Ch 64
Viewers 13k

အခန်း (၆၄) - မင်းက အရမ်းတော်ပြီး အထင်ကြီးဖို့ကောင်းတယ်

 

စက္ကန့်အနည်းငယ်အတွင်း ရှန်းယောင်သည် သန့်ရှင်းသော ရေနွေးဇလုံ တစ်ခုကို ယူဆောင်လာခဲ့သည်။

 

သူက ပိတ်ကျဲစကို ညင်သာစွာ ရေညှစ်လိုက်ပြီး ကျီကျောက်၏ နှာခေါင်းပေါ်ရှိ သွေးစများကို ညင်သာစွာ သုတ်ဖယ်ပေးလိုက်သည်။

 

“နာနေသေးလား။”

 

“ကျွန်မ ဖြစ်ဖြစ်ချင်း နည်းနည်းလေးတော့ နာပေယ့် အခု ပိုကောင်းလာပါပြီ” ကျီကျောက်က အပြုံးဖြင့် ရိုးရိုးသားသား ပြန်ဖြေခဲ့သည်၊ “တကယ်တော့၊ ရှင်… ရှင် အရမ်းစိတ်ပူဖို့မလိုပါဘူး။ ကျွန်မ အဆင်ပြေပါတယ်။”

 

“ဒါတွေအားလုံး ကိုယ့်အပြစ်တွေပါ” ရှန်းယောင်က သူ့ကိုယ်သူ အပြစ်တင်သည်၊ “တကယ်လို့ ကိုယ်သာ ရုတ်တရက် မထွက်ပေါ်လာခဲ့ဘူးဆိုရင် မင်း ထိတ်လန့်သွားမှာ မဟုတ်ဘူး၊ မင်းရဲ့ နှာခေါင်းကိုလည်း ထိခိုက်သွားစေမှာ မဟုတ်ဘူး။”

 

“ကျွန်မ တကယ် အဆင်ပြေပါတယ်။ ရှင် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့” ကျီကျောက်က သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးသည်၊ “ပြီးတော့ ရှင် ဒီလိုဖြစ်နေတော့ ကျွန်မ နောက်ထပ် အမှားတစ်ခု ထပ်လုပ်မိသလို ခံစားရတယ်…”

 

“မင်း ဘာဖြစ်လို့ ဒီလိုမျိုး ပြောရတာလဲ။”

 

“ကျွန်မ ရှင်နဲ့ မဆွေးနွေးဘဲ လက်ထောက်ဆိုင်ရှင်ယို့နဲ့ ကုန်စည်ထောက်ပံ့ရေးစာချုပ် မချုပ်ဆိုသင့်ဘူး။” ကျီကျောက်က ဒီကိစ္စ တစ်ခုလုံးကို အလေးအနက် ပြန်တွေးကြည့်ပြီးမှ သူမက တကယ်ကို မိုက်မဲလွန်းနေမှန်း သဘောပေါက်သွားခဲ့သည်၊ “ကျွန်မ အများကြီး မတွေးမိခဲ့ဘူး။ ကျွန်မတို့ အတူတူ အလုပ်လုပ်ပြီး ခရုများများကောက်နိုင်သရွေ့ ပိုက်ဆံ ပိုရှာနိုင်မယ်လို့ပဲ ထင်ထားခဲ့တယ်။ ရှန်ဟယ်ကျေးရွာက ခရုတွေက အများသူငှာ ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်နေလိမ့်မယ်လို့ မထင်မိခဲ့ဘူး။”

 

သူမသည် နောက်သုံးရက်အကြာတွင် လက်ထောက်ဆိုင်ရှင်ယို့အား ခရု ငါးဆယ် ကတ်တီ မပို့ပေးနိုင်ခဲ့ပါက သူမ၏ နာမည်ဂုဏ်သတင်းကို သေချာပေါက် ထိခိုက်သွားစေပါလိမ့်မည်။

 

ကျီကျောက်သည် ဒီအတွက် တကယ်နောင်တရမိပါသည်။ သူမဟာ စီးပွားရေးကို တကယ် ဂရုတစိုက် မလုပ်တတ်သေးဘူး။

 

“မင်းက အရမ်းတော်ပြီး အထင်ကြီးဖို့ကောင်းတယ်” ရှန်းယောင်က ရုတ်တရက် သူမ၏ မျက်လုံးတွေကို ကြည့်ပြီး ရိုးရိုးသားသား ချီးမွမ်းလိုက်သည်၊ “မင်းလက်ထဲက အဲဒီစာချုပ်ကြောင့် ကိုယ်တို့ ရှန်းဟယ်ရွာဟာ အနာဂတ်မှာ အရမ်းအသက်ဝင်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်။”

 

“ရှင် ဘာကိုဆိုလိုချင်တာလဲ” ကျီကျောက်က စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။

 

“မင်း မကြာခင် သိလာပါလိမ့်မယ်” ရှန်းယောင်က ပြုံးပြီး သူမကို အတွေးများဖြင့် ချန်ထားရစ်ခဲ့သည်။

 

ရှန်းယောင် မထွက်သွားခင် သူသည် သူမ၏ နှာခေါင်း အဆင်ပြေကြောင်း အတည်ပြုသွားခဲ့ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

 

သို့ရာတွင် ကျီကျောက်၏ နှာခေါင်းပေါ်သို့ သူ့လက်ချောင်းထိပ်များ ရောက်လာသောအခါ ထိတ်လန့်တကြား သူမ တံတွေးမျိုချမိသွားခဲ့သည်။

 

“မင်း အအေးမိနေတာလား။”

 

“မဟုတ်ပါဘူး” ကျီကျောက်က ခေါင်းကို အမြန်ခါလိုက်သည်။

 

ထိုအချိန်မှပင် ရှန်းယောင်သည် သူမ၏ ဆံပင်တွေ စိုစွတ်နေသေးကြောင်း သတိပြုမိလိုက်သည်။

 

“မင်းဆံပင်တွေ စိုနေတုန်းပဲ။ မင်း ဒီလို ရေစိုကြီးနဲ့ အိပ်ပျော်သွားမယ်ဆိုရင် မင်း မနက်ဖြန်မနက်ကျရင် သေချာပေါက် ခေါင်းကိုက်နေလိမ့်မယ်” ရှန်းယောင်က လေးလေးနက်နက် ပြောသည်။ ထို့နောက် သူသည် သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါကို ကောက်ယူခဲ့ပြီး သူမ၏ ဆံပင်တွေကို ဂရုတစိုက် ညင်သာစွာ သုတ်ပေးခဲ့သည်။

 

အကြောင်းတစ်ခုခုကြောင့် ကျီကျောက်သည် သူမ၏ နှလုံးခုန်နှုန်း အနည်းငယ် မြန်ဆန်သွားသလို ခံစားခဲ့ရသည်။

 

ရှန်းယောင်၏ လှုပ်ရှားမှုများသည် အလွန်နူးညံ့သိမ်မွေ့ပြီး ကျီကျောက်၏ ဆံပင်များကို သုတ်နေစဉ်တွင် သူမကို နာကျင်မှုမျိုး ဘယ်သောအခါမှ မခံစားစေခဲ့ပေ။

 

“ကျေးဇူးပါ” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးပြလိုက်သော်လည်း ရှန်းယောင်၏ မျက်ဝန်းများကိုတော့ တိုက်ရိုက် မကြည့်ဝံ့ပေ။

 

ရှန်းယောင်၏ မျက်လုံးများသည် ညအမှောင်တွင် လင်းလက်နေသော ကြယ်များကဲ့သို့ အထူးနက်ရှိုင်းနေပြီး လူအများအား ထိုမျက်ဝန်းတွေထဲ အလိုအလျောက် နစ်ဝင်သွားချင်စိတ်ကို ဖြစ်ပေါ်စေသည်။

 

“ကောင်းသောညပါ” ရှန်းယောင်က သူ့လက်ထဲက မျက်နှာသုတ်ပဝါကို သူမထံ လက်လွှဲပေးလိုက်သည်၊ သို့ပေမယ့် သူ့လက်ချောင်းထိပ်တွေက သူမ၏ လက်ဖဝါးကို မတော်တဆ ထိတွေ့မိသွားခဲ့သည်။

 

ညအမှောင်ထဲ သူ့ရုပ်သွင် လုံးဝ ပျောက်ကွယ်သွားပြီးနောက် ကျီကျောက်တစ်ယောက် ခေါင်းငုံ့ပြီး သူမ၏ လက်ဖဝါးကို ကြည့်လိုက်သည်။

 

ခဏအကြာတွင် သူမသည် ရူးသွပ်စွာ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်မိသည်။

 

ညသည် တိတ်ဆိတ်ပြီး လှပသည်။

 

ဒီတစ်ကြိမ်မှာတော့ ကျီကျောက်ဟာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ လှပစွာ အိပ်မောကျခဲ့သည်။

 

နောက်တစ်နေ့ မနက် မျက်လုံးဖွင့်ချိန်တွင် မနေ့ညက မြင်မက်ခဲ့တဲ့ အိမ်မက်ဟာ သူမ၏ အတွေးထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

 

အလိုအလျောက်ပင် သူမ၏ ပါးပြင်တွေ အနည်းငယ် ပူလာခဲ့သည်။

 

“အာ့ထောင်လား၊ နင် နိုးပြီလား” ခြံထဲမှ ကျောက်လန်ဟွာက ဝူချင်းရှီလေ့ကျင့်ခန်းကို ပြုလုပ်ပြီးစီးပြီးနောက် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူမသည် ကျီကျောက်ရဲ့ ပြတင်းပေါက်အနားကို လှမ်းလာပြီး အပြုံးဖြင့် လှမ်းမေးလိုက်သည်။

 

“အမေ” ဝတ်စုံ အပြည့်ဝတ်ဆင်ပြီးဖြစ်သည့် ကျီကျောက်သည် အပြုံးဖြင့် တံခါးကို တွန်းဖွင့်ပြီး ထွက်လာခဲ့သည်၊ “အမေ ကျွန်မကို ရှာနေတာလား။”

 

“အင်း” ကျောက်လန်ဟွာက အစာကောက်နေသည့် ကြက်ကလေးကဲ့သို့ ချက်ချင်းဆိုသလို ခေါင်းညိတ်လာခဲ့သည်၊ “နင် မီးဖိုချောင်ထဲ ပန်ကိတ်ကို အရင်စားဖို့ သွားနှင့်ချေ။ နောက်ပြီးကျရင် ငါတို့နှစ်ယောက် ခရုကောက်ဖို့ မြစ်ကို သွားကြရအောင်။”