၆၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၃
“ငါတို့ လက်ထပ်တာ ၄ နှစ်လောက်ရှိပြီ၊ ဒါပေမဲ့ ငါ ကိုယ်ဝန်မရဘူး။ အရင်တုန်းက ဆရာဝန် သွားပြဖူးတယ်၊ ငါ့မှာ ဘာရောဂါမှ မရှိဘူးတဲ့။ ဒါပေမဲ့ ကလေးမရဘူး ဖြစ်နေတယ်။ သူကတော့ ကိစ္စမရှိပါဘူးလို့ ပြောလေ့ရှိတယ်၊ ဒါပေမဲ့ သူ့အမေက ... သူမက ငါတို့ ကောင်းကောင်းနေရမှာကို ကြောက်နေတာ။ အဲဒီကိစ္စကိုပဲ ထပ်တလဲလဲ ပြောနေတော့တာ။ ဒီနှစ်အစောပိုင်းမှာ သူ့ပုံစံ တစ်မျိုးဖြစ်နေတာကို ငါ သတိထားမိလိုက်တယ်...”
“သူ့ပုံစံက ဘယ်လိုတစ်မျိုးဖြစ်နေတာလဲ”
“နင် တကယ့်ကို ဖရဲသီးစားရတာ ကြိုက်တာပဲနော်။ အသေးစိတ်ကို သိချင်နေတာမလား”
လော့လန်သည် တီးတိုးရေရွတ်လိုက်သော်လည်း ဆက်၍ပြောပြလိုက်သည်။ “ငါနဲ့ စကားပြောရင် စိတ်မရှည်တော့ဘူး၊ ညဘက် ကိုယ်လက်နှီးနှောတဲ့ ကိစ္စတွေမှာလည်း စိတ်မဝင်စားတော့ဘူး”
“ညဘက် ကိုယ်လက်နှီးနှောတာ ဟုတ်လား။ ဘာကိုဆိုလိုတာလဲ”
“ဟေး... နင် ဖရဲသီးစားတာ များနေပြီနော်”
“တိတိကျကျပြောရင် နောက်ထပ် ၁၀ မှတ် ထပ်ပေးမယ်”
“၁၀၀”
“ကောင်းပြီလေ၊ ၁၀၀ ဆို ၁၀၀ ပေါ့” ဤခေတ်ကြီးတွင် “စားဝတ်နေရေး” ဟူသော စကားလုံးသက်သက်ဖြင့် လူများကို ခြယ်လှယ်နိုင်သည်။ စားဝတ်နေရေးကိစ္စသာဖြစ်ပြီး ရမှတ်များကို ဂရုစိုက်နေမည်မဟုတ်ပေ။
လော့လန်သည် သူမကိုယ်သူမ ဈေးနှိမ်မိသလားဟု ခံစားလိုက်ရသော်လည်း ပြောပြီးပြီဖြစ်၍ ဆက်မတွေးတော့ပေ။ ဖော်ပြ၍မရနိုင်သော ကိစ္စရပ်ကို ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်ရာ ရမှတ် ၁၀၀ ကို လွယ်လွယ်ကူကူ ရရှိသွားသည်။
“သူက အိမ်ပြန် ထမင်းမစားချင်ဘူးဆိုရင်တော့ အပြင်မှာ အစာရှာထွက်တာ ဖြစ်ရမယ်။ သူ့ကို ငါ သေချာစောင့်ကြည့်နေရင်း တခြားရွာက မုဆိုးမတစ်ယောက်နဲ့ ရှုပ်ပွေနေတာကို တွေ့လိုက်ရတယ်။ ငါက ငြိမ်ခံနေမယ့် အမျိုးအစားမဟုတ်တော့ သူတို့ အလုပ်ရှုပ်နေတုန်း အဝတ်အစားတွေ အကုန်ယူပစ်လိုက်တယ်”
“ပြီးတော့ ဘာဆက်ဖြစ်လဲ၊ ဘာဆက်ဖြစ်လဲ”
“ပြီးတော့ ပွဲကြည့်ဖို့ လူတစ်အုပ်ကို ခေါ်လာပြီး တောအုပ်ငယ်လေးထဲမှာ သူတို့နှစ်ယောက်ကို ကိုယ်တုံးလုံးနဲ့ ပိတ်မိအောင် လုပ်လိုက်တယ်။ သူတို့က ရှုပ်ပွေရတာ ကြိုက်မှတော့ ပျော်ပါစေတော့ဆိုပြီး လွှတ်ထားပေးလိုက်တာ။ အရယ်ရဆုံးကတော့ သူတို့နှစ်ယောက် ဘောင်းဘီတိုလေးတစ်ထည်ကို လုနေကြတာပဲ၊ လူအများကြီးရှေ့မှာ အရှေ့ကိုဖုံးရင် အနောက်ပေါ်၊ အနောက်ဖုံးရင် အရှေ့ပေါ်နဲ့ တော်တော်ကြည့်ကောင်းနေတာ၊ ဘယ်သူမှ မျက်စိဖွင့်မကြည့်ရဲကြဘူး”
“ဟားဟား” စနစ်က ညစ်တီးညစ်ပတ် ရယ်မောလိုက်ပြီး သတင်းကို သဘောကျနေပုံရသည်။
“ပြီးတော့ကော။ ဘာဆက်ဖြစ်လဲ”
“အဲဒီနောက် သူတို့နှစ်ယောက် ဘောင်းဘီတိုလေးတစ်ထည်အတွက် အကြီးအကျယ် ရန်ဖြစ်ကြတော့တာပဲ။ ယောကျ်ားက မိန်းမကို သူ့ကိုမြှူဆွယ်တယ်လို့ စွပ်စွဲတယ်၊ မိန်းမကလည်း သူ့အပြစ်ကို ဝန်မခံရကောင်းလားဆိုပြီး ပြန်ဆဲတယ်။ သူတို့နှစ်ယောက်က ခွေးနှစ်ကောင် ကိုက်နေသလိုပဲ၊ အော်ဟစ်ဆဲဆိုနေကြရင်း နောက်ဆုံးတော့ ဘောင်းဘီတိုလေးက နှစ်ပိုင်းကွဲသွားတော့တာပဲ”
“မြန်မြန်ဆက်ပြောပါဦး! ခင်ဗျားက ဇာတ်ရှိန်မြှင့်တာ တော်တော်ကောင်းတာပဲ။ ရမှတ်တွေ ပေးထားရတာဆိုတော့ အကုန်ပြောပြမှဖြစ်မယ်နော်”
“ဘာဖြစ်ဦးမှာလဲ။ လူတွေအများကြီးရှေ့မှာ သူတို့ကိုယ်သူတို့ အရူးတွေဖြစ်အောင် လုပ်လိုက်ကြတာပေါ့။ မိန်းမလုပ်တဲ့သူက ဘယ်သူ့မျက်နှာမှ မကြည့်ရဲတော့ဘူး၊ မြစ်ထဲခုန်ချချင်တယ်လို့ ပြောတယ်။ လူယုတ်မာကတော့ သူ့အရှက်ကိုဖုံးဖို့ ဘောင်းဘီတိုကို လုဖို့ပဲ စိတ်ဝင်စားနေတာ။ ရှုပ်ပွပြီး လုံးထွေးနေကြတာ၊ မိန်းမလုပ်တဲ့သူက အရမ်း အရှက်ရပြီး လူတောမတိုးရဲတော့ဘူးလို့ တွေးမိပုံရတယ်၊ တကယ်ပဲ ခုန်ချတော့မယ့်ပုံ လုပ်ပြတယ်။ ဒါပေမဲ့ ရေထဲခုန်ချခါနီးကျတော့ အံ့သြစရာကောင်းလောက်အောင် ယောကျ်ားကို လှမ်းဆွဲလိုက်ပြီး နှစ်ယောက်စလုံး ရေထဲ ဗွမ်းခနဲ ပြုတ်ကျသွားကြတာပဲ”
“ဘာဆက်ဖြစ်လဲ၊ ဘာဆက်ဖြစ်လဲ”
“မိန်းမလုပ်တဲ့သူက အတင်းဖက်တွယ်ထားပြီး ရေထဲကို ဆွဲချသွားတာ။ လူတွေဆင်းကယ်တော့ ယောကျ်ားလုပ်တဲ့သူက အသက်ရှူမဝတော့ဘဲ မျက်လုံးပြူးပြီး သေနေပြီ”
“မိန်းမလုပ်တဲ့သူက သူ့ကို ရေနှစ်သတ်လိုက်တာလား။ အဲဒီမိန်းမကော ဘာဖြစ်သွားလဲ”
“သူကတော့ အသက်ရှင်ပါတယ်”
“သူ့အတွက် ကောင်းတာပေါ့”
“ဟုတ်တယ်မလား?”
သူမသည် သူတစ်ပါး၏ အကြောင်းကို ပြောပြနေသကဲ့သို့ ရှင်းလင်းစွာ ပြောပြလိုက်သည်။ သူမ၏ ရမှတ်ကို ကြည့်လိုက်ရာ ၁၅၀ ရမှတ် ရှိနေသည်။
'ဟားဟား! ၁၅၀ တောင် ရတာပဲ! ဂျုံမှုန့်အချော ၁၀ ပေါင် ဒါမှမဟုတ် ပြောင်းဖူးမှုန့် ပေါင် ၂၀ နဲ့ လဲလို့ရပြီ။ ငါ့ရဲ့ တစ်လစာ ရိက္ခာက ၂၅ ပေါင်ပဲ ရတာ၊ အခုဆိုရင် လိုအပ်တာရဲ့ တစ်ဝက်ကျော်ကို ရနေပြီ'
အပိုဝင်ငွေရရှိသဖြင့် အချို့ကို ငွေဖြင့်ပြန်လည်ရောင်းချရန် သူမ စီစဉ်လိုက်သည်။ နောက်ရက်အနည်းငယ်အတွင်း ပြည်သူ့ကွန်မြူနတီ၌ ဈေးပွဲတော်ရှိသဖြင့် ဂျုံမှုန့်ကိုရောင်းချပြီး အိုးခွက်ပန်းကန်များနှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ ဟုတ်သည်၊ ဒါသူမ လုပ်မည့်အလုပ်ပင်။
ဈေးနေ့မရောက်သေးသဖြင့် သူမ၏ရမှတ်များကို ဂျုံမှုန့်နှင့် လဲလှယ်ရန် အလျင်မလိုခဲ့ချေ။ နေ့ဘက်တွင် ပုံမှန်အလုပ်ဆင်းပြီး ညနေဘက်တွင် လယ်ယာသုံးကိရိယာများကို အဖွဲ့ထံ ပြန်အပ်လိုက်သည်။
သူမ၏ တဲအိမ်လေးထဲတွင် စောင်သိမ်းထားသည့် သေတ္တာတစ်လုံးသာ ရှိသည်။ တံခါးတွင် သော့ကောင်းကောင်းမရှိသဖြင့် မြက်ကြိုးတစ်ချောင်းနှင့် ယာယီချည်ထားခဲ့ရသည်။ အလုပ်ဆင်းခေါင်းလောင်းသံ ကြားသည်နှင့် သူမ၏အိမ်လေး အဖောက်ခံရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ပြန်လာခဲ့သည်။ ပစ္စည်းပစ္စယ နည်းပါးလွန်းသည့်အတွက် တစ်ခုမှ အပျောက်မခံနိုင်ပေ။
အမှန်တကယ်တော့ တပ်ဖွဲ့အတွင်း အခြေအနေမှာ အတော်လေး ကောင်းမွန်ပါသည်။ ယေဘုယျအားဖြင့် တစ်ကိုယ်ရေပစ္စည်းများကို မထိကြချေ။ သူမ၏ တဲအိမ်လေးမှာလည်း လူသွားလူလာများသည့် လမ်းဆုံလမ်းခွတွင် တည်ရှိပြီး တပ်မဟာမှ အလုပ်သမားများမှာလည်း လမ်းတစ်ဖက်ခြမ်းတွင်သာ ရှိကြသည်။ အကာအကွယ်မဲ့နေသည့်အတွက် သူခိုးများအနေဖြင့်လည်း ခိုးဖို့ အကြိမ်ကြိမ် စဉ်းစားကြပေလိမ့်မည်။
ဆင်ခြင်တုံတရားနှင့် တွေးကြည့်လျှင် လက်ခံနိုင်စရာ ဖြစ်သော်လည်း သူမ စိတ်ပူနေဆဲပင်။ မကြာခင် သော့တစ်ချောင်း ဝယ်မှဖြစ်မည်။ တဲအိမ်လေးကို သေသေချာချာ ဆောက်လုပ်ထားသဖြင့် ဖျက်ဆီးမည်ဆိုပါက အားစိုက်ထုတ်ရလိမ့်မည်။ သော့သာ ခိုင်ခံ့နေပါက လုံခြုံမှုရှိနိုင်မည်ဟု သူမ မျှော်လင့်ထားသည်။
စိုးရိမ်ပူပန်မှုများနှင့်အတူ သူမ သုတ်ခြေတင် လျှောက်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်အခါ အရာအားလုံး သူမ ထားခဲ့သည့်အတိုင်း ရှိနေသည်ကို မြင်လိုက်ရမှ စိတ်အေးသွားတော့သည်။ သူမ တံခါးဖွင့်လိုက်ပြီး အိုးနှင့် ဇွန်းကို ထုတ်ကာ ညစာပြင်ဆင်ရန် အိုးကို မြေကြီးပေါ် ချလိုက်သည်။
"လန်အာရေ ညစာ ဘာချက်မလို့လဲ" တစ်စုံတစ်ယောက်က လှမ်းမေးလိုက်သည်။
"ယာဂု ပြုတ်မလို့ပါ"
"နင့်တဲအိမ်လေးက တော်တော် သပ်သပ်ရပ်ရပ် ရှိသားပဲ။ မိုးသည်းရင် ခံနိုင်ပါ့မလားလို့ တွေးမိလို့"
"အဆင်ပြေမှာပါ"
"ဒါပေမယ့် ဂရုစိုက်နော်။ ငါ မလှမ်းမကမ်းမှာ နေတာဆိုတော့ တစ်ခုခုလိုရင် လှမ်းခေါ်လိုက်"
သူတို့၏ ကြင်နာမှုကို ကျေးဇူးတင်သဖြင့် သူမ ပြုံးပြရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ ရာသီဥတု သာယာနေသဖြင့် ဒီနှစ် မိုးသည်းကြီးမည်းကြီး မရွာလောက်ဟု တွေးမိသည်။ ချက်ပြုတ်စားသောက်ပြီးနောက် အိုးဆေးရန် မြစ်ကမ်းပါးဘက်သို့ ယူသွားလိုက်သည်။
နေဝင်သွားပြီဖြစ်သဖြင့် ကောင်းကင်ယံတွင် လမင်းကြီးသာကျန်ရစ်ကာ ကမ္ဘာမြေပြင်အနှံ့ ငွေရောင်အလင်းတန်းများ ဖြာကျနေသည်။ မြက်ခင်းပြင်တွင် ပုရစ်များ တေးသီနေကြပြီး သစ်ပင်ပေါ်မှ အိပ်ချင်မူးတူး ငှက်အချို့၏ အသံများကိုလည်း ကြားနေရသည်။
သာယာလှပလိုက်သည့် ညချမ်းပင်။ မြက်ခင်းပြင်ပေါ် လမ်းလျှောက်ရသည်မှာ သဘာဝ အောက်ဆီဂျင်ကမ္ဘာထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရသည်။ အောက်ဆီဂျင် မော်လီကျူးတိုင်းက သူမ၏ အဆုတ်ထဲတွင် ကခုန်နေကြပြီး အသက်ရှူလိုက်တိုင်း ကြည်နူးမှုကို ခံစားရသည်။
"ကြည်လင်အေးမြတဲ့ ရေတွေ စီးဆင်းလာပြီး ကောင်းကင်ကြီးက ပြာလဲ့နေတယ်" သူမ အိုးခွက်ပန်းကန် ဆေးကြောရင်း ရွှင်မြူးစွာ သီချင်းညည်းလိုက်ရာ သက်တောင့်သက်သာ ခံစားလိုက်ရသည်။ ရုတ်တရက် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး တစ်စုံတစ်ယောက် အပြေးအလွှား သွားနေကာ မြစ်ထဲသို့ ခုန်ချမည့်ပုံ ပေါက်နေသည်။
မြစ်၏ အနက်ဆုံးအပိုင်းမှာ နှစ်မီတာနီးပါး နက်သဖြင့် အသက်အန္တရာယ် ရှိနိုင်သည်။ သူမသည် ချက်ချင်း ထိုအမျိုးသမီးထံသို့ ခြေဗလာဖြင့် ပြေးသွားလိုက်ပြီး ရေနက်ပိုင်းသို့ မရောက်မီ အချိန်မီ ဆွဲဖမ်းလိုက်သည်။
"ဟေ့ ဘာလုပ်တာလဲ"
"လွှတ် ... ငါ့ကို လွှတ်စမ်း ... ဝင်မပါနဲ့"
ဘယ်သူဘယ်ဝါမှန်း တွေ့လိုက်ရသဖြင့် သူမ ထိုအမျိုးသမီးကို အနောက်သို့ ခြေလှမ်းအနည်းငယ် ဆွဲခေါ်လိုက်သည်။ "ဘာလုပ်နေတာလဲ။ ဘာလို့ သေချင်နေရတာလဲ။ ရှင့်မှာ ကလေးရှိတယ်လေ။ ရှင် သေသွားရင် သူတို့ ဘယ်လိုလုပ်မလဲ"
"ဝူး ... ဝူး"
ထိုအမျိုးသမီးမှာ ရုန်းကန်မနေတော့ဘဲ ငိုကြွေးလာလေသည်။ သူမ လက်ကို လျှော့လိုက်သည်နှင့် ထိုအမျိုးသမီးမှာ မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားသည်။ သူမလည်း ချက်ချင်း စကားမပြောသေးဘဲ ထိုအမျိုးသမီး စိတ်ကြိုက်ငိုပါစေတော့ဟု လွှတ်ထားကာ မြက်ခင်းပြင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
"ကဲ တော်တော့ ... ဘာဖြစ်တာလဲ ပြောပြဦး။ မနက်က အိမ်သန့်ရှင်းရေးမလုပ် ချက်ပြုတ်မစားလို့ အဆူခံရပြီး အခုလို လုပ်တာလား"
သူမ စပ်စုချင်၍ မဟုတ်ပေ။ ဝမ်မိသားစုတွင် ဘယ်လိုပြဿနာမျိုးတွေ ဖြစ်နေလဲဆိုသည်ကို စနစ်က သိချင်စိတ်ပြင်းပြနေကာ ဆက်နားထောင်ချင်နေသောကြောင့် ဖြစ်သည်။
"ကျွန်မ ဝါဂွမ်းငင်ရမယ်တဲ့ ... မပြီးမချင်း အိပ်ရမှာ မဟုတ်ဘူးတဲ့" ထိုအမျိုးသမီး ထပ်မံ ငိုကြွေးပြန်သည်။ "မီးခွက်ထွန်းထားရတော့ ဆီကုန်တယ်ဆိုပြီး ပြောပြန်ရော။ မီးစာက တိုလွန်းသေးလွန်းတော့ ဘာမှမမြင်ရဘူး။ ဝါဂွမ်းတွေက အများကြီးဆိုတော့ ဒီည ကျွန်မ အိပ်ရမှာ မဟုတ်ဘူး။ မနေ့ညကလည်း ကောင်းကောင်း မအိပ်ခဲ့ရဘူး။ အိပ်ပျော်ကာရှိသေးတယ် အလုပ်ထလုပ်ခိုင်းပြန်ပြီ"
"ဝါဂွမ်းတွေကို သူ့မျက်နှာကို ပစ်ပေါက်လိုက်။ သူ ဘယ်လိုငင်မလဲ ကြည့်ရအောင်လို့"
ဒါက သူမ အရင်က သုံးဖူးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အဲ့ဒီအဘွားကြီးကို နေရာမှန် ပြန်ပို့ပေးနိုင်ခဲ့သည်။ ဒီနည်းလမ်းကို သူမ သင်ပေးထားလျက်နှင့် ဘာကြောင့် မတတ်မြောက်ထားရသနည်း။
"ကျွန် ... ကျွန်မ ကြောက်တယ်"
"မြစ်ထဲ ခုန်ချရဲတဲ့ သတ္တိကျတော့ ရှိတယ်ပေါ့။ အထက်မှာ မိဘတွေ ရှိသလို အောက်မှာလည်း လပိုင်းအရွယ် ကလေးရှိသေးတယ်။ ရှင် သေသွားရင် သူတို့ ဘယ်လိုလုပ်ကြမလဲ"
"ဒါပေမယ့် ဝူး ... ဝူး" ထိုအမျိုးသမီးက ထပ်ငိုပြန်သည်။ "ကျွန်မ တကယ် ရှေ့ဆက်မသွားနိုင်တော့ဘူး။ ဆူငေါက်တာကို သည်းခံနိုင်ပေမယ့် နေ့တိုင်း အလုပ်တွေ တရစပ် ခိုင်းတာကျတော့ ကျွန်မ တကယ် သည်းမခံနိုင်တော့ဘူး"
"ရှင့်ယောကျာ်းရော ... သူက ဘာပြောလဲ"
"သူက ... သူက ပြောတယ် အဲ့ဒါ သူ့အမေတဲ့။ သူ့အမေက ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းလာရတာမို့ ကျွန်မ သည်းခံသင့်တယ်တဲ့"
"ပေါက်ကရတွေ ... သူ့အမေက ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းလာရရုံနဲ့ ရှင်က မြေစာပင် ဖြစ်ရရောလား"
"ယောက်မ၊ ခုနက ကျွန်မကို မတားခဲ့သင့်ဘူး။ ကျွန်မ တကယ် မနေချင်တော့ဘူး။ သေသွားရင် ဒုက္ခတွေကနေ လွတ်မြောက်သွားမှာ"
"သေမှာ မကြောက်ဘဲနဲ့ ရှင်သန်ရမှာကို ဘာလို့ ကြောက်နေရတာလဲ။ ကျွန်မသာဆိုရင် ဘယ်သူမှ အဲ့လို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။ ပြန်တိုက်ခိုက်ပစ်မှာ"
"ကျွန် ... ကျွန်မ မလုပ်ရဲဘူး"
"ဒါဆိုရင်လည်း မြစ်ထဲ သွားခုန်ချလိုက်တော့"
လော့လန်တစ်ယောက် သူမအား ယခုကဲ့သို့ ကူကယ်ရာမဲ့ ဖြစ်နေသည်ကို ကြည့်မနေနိုင်တော့ပေ။ သေလောက်အောင် အနိုင်ကျင့်ခံနေရတာတောင် ဘာမှမလုပ်တတ်ဘူးဟု ပြောနေသေးသည်။ ဘာကိုများ ကြောက်နေရတာလဲ? သေမှာတောင် မကြောက်မှတော့ ဘာကိုများ ထပ်ကြောက်စရာ လိုသေးသနည်း။ သူမ တကယ် နားမလည်တော့ပေ။
သေချင်သည်ဆိုတာ တစ်ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်ခြင်းသာ။ ယခု သူမကို ဖျောင်းဖျပြီး တားဆီးလိုက်သည့်အခါ သေရဲသည့်သတ္တိ မရှိတော့ချေ။ သူမ ပင်ပန်းလွန်းသဖြင့် မျက်ခွံများ လေးလံကာ အိပ်ချင်လာသည်။
နောက်ထပ် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ထိုနေရာတွင်ပင် လှဲချလိုက်တော့သည်။ လော့လန်က သူမကို ဆွဲထူလိုက်သော်လည်း သူမက ငြင်းဆန်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ ခဏလောက် အိပ်ပါရစေ"
ပြောရင်းဆိုရင်း ထိုအမျိုးသမီး အမှန်တကယ် အိပ်ပျော်သွားလေသည်။ သူမကို ပူပင်သောက ကင်းဝေးသူဟု ခေါ်ရမလား၊ သူရဲဘောကြောင်သူဟု ခေါ်ရမလား လော့လန် ဝေခွဲမရ ဖြစ်နေမိသည်။ ပူပင်သောက ကင်းဝေးသူသာဆိုလျှင် ပြန်တိုက်ခိုက်မည်ဟု သူမ ပြောလိမ့်မည်။ သူရဲဘောကြောင်သူသာဆိုလျှင် ဘယ်လိုလုပ် ဒီအတိုင်း အိပ်ပျော်သွားနိုင်မည်နည်း။
ဒီအမျိုးသမီးက အနည်းဆုံး ပေါင်ခုနစ်ဆယ်လောက် လေးမည်ဖြစ်ရာ ဝမ်မိသားစုအိမ်သို့ ကုန်းပိုးသွားရန် မဖြစ်နိုင်ပေ။ သူမ အလွန်ပင်ပန်းနေသဖြင့် တစ်နာရီလောက်တော့ အိပ်နိုင်ပါသည်။ လော့လန် သူမကို စောင့်ကြည့်ပေးရန် ဆုံးဖြတ်လိုက်သည်။ မြစ်ကမ်းဘက်တွင် အေးစိမ့်နေသည်။ ဘေးနားတွင် လူရိပ်လူခြေ မတွေ့သဖြင့် ဘောင်းဘီကို ပင့်တင်ကာ ရေဆေးလိုက်ပြီး တဘက်ဖြင့် သုတ်လိုက်သည်။ လက်ပြတ်အင်္ကျီအောက်သို့ လက်လျှိုကာ ရေချိုးလိုက်ခြင်း ဖြစ်သည်။ ကွင်းပြင်ကြီးထဲတွင် အဝတ်အစားများ ချွတ်ရဲသည်အထိ သူမ သတ္တိမရှိပေ။
အနီးအနားတွင် လူသူကင်းမဲ့နေသည်။ ရွာသားအများစုမှာ ရေတွင်းရေကို သောက်သုံးကြပြီး မြစ်ကိုမူ အဝတ်လျှော်ရန်သာ အသုံးပြုလေ့ရှိသည်။ ညဘက်ဆိုလျှင် မည်သူမှ လာလေ့မရှိပါ။
ခေါင်းလျှော်ရန် မြစ်ထဲသို့ ကိုယ်ကိုကိုင်းလိုက်စဉ် ဆပ်ပြာခဲမှာ တစ်ဝက်သာ ကျန်တော့သည်။ ယခင်က ဆပ်ပြာသုံးလျှင် ဘဝကို စီမံခန့်ခွဲတတ်သူ မဟုတ်ကြောင်း မကြာခဏ အပြစ်တင်ခံရလေ့ရှိသော်လည်း ယခုအခါ သူမ ပို၍ စိတ်အေးလက်အေး ရှိလာသည်။ သူမ လုပ်ချင်ရာလုပ်ပြီး နေချင်သလို နေနိုင်ပြီ ဖြစ်သည်။
ခေါင်းအစ ခြေအဆုံး သန့်စင်ပြီးနောက် မြက်ခင်းပေါ်တွင် ထိုင်ကာ ဆံပင်ကို ဖြီးလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး စနစ်နှင့် စကားစပြောလိုက်သည်။
"ငါ ဘာလုပ်နေလဲဆိုတာ မင်း မြင်ရလား"
'မမြင်ရပါဘူး ... hostက တဆင့်ပဲ မြင်ရ ကြားရတာ။ host ကိုတော့ ကျွန်တော် မမြင်ရပါဘူး။ ဪ စိတ်မပူပါနဲ့။ ကျွန်တော်က မိသားစုရေးရာ အတင်းအဖျင်းတွေကို လိုက်စုနေတာပါ'
"အဲ့ဒါတွေက မင်းအတွက် ဘာအသုံးဝင်လို့လဲ"
'အဲ့ဒါတော့ ပြောပြလို့ မရပါဘူး'
ကောင်းပြီလေ၊ ရွာထဲတွင် နေထိုင်ခြင်းက မိသားစု အတင်းအဖျင်း ရှားပါးမှု မရှိဟု ဆိုလိုခြင်း ဖြစ်သည်။ ဒါတွေကို ငွေနှင့် လဲလှယ်နိုင်မည်ဆိုလျှင် သူမ အမြတ်ထွက်မှာ သေချာသည်။ အစားအသောက်နှင့် အဝတ်အစားများမှာ စနစ်ထဲတွင် အတွေ့ရအများဆုံး အရာများ ဖြစ်သည်။ ဘယ်က ရောက်လာမှန်း သူမ မသိသော်လည်း အလွန်သန့်စင်ပုံ ပေါ်သည်။
အထည်နှင့် အစားအစာများမှာ စနစ်၏အမြင်တွင် တန်ဖိုးအနည်းဆုံး အရာများ ဖြစ်သည်။ ဒါတွေကို အသုံးပြုပြီး အချက်အလက် စုဆောင်းရသည်မှာ အတော်လေး တွက်ခြေကိုက်သည်။ ဒီပိုင်ရှင်က စနစ်နှင့် လိုက်ဖက်မှုရှိပြီး သူမကို ရှာတွေ့ရန် အချိန်အတော်ကြာခဲ့ရသည်။
"ဟေ့ ... ထတော့"
ဒီလောက်ကြာနေပြီ ဖြစ်သော်လည်း သူမ၏ မိသားစုက လာမရှာကြပေ။ မိန်းမချင်း ကိုယ်ချင်းစာစိတ်ဖြင့် လော့လန် စိတ်မကောင်း ဖြစ်မိသည်။ သူမ ဖြည်းညင်းစွာ လှုပ်နှိုးလိုက်ရာ ထိုအမျိုးသမီး လန့်နိုးလာသည်။
"ကျွန်မကို မရိုက်ပါနဲ့ ... မရိုက်ပါနဲ့။ အလုပ် အခုပဲ လုပ်ပါ့မယ်"
သူမ ရင်ဘတ်ကို လက်ဖြင့်ကာပြီး ကွေးကွေးလေး လုပ်ကာ ပြောလိုက်သည်။ မျက်လုံးများ မှိတ်ထားပြီး တစ်စုံတစ်ခုကို ရှောင်လွှဲနေသကဲ့သို့ မကြည့်ရဲရှာပေ။
"မကြောက်ပါနဲ့ ... ကျွန်မပါ"
ရှင်းရှင်းလင်းလင်း ကြားလိုက်ရသဖြင့် သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင် ရှုခင်းများကို မြင်လိုက်ရသည့်အခါ လက်တွေ့ဘဝသို့ အလျင်အမြန် ပြန်ရောက်လာခဲ့သည်။
"ဘယ်လိုလုပ်မလဲ ... ဘယ်လိုလုပ်မလဲ ... ကျွန်မ အပြင်ထွက်တာ ကြာသွားပြီလား။ ကျွန်မတော့ အသေရိုက်ခံရတော့မှာပဲ"
"ရှင်က ဘာလို့ ဒီလောက် သူရဲဘောကြောင်ရတာလဲ" လော့လန် လေကုန်တာသာ အဖက်တင်သည်ဟု ခံစားလိုက်ရသည်။ "ခုနတုန်းက မြစ်ထဲခုန်ချဖို့လောက်ထိ သတ္တိရှိခဲ့တယ် မဟုတ်လား။ သေမှာတောင် မကြောက်မှတော့ ဘာကိုများ ကြောက်စရာ ရှိသေးလို့လဲ"
"ကျွန်မ သေမှာ မကြောက်ပါဘူး။ ဒါပေမယ့် အိမ်ပြန်ရမှာ ကြောက်တယ်"
ဒါက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပင်။ ကိုယ့်ကိုယ်ကိုယ်သာ နာကျင်အောင် လုပ်ရဲပြီး ပြန်မတိုက်ခိုက်ရဲပေ။ လော့လန်က ပွဲကြည့်ရုံသာ ကြည့်ဖို့ ရည်ရွယ်ထားသော်လည်း ချက်ချင်းပင် သူမကို လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။
"သွားကြစို့ ... ရှင့်ကို သူတို့ ဝါးစားနိုင်မလားဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်"
"တကယ် ဝါးစားရင် ဘယ်လိုလုပ်မလဲ"
"ပြဿနာကြီးအောင် လုပ်ပစ်လိုက်။ ဖုံးဖိထားလေ အနိုင်ကျင့်တဲ့သူတွေက ပိုပြီး အတင့်ရဲလေပဲ"
ထိုအမျိုးသမီးမှာ ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ လျှောက်ရင်း သူမ၏စကားများကို အကြိမ်ကြိမ် စဉ်းစားနေသည်။ မကြာမီ အိမ်ရောက်လာကြသည်။ ညဘက် အချိန်အတော်ကြာ ပျောက်နေသဖြင့် အိမ်ထဲဝင်ဝင်ချင်း အဆူခံရတော့သည်။ ထိုအမျိုးသမီးမှာ မူလက လော့လန်၏ အနောက်တွင် ပုန်းနေသော်လည်း နောက်ပိုင်းတွင် ငိုကြွေးလေတော့သည်။ ပုံမှန်ဆိုလျှင် အရိုက်ခံရ၊ အဆူခံရသည့်အခါ တစ်ခွန်းမှ ပြန်မပြောသော်လည်း ဒီနေ့တွင်မူ ငိုယိုပြီး ကျယ်လောင်စွာ တောင်းပန်လေသည်။
"ကျွန်မ မှားပါတယ် ... ကျွန်မ မှားပါတယ်။ ယောက္ခမကြီးရယ် ကျွန်မကို မရိုက်ပါနဲ့။ မသတ်ပါနဲ့ ... မသတ်ပါနဲ့နော်"
သူမ၏ စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးသံများကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ ရောက်လာကြပြီး လော့လန်လည်း ယောက္ခမနှင့် ချွေးမကြားမှ ပြဇာတ်ကို ကြည့်ရှုရန် ရှိနေသည်။ ဒီချွေးမလေး တိုးတက်လာပုံရသည်။ သူမနှင့် ကိုက်ညီမည့် နည်းလမ်းကို ရှာတွေ့သွားပုံပင်။ ပြန်လည်တိုက်ခိုက်တတ်သည့် လော့လန်နှင့်မတူဘဲ ရလဒ်ကတော့ ... ကဲ စောင့်ကြည့်ကြတာပေါ့။
"ဘာတွေ အော်နေတာလဲ။ နင့်ကို ရိုက်မယ် သတ်မယ်လို့ ငါ ဘယ်တုန်းက ပြောလို့လဲ"
"ဟင့်အင်း ... ဟင့်အင်း ... ယောက္ခမကြီး ... ကျွန်မ ဘာမှ မပြောတော့ပါဘူး။ ကျွန်မကို လွှတ်ပေးပါနော်။ ကျေးဇူးပြုပြီး"