Ch 135
Viewers 12k

အခန်း (၁၃၅) - ဒါက… သိသာလွန်းတယ် မဟုတ်လား

 

ရှန်းကျီးအစာသွပ်မုန့်ဆိုင်။

 

အကြီးဆုံးအစ်ကိုရှန်းသည် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူ့ဇနီးသည်ကိုကြည့်ကာ “တုန်းမိန် မင်း စားချင်သေးလား” ဟု အသံတိုးတိုးဖြင့် မေးလိုက်သည်။

 

“အင်း” အကြီးဆုံးမရီးရှန်းက သူမလက်ထဲက ပန်းကန်လွတ်ကို သူ့လက်ထဲ လျင်မြန်စွာ ထည့်ပေးလိုက်သည်၊ “တာ့လန် ရှင် ကျွန်မကို နောက်ထပ် ဝမ်တန် တစ်ပန်းကန်လောက် ခပ်ပေးပါဦး။”

 

“ဒါပေမယ့် မင်း အခု သုံးပန်ကန်တောင် စားပြီးပြီနော်” အကြီးဆုံးအစ်ကိုရှန်းက စိုးရိမ်တကြီး ပြောလိုက်သည်၊ “မင်း အရင်ဆုံး စားသောက်နေတာ ခဏရပ်လိုက်ဦး။ မင်း ဗိုက်ပြည့်အင့်နေမှာကို ကိုယ် စိုးရိမ်တယ်။”

 

“ရှင် ကျွန်မ အရမ်းစားလို့ ငြိုငြင်နေတာမလား” အကြီးဆုံးမရီးရှန်းက စားပွဲပေါ် လက်တင်ပြီး လက်ပေါ် မေးစေ့ထောက်ကာ သူ့ကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်လိုက်သည်။ သူမကို ကြည့်ရတာ နောက်တစ်စက္ကန့်အတွင်းမှာ ငိုတော့မယ့်ပုံလေးနဲ့ ဒေါသထွက်နေပုံရသည်။

 

“တုန်းမိန် ကျေးဇူးပြုပြီး မငိုပါနဲ့ဦးကွာ။ ကိုယ်က အဲ့လို ဆိုလိုချင်တာ မဟုတ်ပါဘူး” အကြီးဆုံးအစ်ကိုရှန်းက သူမဘေးနား အလျင်စလို ကပ်သွားခဲ့သည်။ သူက သူမရဲ့ မျက်ရည်တွေကို သုတ်ဖယ်ပေးရင်း ရှင်းပြလိုက်သည်၊ “ကိုယ် မင်း အရမ်းစားတာကို ဘာဖြစ်လို့ မကြိုက်ရမှာလဲ။ ကိုယ်က မင်း အစားလွန်မှာကို စိုးရိမ်တာပါ။ မငိုပါနဲ့။ ကိုယ် မင်းအတွက် ဝမ်တန်တွေ သွားထည့်ပေးမယ် ဟုတ်ပြီလား။ မင်း ဘယ်လောက်ပဲ စားချင် စားချင် ကိုယ် ကျွေးပါ့မယ်ကွာ။”

 

“များများ စားချင်တယ်” အကြီးဆုံးမရီးရှန်းတစ်ယောက် နောက်ဆုံးတော့ အငိုရပ်သွားခဲ့သည်၊ “အနည်းဆုံးတော့ ရှင့်မှာ ကိုယ်ချင်းစာစိတ် ရှိသေးတာပဲ။”

 

ဆိုင်တံခါးကနေ ဝင်လာတဲ့ ကျီကျောက်သည် သူ့ဘေးနားရှိ ရှန်းယောင်ကို မသိစိတ်ကနေ လှမ်းကြည့်ကာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြသည်။

 

“တတိယညီလေး၊ တတိယခယ်မလေး” အကြီးဆုံးအစ်ကိုရှန်းက သူတို့ကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်၊ “မင်းတို့ရောက်လာတာ ကောင်းတယ်။”

 

“အကြီးဆုံးအစ်ကို၊ အကြီးဆုံးမရီး” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး အကြီးဆုံးမရီးထံ လျှောက်သွားခဲ့သည်၊ “အကြီးဆုံးမရီး အခုတလော နေလို့ထိုင်လို့ ကောင်းရဲ့လား။ စားချင်စိတ်ရော ဘယ်လိုနေလဲ။ အမေနဲ့ ဒုတိယမရီးက အစ်မကို အရမ်းလွမ်းနေကြတယ်။”

 

“ငါ အဆင်ပြေပါတယ်” အကြီးဆုံးမရီးရှန်းက သူမကို အပြုံးနှင့် ကြိုဆိုနှုတ်ဆက်သည်၊ “အာ့ထောင် ဒီကိုလာပြီး ထိုင်ပါဦး။ ငါတို့တွေ စကားပြောကြရအောင်။”

 

“ဒါပေါ့။”

 

ရှန်းယောင်က ကျီကျောက်၏ လက်ကို လွှတ်ပေးလိုက်ပြီး အကြီးဆုံးအစ်ကိုရှန်းနောက် လိုက်သွားခဲ့သည်။

 

“အကြီးဆုံးမရီး၊ ရှန်းယောင်နဲ့ ညီမတို့ အခုလေးတင် အထည်ဆိုင်ကို ဝင်လာခဲ့တာ။ ညီမတို့ အစ်မဗိုက်ထဲက ကလေးလေးအတွက် နူးညံ့တဲ့ အထည်တချို့ အထူးတလည် ဝယ်ယူလာခဲ့တယ်။ အစ်မ ကြိုက်ရဲ့လား။”

 

“ဒါက အရမ်းလှတာပဲ” အကြီးဆုံးမရီးရှန်းက နူးညံ့တဲ့ အပြာနုရောင် အထည်စလေးကို သဘောကျစွာ အမြတ်တနိုး ထိတွေ့ကိုင်တွယ်လိုက်သည်။ “ဒီအထည်စက တကယ့်ကို နူးညံ့ပျော့ပျောင်းလွန်းတယ်။ ဒါက အရမ်းဈေးကြီးမှာပဲ၊ ဟုတ်တယ်မလား။ နင်တို့တွေ ဘာဖြစ်လို့ ဒီလောက် ပိုက်ဆံ အများကြီး အကုန်ခံရတာလဲ။”

 

“အစ်မကလည်း ဘာဖြစ်လို့ ဒီလိုပြောရတာလဲ၊ ဒါက ကိုယ့်မိသားစုအတွက် ပိုက်ဆံသုံးတာဖြစ်လို့ ဖြုန်းတီးတယ်လို့ မဆိုနိုင်ပါဘူး။” ကျီကျောက်က ရိုးရှင်းစွာ ပြုံးရယ်လိုက်သည်၊ “ဒါ့အပြင် ဒါက ရှန်းယောင်နဲ့ ညီမတို့ရဲ့ သေးငယ်တဲ့ သိတတ်မှုလေးပါ။ ပိုအရေးကြီးတာက အကြီးဆုံးမရီး အစ်မ ဒါကို ကြိုက်နေသရွေ့ အဆင်ပြေပါတယ်။”

 

“ဒါပေါ့၊ ငါ အရမ်းကြိုက်တယ်။ ငါက ဘာဖြစ်လို့ ဒါကို မကြိုက်ရမှာလဲ” အကြီးဆုံးမရီးရှန်းက ခေါင်းကို ထပ်ကာထပ်ကာ ညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးရိပ်က ပိုလို့တောင် ထင်ရှားလာခဲ့သည်။ နောက်တော့ သူမသည် ကျီကျောက်၏ မျက်နှာကို ရုတ်တရက် စူးစိုက်ကြည့်ကာ ဘာတစ်ခွန်းမှ မပြောဘဲ ခပ်ပြုံးပြုံး ဖြစ်နေခဲ့သည်။

 

“ဘာဖြစ်လို့လဲ” ကျီကျောက်သည် မသိစိတ်ကနေ သူမ၏ မျက်နှာကို ထိတွေ့လိုက်မိသည်၊ “အကြီးဆုံးမရီး ညီမ မျက်နှာပေါ်မှာ ဘာရှိလို့လဲ။”

 

“အင်း၊ နင့်မျက်နှာပေါ်မှာ တကယ့်ကို တစ်ခုခု ရှိနေတယ်” အကြီးဆုံးမရီးရှန်းက လေ့လာတွေ့ရှိသူတစ်ဦးလို ခေါင်းတဆတ်ဆတ် ညိမ့်ချင်ဟန်ဆောင်လိုက်သည်။

 

“ဘာလဲ။”

 

“အာ့ထောင် နင် ငါ့ကို ရိုးရိုးသားသားပြောပြဟယ်၊ နင်နဲ့ တတိယလေးတို့ ဖြစ်နေကြ…” အကြီးဆုံးမရီးရှန်းသည် တခဏတာမျှ တွေးကြည့်ပြီးတော့ သူမ၏ လက်မတွေကို အသာလေး ကွေးပြီး ထိပြခဲ့ကာ ကျီကျောက်၏ လက်ကို လှမ်းဆွဲလိုက်သည်၊ “နင်တို့နှစ်ယောက် နင်တို့ရဲ့ ခံစားချက်တွေကို အချင်းချင်း ဝန်ခံပြီးသွားကြပြီလား။ ဟင်…”

 

“ဒါက… ဒါက သိသာလွန်းတယ် မဟုတ်ဘူးလား။” ကျီကျောက်က ရှက်ရွံ့စွာ အကြည့်တွေကို လွဲဖယ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

 

“အရမ်းကောင်းတာပဲ” အကြီးဆုံးမရီးရှန်းက သူတို့နှစ်ယောက်အတွက် ပျော်ရွှင်သွားခဲ့သည်။ “အာ့ထောင် တကယ်တော့ စန်းလန်က အပေါ်ယံ မာကြောပေမယ့် နှလုံးသားကတော့ နွေးထွေးပါတယ်။ နင်တို့တွေ အတူလက်တွဲကြမယ်ဆိုရင် သေချာပေါက် ပျော်ရွှင်ကြလိမ့်မယ်။”

 

“အင်း…” ကျီကျောက်က အားတက်တရော ခေါင်းညိတ်ပြသည်။

 

ဟုတ်တယ်၊ သူမဟာ သူမကိုယ်တိုင် သေချာပေါက် ပျော်ရွှင်စေလိမ့်မည်။

 

ယခုပစ္စုပ္ပန်မှာ နေထိုင်ပြီး ဒီအချစ်ကို ကြုံတွေ့ခံစားနိုင်ခဲ့ပြီးပြီမို့ နောင်အခါ နောင်တတွေလည်း ရတော့မှာ မဟုတ်ဘူး။