Ch 145
Viewers 13k

အခန်း (၁၄၅) – ကျေးဇူးပြုပြီး လမ်းဖယ်ပေးလို့ရမလား

 

အိမ်တော်ထိန်းမား၏ ခွင့်ပြုချက်အရ ကျီကျောက်သည် မီးဖိုချောင်ထဲမှ အဝတ်အိတ်ဟောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ သူမသည် ပင်လုံးကြိုင်ပန်းအနည်းငယ်ကို ကောက်ယူသွားပြီး အခြောက်ခံထားဖို့ ရည်ရွယ်ခဲ့သည်။

 

ပင်လုံးကြိုင်ပန်းခြောက်ကို အစာသွပ်မုန့်ပြုလုပ်ရာတွင် အသုံးပြုလို့ရရုံသာမက အမွှေးအိတ်ပြုလုပ်ရာတွင်လည်း အသုံးပြုလို့ရသည်။

 

နောက်ဆုံးတော့ သူမနှင့် ရှန်းယောင်တို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေကို ထုတ်ဖော်ခဲ့ကြပြီးပြီ။ ထို့အပြင် ရှန်းယောင်ဟာ အရင်က သူမကို လက်ဆောင်များစွာ ပေးခဲ့ဖူးသည်။

 

ရှန်းယောင်အကြောင်းကိုတွေးရင်း ကျီကျောက်သည် သူမ၏ ဆံထုံးပေါ်မှ ဆံထိုးကို မသိစိတ်က လှမ်းကိုင်မိကာ သူမစိတ်ထဲ ချိုမြိန်မှု အရိပ်အယောင်လေး တစ်ခု ခံစားလိုက်ရသည်။

 

ကျီကျောက်သည် ရှန်းယောင်အတွက် ပင်လုံးကြိုင်အမွှေးအိတ်လေး ပြုလုပ်ဖို့ စီစဉ်ထားခဲ့သည်။

 

မီးဖိုချောင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ကျီကျောက်သည် အိမ်နောက်ဖေးရှိ ပင်လုံးကြိုင်ပန်းပင်ဆီသို့ လျှောက်သွားခဲ့ပါသည်။

 

လေပြင်းအဝေ့တွင် ရွှေရောင်ပင်လုံးကြိုင်ပန်းပွင့်များ မြေပြင်အနှံ့ ပျံ့နှံ့သွားပုံမှာ အလွန်လှပသည်။

 

ကျီကျောက်သည် မြေပြင်ပေါ်တွင် ငုတ်တုပ်ထိုင်ပြီး ပင်လုံးကြိုင်ပန်းများကို ဂရုတစိုက် ကောက်ယူလိုက်သည်။

 

ခဏကြာတော့ ပင်လုံးကြိုင်ပန်းပွင့်များ အဝတ်အိတ်ထဲ ပြည့်သွားခဲ့သည်။

 

သူမ စိတ်ကျေနပ်စွာ လှည့်ပြီး ထွက်သွားခါနီးတွင် အညိုဖျော့ရောင် ပုံရိပ် တစ်ခု ရုတ်တရက် သူမရှေ့ ပေါ်ထွက်လာခဲ့သည်။

 

“မင်းက အိမ်တော်ထဲ ဝင်လာတဲ့ အိမ်အကူအသစ်လား” အဆိုပါလူငယ်ဆီကနေ အရက်နံ့ရသည်။ သူ့ရုပ်ဆင်းသွင်ပြင်က တြိဂံမျက်လုံး၊ နှာခေါင်းပြားပြား၊ ပါးစပ်ပြဲပြဲ ရှိ၏။

 

အရက်နံ့က သူမ၏ မျက်နှာအနားသို့ပင် ပျံ့လွင့်လာသဖြင့် ကျီကျောက်တစ်ယောက် အန်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။

 

ကျီကျောက်သည် ရွံ့ရှာစွာ မျက်မှောင်ကြုတ်ပြီး သူမ၏ ပါးစပ်နှင့် နှာခေါင်းတို့ကို ဖုံးအုပ်လိုက်သည်။

 

“ကျွန်မက အိမ်တော်ထဲက အိမ်အကူ မဟုတ်ဘူး။ ကျွန်မ အခု ထွက်သွားတော့မလို့။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးလို့ရမလား။”

 

“အိမ်အကူ မဟုတ်ဘူးလား” လူငယ်၏ အသံက ပိုလို့ပင် မောက်မာလာခဲ့သည်။ “သွားရအောင်၊ ငါ့ကို ကောင်းကောင်းပြုစုပေး။ ငါ မင်းကို ပိုပြီး သက်တောင့်သက်သာရှိအောင် သေချာပေါက် ပြုလုပ်ပေးမယ်။”

 

ကျီကျောက်သည် နှာခေါင်းရှုံ့ပြီး သူမ၏ ဒူးကို မညှာမတာ ကွေးညွှတ်လိုက်သည်။

 

အား…

 

မာနကြီးသောလူငယ်သည် အသတ်ခံရခါနီး ဝက်တစ်ကောင်ကဲ့သို့ ရုတ်တရက် အော်ဟစ်လိုက်သည်။

 

“မိန်းကလေးကျီ” ကျီကျောက် ထွက်ခွာခါနီးတွင် ရင်းနှီးကျွမ်းဝင်သော ရုပ်ပုံ တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

 

“သခင်လေးချင်လား။”

 

“ခွေးလို အိမ်အကူမ၊ မင်း ဒီသခင်လေးကို ဘယ်လိုတိုက်ခိုက်ဝံ့တာလဲ” မာထျန်းရှန့်သည် သူ့ယောကျာ်းဂုဏ်ရည်ကို အကန်ခံခဲ့ရသဖြင့် အရမ်းဒေါသထွက်သွားခဲ့သည်။ သူက သူ့ဒဏ်ရာကို လက်ဖြင့် အုပ်ပြီး ကျီကျောက်ရှေ့ ခုန်ထွက်လာခဲ့သည်၊ “မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ။ တစ်ယောက်ယောက် လာခဲ့စမ်း၊ ဒီသူခိုးကို ငါ့အတွက် ဖမ်းပေး။”

 

“သခင်လေးမား နားလည်မှုလွဲနေတာဖြစ်မယ်” ချင်မင်ဟုန်က သူ့နောက်ကျောမှာ မသိစိတ်က ကာကွယ်ထားပြီး ခပ်ပြုံးပြုံး ရှင်းပြခဲ့သည်၊ “ဒီမိန်းကလေးက မင်းအိမ်တော်က အိမ်အကူ မဟုတ်ပါဘူး။ သူမက ကျွန်တော့်သူငယ်ချင်းပါ။ အခု သူမက သခင်လေး ဘယ်သူဘယ်ဝါဆိုတာကို မသိဘဲ သခင်လေးကို တဏှာရူးတစ်ယောက်လို့ အထင်လွဲသွားတာပါ။ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်။”

 

“မင်းသူငယ်ချင်းလား” မာထျန်းရှန့်က သံသယအကြည့်တွေဖြင့် သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်၊ “သခင်လေးချင်၊ ဒါက မင်းရဲ့ ချစ်သူလား။”

 

“အကြီးဆုံးသခင်လေး ကျေးဇူးပြုပြီး သနားညှာတာမှု ပြသပေးပါဦး။ ဒီမိန်းကလေးက ကျွန်တော့် သူငယ်ချင်းပါ” ချင်မင်ဟုန်၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူ့အသံက တဖြည်းဖြည်း တင်းမာလာခဲ့သည်။

 

မာထျန်းရှန့်သည် စည်းမဲ့ကမ်းမဲ့နိုင်သော သားတစ်ယောက် ဖြစ်သော်လည်း အရူး မဟုတ်ပေ။ သူ့ဖခင် ခရိုင်တရားသူကြီးမင်းမားကပင် ချင်မိသားစုကို အမြဲတမ်း လေးလေးစားစား ဆက်ဆံကြောင်းကို သူသိသည်။

 

တစ်နည်းဆိုရသော် သူသည် ချင်မိသားစုကို စော်ကားဖို့ မတတ်နိုင်ပေ။

 

ဒါကြောင့် သူက ဒီနေ့လို အရှုံးမျိုးကို သေချာပေါက် လက်ခံရလိမ့်မည်။

 

“နောင်မှာ သခင်လေးချင်က မင်းကို မလိုချင်တော့ဘူးဆိုရင် ငါ့ကို လာရှာလှည့်” မာထျန်းရှန့်က မထွက်ခွာမီ ကျီကျောက်ကို ကလူကျီစယ်သလို မျက်စပစ်သွားဖို့ကိုလည်း မမေ့ခဲ့ဘူး။ သူက သူ့ကိုယ်သူ အရမ်းကြည့်ကောင်းနေသည်ဟုထင်နေပေမယ့် တကယ်တမ်းတော့ အလွန်ရွံဖို့ကောင်းသည်။

 

ကျီကျောက်သည် သည်းမခံနိုင်ဘဲ နောက်သို့ ခြေနှစ်လှမ်းပင် ပြန်ဆုတ်လိုက်ရသည်။

 

“မင်း ဒီလိုမျက်နှာသာပေးမှုမျိုးကို ဘယ်လိုလက်ခံရမှန်း မသိဘူးပဲ” မာထျန်းရှန့်က သူ့မျက်လုံးတွေကို မှေးကျဉ်းပြီး သူမကို အေးစက်စွာ ကြည့်ပြီးနောက် ဒေါသတကြီး လှည့်ထွက်သွားခဲ့သည်။

 

“မိန်းကလေးကျီ မင်း အဆင်ပြေရဲ့လား” ချင်မင်ဟုန်က လက်ကိုင်ပဝါကို ချက်ချင်းထုတ်ပြီး သူမကို ပေးလိုက်သည်။

 

ကျီကျောက်က သူ့ကို လက်ဝှေ့ယမ်းပြီး ငြင်းပယ်လိုက်သည်၊ “ကျွန်မ အဆင်ပြေပါတယ်။”

 

“အခုဖြစ်ခဲ့သမျှအတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်” ကျီကျောက်က သူ့ကို ရိုးသားစွာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်၊ “ကျွန်မ ရှင့်ကို ကျေးဇူးကြွေးတစ်ခု တင်သွားတယ်လို့ မှတ်လိုက်ပါ။ နောင်အခါအခွင့်ကြုံရင် ကျွန်မဆီက အကူအညီလိုရင် အားမနာဘဲ ပြောလိုက်ပါ။”

 

တကယ်တော့ ကျီကျောက်သည် ချင်မင်ဟုန်ကသာ သူမကို ခုနတုန်းက မကူညီဖူးဆိုရင် ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူးဆိုတာကို သူမ ကောင်းကောင်းသိသည်။

 

“ဒါဆို မိန်းကလေးကျီ ကျွန်တော့်ကို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးနိုင်မလား။”