Ch 71
Viewers 12k

အခန်း (၇၁) - ကင်းမွန်အစပ်ချက်

 

“ကင်းမွန်လား” ကျီကျောက်၏ မျက်ဝန်းများ လင်းလက်သွားသည်။ သူမ၏ စိတ်ထဲတွင် ကင်းမွန်အား ချက်ပြုတ်ရန် မရေမတွက်နိုင်သော နည်းလမ်းများ ပေါ်ပေါက်လာခဲ့သည်။

 

ကင်းမွန်အစပ်ချက်၊ ကင်းမွန်ပဲငံပြာရည်ချက်၊ ကင်းမွန်လိပ်၊ ကင်းမွန်ဆီပြန်ဟင်း…

 

“အာ့ထောင် နင် ကင်းမွန်ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကို တကယ်သိတာလား” လက်ထောက်ဆိုင်ရှင်ယို့က စိတ်လှုပ်ရှားစွာ မေးလိုက်သည် “ဒါဆို နင် ငါနဲ့အတူ စားသောက်ဆိုင်ကို အခု လိုက်ခဲ့ပေးမလို့ရမလား။”

 

ကျီကျောက်က ချက်ချင်း ခေါင်းမညိတ်ပေ။ အဲဒီအစား သူမက ရှန်းယောင်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

 

“လက်ထောက်ဆိုင်ရှင်ယို့ အချိန်က လင့်နေပြီ။ တကယ်လို့ ကျွန်မတို့ စားသောက်ဆိုင် သွားနေတုန်း သတ်မှတ်ထားတဲ့ အပြင်မထွက်ရ အချိန်ကို ကျော်လွန်သွားမှာကို ကျွန်မ စိုးရိမ်မိတယ်…”

 

“ကိစ္စမရှိဘူး။ ငါ မင်းတို့လင်မယား အနားယူဖို့အတွက် တည်းခိုခန်းမှာ အခန်းပြင်ဆင်ပေးမယ်။ ဘာပဲဖြစ်ဖြစ် အာ့ထောင်ရေ ငါ နင့်ကို ဒီလောက်လေးတော့ ကူညီပေးသင့်တာပေါ့” လက်ထောက်ဆိုင်ရှင်ယို့က ကျီကျောက်ကို ကမန်းကတန်းကြည့်ပြီး သူ့မျက်လုံးတွေက အသနားခံမှုများ ပြည့်နှက်နေသည်။

 

“အာ့ထောင် လက်ထောက်ဆိုင်ရှင်ယို့ကို ကူညီပေးလိုက်ပါ။”

 

ကျီကျောက်တစ်ယောက် မဆုံးဖြတ်နိုင်ဖြစ်နေတာကိုမြင်တော့ ရှန်းယောင်က ရုတ်တရက်ပြုံးပြီး “ကိုယ် မင်းနဲ့ လိုက်ခဲ့ပေးမယ်” ဟု ပြောလိုက်သည်။

 

“ဒါဆိုလည်း ကောင်းပါပြီ” ကျီကျောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။

 

နာရီဝက်အကြာတွင် ကျီကျောက်သည် စားသောက်ဆိုင်၏ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

 

ပါဝင်ပစ္စည်းများကို မြင်သောအခါ သူမ၏ မျက်ဝန်းတွေက တောက်ပသွားခဲ့သည်။

 

“လက်ထောက်ဆိုင်ရှင်ယို့ အဲဒီဧည့်သည်တော်က ချိုတာကြိုက်လား ဒါမှမဟုတ် စပ်တာကြိုက်လား ဆိုတာကို မေးပေးဖို့ ရှင့်ကို ဒုက္ခပေးပါရစေ။ ဒါ့အပြင် သူ ရှောင်တဲ့ အစားအစာတွေ ရှိလား ဆိုတာကိုပါ မေးခဲ့ပေးပါ” ကျီကျောက် ခဏလောက် စဉ်းစားပြီး စိုးရိမ်ပူပန်နေတဲ့ လက်ထောက်ဆိုင်ရှင်ယို့ကို လှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြီး တောင်းဆိုလိုက်သည်။

 

“ကောင်းပြီ”

 

လက်ထောက်ဆိုင်ရှင်ယို့က မီးဖိုချောင်ထဲမှ အမြန်ထွက်သွားခဲ့သည်။

 

ရှန်းယောင်က သူမနံဘေး လျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်၊ “ဒီပါဝင်ပစ္စည်းတွေက နည်းနည်းတော့ ထူးဆန်းပုံပဲ။ မင်း ဒါတွေကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ တကယ်သိတာလား။”

 

“ဟုတ်ကဲ့” ကျီကျောက်က ယုံကြည်မှုရှိစွာ ခေါင်းညိတ်လိုက်သည်၊ “ကျွန်မ ချက်ပြုတ်တဲ့အခါ ရှင်သိလိမ့်မယ်။”

 

သူမ၏ မျက်နှာပေါ်ရှိ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးကို မြင်လိုက်ရတော့ ရှန်းယောင်တစ်ယောက် ပြုံး၍ မဆုံးနိုင်တော့ပေ။

 

နာရီဝက်လောက်ကြာတော့ ထွက်သွားတဲ့ လက်ထောက်ဆိုင်ရှင်ယို့က အလျင်စလို ပြန်ရောက်လာခဲ့သည် “အာ့ထောင် အဲဒီဧည့်သည်တော်က သူ ရှောင်တဲ့ အစားသောက် မရှိဘူးလို့ပြောတယ်။ ပြောရရင် သူက အစပ်ဟင်းပွဲတွေကို ကြိုက်တယ်။ ပိုစပ်လေ ကောင်းလေပဲ။”

 

“သူက အစပ်ဟင်းလျာတွေကို ကြိုက်တာလား” ကျီကျောက်က စဉ်းစားတွေးတောဟန်ဖြင့် မေးစေ့ပွတ်ကာ စဉ်းစားနေသည်။

 

“ဘာဖြစ်လို့လဲ။ အဲ့တာက ခက်လို့လား” လက်ထောက်ဆိုင်ရှင်ယို့က ကမန်းကတန်း မေးသည်။

 

“မခက်ပါဘူး” ကျီကျောက်က မေးစေ့ပွတ်နေတဲ့ လက်ကို ပြန်ချပြီး ယုံကြည်မှုရှိစွာ ပြုံးပြလိုက်သည်၊ “လက်ထောက်ဆိုင်ရှင် စိတ်မပူနဲ့၊ ကျွန်မ ဒါကို ကိုင်တွယ်နိုင်ပါတယ်။”

 

စားသုံးသူက ကင်းမွန်ခြောက်တွေ ယူလာတာကြောင့် စားသောက်ဆိုင်က စားဖိုမှုးတွေက ကင်းမွန်ကို ချက်ပြုတ်ရာတွင် ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း သူတို့က အခြေခံသဘောတရားများကိုတော့ သိနေကြတုန်းပါပဲ။

 

သူတို့က ကင်းမွန်ခြောက်တွေကို ရေစိမ်ထားပြီးပြီဖြစ်သည်။

 

ကျီကျောက်သည် အင်္ကျီလက်ခေါက်တင်ပြီး အလုပ်စလုပ်ခဲ့သည်၊ “ရှန်းယောင် ကျွန်မကို မီးဖိုထဲက မီးအရှိန်ကို ကူကြည့်ပေးပါဦး။ မီးအားကို အရမ်းလည်း မနည်းစေနဲ့၊ အရမ်းလည်း မပြင်းစေနဲ့၊ အလယ်အလတ် အနေအထားလောက်မှာပဲ ထားပေးပါ။”

 

“ကောင်းပြီ”

 

ကျီကျောက်သည် ရေစိမ်ထားသော ကင်းမွန်များကို လှီးဖြတ်ပြီးတော့ ချက်ချင်း ရေဆေးကာ စစ်ထားလိုက်သည်။ ဒယ်အိုးထဲက ဆီ သုံးဆယ်ရာခိုင်နှုန်းခန့် ပူလာသောအခါတွင် ကင်းမွန်များကို ဒယ်အိုးထဲသို့ ချက်ချင်း လောင်းထည့်ကာ ခပ်မြန်မြန် မွှေကာ ပေါ့ပေါ့ပါးပါး ကြော်လှော်လိုက်သည်။

 

ကင်းမွန်နှစ်ဖက်လုံး နီရဲလာလျှင် ချက်ချင်း ဆယ်ထုတ်ယူ၍ အိုးထဲရှိ ကျန်ဆီများထဲသို့ နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ၊ လေးညှင်းပွင့်နှင့် ငရုတ်ခြောက်များကို လောင်းထည့်လိုက်သည်။ ထို့နောက် သူမသည် စွပ်ပြုတ်ရည်ပူပူ တစ်ဇွန်းကိုပါ လောင်းထည့်ခဲ့သည်။ ဟင်းခေတ်အမွှေးအကြိုင်များကို အနံ့မွှေးလာသည်အထိ မွှေကြော်ပြီးလျှင် သူမ ခုနတုန်းက ဆယ်ထားသော ကင်းမွန်အားလုံးကို လောင်းထည့်ကာ မွှေးလာသည်အထိ မွှေပေးလိုက်သည်။

 

ခဏလောက်ကြာတော့ ကြီးမားသော မီးဖိုချောင်တစ်ခုလုံး အစပ်ပြင်းပြင်း မွှေးရနံ့တွေ ပြည့်နှက်သွားခဲ့သည်။

 

ဘေးနားမှာ ရပ်ကြည့်နေကြသော လူအများသည် အစပ်ပြင်းထန်သော မွှေးရနံ့ကြောင့် မျက်ရည်တွေ ဝဲကုန်ကြသည်။

 

ကင်းမွန်တွေကို ဒယ်အိုးထဲမှ ဆယ်ထုတ်ပြီး ပန်းကန်ပြားတစ်ပြားပေါ်တင်ပြီးတဲ့အခါ ကျီကျောက်သည် အပေါ်ကနေ နံနံပင်နဲ့ နှမ်းစေ့တို့ကို ဖြူးလိုက်သည်။

 

“ရပြီ”

 

ကျီကျောက်က ပြုံးလိုက်သည်၊ “လက်ထောက်ဆိုင်ရှင်ယို့ ဒီဟင်းပွဲကို ဧည့်သည်တော် မြည်းစမ်းကြည့်ဖို့ ယူသွားပေးနိုင်မလား။”

 

“ကောင်းပြီ”

 

ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး အစပ်သက်သာစေရန်အတွက် နောက်ထပ် အရံဟင်းပွဲ နှင်းသစ်တော်အဖြူရောင်မှိုစွပ်ပြုတ်ကို ပြုလုပ်ပေးခဲ့ပါသည်။

 

ကျီကျောက် ချက်ပြုတ်ပေးသော ကင်းမွန်အစပ်ချက်ကို စားသုံးပြီးနောက် နိုင်ငံခြားကုန်သည် အလွန်ဝမ်းမြောက်ပြီး ငွေ ငါးလျန်း ဆုချခဲ့သည်။