Ch 7
Viewers 2k

🌵 Chapter 7





စုန့်စစ်မင် အံ့သြသွားရုံသာမက..


ထိုနေရာရှိ မိဘများမှာလည်း မှင်သက်သွားကြလေသည်!

သူတို့က မျက်ကန်းများ မဟုတ်ကြချေ၊ စုန့်စစ်မင်အပေါ်ထားရှိသော ပေါ်မုဟန်၏ သဘောထားကို သူတို့ မြင်တွေ့နိုင်သည်။ သူတို့က လူနှစ်ဦးကို အတင်းအကျပ် ပေါင်းစပ်ပေးကာ၊ တစ်ယောက်ချင်းစီ လိုချင်သောအရာကို ရယူရန်သာ ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။ မည်သူက ထင်မှတ်ထားခဲ့မည်နည်း... ပေါ်မုဟန်က ဤမျှလောက် တက်ကြွနေလိမ့်မည်ဟု ?

မားမားစုန့်က စိတ်လှုပ်ရှားစွာ အာမေဍိတ်သံပြုလိုက်လေသည်။ 


"မုဟန်က သဘောမကျတာ မဟုတ်ဘူး၊ သူ အရမ်းဝမ်းသာနေတာ! ဒါဆိုရင် မင်္ဂလာကိစ္စက အတည်ဖြစ်သွားပြီ! ငါတို့ နောက်လ စေ့စပ်ကြမယ်၊ မင်္ဂလာပွဲကတော့ စစ်မင် ကျောင်းပြီးမှလောက် ဖြစ်လိမ့်မယ်"


လူကြီးများမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြလေသည်။


ပေါ်မုဟန်သည် သူ့ အနေအထားအတိုင်း ငါးစက္ကန့်ခန့် ငြိမ်သက်နေလေသည်။


[ဂုဏ်ယူပါတယ် Host.. တာဝန်ကို ပြီးမြောက်အောင်မြင်သွားတဲ့အတွက်! ခင်ဗျား အချစ်ရမှတ် ၀.၅ ပွိုင့် ရရှိသွားပါပြီ၊ ဒါ့အပြင် အပိုဆုကြေးအနေနဲ့ စူပါကံကောင်းခြင်းလက်ဆောင်: သုံးမိနစ်စာ စိတ်ဖတ်နိုင်စွမ်းကိုပါ ရရှိပါတယ်!]


သူ့ အကြည့်များက အေးစက်စွာ တောက်ပသွားလေသည်။

ဒီကျိန်စာသင့်နေတဲ့ စနစ်က သူ့ကို နှောင့်ယှက်နေရင်တောင်မှ၊ ဒီမင်္ဂလာကိစ္စကို သူ ဆက်ပြီး ငြင်းဆန်မှာပဲဖြစ်သည်။


နောက်ဘဝမှာလည်း စုန့်စစ်မင်ကို အဲ့ဒီလူမျိုး လုံးဝအဖြစ်ခံမည် မဟုတ်ချေ!


ပေါ်မုဟန် ထပ်မံငြင်းဆန်လိုက်သော်လည်း၊ ရုတ်တရက် အခြားအသံတစ်သံကို ကြားလိုက်ရလေသည်။ 


[ဘာသောက်ကျိုးနည်းလဲ ? ဒီနေ့ ပေါ်မုဟန် ရူးသွားတာလား ?] 


[သူက ဘာလို့ ငါ့လက်ချောင်းကို နမ်းနေတာလဲ ? သူ ရူးနေတာလား ?]


ပေါ်မုဟန် မျက်နှာက အေးစက်သွားကာ၊ စုန့်စစ်မင် မျက်နှာကို စိုက်ကြည့်လိုက်စဉ် သူ့ အကြည့်များက လျှပ်စီးလက်သကဲ့သို့ တောက်ပသွားလေသည်။


ကောင်လေးက သူ့ အင်္ကျီလက်ကို ဆုပ်ကိုင်ထားပြီး၊ ရှက်သွေးဖြာကာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေလေသည်။ 


"အစ်ကိုဟန်၊ ဒါ အရမ်းကောင်းတာပဲ! နောက်ဆုံးတော့ ကျွန်တော်တို့ စေ့စပ်ရတော့မယ်! အခုကစပြီး အစ်ကိုက ကျွန်တော့်ရဲ့ စေ့စပ်ထားသူ ဖြစ်သွားပြီ!"


သူ နားကြားမှားသွားတာလား ?


စုန့်စစ်မင်က သူ့ကို အမြဲတမ်း သေမတတ်ချစ်ခဲ့တာလေ၊ သူ့ အနမ်းကို ဘယ်လိုလုပ် မနှစ်မြို့ဘဲ နေနိုင်မှာလဲ ?


သူက သေချာပေါက် ဝမ်းသာလွန်းလို့ အရူးအမူးဖြစ်နေမှာ။

ထို စိတ်လှုပ်ရှားနေသော အသံက ထပ်မံ ထွက်ပေါ်လာပြန်လေသည်။ 


[ငြင်းလိုက်! အခုချက်ချင်း ငါ့ကို ငြင်းလိုက်! ပြင်းပြင်းထန် ထန်ကို ငြင်းလိုက်စမ်းပါ! ပေါ်မုဟန်၊ ခင်ဗျား အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ ? ငါ့ကို အခုချက်ချင်း ငြင်းလိုက်စမ်း! ငိုဖို့အတွက် ငါ မျက်စဉ်းခတ်ဆေးရည်တွေတောင် ပြင်ထားပြီးပြီ!]" 


သူခေါင်းမော့ကြည့်လိုက်ရာ စုန့်စစ်မင်၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ထပ်မံမြင်တွေ့လိုက်ရပြီး၊ သူ့ကို ကြည့်ကာ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း၊ သူ့ စိတ်လှုပ်ရှားမှုများမှာ လျှံကျလုမတတ်ပင် ဖြစ်နေလေသည်။

ပေါ်မုဟန်သည် တူကို ဘန်းကနဲ ပစ်ချလိုက်လေသည်။


ထိုနေရာရှိ လူကြီးများမှာ ထပ်မံ လန့်ဖြတ်သွားကြလေသည်။ ပါးပါးပေါ်က အော်လိုက်လေသည်။ 


"အာဟန်! မင်း ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းရတာလဲ!"


စုန့်စစ်မင် မသိမသာနီးပါး တုန်ရီသွားလေသည်။ သူသည် ပေါ်မုဟန် လက်ကို ဖမ်းဆုပ်လိုက်ပြီး သူ့ ရင်တွင်းဖြစ် ဖွင့်ဟဝန်ခံမှုကို စတင်လိုက်လေသည်။


"အစ်ကိုဟန်၊ ကျွန်တော်နဲ့ မစေ့စပ်ချင်လို့ တူကို ပစ်ပေါက်လိုက်တာလား...? ဒါပေမဲ့ ကျွန်တော် အစ်ကို့ကို သဘောကျနေခဲ့တာ အရမ်းကြာလှပြီ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးလေးတစ်ကြိမ်လောက် ပေးပါလားဟင် ? အစ်ကို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အစ်ကို့ရဲ့ ပြီးပြည့်စုံတဲ့ ဇနီးလေးတစ်ယောက်ဖြစ်လာစေရမယ်လို့ ကျွန်တော် ကျိန်ဆိုပါတယ်!"


စုန့်စစ်မင် မျက်ဝန်းများက တောက်ပနေပြီး၊ သူ့အပေါ်ထားသော အချစ်များဖြင့် ပြည့်လျှံနေလေသည်။


[အွတ်... ငါတောင် အဲ့ဒီစကားတွေပြောပြီးတာနဲ့ အန်ချင်လာပြီ။ မင်းကို ချစ်တယ် ? ဘယ်တော့မှ မဖြစ်နိုင်ဘူး! ငါက ငါ့ကိုယ် ငါပဲ ချစ်တာ! ခင်ဗျား.. ရေခဲတုံးမျက်နှာကြီး၊ တခြားတစ်နေရာ သွားအေးစက်နေစမ်းပါ၊ ခင်ဗျားနဲ့သာ ငါ့ရဲ့ကျန်တဲ့ဘဝကို ဖြတ်သန်းရမယ်ဆိုရင်၊ အာတိတ်သမုဒ္ဒရာထဲမှာ ငါ အေးခဲပြီး သေသွားလိမ့်မယ်]


ပေါ်မုဟန် နဖူးမှ သွေးကြောများ တထိတ်ထိတ် ခုန်လာလေသည်။


"မင်းက ဒီလိုပြောလာမှတော့" 


သူသည် စုန့်စစ်မင်၏ဆွဲဆောင်မှုရှိသော မက်မွန်ပွင့် မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်လေသည်။ 


"ဒီစေ့စပ်ပွဲကို အတည်လုပ်လိုက်ကြတာပေါ့!"


စုန့်စစ်မင်၏ ယခင်က တောက်ပနေခဲ့သော မက်မွန်ပွင့် မျက်ဝန်းများမှာ ချက်ချင်း မှောင်မိုက်သွားလေသည်။


"ဘာ ? ခင်ဗျား ဘာပြောလိုက်တယ် ? ခင်ဗျား ကျွန်တော်နဲ့ တကယ်ကြီး စေ့စပ်တော့မလို့လား ?" 


စုန့်စစ်မင်မှာ အံ့သြလွန်းသဖြင့် သူ့လျှာကိုပင် သူ ကိုက်မိလုနီးပါး ဖြစ်သွားလေသည်။ 


"အမ်း.. အစ်ကိုဟန်၊ အစ်ကိုက... သေချာပြန်မစဉ်းစားတော့ဘူးဆိုတာ သေချာရဲ့လား ?"


[သူ ရူးနေတာလား ? သူ စိတ်ဖောက်သွားတာလား ဒါမှမဟုတ် မြည်းအကန်ခံလိုက်ရလို့ ခေါင်းထဲ တစ်ခုခုဖြစ်သွားတာလား ??]


"မလိုဘူး၊ ငါ ပြန်စဉ်းစားစရာ မလိုဘူး" 


ပေါ်မုဟန် မျက်နှာအမူအရာမှာ နားထောင်ရင်းဖြင့် ပိုမိုအေးစက်လာလေသည်။


အကယ်၍ ယခင်က စုန့်စစ်မင်သည် ရချင်လျက်နှင့် မလိုချင်ဟန်ဆောင်နေသည်ဟု သူ ထင်ခဲ့ဖူးလျှင်၊ သူ့ အစစ်အမှန် ခံစားချက်များကို ကြားပြီးနောက်တွင် ထိုသို့ မထင်တော့ချေ။


စုန့်စစ်မင်က သူ့ကို ချစ်တယ်ဟု ပါးစပ်ကသာ ပြောနေခြင်းဖြစ်ပြီး၊ အမှန်တကယ်တွင်မူ သူနှင့် လုံးဝ အတူမနေချင်ခဲ့ချေ။


ဒီနှစ်တွေတစ်လျှောက်လုံး အရူးအမူး လိုက်လံပိုးပန်းနေခဲ့တာတွေအားလုံးက အတုအယောင်တွေလား ? သူက တကယ်တော့ သူ့ကို ဒီလောက်အထိတောင် ရွံရှာနေခဲ့တာလား ?


ပေါ်မုဟန်သည် သူ့ ကိုယ်ပိုင်ဆွဲဆောင်မှုအပေါ် အချိန်တိုအတွင်း သံသယဝင်လာလေတော့သည်။


[စိတ်ဖတ်နိုင်စွမ်း ဆုကြေးအချိန် ကုန်ဆုံးသွားပါပြီ! နောက်ထပ် အချစ်ရေးတာဝန်ကို မသတ်မှတ်ထားတဲ့ အချိန်မှာ ရရှိနိုင်ပါလိမ့်မယ်!]


ပေါ်မုဟန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက်၊ ပြုံးကာ စုန့်စစ်မင် လက်ကို ဆုပ်ကိုင်လိုက်လေသည်။ 


"မင်းက ငါ့ကို ဒီလောက်တောင် ရိုးရိုးသားသား ဖွင့်ပြောလာမှတော့၊ ငါက လက်မခံဘူးဆိုရင် နှလုံးသားမရှိတဲ့ လူယုတ် မာတစ်ယောက် ဖြစ်သွားမှာပေါ့ ? စစ်မင်၊ နောက်ဆိုရင် ငါ မင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်"


စုန့်စစ်မင် မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။ သူသည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေဟန် ပြရမည်ကို သိထားသော်လည်း၊ ဘုရားရေ... သူ တကယ်ကို မပျော်နိုင်ဘူးလေ! ဒီခွေးကောင် ပေါ်မုဟန်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ ? အရင်က သူ့ကို မုန်းနေခဲ့တာ မဟုတ်ဘူးလား ? ဒီကောင်က စိတ်ရောဂါများ ရှိနေတာလား ?!


သူ့ စိတ်ထဲတွင် ကျိန်ဆဲသံပေါင်း သန်းချီ၍ ဖြတ်ပြေးသွားလေသည်။


"အစ်ကိုဟန်က ဘယ်လိုလုပ် နှလုံးသားမရှိတဲ့ လူယုတ်မာ ဖြစ်ရမှာလဲ ? အစ်ကိုက ကျွန်တော့်ရဲ့ နတ်ဘုရားပါ!"


ပေါ်မုဟန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်။ 


"ဒါပေမဲ့ မင်း သိပ်မပျော်တဲ့ပုံပဲ ?"


"ကျွန်တော်က ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ! အရမ်း အရမ်းကို ပျော်တာပေါ့! အစ်ကိုဟန်၊ အခုချိန် ကျွန်တော် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲဆိုတာ အစ်ကို မသိပါဘူး" 


စုန့်စစ်မင်က သွားကြိတ်ရင်း ရှင်းပြလိုက်လေသည်။


"ဒါဆိုလည်း ကောင်းတာပေါ့" 


ပေါ်မုဟန် ပြုံးလိုက်လေသည်။ 


"မင်း ပျော်နေတာ အကောင်းဆုံးပါပဲ"


လူငယ်နှစ်ဦးက ဤမင်္ဂလာကိစ္စကို လက်ခံရန် ဆန္ဒရှိကြသဖြင့် လူကြီးများမှာ ပို၍ပင် ဝမ်းသာပျော်ရွှင်သွားကြလေသည်။


"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆို ဒီအတိုင်းပဲ အတည်လုပ်လိုက်ကြတာပေါ့။ စေ့စပ်ပွဲက နောက်လဖြစ်လိမ့်မယ်။ မင်းတို့အားလုံး ဘယ်လိုထင်လဲ ?" 


ပါးပါးပေါ်က အားရပါးရ ရယ်မောလိုက်လေသည်။


ပါးပါးစုန့်နှင့် မားမားစုန့်: "ပြဿနာ မရှိပါဘူး!"


စုန့်စစ်မင် ကြောင်အမ်းအမ်းဖြစ်နေလေသည်။ 


"ကျွန်တော် ရေအိမ် ခဏသွားလိုက်ဦးမယ်"


သူ့ အနည်းငယ် တွေဝေငေးမောနေသော ကျောပြင်ကို ကြည့်ရင်း၊ ပါးပါးပေါ်က နားမလည်နိုင်ဖြစ်သွားလေသည်။ 


"ဟင် ? စစ်မင်က ဘာလို့ သိပ်မပျော်တဲ့ပုံ ပေါက်နေတာလဲ ?"


မားမားစုန့်က ပြုံးလိုက်လေသည်။ 


"သူ မပျော်တာ မဟုတ်ပါဘူး၊ သူက အရမ်းဝမ်းသာလွန်းလို့ ကြောင်သွားတဲ့ပုံပဲ!"


စုန့်စစ်မင် သီးသန့်အခန်းထဲမှ ထွက်လာပြီးနောက် မြေပြင်ပေါ်သို့ ပြိုကျလုနီးပါး ဖြစ်သွားလေသည်။


[စနစ်! စနစ်! ထွက်လာခဲ့စမ်း၊ ဘာလို့ ဇာတ်ကွက်က ထပ်ပြီး မှားယွင်းသွားရတာလဲဆိုတာ လာ ရှင်းပြစမ်း!]