



'နှစ်ဆယ့်ငါး မှတ်ပါ။ နည်းနည်းလေးပဲ ရှိပါတော့တယ်။ host ကြိုးစားဖို့ လိုပါတယ်'



"မိုးရွာထဲ ကလေးကိုရိုက်တာက ဖရဲသီးစားတာလို့ သတ်မှတ်လို့ ရလား"



'မရပါဘူး'



"ကံဆိုးတာပဲ မိုးရွာတဲ့နေ့တွေမှာ အဖြစ်အများဆုံး ဖရဲသီးက ကလေးရိုက်တာပဲဟာ"



"ဟေ့ စနစ် အသင့်စား ခေါက်ဆွဲပြုတ်ဆိုတာ ဘာကြီးလဲ"



'ခေါက်ဆွဲတစ်မျိုးပါ၊ အရမ်း အဆင်ပြေပါတယ်။ ရေနွေးပူပူ လောင်းထည့်လိုက်ရုံနဲ့ စားလို့ရပါပြီ။ အရမ်း အရသာရှိပါတယ်။ မြည်းစမ်းကြည့်ဖို့ တစ်ထုပ်လောက် လဲမလား'



Host စိတ်ဝင်စားလေ အလုပ်လုပ်ရန် စိတ်အားထက်သန်လေ ဖြစ်မည်ဟု ဆိုကာ စနစ်က သူ၏ထုတ်ကုန်များကို အကြီးအကျယ် ကြော်ငြာနေသည်။



'ပြောင်းဖူးလိုမျိုး အစေ့အဆန် ကြမ်းတွေကိုပဲ အာရုံစိုက်မနေနဲ့။ ဒီလို စိတ်ဝင်စားစရာ ကောင်းတာတွေကိုလည်း စမ်းကြည့်ဦးမှပေါ့။'



ခေါက်ဆွဲပြုတ်သည် ဒီခေတ်ဒီအခါက လူများအတွက် ဇိမ်ခံပစ္စည်း စစ်စစ် ဖြစ်သည်။ ဆားဖြင့်သာ အရသာနယ်ပြီး စားသောက်လေ့ရှိသူ တစ်ယောက်အဖို့ မမေ့နိုင်စရာ အရသာ ဖြစ်ပေလိမ့်မည်။



"အံ့သြစရာပဲ ရေနွေးပူပူထဲ စိမ်လိုက်ရုံနဲ့ စားလို့ရတဲ့ ခေါက်ဆွဲတဲ့"



'ဟုတ်ပါတယ် ... လျှော့ဈေး ပေးပါ့မယ်။ တစ်ထုပ်လောက် စမ်းကြည့်ပါလား'



နေစရာ အခက်အခဲ ပြေလည်သွားပြီး စားနပ်ရိက္ခာလည်း လတ်တလော လုံလောက်နေပြီဖြစ်ရာ အထူးသဖြင့် စနစ်က လျှော့ဈေးပေးမည်ဟု ပြောလာသောအခါ လော့လန် အမှန်တကယ် စိတ်ဝင်စားသွားခဲ့သည်။ လျှော့ဈေးမှာ ကိုယ်တိုင် ခေါက်ဆွဲလုပ်ရန် ဂျုံမှုန့်လဲလှယ်သည့် နှုန်းထားနှင့် ညီမျှနေသည်။ သို့သော် သူမ ခေါက်ဆွဲပြုတ် တစ်ခါမှ မစားဖူးသဖြင့် အရသာ ဘယ်လိုရှိမလဲဆိုတာ သိရအောင် အခွင့်အရေးကောင်း တစ်ခုပင်။



အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုးဖွဲဖွဲလေးသာ ကျန်တော့သဖြင့် အချို့မိသားစုများမှာ ခေါင်မိုးပေါ် တက်နေကြပြီ ဖြစ်သည်။ မြေစိုက်အိမ်နှင့် သက်ငယ်မိုးထားသည့် ခေါင်မိုးများဖြစ်သဖြင့် မြက်ခြောက်များ နေရာအနှံ့ လွင့်ပျံနေသည်။



သူမ မတ်တပ်ရပ်ပြီး အကြောဆန့်လိုက်သည်။ ဖိနပ်အောက်ခံများ အားလုံး ဒီနေ့ ပြီးစီးသွားပြီ ဖြစ်သည်။ မနက်ဖြန်တွင် ဖိနပ်အပေါ်ပိုင်းကို စတင် ပြုလုပ်တော့မည်ဖြစ်ပြီး အောက်ခံထက်စာလျှင် ပိုပြီးမြန်မြန် ပြီးစီးနိုင်သည်။



"ခေါက်ဆွဲပြုတ်နဲ့ လဲလိုက်မယ်"



နောက်ဆုံးတွင် သူမ ဆုံးဖြတ်လိုက်သည်။ လျှော့ဈေးပေးမည်ဆိုသည့်အရာကို မည်သည့်အမျိုးသမီးကမှ မလွန်ဆန်နိုင်ပေ။ မိုးသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ညနေစောင်းတွင် မိုးဖွဲဖွဲလေးသာ ကျန်တော့သည်။ ပိုးချည်မျှင်များကဲ့သို့ မိုးဖွဲလေးများမှာ မိုးနှင့်မြေကြား ညင်သာစွာ လွင့်မျောကျဆင်းနေသည်။



သာယာလှပသည့် လေထုက ကျန်းနန်ဒေသ၏ မြူမှုန်များကြားမှ မိုးစက်များနှင့် တူပေသည်။ သူမ ကျန်းနန်ဒေသသို့ တစ်ခါမှ မရောက်ဖူးပါ။ စာအုပ်များထဲတွင်သာ ဖတ်ဖူးခြင်း ဖြစ်သည်။ မြူမှုန်များကြားမှ မိုးစက်များမှာ နတ်ဘုံနတ်နန်းပမာ ထင်ရသည်။



မီးမွှေးပြီး အိုးထဲရေထည့်ကာ လဲလှယ်ထားသော ခေါက်ဆွဲပြုတ်ထုပ်ကို ဂရုတစိုက် ဖောက်လိုက်သည်။ အထဲတွင် ခေါက်ဆွဲအခြောက်တုံးတစ်တုံးနှင့် အထုပ်ငယ် သုံးထုပ် ပါဝင်သည်။ အိတ်ခွံပေါ်မှ ညွှန်ကြားချက်များကို ကြည့်ပြီးနောက် ဤအရာများမှာ ခေါက်ဆွဲနှင့်အတူ အိုးထဲထည့်ရမည့် အဆာပလာများ ဖြစ်ကြောင်း သိလိုက်ရသည်။



အမဲသားနှပ် ခေါက်ဆွဲပြုတ်မှာ ခေါက်ဆွဲပြုတ်များထဲတွင် လူကြိုက်အများဆုံး အရသာဖြစ်သည်။ အဆာပလာထုပ်များကို ဖောက်ပြီးနောက် နှာခေါင်းနား ကပ်ကာ အနံ့ခံကြည့်လိုက်သည်။ ပြင်းပြသော အနံ့ကြောင့် ချက်ချင်း သွားရည်ယိုချင်လာသည်။



"မွှေးလိုက်တာ"



အိုးထဲတွင် ရေသိပ်မများသဖြင့် မကြာမီ ဆူပွက်လာသည်။ ခေါက်ဆွဲအခြောက်တုံးကို ထည့်လိုက်ပြီး အမှုန့်ထုပ်၊ အနှစ်ထုပ်နှင့် ဟင်းသီးဟင်းရွက်ထုပ်များကို တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။ ရေနွေးငွေ့ ထွက်လာသည်နှင့်အမျှ အနံ့က ပိုပြင်းထန်လာခဲ့သည်။



ဒီလောကကြီးထဲတွင် ဤမျှ အရသာရှိသော အစားအစာမျိုး ရှိသည်ကို အံ့သြမိသဖြင့် တံတွေးမျိုချလိုက်မိသည်။ အမှတ်များဖြင့် လဲလှယ်နိုင်ပြီး အမြဲတမ်း လျှော့ဈေးရှိမည်ဟု စနစ်က ပြောထားသည်။ နောက်နောင် ဒီလိုမျိုး ထပ်စားနိုင်ရန် သူမ ကြိုးစားလုပ်ဆောင်ရပေမည်။



သုံးမိနစ်ခန့် ကြာသောအခါ မီးဖိုပေါ်မှ အိုးကို ချလိုက်ပြီး ခေါက်ဆွဲနှင့် ဟင်းရည်ကို ပန်းကန်လုံးအကြီးကြီးထဲသို့ လောင်းထည့်လိုက်သည်။ အိုးကိုချရန် လှည့်လိုက်စဉ် အပြင်ဘက်မှ ဆူညံသံအချို့ ကြားလိုက်ရသည်။ တစ်စုံတစ်ယောက် ရောက်လာသည့်ပုံပင်။



"ဘာအနံ့ကြီးလဲ မွှေးလိုက်တာ"



"ဟုတ်တယ် အရမ်းမွှေးတာပဲ။ အသားပြုတ်ထားတဲ့ အနံ့ထက်တောင် ပိုမွှေးနေသေးတယ်"



"လော့လန်က တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ။ ဟေ့ ... သူမ မိုးရေထဲမှာ စောင်ကို ဖက်ပြီး ကြက်ပေါက်စလေးလို တုန်ပြီး ငိုနေမှာလို့ နင် ပြောခဲ့တယ် မဟုတ်လား။ ကြည့်ရတာ အဆင်ပြေနေပုံပဲ"



အမျိုးသမီး သုံးဦး၏အသံမှာ ရင်းနှီးနေသည်။ လော့လန်မှာ အစားအစာက ရှေ့ရောက်နေပြီဖြစ်၍ သူတို့ကို နှုတ်ဆက်ရန် အလျင်မလိုပေ။ ထို့အစား ခေါက်ဆွဲကို အရင်ဆုံး မြိန်ရေရှက်ရေ စားလိုက်သည်။



'အရသာရှိလိုက်တာ ဒီလောက် အရသာရှိတဲ့ ခေါက်ဆွဲမျိုး သူမ တစ်ခါမှ မစားဖူးဘူး'



အရသာရှိသော အစားအစာကို စားသုံးလိုက်ရသဖြင့် သူမ၏ စိတ်အခြေအနေ သိသိသာသာ တက်ကြွလာသည်။ ခဏအကြာတွင် ထိုအမျိုးသမီးများ သူမ၏ တဲအိမ်ပေါက်ဝသို့ ရောက်လာကြသည်။ ရေနံဆီမီးခွက် ထွန်းထားသဖြင့် အတွင်းမှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။



သူတို့ ဝေ့ဝဲကြည့်လိုက်ပြီး တပြိုင်နက်တည်း အနံ့ခံလိုက်ကြသည်။ သူမ၏ ယခင် ခဲအိုဖြစ်သူ၏ မိန်းမက မျက်လုံးပြူးကာ မေးလိုက်သည်။



"ယောက်မ ဘာတွေစားနေတာလဲ။ အနံ့က မွှေးလိုက်တာ"



အကြီးဆုံးချွေးမက အပျော်ကြည့်ရန် ခေါ်လာခဲ့သည့် အိမ်နီးချင်း ရှု့မိသားစုမှ အမျိုးသမီးတစ်ဦးကလည်း မေးလိုက်သည်။



"လော့လန် နင် တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ"



"ဒီတဲအိမ်လေးက တကယ် ခိုင်တာပဲ။မိုးရေ တစ်စက်မှတောင် မယိုဘူး။ မြေစိုက်အိမ် အများစုထက်တောင် ပိုခိုင်သေးတယ်။ အဘိုးလျိုတို့မိသားစုဆို အခုထိ အပေါက်တွေ ဖာနေရတုန်း။ သူတို့ စောင်တွေ ရေစိုကုန်ပြီတဲ့။ နင့်ဆီမှာကျ ဘာပြဿနာမှ မရှိပါလား"



ဝမ်မိသားစု၏ အကြီးဆုံးချွေးမမှာ အံ့သြမှင်သက်သွားပြီး တဲအိမ်လေး ဤမျှ ခိုင်ခံ့နေသည်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ခေါင်မိုးတွင် အစိုဓာတ် လုံးဝမရှိဘဲ အိပ်ရာခင်းကိုလည်း ယာယီကုတင်ပေါ်တွင် သေသပ်စွာ ခင်းကျင်းထားသည်။ ယာဂုပင် ဝယ်မသောက်နိုင်ဟု ထင်ထားကြသူများမှာ သူမ ကောင်းကောင်းမွန်မွန် စားသောက်နေသည်ကို မသိကြပေ။ သူတို့ အဝေးကပင် အနံ့ရနေကြသည်။