Ch 167
Viewers 12k

အခန်း ( ၁၆၇ ) – ကဏန်းဂိမ်း


အဆုံးတွင် ရှန်းမုန့်ဟူသည် ကျီကျောက်တို့ဇနီးမောင်နှံကို သဘောကျသွားခဲ့သည်။


ရှန်းယောင်၏ အကြံပြုချက်ကို သဘောတူရုံသာမက ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် ကူညီပေးမယ်လို့တောင် ပြောလာခဲ့သည်။


ရှန်းမုန့်ဟူသည် ရှန်းမိသားစုအိမ်ခြံဝင်းမှ ထွက်သွားသောအခါ သူ၏ လေးနက်သော မျက်နှာပေါ်တွင် အပြုံး တစ်ပွင့် ပေါ်လာခဲ့၏။


ပင်မခန်းထဲတွင်၊ ကျီကျောက်က ကျောက်လန်ဟွာကို ကြည့်ပြီး ရူးမိုက်စွာ ပြုံးရယ်ပြလိုက်သည်။


“အာ့ထောင် နင် ဘာဖြစ်လို့ ရယ်နေတာလဲ” ကျောက်လန်ဟွာက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်၊ “အမေ့မျက်နှာပေါ်မှာ ပေကျံနေလို့လား။”


“မဟုတ်ပါဘူး” ကျီကျောက်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး သူမ၏ လက်မောင်းကို ချစ်ခင်ကြင်နာစွာ မှီတွယ်လိုက်သည်။ သူမ၏ အသံက မသိစိတ်အရ အနည်းငယ် ဆို့နင့်နေသည်။ “အမေ့ရဲ့ မျက်နှာပေါ်မှာ အချစ်တွေ အများကြီး ရှိတယ်လို့ သမီးထင်တယ်။ အမေ၊ အမေက အကောင်းဆုံးပဲ၊ အကောင်းဆုံး၊ ဒီကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံး ယောက္ခမပဲ။”


“ဒါပေါ့” ကျောက်လန်ဟွာက သူမစကားနောက် လိုက်ပါပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။ “ဒီရွာမှာ ငါ ကျောက်လန်ဟွာက အကောင်းဆုံး ယောက္ခမဆိုတာ ဘယ်သူ မသိလို့လဲ။”


“ဟုတ်တယ်၊ အမေက အကောင်းဆုံးပဲ” ကျီကျောက်က သူမပခုံးပေါ် မှီတွယ်နေပြီး သူမ၏ အသံက အလွန်အမင်း နာခံလျက်ရှိသည်။


“တကယ်တော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့စိတ်ဒေါသကို ပြောင်းလဲခဲ့တယ်” ကျောက်လန်ဟွာက သူမ၏ လက်ကို ညင်သာစွာ ပုတ်ပေးပြီး သူမကို တိုးတိုးလေး နှစ်သိမ့်ပေးသည်။ “အာ့ထောင် သမီး သူများတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်နေဖို့ မလိုဘူး။ ပိုအရေးကြီးတာက ငါတို့မိသားစုက အပြင်လူတွေရဲ့ ထင်မြင်ယူဆချက်တွေထက် မိသားစုဝင်တွေကိုပဲ ယုံကြည်ပေးလိမ့်မယ်။ အပြင်လူတွေ ဘယ်လိုပဲတွေးတွေး ဒါက အရေးမကြီးဘူး။ နင်လုပ်တာမှန်တယ်လို့ထင်သရွေ့ အဆင်ပြေတယ်။”


“အမေ ကျေးဇူးပါ။”


တကယ်တော့ ကျီကျောက်သည် ရှန်းမိသားစုအိမ်ခြံဝင်း အပြင်ဖက်တွင် လူအများက အမှန်တရားကို မသိဘဲ သူတို့ကိုယ်သူတို့ အမှန်တရားဖက်မှ ရပ်တည်သလိုဖြင့် သူမကို ဝေဖန်ကြသောအခါတွင် အနည်းငယ် ဝမ်းနည်းမိပေသည်။


အစကတည်းက အမျိုးသမီးရှဲ့က ပြစ်မှုကျူးလွန်သူဖြစ်ပြီး သူမသည် အပြစ်မဲ့သားကောင်ဖြစ်သည်။


ကျီကျောက်သည် သူမက မူလကိုယ် မဟုတ်သည့်အတွက် ဝမ်းသာမိသော်လည်း မူလကိုယ်အတွက် စိတ်မကောင်းဖြစ်မိသည်။


လူအိုကြီးကျီကသာ သူမကို အိမ်ပြန်ခေါ်သွားပြီး မွေးစားသည့်အခါ ကြုံလာရမည့် အကျိုးရလဒ်ကို ကြိုသိခဲ့လျှင် သူမသည် သေခြင်းတရားကို ရွေးချယ်မိပေလိမ့်မည်။


အဆုံး၌ မူလကိုယ်သည် လွန်ခဲ့သည့် ဆယ့်ငါးနှစ်တာ ကာလပတ်လုံး ဆင်းရဲပင်ပန်းစွာ နေထိုင်လာခဲ့ရသည်။


ရှန်းမုန့်ဟူ၏ အပြင်းအထန် လူသိရှင်ကြား ကြေငြာပြီးနောက်တွင် တောင်ပေါ်ရှိ မြေကမ္ဘာဘုရားကျောင်းအား ပြန်လည်တည်ဆောက်မည့်သတင်းကို လူတိုင်း သိခဲ့ကြသည်။


ရှန်းယောင် အဆိုပြုသော လူစုလူဝေး ရန်ပုံငွေ အစီအစဉ်ကိုလည်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။


ရှန်းဟယ်ကျေးရွာသာမက အခြားရွာများမှ လူများကလည်း ဘုရားကျောင်းရှေ့ ကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်တွင် သူတို့နာမည်များကို ရေးထိုးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်။


ရှန်းယောင်သည် လာရောက်သူအားလုံးကို ငြင်းဆိုခြင်း မရှိသော်လည်း သတ်မှတ်ထားသည့် အဆင့်ကိုတော့ မြှင့်တင်ခဲ့သည်။ ဥပမာအားဖြင့် အခြားရွာမှ လူများသည် ကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်တွင် နာမည်ရေးထွင်းဖို့ အခွင့်အရေးရရန် အနည်းဆုံး ငွေ ၅ လျန်း ပေးရပေမည်။ နောက်ဆုံးတော့ သူတို့၏ လုပ်ဆောင်ချက် အောင်မြင်ခဲ့ပြီး လှုဒါန်းမှုတွေ အများကြီး ရရှိခဲ့သည်။

 

ကျီကျောက်တစ်ယောက် ပန်းသီးဝါးနေရင်း ပေသီးနှင့် လုံးထွေးနေသော ရှန်းယောင်ကို ကြည့်ကာ မျက်စိအစာကျွေးနေခဲ့သည်။ သူမ မျက်ခုံးမပင့်ဘဲ မနေနိုင်ပေ။


စားပွဲရှေ့မှာ မတ်မတ်ထိုင်ပြီး အာရုံစူးစိုက်နေတဲ့ သူ့အသွင်အပြင်က အလွန်မိမိုက်လှသည်။


နေ့လည်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်မှ ဖြတ်ကျော်ဝင်ရောက်လာပြီး သူ့အပေါ် ဖြာကျနေသည်။ သူ့အပေါ်မှာ ရွှေရောင်ခြည်တန်းလို ဖုံးလွှမ်းကာ သူ့ကို အင်မော်တယ်တစ်ပါးအသွင် ဖြစ်ပေါ်စေသည်။


“ကိုယ်တို့ အခု ငွေ ၁၈၂ လျန်း စုဆောင်းရရှိတယ်။ မင်း အရင်က စုဆောင်းထားတဲ့ ငွေ ၃၀၀ လျန်းနဲ့ဆိုရင် မြေကမ္ဘာဘုရားကျောင်းကို ပြန်ဆောက်ဖို့ ငွေအလုံအလောက်ရပြီ” အထွေထွေကုန်ကျစရိတ်ကို တွက်ချက်ပြီးနောက် ရှန်းယောင်းသည် ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ စွဲလန်းနစ်မြောနေသည့် အကြည့်ဖြင့် ရင်ဆိုင်တွေ့လိုက်ရသည်။

 

“ရှန်းယောင် ရှင် ဘာပြောလိုက်တာလဲ။ ပြန်ပြောပေးလို့ ရမလား” ကျီကျောက်သည် တိတ်တဆိတ် လက်မြှောက်ပြီး သူမ၏ မျက်နှာလေးကို ဖုံးကွယ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။


“အာ့ထောင်” ရှန်းယောင်က ပြုံးလိုက်ပြီး သူမ၏ လက်ကလေးကို အသာလေး တွန်းဖယ်လိုက်ကာ ညင်သာစွာ မေးလိုက်သည်၊ “မင်း အခုနတုန်းက ဘာကိုကြည့်နေတာလဲဟင်။”


“ရှင့်ကို ကြည့်နေတာလေ” ကျီကျောက်က မသိစိတ်က မှုန်ဝါးဝါး ပြန်ဖြေမိသည်၊ “ကျွန်မက ရှင့်ကိုမကြည့်ရင် ဘယ်သူ့ကိုကြည့်ရမှာလဲ။”


ရှန်းယောင်က စိတ်ကျေနပ်စွာ ပြုံးလိုက်မိကာ ရုတ်တရက် မတ်တပ်ထရပ်ပြီး သူမပါးပြင်အနားကို ကပ်လာခဲ့သည်။ သူ၏ တိုးသဲ့ပြီး အက်ရှသည့်အသံတွင် မရေရာတဲ့ အရိပ်အငွေ့များ ဖြည့်စွက်ထားသည်။


“ကိုယ်၊ ကိုယ်၊ ကိုယ်… ကိုယ် အရင်အလုပ်လုပ်လိုက်ဦးမယ်။”


သူ သူမကို ကျီစယ်သည့်အခိုက်အတန့်မှာ ကျီကျောက်တစ်ယောက် သူမ၏ နှလုံးသားလေး အပြင်သို့ ခုန်ထွက်သွားတော့မလို ခံစားလိုက်ရသည်။


သူမ၏ ထွက်ပြေးသွားသော နောက်ကျောလေးကို ကြည့်ပြီး ရှန်းယောင်၏ မျက်လုံးထဲရှိ အပြုံးရိပ်များ နက်ရှိုင်းသွားခဲ့သည်။


ဩဂုတ်လ ၁၅ ရက်၊ ဆောင်းဦးပွဲတော်။


နေဝင်ရီတရောအချိန်နီးကပ်လာသည်နှင့်အမျှ ကျောက်လန်ဟွာ၏ အော်ခေါ်သံကြောင့် လူတိုင်း ပင်မခန်းထဲ စုဝေးရောက်ရှိလာကြသည်။ ဆောင်းဦးပွဲတော်ကို မိသားစုတွေ တပျော်တပါး အတူတကွ ဆင်နွှဲခဲ့ကြသည်။


ကျောက်လန်ဟွာနှင့် ကျီကျောက်တို့သည် အရသာရှိသော အစားအသောက်များကို တစ်စားပွဲလုံးအပြည့် အတူတူ ပြင်ဆင်ထားကြသည်။


ထို့အပြင် ကျီကျောက်သည် ကဏန်းဂိမ်းဟင်းပွဲကို အထူးပြုလုပ်ထားပြီး မရီးနှစ်ယောက်ရှေ့တွင် ချပေးခဲ့သည်။


“ကဏန်းဂိမ်းတဲ့လား။ နာမည်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်နော်” အကြီးဆုံးမရီးရှန်းက ကဏန်းဂိမ်းဟင်းပွဲကို ကြည့်ကာ သိချင်စိတ်ပြင်းပြစွာ မေးခွန်းထုတ်သည်။ “ဒါပေမယ့် အာ့ထောင် ဒီဟင်းပွဲက အပြင်ဖက်က ကဏန်းကြီးနဲ့တူတယ်နော်။”


“ဒုတိယမရီး ကဏန်းစားချင်နေတာ ညီမသိတယ်လေ၊ ဒါကြောင့် ညီမ ဒီပုံစံမျိုး အထူးချက်ပေးထားတာ၊ အစ်မ ကြိုက်မယ်လို့ မျှော်လင့်ပါတယ်” ကျီကျောက်က နွေးထွေးသော အပြုံးဖြင့် ရှင်းပြပေးသည်။ ထို့နောက် သူမက အလေးအနက် အကြံပြုသည်၊ “ဒုတိယမရီး မြည်းကြည့်ချင်လား။”


ဒုတိယမရီးရှန်းသည် ကဏန်းနှင့်တူသော ဤဟင်းပွဲကို အထူး သိချင်မိသည်။ ဒုတိယမရီးရှန်းသည် သူမ၏ ထမင်းစားတူများကို စိတ်အားထက်သန်စွာ ကောက်ယူပြီး ကဏန်းသားတစ်ပိုင်းကို လှမ်းယူကာ ဂရုတစိုက် မြည်းစမ်းကြည့်သည်။


“ဒီဟင်းရဲ့ အထိအတွေ့က နူးညံ့ချောမွေ့တယ်၊ ကဏန်းအနံ့လို ဖျော့ဖျော့လေး ရတယ်” ဒုတိယမရီးရှန်း ကြက်သေ သေသွားခဲ့သည်၊ “အာ့ထောင် နင် ဒီဟင်းပွဲမှာ ကဏန်းထည့်ထားတာလား။”


“အဲ့အထဲ ကဏန်းမပါဘူး” ကျီကျောက်က ခပ်ဖွဖွ ပြုံးပြီး နူးညံ့သိမ်မွေ့စွာ ရှင်းပြသည်၊ “ကဏန်းဂိမ်းဟင်းပွဲက အထူးဟင်းပွဲဖြစ်ပြီး လိုအပ်တဲ့ အဓိက ပါဝင်ပစ္စည်းက အဝါရောင် ငါးပုတ်သင်ပဲ။”


“ဒီဟင်းပွဲကို တကယ်တော့ ငါးနဲ့လုပ်ထားတာလား” အကြီးဆုံးမရီးရှန်းသည်လည်း အံ့အားသင့်သွားခဲ့သည်။


“ဟုတ်တယ်” ကျီကျောက်က နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ခေါင်းညိတ်ပြသည်၊ “အစ်မတို့တွေ ကြိုက်တယ်ဆိုရင် ပိုစားနိုင်ပါတယ်။ ငါးများများစားတာက အစ်မတို့အတွက် ပိုအကျိုးရှိစေတယ်။”


“အာ့ထောင် ငါ အခု နင့်ကို အရမ်းလေးစားနေပြီ” ဒုတိယမရီးရှန်းက ကျီကျောက်ကို စိတ်ပါလက်ပါ ချီးကျူးမိသည်။ “နင်က ငါးအသားကို ကဏန်းအရသာရအောင် လုပ်နိုင်တာ အရမ်းအံ့ဩဖို့ကောင်းတယ်ဆိုတာ နင်သိလား။”


“တကယ်တော့ ဒီဟင်းက ချက်ရတာ သိပ်မခက်ပါဘူး” ကျီကျောက်က သူမလက်ထဲက ပန်းကန်နှင့် ထမင်းစားတူတွေကို အောက်ချကာ တိုးတိုးလေး ရှင်းပြပေးသည်၊ “အဝါရောင်ငါးပုတ်သင်ရဲ့ အသားက တကယ်တော့ လတ်ဆတ်ပြီး နူးညံ့တယ်။ ကြက်ဥနဲ့ တွဲစပ်လိုက်မယ်ဆိုရင် သူ့အသားက ကဏန်းအရသာနဲ့ ခပ်ဆင်ဆင် တူသွားရော။ အစ်မတို့တွေ ဒီဟင်းပွဲကို ကြိုက်တယ်ဆိုရင် နောက်ကျ မကြာခဏဆိုသလို ညီမ ချက်ပေးမယ်လေ။”


“အဲ့လို မလုပ်ပါနဲ့။”


အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့က တပြိုင်နက်တည်း ပြောလိုက်သည်။


“ဘာဖြစ်လို့လဲ” ကျီကျောက်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။


“ဘာဖြစ်လို့လဲဆိုတော့ ဈေးကြီးလို့လေ။”


“အဲ့လိုပဲ မဟုတ်လား။ အဝါရောင်ငါးပုတ်သင်တစ်ကောင်ဆို ဝက်ရိုး နှစ်ကတ်တီ သုံးကတ်တီလောက် ဝယ်လို့ ရတယ်လေ” အကြီးဆုံးမရီးရှန်းက အလျင်စလို ပြောလိုက်သည်၊ “တကယ်လို့ ငါတို့သာ ဒီလိုမျိုး နေ့တိုင်းစားနေရင် ဘယ်မိသားစုက တတ်နိုင်မှာလဲ။”


“အကြီးဆုံးမရီး၊ ဒုတိယမရီး အနာဂတ်မှာ ညီမ ငွေအများကြီးရှာနိုင်တဲ့အခါကျရင် အစ်မတို့အတွက် ဝယ်ပေးမယ်၊ အစ်မတို့ အဝါရောင်ငါးပုတ်သင် နေ့တိုင်း စားနိုင်စေရမယ်။ အစ်မတို့ စိတ်ကြိုက်စားနိုင်တဲ့အထိ ညီမ ဖြည့်ဆည်းပေးမယ်။”


“ကောင်းပါပြီ၊ ဒါဆို အဲ့ဒီနေ့ကို ငါတို့ စောင့်နေပါ့မယ်။”


“ဟားဟား…”


တစ်မိသားစုလုံး ဖန်ခွက်ကို အတူတူမြှောက်ပြီး ပျော်ပျော်ရွှင်ရွှင် သောက်လိုက်ကြသည်။ ဒါပေါ့၊ ကျီကျောက်ကတော့ ခြွင်းချက်ပင်။ သူမရှေ့ကခွက်ကတော့ သကြားညိုရေနွေးခွက်လေး ဖြစ်နေခဲ့သည်။


သူမ၏ လျှာဖျားတွင် ချိုမြိန်မှု အရိပ်အမြွက် တစ်ခု ရှိနေပြီး သူမ၏ ရင်ဘတ် ဘယ်ဖက်ခြမ်းသို့ တိုက်ရိုက်ပျံ့နှံ့သွားသည်။

***