Ch 5
Viewers 2k

💊 Chapter 5

နှလုံးသားလေးနာကျင်သွားရင်ရော ကျန်းမာရေးအာမခံကို သုံးလို့ရလားဟင်



ဝမ်ကျင်းက သူ့အား စေ့စေ့စပ်စပ်ကြည့်လာသည်။ အပြစ်ရှိသလို ခံစားရသဖြင့် ပိုင်မူနင်က  အမြန်ရှင်းပြလိုက်သည်။

“ကျွန်တော်ဆိုလိုတာက... ခင်ဗျားရဲ့ ညီမလေးက ကျွန်တော့်ကို တိုက်မိပြီး ကျွန်တော့်ခြေထောက် အဆစ်လွဲသွားတာလို့... ခင်ဗျား ကျွန်တော့်ကို ဒီလိုပဲ ထားခဲ့လို့မရဘူး” 


ဝမ်ကျင်းမှာ တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ့အမှန်ပြောနေခြင်း ဟုတ်မဟုတ်ကို ခွဲခြမ်းစိတ်ဖြာနေသည့်အလား သူ့ကို စိုက်ကြည့်နေသည်။


စိုက်ကြည့်ခြင်းခံရသဖြင့် ပိုင်မူနင်မှာ ပို၍ပင် စိတ်လှုပ်ရှားလာရသည်။ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ထိတွေ့ခြင်းပင်ဖြစ်သည်။ သူ့တွင် အတွေ့အကြုံ လုံးဝမရှိပေ။


"အဲဒါ... တကယ်တော့ ခင်ဗျား တာဝန်ယူဖို့ မလိုပါဘူး... ကျွန်တော် ကိုယ့်ဘာသာကိုယ် ပြန်နိုင်ပါတယ်..” 


သူ၏အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး နောက်ဆုံးစကားလုံးတို့မှာ သူ၏လည်ချောင်းထဲတွင်သာ လုံးဝနီးပါး ပျောက်ဆုံးသွားခဲ့သည်။


သူ၏နှလုံးသားမှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်လာရသည်။


ဝမ်ကျင်းရဲ့ ဒီအပြုအမူက ဘာကိုဆိုလိုတာလဲ…


ဝမ်ကျင်းက သူ့လက်ကို လွှတ်လိုက်ပြီး တည်ငြိမ်စွာပြောလာသည်။

“မင်း ပြောတာ ညာခြေထောက်မလား” 


သူ ပြောဆိုနေစဉ်တွင် သူ၏အကြည့်က ပိုင်မူနင်၏ ညာဘက်ခြေထောက်ပေါ်သို့ ကျဆင်းသွားသည်။ ၎င်းက လက်ရှိတွင် သူ၏ကိုယ်အလေးချိန်တစ်ခုလုံးကို ထောက်မထားရပြီး သူ၏ ဘယ်ခြေထောက်ကမူ မြေကြီးကို မထိတထိဖြစ်၍နေ၏။


ပိုင်မူနင် ကြက်သေ သေသွားသည်။ 


ဘယ်ခြေထောက်မဟုတ်ဘူးလား... ဘယ်တုန်းက ညာခြေထောက်ဖြစ်သွားတာလဲ...


သူ ဘယ်ခြေထောက်ဟု ပြောခဲ့ကြောင်း ကျိန်ရဲသည်။ သို့သော် ဝမ်ကျင်းမှ သူ့ကို ယုံကြည်မှုရှိရှိ မေးခွန်းထုတ်လာခြင်းနှင့် သူကိုယ်တိုင်က စိတ်မလုံနေသဖြင့် ထိတ်လန့်ရခြင်းတို့ ပေါင်းစပ်သွားသည့်အခါ ပိုင်မူနင်မှာ ရုတ်တရက် မသေချာတော့ပေ။


ပိုင်မူနင်က ဆရာဝန်ဖြစ်သည့်ဝမ်ကျင်းကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ ထို့ကြောင့် သူက သူ့စကားအတိုင်း လိုက်ကာပြောလိုက်သည်။

“တကယ်တော့ ညာခြေထောက်ပါ” 


သူက သူ၏ညာခြေထောက်ကို မြှောက်လိုက်ပြီး သူ၏ကိုယ်အလေးချိန်ကို ဘယ်ဘက်သို့ ရွှေ့လိုက်ကာ နာကျင်နေသည့် အမူအရာကို ပြုလုပ်ကာ ပြောလိုက်သည်။


 â€œá€á€˝á€ąá€ˇá€œá€Źá€¸...အရမ်းနာလွန်းလို့ ဘယ်နဲ့ညာကိုတောင် မခွဲခြားတတ်တော့ဘူး... ဒေါက်တာဝမ်... ခင်ဗျားက တကယ်ကို အသေးစိတ်ဂရုစိုက်တတ်တာပဲ” 


ဝမ်ကျင်းက အသံထွက်ရုံမျှ "ဪ" ဟု ပြောလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပေးလိုက်သည်။

"မင်း စောစောက ဘယ်ခြေထောက်လို့ ပြောခဲ့တာပဲ ... ကိုယ်အမှတ်မှားသွားတာ... " 


သူ၏ညာခြေထောက်ကို အဆင်သင့်ရွှေ့ထားပြီးဖြစ်သော ပိုင်မူနင်: “...?”


ခင်ဗျား မကောင်းတဲ့လူ... ဥာဏ်နီဥာဏ်နက်တွေချည်းပဲ...


သူ၏လှည့်စားမှုလေးမှာ ရက်စက်စွာ ဖော်ထုတ်ခံလိုက်ရသောကြောင့် ပိုင်မူနင်က ဟန်ဆောင်မှုကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ သူက သူ၏ခြေထောက်များကို နှစ်ကြိမ်ခန့်နင်းပြလိုက်ပြီး ပြောလိုက်သည်။

"အခု အားလုံး အဆင်ပြေသွားပြီ... မနာတော့ဘူး... နောက်မှတွေ့မယ်..." 


ဤသို့ပြောပြီးနောက် သူက နောက်သို့ပြန်လှည့်မကြည့်ဘဲ မြေအောက်ရထားဘူတာရုံသို့ ပြေးသွားတော့သည်။


ဝမ်ကျင်းမှာ လုံးဝကို အခြားအဆင့်၌ ရောက်နေသူဖြစ်သည်။ ဤတာဝန်၏ ခက်ခဲမှုက ချက်ချင်းဆိုသလို မြင့်တက်လာခဲ့သည်။ အနာဂတ်တွင် သူ အမှန်တကယ်အောင်မြင်ခဲ့ပါက သူ့အနေဖြင့် သူ၏အလုပ်ရှင်ကို လစာတိုးပေးရန်အတွက် တောင်းဆိုရန် သေချာပေါက်လိုအပ်သည်။


မကြာမီတွင်ပင် သူ့ဘေးတွင် ကားဟွန်းသံမြည်လာသည်။ ပိုင်မူနင်က စိတ်ထဲမှ တွေးလိုက်သည်။ 

ဘယ်သူက ဆက်တိုက်ဟွန်းတီးနေတာလဲ... အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာပဲ...


သူက သူ၏ခေါင်းကို လှည့်လိုက်ရာ ကားမှန်ကိုချထားပြီး ဝမ်ကျင်းက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဝင်လာခဲ့..."


ပိုင်မူနင်က မျက်နှာသေဖြင့် ပြောလိုက်သည်။

“ဘယ်သွားမလို့လဲ” 


သူ မှတ်မိသည်မှာမှန်ပါက သူ၏ရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။


“မင်းပဲ ကိုယ့်ကို တာဝန်ယူပေးဖို့ ပြောခဲ့တာမလား” 

ဝမ်ကျင်းမှာ အနည်းငယ်စိတ်မရှည်နေပုံရသည်။ 

“ကားထဲဝင်လာခဲ့... ကိုယ် တာဝန်ယူမယ်...”


ပိုင်မူနင်မှာ ခဏတာကြောင်အသွားခဲ့ပြီးနောက် သူ၏စိတ်ထဲမှ ရယ်မောလိုက်သည်။ 


ယောက်ျားတွေက ဒီလောက်ပါပဲ... သူ့ကို ရပြီ...


×××××


ကားထဲဝင်ပြီးနောက် ပိုင်မူနင်ချက်ချင်းဆိုသလို နောင်တရသွားသည်။ 

ငါ မဝင်လိုက်သင့်ဘူး... ထွက်ပြေးသွားသင့်တာ...


ကားထဲက လေထုက လေးလံနေသည်။ ဝမ်ကျင်းက သူ၏လက်တစ်ဖက်ဖြင့် စတီယာရင်ဘီးကို ဆုပ်ကိုင်ထားပြီး ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။ သူ ဘာတွေးနေသည်ကို မည်သူမျှမသိသော်လည်း သူ၏မျက်နှာအမူအရာက ခက်ထန်နေပြီး မျက်ခုံးများကို တွန့်ချိုးထားသည်မှာ ယင်ကောင်တစ်ကောင်ကိုပင် ကြိတ်ချေနိုင်မည့်အလားပင်။


သူက စိတ်ဆိုးနေပုံရသည်။ သူ့ညီမငယ်လေးမှာ ပျောက်ဆုံးနေဆဲပင်။


ထိုကဲ့သို့သောအခြေအနေမျိုးတွင် ပိုင်မူနင်အနေဖြင့် ဝမ်ကျင်း၏ဒေါသကြောင့် အမြောက်စာဖြစ်ကာ အရှင်လတ်လတ်မီးရှို့ခံရမည်ကို ကြောက်ရွံ့သဖြင့် စကားမပြောရဲတော့ပေ။


ပိုင်မူနင်မှာ သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး နူးညံ့သောနောက်မှီနှင့် ကပ်လျက်ထိုင်ကာ စကားတစ်ခွန်းပင်မဆိုတော့ပေ။


သူ့ခမျာ လက်ကလေးပင်မလှုပ်ရဲဘဲ ခြေထောက်ပေါ်တင်ထားရ၏။


အလုပ်ရှင်က ထိုသူမှာ ငယ်ရွယ်တက်ကြွကာ ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းသည့် ယောက်ျားလေးများကို နှစ်သက်သည်ဟု ပြောခဲ့သည်။ 


သူ၏ မပြေလည်သေးသော ကျောက်ကပ်အားနည်းခြင်းကြောင့် ငယ်ရွယ်တက်ကြွခြင်းနှင့်ပတ်သက်၍ လုံလောက်စွာ ယုံကြည်အောင်လုပ်နိုင်ခြင်းမရှိသောကြောင့် သူက ချစ်စရာကောင်းပြီး စကားနားထောင်သည့် လမ်းကြောင်းကိုသာ လိုက်နိုင်ခဲ့သည်။ 


ထိုအနေအထားကို ခဏတာကြာအောင် သည်းခံပြီးနောက် ပိုင်မူနင်မှာ အနည်းငယ်ပင်ပန်းလာသလို ခံစားရပြီး သက်တောင့်သက်သာဖြင့် နောက်သို့မှီချင်လာသည်။


ပူနွေးသောလေက ခဏတာမျှတိုက်ခတ်လာပြီး ပိုင်မူနင်၏ခေါင်းကိုက်ခြင်းကို ပိုဆိုးသွားစေခဲ့သည်။


သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အားအင်ကုန်ခမ်းသွားသလို ခံစားရပြီး သူ၏စကားနားထောင်သည့် ပုံပန်းသဏ္ဍာန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ဘဲ ရွှံ့အိုင်တစ်ခုကဲ့သို့ နွမ်းလျစွာ မှီချလိုက်ကာ သူ၏အသက်ရှူသံမှာ ပိုမိုပြင်းထန်လာသည်။ 


မျှော်လင့်ထားသည့်အတိုင်း ယနေ့မှာ စကားပြောဆိုရန် ကောင်းမွန်သောနေ့တစ်နေ့မဟုတ်ပေ။ လီအန်းချီ ပေးခဲ့သော ဆေး၏အာနိသင်က ကုန်ဆုံးသွားပြီဖြစ်၍ သူ ပြန်ဖျားချင်သလို ခံစားလာရသည်။


ဝမ်ကျင်းက သူ့ကို ဘယ်ကိုခေါ်သွားနေမှန်း သူ မသိပေ။ သို့သော် ယခုချိန်တွင် သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။


အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေချိန်တွင် သူ့နာမည်ကို ခေါ်နေသည်အား သဲ့သဲ့ကြားလိုက်ရသည်။ သူ ဘယ်လောက်ကြာကြာ အိပ်ပျော်နေမိသည်ကို မသိပေ။ သို့သော်ငြား သူ့မျက်ခွံများက အလွန်လေးလံနေသောကြောင့် ဖွင့်ဖို့ရာမတတ်နိုင်ဘဲ အိပ်ချင်နေခဲ့သည်။


သူ အလွန်ပင်ပန်းနေပြီး အနားယူဖို့ လိုအပ်နေသည်။


ငါ့ကို နောက်ထပ်နည်းနည်းလေး ပိုအိပ်ခွင့်ပြုပါဦး...


သိပ်မကြာပါဘူး...ငါးမိနစ်လောက်ပဲ...


ပိုင်မူနင်မှာ သူ့ပါးစပ်မှထုတ်ကာ မပီမသရေရွတ်လိုက်မိသည်ဟု တွေးလိုက်မိသည်။ 

အဲလိုမဟုတ်ရင် ဘယ်သူကမှ ငါ့ကို မနှိုးဘဲနေမှာမဟုတ်ဘူး…


ကားတံခါးက အပြင်ဘက်မှပွင့်သွားပြီး လေအေးများ တိုးဝင်လာသည်။ ယခင်က နွေးထွေးနေသည့် ပတ်ဝန်းကျင်က ရေခဲတမျှအေးစက်သည့် နေရာအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး ပိုင်မူနင်ကို ထိန်းမနိုင်အောင် တုန်ယင်စေကာ ဘောလုံးတစ်လုံးလို ကွေးချင်စိတ်ပင် ဖြစ်ပေါ်လာစေသည်။


ထိုင်ခုံခါးပတ်ဖြည်သံ မြည်သွားပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်က အလေးချိန်မရှိသလို ခံစားလိုက်ရသည်။ သူ ကောင်းကင်ဘုံသို့ တက်ရောက်သွားသည်ဟုပင် ထင်လိုက်မိသည်။

မဟုတ်ရင် ငါ ဘယ်လိုလုပ် လေပေါ်လွင့်နေနိုင်မှာလဲ…


အလွန်အေးလှသည်။ ပိုင်မူနင်က သူ့ပခုံးများကို ကျုံ့ကာ ခေါင်းကို မြှုပ်ထားလိုက်သည်။ ဆေးဖက်ဝင်ဆေးဝါးများ၏ ခါးသက်သောရနံ့က သူ၏နှာဖျားဝတွင် လွှမ်းခြုံနေခဲ့သည်။ ယခုတစ်ကြိမ်တွင် ၎င်းက မနှစ်မြို့ဖွယ်မဖြစ်တော့ပေ။


မကြာမီတွင်ပင် ပတ်ဝန်းကျင်က ပြန်၍ နွေးထွေးလာခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ သူ၏နားအနားတွင် အသံများ ထွက်ပေါ်လာသည်။


"လောင်ဝမ် မင်း ညီမလေးကို သွားဖမ်းတာ မဟုတ်ဘူးလား... ဘာလို့ ကောင်လေးတစ်ယောက်ကို ပြန်ခေါ်လာတာလဲ"


"ဘယ်က ကောက်လာတာလဲ...ချစ်ဖို့ကောင်းပေမဲ့ သူ့မျက်နှာက အရမ်းနီနေတယ်... အဖျားတက်နေတာလား"


ဝမ်ကျင်းက ထူးမခြားနားစွာပင် လမ်းလျှောက်နေသည်ကို မရပ်တန့်ဘဲ ပြန်ဖြေလိုက်သည်။

"အပြင်က ကောက်လာတာ" 


"ဒါဆိုရင် မင်း ငါ့ကို နေရာအတိအကျ ပြောပြတာက ပိုကောင်းလိမ့်မယ်... ငါလည်း တစ်ယောက်လောက်ကောက်ပြီး မွေးချင်လို့"


ငါ့ကို လမ်းဘေးက ကြောင်၊ခွေးလို့များ ထင်နေကြတာလား...


ထိုနောက်ပိုင်းတွင် ပိုင်မူနင်က သူတို့ပြောနေသည်တို့ကို မကြားရတော့ပေ။ သို့သော် သူ သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။ 


ကျွန်တော့်ကို အပြင်က ကောက်လာတာမဟုတ်ပါဘူးနော် ... ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လာခဲ့တာ...


ပိုင်မူနင်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဥ် မည်သည့်ကိုယ်ကျင့်တရားမဲ့သူက ပေါင်မုန့်သားကဲ့သို့ သူ့ကို နယ်ပြီး ဖိနေသည်ကို မသိပေ။ သူ၏ကျောကို ပတ်ပတ်လည်တွန်းနေပြီး အပ်စိုက်မှတ်တိုင်းကို နှိပ်နယ်ပေးနေသည်။ သူ၏ခန္ဓာကိုယ်သာ သဘာဝအတိုင်း ကျုံ့ဆန့်နိုင်စွမ်းသာမရှိပါက သူ့အနေဖြင့် လုံးဝပြားသွားလိမ့်မည်။


နောက်ပိုင်းတွင် ထိုလူဆိုးမှာ ထိုမျှဖြင့်မရပ်ဘဲ ပို၍ပင် ပြင်းပြင်းထန်ထန်ဖြင့် သူ့ကို အပ်များဖြင့် စတင်ထိုးတော့သည်။


ပါးလွှာပြီး ရှည်လျားသောအပ်များက  သူ့အရေပြားကို ထိုးဖောက်လာရာ သွေးမထွက်သော်ငြား နာကျင်နေဆဲပင်။ တစ်ချောင်းပြီးတစ်ချောင်း ထိုးလိုက်သည်မှာ ရုန်မာမားထက်ပင် ရက်စက်သေးသည်။


[T/N - ရုန်မာမားက နန်းတွင်းဇာတ်ကားတစ်ခုမှာ အကျင့်ပုတ်တဲ့မိဖုရားခေါင်ကြီးရဲ့ အစေခံအဖွားကြီးပါတဲ့ သူကမိဖုရားခေါင်ကြီးနဲ့ မတည့်ရင် အပ်နဲ့ထိုးပြီးအပြစ်ပေးလေ့ရှိတယ်]


နောက်ဆုံးတွင် နာကျင်မှုကြောင့် ပိုင်မူနင် နိုးလာခဲ့သည်။


ဝမ်-ရုန်မာမား-ကျင်းသည် အပ်တစ်ချောင်းကို ကိုင်ထားပြီး မေးလာသည်။

“ဘယ်လိုနေလဲ” 


ပိုင်မူနင်က နာကျင်မှုကြောင့် အသံပြုလိုက်သည်။ ဝမ်ကျင်း အပ်ကိုကိုင်ထားသည်ကို မြင်လိုက်ရချိန်တွင် ယင်းက အသံတိတ် ခြိမ်းခြောက်နေသကဲ့သို့ ခံစားရသည်။ သူက သူ၏ညည်းတွားသံကို မျိုချလိုက်ပြီး ပြန်ဖြေလိုက်သည်။

“တော်တော်လေးကောင်းပါတယ်” 


ရိုးရိုးသားသားပြောရလျှင် သူ့ခမျာ တစ်စုံတစ်ဦးကို ထိုးကြိတ်ချင်မိသည်အထိ နာကျင်နေခဲ့သည်။


ဝမ်ကျင်းက အပ်ပါးပါးလေးကို သိမ်းဆည်းလိုက်ပြီး ပိုင်မူနင်အား ပြောလိုက်သည်။

“မင်း နေကောင်းပြီဆိုတော့ အဝတ်အစားတွေဝတ်ပြီး ပြန်လို့ရပြီ” 


အကယ်၍ ဝမ်ကျင်းသာ သတိပေးမလာပါက ပိုင်မူနင်တစ်ယောက် သူ၏အင်္ကျီ ပျောက်ဆုံးနေသည်ကို သတိပြုမိမည်မဟုတ်ပေ။


အရွယ်ရောက်ပြီးသော ယောက်ျားတစ်ယောက်ဖြစ်လင့်ကစား သူစိမ်းတစ်ယောက်ထံမှ အင်္ကျီအချွတ်ခံရခြင်းက စိတ်မသက်မသာခံစားရ၏။ ပို၍ဆိုးသည်မှာ သူ့အနေဖြင့် ထိုလူအား ကျေးဇူးတင်ရခြင်းပင်။


မချင့်မရဲဖြင့် ပိုင်မူနင်က ကျေးဇူးတင်ကြောင်းကို ဖော်ပြလိုက်သည်။ ဝမ်ကျင်းက အသံတိုးတိုးဖြင့် “အင်း” ဟူ၍သာ တုံ့ပြန်ပြီး နောက်ထပ်စကားတစ်ခွန်းမျှမဆိုဘဲ ထွက်သွားခဲ့သည်။


အရမ်းအေးစက်လိုက်တာ...တအားကို ရက်စက်တာပဲ... မလိုအပ်တဲ့ စကားလုံးတစ်လုံးမှ မပြောဘူး... ဘာပဲဖြစ်ဖြစ် ငါတို့မှာ ဆရာဝန်-လူနာ ဆက်ဆံရေးရှိသေးတာပဲ... လူနာအပေါ် နည်းနည်းပိုပြီး နွေးထွေးပေးလို့ ဘာများနစ်နာမှာမို့လဲ...


လူနာများကလည်း ဆရာဝန်များထံမှ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု လိုအပ်သည်။


ပိုင်မူနင်က သူ၏အဝတ်အစားများကို ခုတင်ဘေးတွင် တွေ့လိုက်ရပြီး ဝတ်ဆင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။


သို့သော်လည်း သူ့ဘာဖြစ်နေသည်ကို မသိပေ။ သူ့ခမျာ  လေတစ်ခြမ်းဖြတ်နေသည့်အတိုင်း။ သူ၏ခြေထောက်များက မြေပြင်ကိုထိပြီး ထရန်ကြိုးစားသည့်အချိန်တွင် သူ မထနိုင်သည်ကို တွေ့ရှိလိုက်ရသည်။ သူ၏ခြေထောက်များမှာ ထုံကျင်ပြီး နာကျင်နေသည်။ ပြန်၍ အာရုံခံစားနိုင်ရန် အချိန်အတော်ကြာခဲ့သည်။


ဝမ်ကျင်းအပ်စိုက်ပေးလို့ ငါ ရှုပ်ထွေးသွားမှာကို  ကြောက်လိုက်တာ... တကယ်ကိုဆိုးတဲ့လူပဲ ... သေချာတယ်...


ပိုင်မူနင်က အောက်သို့တစ်လှမ်းချင်း ဆင်းလာခဲ့သည်။ ငွေရှင်းကောင်တာတွင်ရှိသောလူ ပြောင်းလဲသွားသည်ကို သူ သတိထားမိလိုက်သည်။ ယခင်က မြင်ဖူးသည့် အမျိုးသမီးငယ်လေး မရှိတော့ဘဲ အဖြူရောင်ကုတ်အင်္ကျီဝတ်ထားသော အမျိုးသားဆရာဝန်တစ်ဦးဖြင့် အစားထိုးထားသည်။


ပိုင်မူနင်က စန်းဝမ်ခန်းမ၏ မိတ်ဆက်နံရံတွင် ထိုသူ၏ပုံကို မြင်တွေ့ဖူးသည်။ ဤလူ၏နာမည်မှာ ချန်ဟောက်နန်ဖြစ်ပြီး ဝမ်ကျင်းကဲ့သို့ပင် တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ဦးဖြစ်သည်။


သို့ပေသိ သူက စန်းဝမ်ခန်းမ၏ တာဝန်ခံဖြစ်သည့် ဘော့စ် (သူဌေး) အဖြစ် နောက်ထပ်ရာထူးတစ်ခုကိုလည်း ရယူထားသည်။


သူ၏စရိုက်မှာ ဝမ်ကျင်းနှင့် လုံးဝကွဲပြားသည်။ ဝမ်ကျင်းက ကြင်နာတတ်ဟန်ဆောင်သော်လည်း တကယ်တမ်းတွင် အလေးမထားဘဲ လျစ်လျူရှုတတ်သူဖြစ်သည်။ ဤလူကမူ လူပေါင်းဝင်ဆံ့ပြီး စကားပြောတတ်သူပင်။


ဒီလို လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့သူနှစ်ယောက်က ဘယ်လိုအတူတူဖြစ်နေတာလဲ...


“ကလေးလေး... ဒေါက်တာဝမ်နဲ့ အပ်စိုက်ရတဲ့ အတွေ့အကြုံ ဘယ်လိုလဲ... မင်းကို ပြောပြမယ်... ခုနက နှိပ်နယ်တာနဲ့ အပ်စိုက်တာ နှစ်ခုလုံးကို ဒေါက်တာဝမ် ကိုယ်တိုင်လုပ်ပေးတာ... အဲဒါက သူ မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ပြနေတာပဲ...”


ကလေးလေးတဲ့လား... ဘယ်လိုတောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အသုံးအနှုန်းလဲ... ငါက ဘယ်နေရာမှာ သေးနေလို့လဲ...


ဒီလူက တကယ်ကို လိမ်တဲ့နေရာမှာတော်တာပဲ... ဝမ်ကျင်းက ငါ့ကို ဘယ်မှာများ တန်ဖိုးထားလို့လဲ...


သူ့ခမျာ မကျေနပ်သော်ငြား ရှေ့တွင်မူ ယဥ်ကျေးပြရဦးမည်ဖြစ်၍ ပိုင်မူနင်က ပြုံးလျက်သာ ပြောလိုက်သည်။

"ကောင်းပါတယ် ဒေါက်တာဝမ်က အရမ်းကျွမ်းကျင်တာပဲ"


"ဘယ်လောက်ကျလဲမသိဘူး" 


ပိုင်မူနင်က ဝမ်ကျင်းအနေဖြင့် ကြင်နာစွာဖြင့် အခမဲ့လုပ်ပေးလိမ့်မည်ဟု မထင်မိပေ။ ထို့ကြောင့် သူက လက်ဦးမှုယူရန် ဆုံးဖြတ်လိုက်သည်။


ချန်ဟောက်နန်က ကျသင့်ငွေကို ပရင့်ထုတ်ပြီး ပိုင်မူနင်အား ပေးလိုက်ကာ ပြောသည်။

 â€œá€™á€„်း ပြီးခဲ့တဲ့အပတ်က ငါတို့နေရာကို ဆေးကုဖို့လာဖူးလား... မင်းကို ရင်းနှီးနေလို့...” 


ပိုင်မူနင်က 'အင်း' ဟူ၍ ပြန်ဖြေလိုက်သော်လည်း ဘေလ်စာရွက်ပေါ်ရှိ ၁,၅၀၈ ယွမ် ဟူသော ပမာဏကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ 


အရမ်းဈေးကြီးတာပဲ...


"မင်း သူ့ကို အရင်ကတည်းက သိတာလား" 

ချန်ဟောက်နန်က ဆက်မေးနေခဲ့သော်လည်း ပိုင်မူနင်ကမူ သူ့ကို ဂရုမစိုက်တော့ပေ။



💊💊💊