Ch 170
Viewers 12k

အခန်း ( ၁၇၀ ) - အိပ်မက် ထပ်မက်ပြန်ပြီ


“အာ့ထောင်…”


ထိုအချိန်တွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျီကျောက်သည် သူမ၏ မျက်လုံးတွေကို တင်းတင်းမှိတ်ထားပြီး သူမ၏ မျက်နှာတွေပင် ထူးထူးခြားခြား နီရဲနေခဲ့သည်။


ကျောက်လန်ဟွာသည် စိုးရိမ်တကြီးဖြင့် သူမ၏ နဖူးကို စမ်းသပ်ကြည့်လိုက်သည်။ သူမ၏ လက်ခုံသည် ရုတ်ခြည်း မီးပူလောင်သလို ခံစားလိုက်ရသည်။


“လူအိုကြီး၊ လူအိုကြီး မြန်မြန်လေး ဒီကိုလာပါဦး” ကျောက်လန်ဟွာသည် စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။


ရှန်းတာ့ရှန်နှင့် ဒုတိယမရီးရှန်းတို့ အပြေးအလွှား‌ ရောက်လာကြသည်။


“အာ့ထောင် ဖျားနေပုံရတယ်” ကျောက်လန်ဟွာက စိုးရိမ်တကြီး ပြောလိုက်သည်၊ “လူအိုကြီး သမားတော် မြန်မြန်သွားပင့်ပေးပါဦး။ ဒုတိယချွေးမ ရေအေး တစ်ဇလုံ သွားယူပေးပါဦး။”


“ကောင်းပြီ၊ ငါ သမားတော်ကို အခုချက်ချင်း သွားခေါ်လိုက်မယ်” ရှန်းတာ့ရှန်သည် အလျင်စလို လှည့်ထွက်သွားပြီး ရှန်းမိသားစုအိမ်ခြံဝင်းထဲမှ အပြေးအလွှား ထွက်သွားခဲ့သည်။


ထိုအခိုက်အတန့်တွင် ကျီကျောက်သည် ထူးဆန်းတဲ့ အိပ်မက်တစ်ခုထဲသို့ ရောက်သွားပြန်သည်။


သူမ၏ အိပ်မက်ထဲမှာတော့ ရှန်းယောင်ကို တစ်ကိုယ်လုံး ဒဏ်ရာတွေ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။


ရှန်းယောင်သည် အမှောင်ခန်း တစ်ခန်းထဲတွင် သွေးအိုင်ထဲ လဲကျနေကာ အသက်ကို ခဲယဉ်းစွာ ရှုရှိုက်နေခဲ့သည်။


သူမ စိုးရိမ်တကြီးနဲ့ အပြေးအလွှား သွားချင်ပေမယ့် အနားမကပ်နိုင်ခဲ့ပါဘူး။


“မင်း ဒီပစ္စည်းကို ဘယ်က ရလာတာလဲဆိုတာ ငါ့ကိုပြောစမ်း” ကြာပွတ်ကိုင်ဆောင်ထားသော အနက်ရောင်ဝတ် အမျိုးသားက ရှန်းယောင်၏ ခန္ဓာကိုယ်ကို ကြာပွတ်ဖြင့် ရိုက်နှက်နေရင်း စစ်ဆေးမေးမြန်းနေခဲ့သည်။ ကြာပွတ်ဒဏ်ကြောင့် ရှန်းယောင်၏ အရေပြားတွေ စုတ်ပြဲနေကာ သွေးချင်းချင်းရဲနေခဲ့သည်။

 

“ရှန်းယောင်” ကျီကျောက်သည် အသည်းကြွေလုမတတ် အော်ဟစ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူမ၏ အသံကို ရှန်းယောင်က လုံးဝ မကြားနိုင်ခဲ့ဘူး။


“ခြေကျိုး မင်းက အတော်လေး မာနကြီးတာပဲ” အနက်ရောင် အမျိုးသားက ရှန်းယောင် စကားတစ်ခွန်းမှ မပြောသဖြင့် လှောင်ရယ်ရယ်လိုက်သည်၊ “ကောင်းပြီ၊ မင်းက စကားတစ်ခွန်းမှ မဟဘူးဟုတ်စ။ ဒီလိုဆိုမှတော့ စကားပြောဖို့ မင်းလျှာကိုလည်း မလိုလောက်တော့ဘူးပေါ့လေ။ ဟေ့လူတွေ…”


သိပ်မကြာခင်မှာပဲ အနက်ရောင်ဝတ် နောက်ထပ် လူနှစ်ယောက် ပြေးဝင်လာပြီး ရှန်းယောင်၏ လက်မောင်းကို တစ်ဖက် တစ်ချက်စီ ဖမ်းချုပ်ထားခဲ့သည်။ ကြာပွတ်ကို ကိုင်ထားတဲ့လူက ရှန်းယောင်ရဲ့ မေးစေ့ကို လက်တစ်ဖက်နဲ့ ဖိဖွင့်လိုက်ပြီး နောက်လက်တစ်ဖက်က မီးကင်ထားတဲ့ သံပြားကို မြှောက်ကိုင်လိုက်သည်။


“မဖြစ်ဘူး။”


ကျီကျောက်သည် နာကျင်စွာ အော်လိုက်သည်။


“အာ့ထောင်…၊ အာ့ထောင်…” ကျောက်လန်ဟွာက သူမမျက်နှာပေါ်ရှိ ချွေးစက်များကို ပဝါရေစိုဖြင့် သုတ်ပေးနေရင်း စိုးရိမ်တကြီး လှုပ်နှိုးလိုက်သည်၊ “အာ့ထောင် ဘာဖြစ်နေတာလဲ။ အမေ့ကို မခြောက်ပါနဲ့။”


“သမားတော် အာ့ထောင် ဘာဖြစ်တာလဲ” ရှန်းတာ့ရှန်က စိုးရိမ်တကြီးနဲ့ သူ့နဖူးပေါ်မှ ချွေးစက်များကို သုတ်ဖယ်ပြီး စိတ်ပူပန်စွာ မေးမြန်းလိုက်သည်။


“စိတ်အေးအေးထားပါ” သမားတော်က သွေးခုန်နှုန်းကို စမ်းသပ်နေရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက အလွန်အမင်း ထူးဆန်းတယ်လို့ သူ ခံစားရသည်၊ “သူမရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်တော့ သူမ အဆင်ပြေပါတယ်။ သူမ အကြောင်းပြချက်မရှိ အဖျားကြီးပြီး ချွေးထွက်လွန်တာက သူမနှလုံးသားထဲ အပူမီးများနေလို့ပါ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော် သူမ ကိုယ်တွင်းအပူမီး ငြိမ်းသက်သွားအောင် စွပ်ပြုတ်ချက်နည်း တစ်မျိုး ပေးခဲ့တယ်၊ အဲ့တာကို ကြိုပြီး သူမကို အရင်တိုက်ထားလိုက်ဦး။”


စွပ်ပြုတ်ရည်က အလွန်ရိုးရှင်းပေသည်။ ဘူးခါးသီး၊ ကြာစေ့၊ ကျင်းရှန့်နှင့် အဆီနည်းအသား အနည်းငယ်တို့သာ လိုအပ်ပါသည်။


တစ်နာရီလောက်ကြာတော့ ကျောက်လန်ဟွာသည် ကျီကျောက်ကို ဖေးမပြီး အပူငြိမ်းစွပ်ပြုတ်ကို သူမနှုတ်ခမ်းနားကပ်ပြီး ပြောခဲ့သည်၊ “အာ့ထောင် ဒီစွပ်ပြုတ်ကို နာခံပြီး သောက်နော်။ မဟုတ်ရင် အမေ စိတ်ပူနေရလိမ့်မယ်။”


နောက်ဆုံးတော့ ကျီကျောက် နိုးလာချိန်တွင် ကိုးနာရီခန့် ရှိပေပြီ။


ကျီကျောက်သည် မသိစိတ်က ခေါင်းလှည့်ကြည့်လိုက်တော့ ကျောက်လန်ဟွာသည် သူမ ကုတင်ဘေးတွင် လက်ထောက်ပြီး မှေးနေတာကို မြင်လိုက်ရသည်။ ကျီကျောက်သည် “အမေ” ဟု တိုးတိုးလေး ခေါ်လိုက်သည်။


လှုပ်ရှားသံသဲ့သဲ့ကိုကြားတော့ ကျောက်လန်ဟွာသည် သူမ၏ မျက်လုံးများကို အမြန်ဖွင့်ကြည့်လာပြီး သူမ၏ နဖူးကို စိုးရိမ်တကြီး စမ်းသပ်လိုက်သည်၊ “နင် နိုးလာပြီလား။ ဘယ်လိုနေသေးလဲ။”


ကံကောင်းထောက်မစွာဖြင့် အာ့ထောင်၏ နဖူးက မပူတော့ဘူး။


“အမေ သမီးပါးစပ်ထဲ အရမ်းခါးသလို ခံစားနေရတယ်” ကျီကျောက်က မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်၊ “ကျင်းရှန့်တွေ အများကြီး စားထားရသလို အရမ်းခါးနေတယ်။”


ထိုနာကျင်မှုမျိုးက သူမကို ထိန်းမနိုင် သိမ်းမရ ငိုကြွေးစေခဲ့သည်။


“စွပ်ပြုတ်က အရမ်းခါးနေတာဖြစ်မယ်” ကျောက်လန်ဟွာ သူမ၏ မျက်ရည်တွေကို သုတ်ပေးပြီး ချော့မြူပေးခဲ့သည်၊ “မငိုပါနဲ့။ အမေ့ နင့်အတွက် ပျားရည်တစ်ခွက် သွားဖျော်ပေးမယ်နော်။”


“ဟုတ်ကဲ့…” ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်ပြီး ကုတင်ပေါ်မှ တုံ့ဆိုင်းစွာ ထထိုင်လိုက်သည်။


ကျီကျောက်သည် မနီးမဝေးတွင် ရှိနေသော မြေကမ္ဘာဘုရားထံ အမှတ်မထင် အကြည့်ရောက်သွားခဲ့ပြီး သူမစိတ်ထဲရှိ ဖရိုဖရဲ အတွေးများကို လျင်မြန်စွာ ညှိယူရင်း နောက်ဆုံးတွင် သူမ မျက်လုံးတွေ အံ့အားတသင့် ပြူးကျယ်သွားခဲ့သည်။ မြေကမ္ဘာဘုရားက အခုလေးတင် သူမကို နောက်ထပ် ရှေ့ဖြစ်ဟောအိပ်မက် တစ်ခု ပေးလာခဲ့တာလား။


ထို့ကြောင့် ဒါကို ထောက်ရှုကြည့်မယ်ဆိုရင် လောလောဆယ် ရှန်းယောင်တစ်ယောက် အဆင်ပြေနေသေးသည်။


ရှန်းယောင်ကို ရှာတွေ့မှသာလျှင် ဤဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ သူမ ကူညီပေးနိုင်လိမ့်မည်ဖြစ်သည်။


“အာ့ထောင် ကလေးလေး နင် ဘာဖြစ်လို့ ထလာတာလဲ” ပျားရည်ခွက်ကို သယ်ဆောင်လာပြီး အိမ်ထဲ ဝင်လာတဲ့ ကျောက်လန်ဟွာက စိုးရိမ်တကြီး ပြောလိုက်သည်၊ “မြန်မြန်လေး ပြန်လှဲနေလိုက်ချေ။”


“အမေ သမီး ရှန်းယောင်ကို သွားရှာရမယ်” ကျီကျောက်က စိုးရိမ်တကြီး ရှင်းပြခဲ့သည်၊ “သမီး ရှန်းယောင်ကို ရှာချင်တယ်။”


“အဓိပ္ပါယ်မရှိတာ” ကျောက်လန်ဟွာက ဒေါသတကြီးပြောသည်၊ “အာ့ထောင် အချိန်ကိုလည်း တစ်ချက်ကြည့်ဦး။ ဒါ့အပြင် နင် ဖျားနေသေးတယ်။”


“ဒါပေမယ့် အမေ သမီး ရှန်းယောင်ကို တစ်ချက်သွားမကြည့်ဘူးဆိုရင် သူ တစ်ခုခု ဖြစ်သွားလိမ့်မယ်” ကျီကျောက်က ကျောက်လန်ဟွာ၏ လက်မောင်းကို စိုးရိမ်တကြီး ဆုပ်ကိုင်ပြီး အဆောတလျင် ပြောလိုက်သည်၊ “သမီး အခုလေးတင် အိပ်မက် ထပ်မက်ပြန်ပြီ။ သမီး ရှန်းယောင်ကို အိပ်မက်မက်ခဲ့တယ်…”


ဘုန်း…။


ကျီကျောက်၏ ပြောစကား မဆုံးခင်မှာပင် ပြတင်းတံခါး အပြင်ဘက်တွင် မိုးကြိုးတစ်ခု ရုတ်တရက် လင်းလက်သွားသည်။


ထိုလျှပ်စီးနှင့်အတူ ရုတ်တရက် မိုးခြိမ်းသံတစ်ခုပါ ယှဉ်တွဲထွက်ပေါ်လာခဲ့သည်။


ဂျိမ်း…။


ချက်ချင်းဆိုသလိုပင် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။


ပဲစေ့လောက်ရှိသည့် မိုးရေစက်များသည် ပြတင်းပေါက်များကို ရိုက်ခတ်ကာ ကျယ်လောင်သော အသံများကို ထွက်ပေါ်စေသည်။


“အာ့ထောင် နင် ဘယ်လိုအိပ်မက် မက်တာလဲ” ကျောက်လန်ဟွာက ကျီကျောက်၏ ရုတ်တရက် မိန်းမောတွေဝေနေတဲ့ အမူအရာကိုမြင်ပြီး ကမန်းကတန်း မေးလိုက်သည်။


“အမေ၊ ကျွန်မ…” ကျီကျောက်သည် ထုတ်ပြောမိတော့မလိုဖြစ်သွားပြီးမှ အပြင်မှာ မိုးတွေ ပြင်းထန်နေတာကို အကြည့်ရောက်ပြီး သူမ၏ မျက်လုံးတွေကို ဝမ်းနည်းစွာ မှိတ်ချလိုက်သည်။


မြေကမ္ဘာဘုရား၏ သတိပေးချက်မှာ ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခု ဖြစ်ပုံရသည်။


တကယ်လို့သာ သူမ ဒီအကြောင်းကို ယောက္ခမဖြစ်သူအား ပြောပြလိုက်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်သည်။


တကယ်တော့ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောလို့မရဘူး။


“ဘာမှ မဟုတ်ပါဘူး” တစ်ခုခုကိုတွေးမိပြီး ကျီကျောက်က အားတင်းပြုံးလိုက်သည်၊ “အမေ အပြင်မှာ မိုးရွာနေတယ်။”


“ဟုတ်တယ်၊ မိုးရွာနေတယ်” ကျောက်လန်ဟွာက သူမ လက်ထဲမှ ပျားရည်ခွက်ကို အလျင်စလို လက်ကမ်းပေးလိုက်သည်။ “ဒီပျားရည်က ပူသေးတယ်။ မြန်မြန်လေး သောက်လိုက်။”


“ဟုတ်…”


ပျားရည်ပူပူ တစ်ပန်းကန်လုံး သောက်သုံးပြီးနောက် ကျီကျောက်သည် ပို၍ သက်တောင့်သက်သာဖြစ်လာသလို ခံစားလိုက်ရသည်။

 

“အာ့ထောင် အမေ့ကို ရိုးရိုးသားသားပြောပါ။ သမီးနဲ့ စန်းလန်တို့ ရန်ဖြစ်ထားတာလား” ကျောက်လန်ဟွာက သူမ၏ လက်ကို ဆုပ်ကိုင်ပြီး အလေးအနက် မေးခဲ့သည်၊ “စန်းလန်က အပြင်ပိုင်း အေးစက်ပေမယ့် စိတ်ထားကတော့ နွေးထွေးပါတယ်။ သူ ဒေါသထွက်ရင်တော့ မြည်းတစ်ကောင်ထက်တောင် ဒေါသပိုကြီးသေးတယ်။ သူနဲ့ မငြင်းခုံမိစေနဲ့။ တကယ်လို့ သူ တစ်ခုခု အမှားလုပ်မိတယ်ဆိုရင် အမေ့ကို ပြော။ အမေ သမီးဖက်ကနေ ရပ်တည်ပေးမယ်၊ ဟုတ်ပြီလား။”


ကျီကျောက်သည် သူမ့ခေါင်းကို ညင်သာစွာ ခါလိုက်သည်၊ “အမေ ရှန်းယောင်က ဘာအမှားမှ မလုပ်ခဲ့ပါဘူး၊ ကျွန်မတို့ချင်း စကားမများခဲ့ပေမယ့် သမီး သူ့ကို စိတ်မချမ်းသာအောင် လုပ်လိုက်မိပုံရတယ်။”


...


ကျီကျောက်သည် ရှန်းယောင် ဒေါသထွက်စေသည့်အရာကို နောက်ကျမှ ရှာဖွေတွေ့ရှိခဲ့သည်။


သူမသည် ရှန်းယောင်ရဲ့ ခြေထောက်ကို ကုသဖို့အတွက် အံ့ဖွယ်သမားတော် ရှန်းဟယ်ကို ရှာချင်ခဲ့ပြီး ဒီကိစ္စအတွက် ချင်မင်ဟုန်ကို မဆိုင်းမတွ အကူအညီတောင်းခဲ့သည်။ သူမက ရှန်းယောင်ရဲ့ ခြေထောက်ကို ကုသပေးချင်ပေမယ့် ရှန်းယောင်၏ ကိုယ့်ကိုယ်ကို လေးစားမှုကို လျစ်လျူရှုထားခဲ့မိသည်။


ရှန်းယောင်က သူ့ရဲ့ ကျိုးနေတဲ့ ခြေထောက်အပေါ် သူမ စိတ်ရှိနေတယ်လို့ထင်သွားတာ ဖြစ်နိုင်လောက်တယ်၊ ဟုတ်တယ်မလား။”


အဲ့တာကြောင့် သူက နှုတ်မဆက်ဘဲ ထွက်သွားဖို့ကို ရွေးချယ်ခဲ့တာပင်။


အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးလိုက်ရုံနဲ့ ကျီကျောက်တစ်ယောက် စိတ်နှလုံး နာကျင်သွားခဲ့သည်။


“အမေ ရှန်းယောင် ဘယ်သွားတာလဲဆိုတာ သမီး ပြောပြပေးပါဦးလား။”


“သူ ဘေးက လေ့ရှန်းခရိုင်ကို သွားတာလေ” ကျောက်လန်ဟွာက နူးညံ့ညင်သာစွာ ရှင်းပြခဲ့သည်၊ “စန်းလန်ရဲ့ ခြေထောက် မထိခိုက်ခင် သူက လေ့ရှန်းခရိုင်က ဆရာဖန့်ထံမှာ ပညာသင်ကြားခဲ့တယ်။ သူ မသွားခင် ဆရာဖန့်ထံ အလည်သွားမယ်လို့ ပြောသွားခဲ့တယ်။”


“လေ့ရှန်းခရိုင်လား” ကျီကျောက်သည် မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။ နောက်ဆုံးတော့ ကျောက်လန်ဟွာကို ကြည့်ပြီး ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်၊ “အမေ သမီး အခု သက်သာနေပါပြီ။ သမီး အခန်းထဲပြန်ပြီး စောစော အနားယူလို့ ရမလားဟင်။”


“ကောင်းပြီ၊ နင် မသက်သာသေးရင် အမေ့ကို ခေါ်ဖို့ မမေ့နဲ့။”


“ဟုတ်ကဲ့ပါ၊ သမီး ခေါ်လိုက်ပါ့မယ်။”

***