Ch 97
Viewers 13k

အခန်း (၉၇) - အရသာရှိတယ်

 

ညနေခင်း လေနုအေးလေးတွေက တိုက်ခတ်လာသည်။

 

အပြာရောင် ကောင်းကင်ယံ အနိမ့်ပိုင်းတွင် မြောက်မှ တောင်သို့ သွယ်တန်းပြီး ပျံသန်းနေသော ငန်းရိုင်းများသည် မိုးကုပ်စက်ဝိုင်းပေါ်ရှိ ရောင်စုံတိမ်တိုက်များဖြင့် အပြန်အလှန် ရောင်ပြန်ဟပ်ကာ လှပသော ရုပ်ပုံလွှာကို ပုံဖော်ထားသည်။

 

ရှန်းမိသားစုခြံဝင်းထဲမှာ လူတိုင်းက လေးထောင့်စားပွဲမှာ ဝိုင်းထိုင်နေကြသည်။ သူတို့ရဲ့ ရှေ့မှာတော့ ငါးရှဉ့်ခေါက်ဆွဲ ပန်းကန်းလုံးကြီး တစ်လုံးစီ ချထားသည်။

 

မွှေးကြိုင်ပြီး စပ်တဲ့ ရနံ့က သူတို့ အနံ့ခံအာရုံကို ကျီစယ်နေသည်။

 

“ဒါက အရမ်းအရသာရှိတာပဲ” ဒုတိယမရီးရှန်းက ခေါက်ဆွဲတွေကို ပါးစပ်ထဲ စုပ်သွင်းနေရင်း ပျော်ရွှင်စွာ ပြောလိုက်သည်၊ “အာ့ထောင် ငါ့ကို နောက်တစ်ပန်းကန်လာက် ထပ်ပေးပါဦး။”

 

“ဒုတိယချွေးမ နင် အခု သုံးပန်းကန်တောင် စားပြီးသွားပြီ” ကျောက်လန်ဟွာက မကျေမနပ် ပြောသည်၊ “နင် စားနိုင်သေးတယ်လား။ နင် ဗိုက်ပြည့် ဗိုက်ကယ် ဖြစ်မှာကို မစိုးရိမ်ဘူးလား။”

 

“အေ့…” ဒုတိယမရီးရှန်းသည် ကြို့ထိုးချင်နေတာကို မအောင့်နိုင်တော့ပေ။ “အမေ ဒါက ကျွန်မ အမှား မဟုတ်ဘူး။ အာ့ထောင် ချက်တဲ့ ဒီငါးရှဉ့်ခေါက်ဆွဲက လတ်ဆတ်ပြီး စပ်စပ်လေးနဲ့ အရမ်း စားကောင်းတယ်။ ကျွန်မ စားချင်စိတ်ကို မရပ်တန့်နိုင်တော့ဘူး။”

 

“ဒုတိယမရီးရှန်း အစ်မရဲ့ လည်ချောင်းတွေကို အစိုဓာတ်ပေးဖို့ ဘာဖြစ်လို့ ရေအရင်မသောက်တာလဲ” ကျီကျောက်သည် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ၊ သူမက ရေတစ်ခွက် လောင်းထည့်ပြီး ဒုတိယမရီးရှန်းကို ပေးလိုက်သည်။ “ဒုတိယမရီး တကယ်တော့ ကိုယ်ဝန်ရင့်လာရင် အစ်မ အရမ်း မစားသင့်တော့ဘူး။ တကယ်လို့ အစ်မ အများကြီးစားရင် ကလေး အရမ်းထွားပြီး မွေးရ ခက်လိမ့်မယ်။”

 

“ဟုတ်တယ်။ အာ့ထောင်ပြောတာ မှန်တယ်။ ဒုတိယချွေးမ ဒီအမေက နင့်ကို မစားစေချင်တာ မဟုတ်ပါဘူး၊ အမျိုးသမီးအတွက် ကလေးမွေးဖွားရတာက အန္တရာယ်များလွန်းတယ်” ပန်းကန်ခွက်ယောက်တွေကို သိမ်းဆည်းရင်း ကျောက်လန်ဟွာက စိတ်အားထက်သန်စွာ အကြံပေးသည်။

 

ဒုတိယမရီးရှန်းသည် အစားအသောက် ကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်သော်လည်း သူမသည် အကြံပေးတာကို နားထောင်လိုနေဆဲ ဖြစ်သည်။

 

“ကောင်းပါပြီ၊ ဒါဆို ကျွန်မ ထပ်မစားတော့ဘူး။ ဒါပေမယ့် အာ့ထောင် ငါတို့ မနက်ဖြန်မနက်ကျရင် ဘာစားကြမလဲ။”

 

ကျီကျောက်သည် သူမ၏ နဖူးကို ကူကယ်ရာမဲ့စွာ ကိုင်ထားကာ ခပ်ပြုံးပြုံး ပြောလိုက်သည်၊ “ညီမ အဲ့တာကို မစဉ်းစားရသေးဘူး။”

 

“ဒါဆိုရင်လည်း ကောင်းပြီလေ” စားသောက်ပြီးလို့ အိပ်ငိုက်နေတဲ့ ဒုတိယမရီးရှန်းတစ်ယောက် ထိန်းမနိုင် သိမ်းမရ သမ်းဝေနေပါတော့သည်၊ “အမေ၊ အာ့ထောင် ကျွန်မ နည်းနည်း အိပ်ချင်နေပြီ။ ကျွန်မ အရင်ပြန်ပြီး အိပ်နှင့်တော့မယ်နော်။”

 

“ဒီဒုတိယချွေးမကတော့လေ…” ကျောက်လန်ဟွာက သူမရဲ့ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။

 

ကျီကျောက်သည် ဒုတိယမရီးရှန်း၏ နောက်ကျောကို လေးလေးနက်နက် ကြည့်နေခဲ့သည်။

 

မူလဝတ္ထုတွင် ဒုတိယမရီးရှန်းသည် သူ့ကလေးမီးဖွားပြီးနောက် ရုတ်တရတ် သွေးသွန်မှုကို ခံစားခဲ့ရတာကို သူမ သတိရမိသည်။ သူမရဲ့ အသက်ကို ကယ်တင်နိုင်ပြီး သားအမိနှစ်ဦးစလုံး လုံခြုံခဲ့သော်လည်း သူမ နောက်ပိုင်း ကိုယ်ဝန်မရနိုင်တော့ပေ။

 

အတိုချုပ်ပြောရလျှင် မူလဝတ္ထုသည် သမားရိုးကျ အမျိုးသားဇာတ်လိုက်တစ်ဦး၏ ဇာတ်လမ်း ဖြစ်သည်။ အမျိုးသားဇာတ်လိုက်၏ ကံကြမ္မာသည်သာ သာ၍ ကောင်းမွန်သော ဦးတည်ချက်ဖြင့် တိုးတက်နေပေသည်။ ဝတ္ထုထဲရှိ အခြားလူများအတွက်မူ သူတို့၏ ကံကြမ္မာသည် အလွန်ကြမ်းတမ်းပါသည်။

 

“အာ့ထောင်” ကျောက်လန်ဟွာက သူမကို နှစ်ကြိမ်ခန့် ခေါ်လိုက်ရသည်။ ကျီကျောက်တစ်ယောက် တုံ့ပြန်မှု မရှိသေးတာကို မြင်တော့ သူမသည် ကျီကျောက်၏ အင်္ကျီစကို စိုးရိမ်ပူပန်စွာ လှမ်းဆွဲလိုက်သည်၊ “နင် အဆင်ပြေရဲ့လား။”

 

“အမေ” ကျီကျောက်တစ်ယောက် အသိပြန်ဝင်လာပြီး မနေနိုင်ဘဲ ပြုံးမိသည်၊ “ကျွန်မ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။”

 

“ငါ မနက်ဖြန်မနက်ကျရင် ခရိုင်မြို့ကိုသွားပြီး နင့်အကြီးဆုံးမရီးကို သွားကြည့်ဖို့ စီစဉ်ထားတယ်” ကျောက်လန်ဟွာက တစ်ခဏတာမျှ တွေးတောပြီး တိုးတိုးလေး ပြောလိုက်သည်၊ “နင့်အကြီးဆုံးမရီးရဲ့ မိဘတွေက စောစောစီးစီး ဆုံးပါးသွားတယ်။ အခု သူမမှာ ကိုယ်ဝန်ရှိနေပြီ၊ သူမကို စောင့်ရှောက်ပေးဖို့ သူမ အနားမှာ လူကြီးတစ်ယောက်မှ မရှိဘူး၊ ငါ တကယ် စိတ်မချဘူး။ ငါ သူမကို ရွာပြန်ခေါ်ပြီး ပြုစုစောင့်ရှောက်ဖို့ စီစဉ်ထားတယ်။”

 

“အမေ မနက်ဖြန်မနက်ကျရင် သမီးလည်း အမေနဲ့ အတူ လိုက်ခဲ့မယ်” အချိန်ကို တွက်ကြည့်လိုက်တော့ သူမ အစောပိုင်းက ပြုလုပ်ထားတဲ့ တို့ဟူးပုတ်က အဆင်သင့် ဖြစ်နေလောက်ပြီ။

 

ကျီကျောက်သည် မနက်ဖြန်တွင် အရသာရှိသော တို့ဟူးပုတ်ကို မြည်းစမ်းကြည့်ရန် စိတ်ကူးဖြင့် ကျေနပ်ပျော်ရွှင်စွာ ပြုံးပျော်နေခဲ့သည်။

 

“ကောင်းပြီ၊ ဒါဆို နင် အိပ်ရာ‌စောစောဝင်သင့်တယ်” ကျောက်လန်ဟွာက အိမ်ထဲသို့ ပြန်မလှည့်မီ သူမအား သတိပေးဖို့ မမေ့လျော့ခဲ့ပေ။

 

ညသည် မှင်ကဲ့သို့ မည်းနက်နေ၏။

 

ညကောင်းကင်ကို တလက်လက် တောက်ပနေသော ကြယ်ပွင့်များက အဖော်ပြုနေခဲ့သည်။

 

ကျီကျောက်သည် မေးစေ့ကို လက်ထောက်ပြီး ပြတင်းပေါက်ဘောင်ပေါ် မှီကာ ညကောင်းကင်ပေါ်က ဆန်းသစ်စ လခြမ်းကို ငေးမောကြည့်နေခဲ့သည်။

 

“ဒီည လေတိုက်တယ်” ရှန်းယောင်က သူမ အနားသို့ လျှောက်လာခဲ့ကာ သူတို့နှစ်ယောက်အကြား ပြတင်းပေါက်တစ်ခုသာ ခြားထားသည်။

 

“ရှင်လည်း မအိပ်သေးဘူးလား” ကျီကျောက်က ဘေးနားသို့ အကြည့်ပို့ကာ နူးညံ့သိမ်မွေ့သော အပြုံးလေးဖြင့် မေးလိုက်သည်။

 

“အင်း” ရှန်းယောင်က အသာ ခေါင်းညိတ်ပြသည်၊ “ကိုယ် ညစာကို အများကြီး စားလိုက်မိလို့ အစာကြေအောင် အပြင်ဖက် လမ်းထွက်လျှောက်မလို့လေ။”

 

“ကျွန်မ ချက်တဲ့ ငါးရှဉ့်ခေါက်ဆွဲက အရမ်းအရသာရှိတယ် မဟုတ်လား” ကျီကျောက်က မျက်ခုံးပင့်ကာ အနည်းငယ် ဂုဏ်ယူဝံ့ကြွားသော အပြုံးဖြင့် မေးမြန်းခဲ့သည်။

 

“အရသာရှိတယ်။”