အခန်း
(၁၃၈) – ဒါကို လက်မခံနိုင်ဘူး
“ဒါပေမယ့်
ကျွန်မ ဒါကို လက်မခံနိုင်ဘူး” ဒီအခိုက်အတန့်မှာ ကျီကျောက်တစ်ယောက် မူးဝေနေသလို ခံစားလိုက်ရသည်။
“ဒါက
မင်းကံကောင်းလို့ပဲ။ ဒီနေ့ စာအုပ်ဆိုင်ကို ရောက်လာတဲ့ နှစ်ဆယ့်ခြောက်ယောက်မြောက် ဧည့်သည်က
မင်း မဟုတ်ဘဲ တခြားတစ်ယောက်ဆိုရင်တောင်မှ ဒီဆုလာဘ်ကို ရရှိမှာပါ” စာအုပ်ဆိုင်မှ အလုပ်သမားလေးက
ခပ်ပြုံးပြုံးဖြင့် အကြံပေးခဲ့သည်၊ “မင်း ဒါတွေကို လက်သင့်ခံလို့ရပါတယ်။”
ဝမ်လီစာအုပ်ဆိုင်မှ
ထွက်လာသည့်အချိန်အထိ ကျီကျောက်တစ်ယောက် အနည်းငယ် အသိစိတ်လွတ်နေပြီး မူးဝေနေသေးသည်။
“ရှန်းယောင်
ကျွန်မတို့ ငွေတွေကို လက်ခံလို့ ဖြစ်ပါ့မလား” ကျီကျောက်သည် အနည်းငယ် တုံ့ဆိုင်းနေသည်၊
“ကျွန်မတို့ ဒီငွေတွေကို ဘာဖြစ်လို့ ပြန်မပေးတာလဲ။”
“မလိုဘူး”
ရှန်းယောင်က ပြုံးပြီး ခေါင်းခါသည်၊ “ဝမ်လီစာအုပ်ဆိုင်ရဲ့ နောက်ကွယ်က သူဌေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။
သူ့စိတ်ကူးတွေက အမြဲတမ်း ထူးခြားပြီး မှန်းဆလို့မရဘူး။ သူ့အကြောင်းကို မင်းမသိဘူး၊
ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ဝမ်လီစာအုပ်ဆိုင်ကနေ ဈေးဝယ်သူတစ်ယောက် ဈေးဝယ်ဖို့
ရောက်လာခဲ့ပေမယ့် သူက ခွေးမောင်းသလို မောင်းထုတ်ခံခဲ့ရတယ်။”
“ဘာဖြစ်လို့လဲ။”
“ဘာဖြစ်လို့လဲဆိုတော့
အဲဒီနေ့က စာအုပ်ဆိုင်သူဌေးက သူ့စိတ်အခြေအနေမကောင်းတာနဲ့ ဈေးဝယ်သူကို ဧည့်ခံချင်စိတ်မရှိလို့လေ။”
“…”
ကျီကျောက်တစ်ယောက်
ပြောစရာ စကား လုံးဝ ပျောက်ရှသွားခဲ့သည်။
“ဝမ်လီစာအုပ်ဆိုင်ရဲ့
နောက်ကွယ်ကလူက ဒီလို စိတ်ထားမျိုး ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူ အတိုင်ခံရမှာကို
မကြောက်ဘူးလား” ကျီကျောက်က စပ်စပ်စုစု မေးလိုက်သည်။
“အာ့ထောင်
ညဈေး စတော့မယ်။ မင်း ဘာချက်ဖို့တွေးထားလဲ။” ရှန်းယောင်က ပြုံးပြီး စကားခေါင်းစဉ်ကို
ပြောင်းလိုက်သည်။
“ကျွန်မ
စဉ်းစားပြီးပြီ” အချက်အပြုတ်နှင့် သက်ဆိုင်တဲ့ အကြောင်းအရာကို ရောက်တာနဲ့ ကျီကျောက်တစ်ယောက်
အားရပါးရပြောလာခဲ့သည်၊ “ကျွန်မ ဝက်ချိုချဉ်ချက်ဖို့ စီစဉ်ထားတယ်၊ နောက်ထပ် ချဉ်စပ်ဟင်းလျာတစ်မျိုးရယ်၊
ပြီးတော့ မာဖိုတို့ဟူးနဲ့ နောက်ဆုံးတစ်မျိုးက ပုစွန်ပင်လယ်ရေညှိဟင်းချိုပဲ။ ဟင်းလျာသုံးမျိုးနဲ့
စွပ်ပြုတ်တစ်ခွက်။ ဒီလောက်ဆို ကျွန်မတို့အတွက် လုံလောက်ပါပြီလေ။”
“ဒါဆို
ကိုယ်တို့ မြန်မြန်သွားရအောင်။ ကိုယ်တို့ စောစောရောက်သွားရင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေပါ
ဝယ်နိုင်လိမ့်မယ်။”
“ကောင်းပြီ”
ရှစ်နာရီ
ဆယ့်ငါးမိနစ်အချိန်လောက်တွင် ရှန်းယောင်က ကျီကျောက်ကို ကူညီပြီး ဟင်းလျာသုံးမျိုးနှင့်
ဟင်းချိုတစ်ခွက်တို့ကို စားပွဲပေါ် နေရာကူချပေးခဲ့သည်။
ကျီကျောက်သည်
အထူးပြုလုပ်ထားသော ကြက်သွန်မြိတ်ကြက်ဥပေါင်းကို အကြီးဆုံးမရီးရှန်းရှေ့မှာ နေရာချထားပေးခဲ့သည်။
“အကြီးဆုံးမရီး
ညီမ ချက်ထားတဲ့ ကြက်ဥပေါင်းက အစ်မရဲ့ ခံတွင်းနဲ့ ကိုက် မကိုက် မြည်းကြည့်ပါဦး။”
“အရမ်းမွှေးတာပဲ”
အကြီးဆုံးမရီးရှန်းက ရက်ရက်ရောရော ချီးကျူးခဲ့သည်၊ “ဒီအနံ့လေးနဲ့တင် လူတွေကို သွားရည်ယိုစေနိုင်တယ်။
အရသာက ပိုကောင်းလိမ့်မယ်။”
“အစ်မ၊
အစ်မအာ့ထောင်က ညီမလေးကို ကြက်ဥပေါင်းလုပ်နည်း သင်ပေးထားပြီးပြီ။ နောင် အစ်မ ကြက်ဥပေါင်း
စားချင်တဲ့ အချိန်တိုင်း ညီမ အစ်မကြီးအတွက် ချက်ပေးမယ်” ဖုန့်ချွင်းယန်က ကမန်းကတန်း
ပြောလိုက်သည်။
“ကောင်းပြီ”
အကြီးဆုံးမရီးရှန်းက သူမ၏ မျက်ဝန်းတွေ ပျော်ရွှင်စွာ ကွေးညွှတ်သွားပြီး ပြုံးရယ်လိုက်သည်။
ခဏကြာတော့
စားပွဲပေါ်ရှိ ဟင်းလျာ အကုန်လုံး အစအနမရှိ ကုန်စင်သွားခဲ့သည်။
“ဒါက
ထူးဆန်းတယ်။ ပါဝင်ပစ္စည်းတွေက အတူတူပဲ၊ ဒါပေမယ့် အာ့ထောင် ချက်ပြုတ်တဲ့ ဟင်းလျာတွေကျ
စားသောက်ဆိုင်က ဟင်းလျာတွေထက်အောင် အရသာပိုရှိတယ်” အကြီးဆုံးအစ်ကိုရှန်းက စိတ်ပါလက်ပါ
ချီးကျူးလိုက်သည်၊ “အာ့ထောင် နင်က တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။”
“အစ်ကိုကြီး၊
အကြီးဆုံးမရီး၊ ညီမကို ချီးကျူးနေတာ ရပ်ပါတော့” ကျီကျောက်သည် သိမ်မွေ့သည့် အပြုံးဖြင့်
သူမ၏ မျက်နှာကို ဖုံးအုပ်ဖို့ သူမ၏ လက်ကို တိတ်တဆိတ် ပင့်မလိုက်သည်၊ “ညီမ ရှက်နေပြီ။”
ဟားဟား…
ဟားဟား…
ပျော်ရွှင်ကြည်နူးစရာကောင်းသော
ရယ်မောသံများက ခြံဝင်းထဲ လွင့်ပျံသွားပြီး လေထုသည် အလွန်လိုက်ဖက်ညီလှသည်။
“စန်းလန်၊
အာ့ထောင် နင်တို့တွေ ဒီည ငါတို့အိမ်မှာပဲ တစ်ည အိပ်သွားမှာလား။”
“မအိပ်ဘူး
အစ်ကိုကြီး” ရှန်းယောင်က ပြုံးပြီး ငြင်းပယ်လိုက်သည်၊ “လက်ထောက်ဆိုင်ရှင်ယို့က ကျွန်တော်တို့အတွက်
ကြိုပြီး စီစဉ်ပေးထားတယ်၊ ဒါကြောင့် အာ့ထောင်နဲ့ ကျွန်တော်တို့ စားသောက်ဆိုင်မှာပဲ
အချိန်တစ်ခုအကြာနေထိုင်ရလိမ့်မယ်။ အစ်ကိုကြီးတို့ စိတ်မပူပါနဲ့။”
“ကောင်းပြီ”
အကြီးဆုံးအစ်ကိုရှန်းက ခေါင်းညိတ်လိုက်သည်၊ “စန်းလန် ငါ့ဆီက အကူအညီလိုရင် အချိန်မရွေး
ငါ့ကို လာရှာလှည့်။”
“ဟုတ်ကဲ့ပါ။”
ည ကိုးနာရီအချိန်၊
ဆန်းသစ်စ လခြမ်းလေးသည် သစ်ပင်ထိပ်ဖျားထက် ချိတ်ဆွဲကာ တိတ်ဆိတ်နေသော ကမ္ဘာမြေကြီးပေါ်
အလင်းပေးနေခဲ့သည်။
ရှန်းယောင်သည်
ကျီကျောက်၏ လက်ကို ဆုပ်ကိုင်ပြီး လရောင်အောက်တွင် စားသောက်ဆိုင်ဆီသို့ အတူတူ လျှောက်လှမ်းရင်း
ပြန်လာခဲ့ကြသည်။
“ကျွန်မတို့အတွက်
နောက်ထပ် စောင်တစ်ထည်လောက် ယူလာပေးဖို့ စားပွဲထိုးကို ခိုင်းရမလားဟင်” ကျီကျောက်သည်
ကုတင်ပေါ်တွင် နာခံမှုရှိစွာ ထိုင်နေသော ရှန်းယောင်ကို ကြည့်ပြီး ဘယ်သူက ကုတင်ပေါ်
အိပ်မလဲ၊ ကြမ်းပေါ် ဆင်းအိပ်မလဲ ဟု ပြောဖို့ကို ရုတ်တရက် အားနာသွားသလို ခံစားလိုက်ရသည်။