Ch 160
Viewers 13k

အခန်း (၁၆၀) – ကံကောင်းပေလို့


“အဲ့ဒါဆို မနေ့ညက တကယ်ဖြစ်ပျက်ခဲ့တာပေါ့ဟုတ်လား” ကျောက်လန်ဟွာက ပိုလို့တောင် ဇဝေဇဝါဖြစ်သွားခဲ့သည်။ “ဒါပေမယ့် အဲဒီလူရဲ့ ဒဏ်ရာက အရမ်းပြင်းထန်တယ်။ သူ ဘယ်လိုထွက်သွားတာလဲ။”


“အမေ အဲဒါကို ဆက်မစဉ်းစားနဲ့တော့၊ ဟုတ်ပြီလား” ကျီကျောက်က ခဏလောက် စဉ်းစားပြီး နောက်ဆုံးမှာ တိုးတိုးလေး ခွဲခြမ်းစိတ်ဖြာပြသည်။ “ပြီးတော့ အဲဒီလူရဲ့ နောက်ခံကို သမီးတို့ မသိဘူး။ ဖြစ်လာမယ့် အကျိုးဆက်တွေကို ထောက်ရှုပြီး သမီးတို့ မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်ကြရအောင်လား။”


“ကောင်းပြီ ငါ နင်ပြောတာ နားထောင်မယ်။”


သမီးယောက္ခမနှစ်ယောက်သား မြေကမ္ဘာဘုရားအား အမွှေးနံ့သာ ကပ်လှုပူဇော်ခဲ့ကြသည်။


ကျီကျောက် မျက်လုံးမှိတ်လိုက်သည့်အခိုက်အတန့်တွင် သူမ၏ လည်ပင်းမှ စူးရှနာကျင်သော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ၏ မျက်လုံးများ ထိတ်လန့်တကြား ပြူးကျယ်သွားကာ သူမ၏ မြင်ကွင်းထဲ အေးစက်နေသော ဓားကြီးတစ်ချောင်း၏ အလင်းနှင့် ဆုံတွေ့သွားခဲ့သည်။


ဓားကြီးကိုကိုင်ဆောင်ထားသူမှာ အရပ် ငါးပေ သုံးလက်မခန့်ရှိပြီး ဆူဖြိုးသည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်ဖွယ်ရာ အမာရွတ်တစ်ခု ရှိနေသည်။


သူ့နောက်ကျောတွင် ကြည်ညိုဖွယ်ရာ မြေကမ္ဘာဘုရား၏ ရုပ်တု ရှိသည်။


ပလ္လင်၏ နှစ်ဖက်စလုံးရှိ ဖယောင်းတိုင်များ၊ အမွှေးတိုင်များသည် မီးစာကုန်လုနီးပါးရှိနေသည်။


ကျီကျောက်သည် အကူအညီတောင်းဖို့လုပ်တဲ့အခါ အသံ လုံးဝ မထွက်နိုင်တော့သလို ခံစားလိုက်ရသည်။


“အာ့ထောင် ပြေး…” ထိုအခါမှသာ ကျီကျောက်သည် သူမယောက္ခမ၏ လက်မောင်းဟာ အဆိုပါရာဇဝတ်သားထံမှ ဓားထိုးခံလိုက်ရကြောင်း သိလိုက်ရသည်။


မြင်းခွာသံကဲ့သို့ ပြင်းထန်သော ဆူညံသံများ ပတ်ပတ်လည်တွင် ကြားနေရသည်။


မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြီး သူမရှေ့တွင် မီးညွှန့်မီးတောက်တွေ ပေါ်လာခဲ့သည်။ ဒဏ်ရာများ ဖုံးလွှမ်းနေသော ရှန်းယောင်သည် မီးလောင်နေသော‌ မြေကမ္ဘာဘုရားကျောင်းထဲသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။


“မဟုတ်ဘူး” ကျီကျောက်က စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး မကြာခင်မှာပင် ချွေးတွေ ရေစီးကျသလို ကျလာခဲ့သည်။


“အာ့ထောင်…” သူမ ဘေးမှာ ရှိနေတဲ့ ကျောက်လန်ဟွာက သူမကို စိုးရိမ်တကြီး ကူညီပေးခဲ့သည်၊ “အာ့ထောင်… မြန်မြန်နိုးလာခဲ့စမ်းပါအေ။”


“အမေ…” ခဏကြာတော့ ကျီကျောက်က သူ့မျက်လုံးတွေ ဖွင့်ပြီး အသံထွက်လာခဲ့သည်။


“ကောင်မလေး နင် မနေ့ညက ကောင်းကောင်း အနားမယူခဲ့ဘူးလား။ မြေကမ္ဘာဘုရားကို အမွှေးနံ့သာ ကပ်လှူပူဇော်ပြီးပြီးချင်း ဘာဖြစ်လို့ အိပ်ပျော်သွားတာလဲ” ကျောက်လန်ဟွာက သူမ၏ နဖူးလေးကို စမ်းပြီး ဆူပူနေချိန်တွင် ကျီကျောက်က မတ်တပ်ထပြီး မြေပြင်ပေါ် စတင်စူးစမ်းလေ့လာခဲ့သည်။


ကျီကျောက်သည် သူမ၏ ပတ်ဝန်းကျင်တစ်ဝိုက်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေခဲ့ပြီး နောက်ဆုံးတွင် ပလ္လင်တစ်ဖက်စီမှာ ရှိနေသည့် ဖယောင်းတိုင်များကို စိုက်ကြည့်လိုက်သည်။


ခုနက အိပ်မက်က ရိုးရှင်းတဲ့ အိပ်မက်တော့ မဟုတ်ဘူး။


မြေကမ္ဘာဘုရားထံမှ သတိပေးချက် ဖြစ်ရပေမည်။


ကျီကျောက်သည် အရာအားလုံးကို လျင်မြန်စွာ ကောက်ချနိုင်ခဲ့သည်။ သူမသည် မြေကမ္ဘာဘုရားရုပ်တုကို ချက်ချင်းဆိုသလို အပြေးသွားယူကာ သူမ၏ နောက်ကျောတွင် တင်ဆောင်ဖို့ သူမ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။


“အာ့ထောင်” ကျောက်လန်ဟွာက ဤမြင်ကွင်းကိုမြင်သောအခါ အံ့အားသင့်သွားခဲ့သည်၊ “နင် ဘာလုပ်နေတာလဲ။”


“အမေ သမီးကို ဘုရားကျောင်းအပြင်မှာ အရင်စောင့်နှင့်ပေး” ကျီကျောက်က စိတ်အားထက်သန်စွာ ပြောလိုက်သည်၊ “မြန်မြန်”


“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ အရမ်းစိတ်မပူပါနဲ့” ကျောက်လန်ဟွာက ကမန်းကတန်းပြန်ဖြေပြီး မြေကမ္ဘာဘုရားကျောင်းအပြင်ဖက်သို့ အမြန်ထွက်သွားခဲ့သည်။


“မြေကမ္ဘာဘုရား အရှင်ဘုရားရဲ့ သတိပေးချက်အတွက် ကျေးဇူးပါ။ မနက်ဖြန်ကျရင် အရှင်ဘုရားအတွက် ဘုရားကျောင်းကို တပည့်တော်မ သေချာပေါက် ပြန်ဆောက်ပေးပါ့မယ်” ကျီကျောက်က အလေးအနက် ကတိပေးလိုက်သည်။ ထို့နောက် သူမသည် ဖယောင်းတိုင် နှစ်တိုင်ကို ကောက်ယူပြီး ထောင့်စွန်းရှိ ကျူဖျာပေါ် ပစ်ချလိုက်သည်။


မီးက ချက်ချင်းဆိုသလို တောက်လောင်သွားခဲ့သည်။


ကျီကျောက်သည် အမြန်ပြေးထွက်သွားပြီး ကျောက်လန်ဟွာ၏ လက်မောင်းကို လှမ်းဆွဲပြီးပြီးချင်းမှာပင် ရှန်းမိသားစုအိမ်ခြံဝင်းရှိရာသို့ ဒုန်းစိုင်းပြေးလွှားသွားရင်း အကြိမ်ကြိမ် ခလုတ်တိုက်မိကာ အသက်ရှုရပ်မတတ် နာကျင်သွားတာကို ခံစားလိုက်ရသည်။


တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်…


သုံးကြိမ်ဆက်တိုက် လဲကျပြီးနောက် ကျီကျောက်သည် အလွန်တုန်လှုပ်သွားပြီး ကျောက်လန်ဟွာကို ချက်ချင်းဆွဲကာ ဦးတည်ချက်ပြောင်းခဲ့သည်။


ဒီတစ်ကြိမ်မှာတော့ သူမ လဲကျခြင်းမရှိခဲ့ပါဘူး။


ထပ်… ထပ်… ထပ်…


မြင်းခွာသံများဆက်တိုက်ထွက်ပေါ်လာသံကို ရုတ်တရက် ကြားလိုက်ရသည်။


တောင်အနောက်ဖက် ချုံပုတ်ထဲမှာ လဲလျောင်းနေတဲ့ ကျီကျောက်သည် သူမရှေ့က ပေါင်းပင်တွေကို ဂရုတစိုက် ဆွဲဖယ်ပြီး အဆိုပါ လူအုပ်စုကို လှမ်းကြည့်လိုက်သည်။


မြင်းစီးသမား လူအုပ်စု၏ ခေါင်းဆောင်သည် သူမ ခုနတုန်းက မြင်မက်ခဲ့သော မျက်နှာမှာ အမာရွတ်ရှိသည့် ရာဇဝတ်ကောင် ဖြစ်သည်။


“ဒီမှာ ဘာဖြစ်လို့ မီးလောင်နေရတာလဲ။”


“ဒါက အရမ်းတိုက်ဆိုင်လွန်းတယ်။”


“သူဌေး ဒီအနီးအနားမှာ ရွာတစ်ရွာရှိတယ်။ ကျွန်တော့် ဘာဖြစ်လို့ မလုပ်ရမှာလဲ…” ပါးစပ်ကြမ်းကြမ်း ပါးမောက်မောက်ရှိတဲ့ ယောကျာ်းတစ်ယောက်က တမင်တကာ သူ့လည်ပင်းကို ပိုင်းဖြတ်ဟန် လုပ်ပြလိုက်သည်။


ခေါင်းဆောင် ရာဇဝတ်သားက ခပ်တည်တည် မျက်နှာထားဖြင့် ငြင်းပယ်လိုက်သည်။ “ငါတို့ကို ဒုက္ခများမယ့်ကိစ္စတွေ မလုပ်နိုင်ဘူး။ ဆက်ပြီး လိုက်ဖမ်းဖို့ပဲ လုပ်ကြရအောင်။”


“ဟုတ်ကဲ့ပါ။”


ကျီကျောက်သည် ဝေးကွာသွားသော လူအုပ်စု၏ နောက်ကျောကိုကြည့်ပြီး စိတ်သက်သာရာရသွားခဲ့သည်။


မြေကမ္ဘာဘုရားကျောင်းမှာ မြင်မက်ခဲ့တဲ့ မြင်ကွင်းကိုပြန်တွေးပြီး ထိတ်လန့်နေတုန်းပါပဲ။


“အာ့ထောင်… နင့်မျက်နှာက ဘာဖြစ်လို့ အရမ်းနီနေတာလဲ။ နင် အဆင်ပြေရဲ့လား။”


“အမေ” ကျီကျောက်က မျက်လွှာချပြီး တိုးတိုးလေး ပြောလိုက်သည်။ “သမီးတို့ အခုပဲ လွတ်သွားကြပြီ။”


ဆယ့်တစ်နာရီဝန်းကျင်၊ ရှန်းမိသားစုအိမ်ခြံဝင်း။


ကျောက်လန်ဟွာနှင့် ရှန်းယောင်တို့သည် ကျီကျောက်၏ စကားကိုကြားပြီးနောက် အံ့အားသင့်သွားကြသည်။


အထူးသဖြင့် ကျောက်လန်ဟွာဖြစ်သည်။ သူမသည် အသက်သေဆုံးလုနီးပါးဖြစ်သွားခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒါက တကယ်ကြောက်ဖို့ကောင်းသည်။


“မကြောက်ပါနဲ့တော့” ရှန်းယောင်က အမြန်ငြိမ်သက်သွားပြီး ကျီကျောက်ရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးခဲ့သည်။ “အာ့ထောင် မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ မင်း မင်းကိုယ်တိုင်ကိုရော အမေ့ကိုပါ ကယ်တင်နိုင်ခဲ့တယ်။”


“ဒါက ကျွန်မ မဟုတ်ဘူး၊ မြေကမ္ဘာဘုရားပဲ” ကျီကျောက်သည် အင်မော်တယ်ရှစ်ပါးစားပွဲပေါ်တွင် တင်ထားသော မြေကမ္ဘာဘုရား၏ ရုပ်တုထံ အလျင်စလို အကြည့်ရောက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် အပြစ်ရှိစိတ်များ ကိန်းအောင်းနေခဲ့သည်။ “အခုနတုန်းက ဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့ မြေကမ္ဘာဘုရားကျောင်းကို မီးရှို့ရုံမှလွဲလို့ ကျွန်မမှာ အခြားရွေးချယ်စရာမရှိခဲ့ဘူး။ မြေကမ္ဘာဘုရား ကျွန်မကို အပြစ်မတင်ဖို့ပဲ မျှော်လင့်တယ်။”


“မြေကမ္ဘာဘုရားက မင်းကို အပြစ်မတင်ပါဘူး။ မဟုတ်ရင် သူက မင်းကို အန္တရာယ်ရှိနေတာကို ဘယ်သတိပေးပါ့မလဲ” ရှန်းယောင်က သူမကို အမြန်နှစ်သိမ့်ပေးသည်။ “ဒီကိစ္စက မယုံကြည်နိုင်စရာကောင်းပေမယ့် ကိုယ် မင်းကို ယုံတယ်။”


အကယ်၍ အာ့ထောင်သာ အစောပိုင်းတုန်းက ရှန်းတာ့ရှန်ကို ငါးဖမ်းသွားဖို့ မတားမြစ်ခဲ့ဘူးဆိုရင် သူက တစ်ခုခု ဖြစ်သွားနိုင်သည်…

 

“မနေ့ညက မြေကမ္ဘာဘုရားကျောင်းမှာ ပေါ်လာတဲ့လူက ဘယ်သူလဲ မသိဘူး။ သူက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတွေကို ဘယ်လို ဆွဲဆောင်နိုင်ခဲ့တာလဲ” ကျီကျောက်က လက်ပေါ် မေးစေ့ထောက်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


“ဒါက အရေးမကြီးတော့ဘူး” ရှန်းယောင်က သူတို့ကို ခပ်မြန်မြန် နှစ်သိမ့်ပေးသည်။ “ကံကောင်းထောက်မလို့ အမေတို့တွေ ဒီတစ်ကြိမ် ဘေးကင်းခဲ့တယ်။”


“ဟုတ်တယ်၊ ကံကောင်းထောက်မလို့ပဲ။”


ရှန်းယောင်သည် ဒါကိုတွေးပြီး မီးဖိုချောင်ထဲသို့ဝင်ကာ သူတို့အတွက် စွပ်ပြုတ် နှစ်ပန်းကန် ချက်ကျွေးခဲ့သည်။


ကျောက်လန်ဟွာနှင့် ကျီကျောက်တို့သည် ပန်းကန်လုံး တစ်လုံးစီ သောက်လိုက်ကြသည်။


...


“အမေ အာ့ထောင် နေ့လည်စာစားပြီးရင် အခန်းကိုပြန်ပြီး တစ်ရေးလောက် ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူလိုက်ကြပါ” ရှန်းယောင်က သိမ်မွေ့စွာ ညွှန်ကြားသည်၊ “မနက်ဖြန်မနက်ကျရင် ခရိုင်မြို့က ဆိုင်အသစ်ကို တစ်ချက် သွားကြည့်ရအောင်၊ ဟုတ်ပြီလား။”


“ဟုတ်ပါပြီ။”


ကျီကျောက်၏ ထိတ်လန့်ဖွယ် အတွေ့အကြုံကြောင့် ရှန်းယောင်နှင့် ဒုတိယမရီးရှန်းတို့က နေ့လည်စာတာဝန်ကို ပိုင်းခြားတာဝန်ယူခဲ့သည်။


ရိုးရှင်းသော ဟင်းသုံးပွဲနှင့် စွပ်ပြုတ် တစ်မျိုးတို့ဖြင့် တစ်မိသားစုလုံး စိတ်ကျေနပ်သွားကြသည်။


နေ့လည်ခင်းနေရောင်က အရမ်းနွေးထွေးပေမယ့် အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့ ကျီကျောက်ကတော့ လုံးဝ အိပ်မပျော်သေးပါဘူး။


သူမသည် ယခင်မြင်မက်ခဲ့တဲ့ အိပ်မက်ထဲမှာ နစ်မြုပ်နေဆဲဖြစ်သည်။


အိပ်မက်ထဲက အကြောင်းအရာတွေအတိုင်းသာဖြစ်ပျက်ခဲ့မယ်ဆိုရင် သူမတို့သမီးယောက္ခမ နှစ်ယောက်စလုံး မြေကမ္ဘာဘုရားကျောင်းမှာ အသတ်ခံရလိမ့်မည်။


ဒေါက် ဒေါက် ဒေါက်…


သူမ၏ အတွေးတွေ အရိုင်းဆန်စွာ ပြေးလွှားနေချိန်တွင် ရှန်းယောင်က တံခါးခေါက်လာခဲ့သည်။


“အာ့ထောင်…”


“တံခါးဖွင့်ထားတယ်။”


...


ရှန်းယောင်က သူမဆီ လှမ်းလာပြီး ဘာတစ်ခွန်းမှ မပြောဘဲ သူမ၏ နဖူးလေးကို အရင်စမ်းကြည့်လိုက်သည်။


ကံကောင်းထောက်မလို့ အဖျားလက္ခဏာမရှိပေ။


“မင်း ဒီနေ့ ကြောက်နေခဲ့လား” သူမရဲ့ မျက်လုံးထဲမှာ အကြောက်တရားတွေ ရောယှက်နေတာကို မြင်လိုက်ရတော့ ရှန်းယောင်က သူမဘေးမှာ ဝင်ထိုင်ပြီး တိုးတိုးလေး မေးလိုက်သည်။


“အင်း” ကျီကျောက်က ရိုးရိုးသားသား ခေါင်းညိတ်ပြသည်။ “မြေကမ္ဘာဘုရားသာ ကျွန်မတို့ ကြင်ကြင်နာနာ သတိမပေးခဲ့ဘူးဆိုရင် အမေနဲ့ ကျွန်မ သွားနှင့်ရမှာကို ကြောက်မိတယ်…”


“အရမ်းမတွေးနေနဲ့တော့” ရှန်းယောင်က သူမကို သူ့ရင်ခွင်ထဲ အမြန်ဆွဲသွင်းလိုက်သည်။ သူ့ရဲ့ သန်မာတဲ့ လက်ဖဝါးကို သူမရဲ့ ပျော့ပျောင်းနူးညံ့သော အနက်ရောင်ဆံပင်တွေကို အသာလေးပွတ်သပ်ပေးကာ သူ့လေသံမှာ နူးညံ့မှုအပြည့်ရှိသည်။ “အဆင်ပြေသွားပြီမို့ ဒါကို ဆက်မစဉ်းစားနဲ့တော့။”


“ကောင်းပြီ” ကျီကျောက်သည် သူ့ရင်ခွင်ထဲမှာ လဲလျောင်းနေပြီး သူ၏ တည်ငြိမ်ပြီး ပြင်းထန်သော နှလုံးခုန်သံကို နားထောင်နေခဲ့ကာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ခဏအကြာတွင် သူမ လုံးဝ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကမ္ဘာဘုရားကျောင်းမီးလောင်မှုသည် အခြားနေရာများသို့ မကူးစက်ခဲ့ပေ။


သို့သော် ရှန်းယောင် အမြန်ပြေးလာသောအခါ ယခင်မြေကမ္ဘာဘုရားကျောင်းသည် အပျက်အစီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


“ငါ မင်းကို ကယ်တင်ခဲ့တယ်၊ ဒါပေမယ့် မင်းက သတ္တိနည်းသူ တစ်ယောက် ဖြစ်လာဖို့ စိတ်ကူးနေတာလား။” ရှန်းယောင်က အနောက်ဘက်မှ ထွက်လာသော အသံကို ကြားတော့ ပြုံးရယ်ကာ မေးလိုက်သည်။