အပိုင်း (၂၂) အိပ်ရာတစ်ခုထဲမှာ
မီးအိမ်၏အလင်းရောင်အောက်တွင် ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့သည် ခြောက်ခြားမှုများနှင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။
ရွှီရှောင်ကျောင်းက သူမ၏နှာခေါင်းကို ပွတ်လိုက်ပြီး
“မနေ့မနက်တုန်းကလေ ငါ့အမေက မနက်အစောကြီး ရောက်လာပြီး ငါတို့ကြားက ခန်းဆီးကို တွေ့သွားတယ်၊ နောက်ပြီး ငါ့ကိုမေးတယ်”
“မင်းက ဟန်ဆောင်လက်ထပ်ထားတာဆိုတာကို ရှင်းပြလိုက်တာလား” စုန့်ဝေဖျင်က မေးလိုက်၏။
ရွှီရှောင်ကျောင်းက မြန်မြန်ခေါင်းခါပြလိုက်ပြီး
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါက ငါမလုပ်ချင်လို့ပါလို့ ပြောလိုက်တာပေါ့”
သူမသည် စိတ်ထဲတွင်တော့ မကျေမနပ် ရေရွတ်လိုက်လေသည်။ ငါက နင့်အတွက် အပြစ်ခံထားပေးတာနော်။ မဟုတ်ရင်တော့ နင့်က မစွမ်းဆောင်နိုင်တဲ့သူဆိုပြီး ငါ့အမေက နားလည်မှုတွေ လွဲတော့မှာ။
သူမက နံရံပေါ်က သံချောင်းနှစ်ချောင်းကို မော့ကြည့်လိုက်ပြီး
“ငါ့အမေက နင့်အတွက် စိတ်မကောင်း ဖြစ်နေလောက်ပြီ”
စုန့်ဝေဖျင်သည် မနေ့မနက်က ဝူချွန်းဟွားက သူ့ကို ကြည့်လိုက်သည့်အချိန်က သူမ၏ အမူအရာကို သတိရသွားတော့သည်။
သူက နှုတ်ခမ်းများကို စေ့ထားလိုက်ပြီး
“ဒါဆို ငါတို့တွေ ဘာလုပ်ကြမလဲ”
အယ်။ သူတို့တွေက ဘာလုပ်နိုင်မှာတဲ့လဲ။ သူမသည် အရင်ဆုံး စိတ်ကူးတစ်ခုကို ကြံရတော့သည်။
“ဒီလိုဆိုရင်ကော ခန်းဆီး မကာကြရတော့အောင်လေ၊ နင်လည်း သိတာပဲ၊ ငါတို့တွေက ဒီလောက် အချိန်အကြာကြီး အခန်းဖော်တွေ လုပ်လာကြတာ ငါတို့လည်း အချင်းချင်း သက်သောင့်သက်သာ ရှိသလို ခံစားနေရပြီပဲ”
အဓိကအကြောင်းအရင်းမှာ သူမသည် စုန့်ဝေဖျင်နှင့် အမှန်ပင် နေသားကျနေခြင်းပင်။
ထို့အပြင် ရာသီဥတုကလည်း သည်ရက်ပိုင်းတွင် အေးလာသည်။ အဆင်မပြေတာမျိုး မရှိချေ။
“တစ်ယောက်စီက ဂွမ်းစောင်တစ်ခု ထပ်ရမယ်လေ၊ ခန်းဆီး မရှိရင် ငါတို့တွေ စကားပြောဖို့လည်း ပိုလွယ်ကူတာပေါ့”
စုန့်ဝေဖျင်က သူမ၏မသိမသာ အနေကြပ်နေသည့် အခြေအနေကို အာရုံခံမိလိုက်ပြီး သည်အတိုင်း ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီလေ ငါ မင်းပြောတာ နားထောင်မယ်”
ကိုယ်လက် သန့်ရှင်းလိုက်ပြီးနောက် သူတို့နှစ်ယောက်သည် သီးခြားစီ လဲလျောင်းလိုက်ကြသည်။
ရွှီရှောင်ကျောင်းမှာ အကျင့်ပါနေသည့် ကိုယ်အနေအထားအတိုင်း ခါတိုင်းလိုပင် စုန့်ဝေဖျင်နှင့် စကားပြောဖို့ ပြင်လိုက်သည်။
ထို့နောက်တွင် သူမက မျက်လုံးများကို ပင့်လိုက်ရာ စုန့်ဝေဖျင်၏ စူးရှရှအကြည့်ကို တွေ့လိုက်ရတော့သည်။
သူသည် ဂွမ်းစောင်ထဲတွင် လဲလျောင်းနေပြီး ခေါင်းနှင့် လက်များကိုသာ ဖော်ထားလေသည်။ နေခင်းကလို လူသားမဆန် ဘာမှဂရုမစိုက်တတ်ဟန်တို့ မရှိတော့ဘဲ သူ့အရောင်အဝါတစ်ခုလုံးက ပျော့ပျောင်းလို့နေသည်။ သူသည် စွန့်လွှတ်မည့်ခံစားချက်တစ်ခုကိုပင် ထုတ်လွှတ်နေသေးသည်။
ဝူး။ မားမားရေ။ သမီးကို ကယ်ပါအုံး။ ဒီလူကြီးက အဆတစ်သန်းလောက်ကို ချောမောနေပါရော။
သို့သော်ငြား သူမသည် သူမကိုယ်တိုင် မည်မျှဆွဲဆောင်မှုရှိနေမှန်းတော့ လုံးဝမသိချေ။
အလင်းရောင်ကို မငြိမ်းသတ်ရသေးချေ။ မီးတောက်များက အနည်းငယ်မှေးမိန်နေသည်။ သူမ၏မျက်နှာကို မက်မွန်သီးလို ဆီးသီးလေးလို ရောင်ပြန်ဟပ်နေစေတော့သည်။ သူမ၏မျက်လုံးများက တောက်ပပြီး မျက်လုံးထဲတွင် ကြယ်များရှိနေသည့်နှယ်။ လူများကို သတိလက်လွတ် ဖြစ်အောင် စွဲမက်စေတော့သည်။
သူတို့နှစ်ယောက်သည် တစ်နှစ်ကျော်လောက် အိပ်ရာတစ်ခုထဲတွင် အိပ်ခဲ့ကြသည်။ ရွှီရှောင်ကျောင်းက နံရံကို ကျောပေးထားလေ့ရှိကာ ခန်းဆီးကို မျက်နှာချင်းဆိုင်ရင်း စုန့်ဝေဖျင်နှင့် စကားပြောရသည်ကို အကျင့်ဖြစ်နေလေသည်။ ဒါက သူမကို လုံခြုံသည့်ခံစားချက်တစ်ခု ဖြစ်စေသည်။
စုန့်ဝေဖျင်က အစကတည်းက သူမဘက်ကို မျက်နှာမူထားသည်။
သည်အချိန်တွင် သူတို့နှစ်ဦးက အလွန်မှ နီးကပ်နေလေသည်။ ရွှီရှောင်ကျောင်းက ပြန်ကြည့်လိုက်ရာ သူမသည် နံရံနှင့် တော်တော်လေးဝေးနေကြောင်း တွေ့လိုက်ရ၏။ သူမက တွန့်လိမ်တွန့်လိမ်နှင့် အနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး
“နင်နဲ့ အရမ်းကပ်နေသလိုပဲ၊ နင်လည်း အရမ်းကြပ်တယ်လို့ မခံစားရဘူးလား၊ ငါ နည်းနည်းလေး နောက်ဆုတ်လိုက်မယ်နော်”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“မင်း အဆင်ပြေသလိုလုပ်ပါ”
သူသည် ပုံမှန်ဆိုလျှင် အိပ်ပျော်သွားချိန်၌ ဘေးသို့ရွေ့သွားခြင်း မရှိတတ်ချေ။ သူမကတော့ ဘေးသို့လှုပ်ရှားရသည်ကို ကြိုက်ပုံရသည်။ သူသည် သည်အကျင့်ကို အရင်ကတည်းက သိရှိထားခဲ့သည်။ ထို့ကြောင့် သူသည် တစ်ချိန်က သံချောင်းကို သူ့ဘက်သို့ ရွှေ့ပေးလိုက်သေးသည်။ သူမကတော့ ဒါကို သတိမထားမိခဲ့ချေ။
ရွှီရှောင်ကျောင်းက သူမ၏ကိုယ်အနေအထားကို ပြင်လိုက်၏။ စုန့်ဝေဖျင်က သူမကို ကြည့်နေသေးသည်ကို တွေ့လိုက်ရသဖြင့် ရုတ်တရက် ရှက်သွားသလို ခံစားလိုက်ရပြီး
“ဟဲ့ စုန့်ဝေဖျင် ဟိုဖက်လှည့်”
စုန့်ဝေဖျင်က မသိမသာ ပြုံးပြလိုက်၏။ သူမ ကလေးအလိမ္မာလေးလို လှဲနေပြီး သူ့ကို အမိန့်ပေးနေသေးတယ်တဲ့။ ချစ်စရာကောင်းအောင် နည်းနည်းလောက်လုပ်ပြလိုက်ပြီး
“ငါ ဒီအနေအထားကို အကျင့်ပါနေပြီ၊ မင်း လှည့်လိုက်ပါလား”
သူက ပြုံးလိုက်သောအခါ ရွှီရှောင်ကျောင်း၏မျက်နှာမှာ ပိုပြီး ပူလာတော့သည်။ မှတ်ဉာဏ်ထဲတွင် စုန့်ဝေဖျင် ဤသို့ကြည်လင်စွာ ပြုံးပြခြင်းကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ပင်။
“ဟဲ့ ဟဲ့ နင်က ဘာရယ်တာလဲ၊ မရယ်နဲ့”
စုန့်ဝေဖျင်က ခပ်တိုးတိုးချောင်းဟန့်လိုက်ပြီး
“အင်းပါ၊ ငါ လှည့်ပါမယ်”
အဲလိုမှပေါ့။ ရွှီရှောင်ကျောင်းသည် စိတ်ထဲက ထောက်ခံလိုက်သည်။ ဒါကမှ အခန်းဖော်ကောင်းတွေရဲ့ သဘောထားပဲ။
သူတို့နှစ်ယောက်က ခါတိုင်းလိုပင် နည်းနည်းပါးပါး စကားပြောလိုက်ကြသည်။ နောက်ဆုံးတွင် အပြင်ဘက်တွင် နေရသည်က အိမ်ထဲတွင် နေရသည်လောက်တော့ သက်သောင့်သက်သာမရှိချေ။ ရွှီရှောင်ကျောင်းသည် ဆေးစစ်ချက်ရလဒ်သွားယူခဲ့ပြီး ခရီးသွားလာခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနေလေရာ အိပ်ပျော်သွားတော့သည်။
သူက လက်ကိုဆန့်ထုတ်လိုက်ပြီး သူမ၏ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်လေသည်။ သူ့နှလုံးသားက လုံးဝကို ပျော့ပြောင်းနေတော့သည်။
ရွှီရှောင်ကျောင်းသည် သူမက အေးအေးချမ်းချမ်း အိပ်ခဲ့ရပြီး ကိုယ့်ဟာကိုပင် ကျေနပ်မိသလို ခံစားလိုက်ရသေးသည်။ ခန်းဆီးဖယ်လိုက်တာနဲ့ပဲ သူတို့တွေက တစ်ခုခုဖြစ်လိမ့်မယ်လို့ ဝူချွန်းဟွားက ထင်ထားတာတဲ့လား။ ဟ ဟ။ အတွေးလွန်သွားပြီ။ သူတို့တွေက အေးအေးချမ်းချမ်း နေနေကြတဲ့ အခန်းဖော်ကောင်းတွေ ဖြစ်နေတုန်းပဲ။
သို့သော် ထိုကိုယ့်ကိုယ်ကို ကျေနပ်နေမှုကြီးက ပထမညတွင်ပင် ပျက်စီးသွားတော့သည်။
ညဥ့်လယ်ရောက်သောအခါ နောက်ထပ် ဆောင်းဦးမိုးက ရွာချလာပြန်သည်။
ဆောင်ဦးလေကြမ်းက တိုက်ခတ်လာသည်။ လေပြေထဲတွင် အေးစိမ့်စိမ်းအအေးဓာတ်တစ်ခု ပါလာသည်။
အိပ်ချင်မူးတူးဖြင့် စုန့်ဝေဖျင်သည် တစ်ခုခုက အိပ်ရာထဲ လျှောဝင်လာသည်ကိုသာ ခံစားလိုက်ရသည်။ သူသည် ထိုအရာကို လှမ်းဖမ်းဖို့ရာ မသိစိတ်က လက်ကိုဆန့်လိုက်ရာ နူးညံ့ပြီးရွှန်းစိုသည့် အထိအတွေ့ကြောင့် ရုတ်ခြည်းဆိုသလို နိုးသွားတော့သည်။ ဆန့်ထုတ်ထားသည့် ရွှီရှောင်ကျောင်း၏ ခြေသလုံး ဖြစ်နေတော့သည်။
သူသည် ကိုယ်တစ်ဝက်လောက် ထောက်က မတ်လိုက်ပြီး ခြေသလုံးကို ကြည့်လိုက်၏။ ရွှီရှောင်ကျောင်း၏ခြေသလုံးနှစ်ခုလုံးက ပေါ်နေပြီး သူ့ဘက်သို့ ဆန့်ထားလေသည်။ တစ်ဖက်က အနွေးဓာတ်ကို အာရုံခံမိပြီး ဂွမ်းစောင်ထဲသို့ ဝင်လာကာ တစ်ခြားတစ်ဖက်က အပြင်ဘက်တွင် ကျုံ့ထားပြီး အနည်းငယ် သနားစဖွယ်ဖြစ်နေလေသည်။
သူသည် ခေါင်းခါလိုက်ပြီး ရွှီရှောင်ကျောင်းက အိပ်နေစဥ် လှိမ့်တတ်သည်ကို သိလိုက်လေသည်။ သည်အခြေအနေအထိ ပရမ်းပတာ ဖြစ်နေမည်ဟုတော့ မျှော်လင့်မထားခဲ့ချေ။ မနှစ်က စောစောစီးစီး ဂွမ်းစောင် ပိုထူလာသည်မှာ မထူးဆန်းတော့ပေ။
စုန့်ဝေဖျင်က သူမကို မနိုးလိုက်ချေ။ သူသည် ရွှီရှောင်ကျောင်း၏ဂွမ်းစောင်ကို ပြင်ပေးလိုက်ပြီး သူမအတွက် ဖိထားပေးလိုက်သည်။ ထို့နောက် သူမက အပြင်ကို ပိုပြီးထွက်မလာခင် သူမကိုခြုံပေးဖို့ သူ့ဂွမ်းစောင်တစ်ဝက်ကို ပေးထားလိုက်သည်။
မနက်ဖြန် ရာသီကဥတု သာယာရင်တော့ ဂွမ်းစောင်အထူ မြန်မြန်ထုတ်လှမ်းပြီး သူ့အတွက် လဲပေးမှပါလေ။ စုန့်ဝေဖျင်က ထိုသို့တွေးလိုက်ပြီး ပြန်အိပ်ပျော်သွားတော့သည်။
နှစ်ရက်လောက် အပြင်တွင် အလုပ်များနေခဲ့ရာ စုန့်ဝေဖျင်က နောက်တစ်နေ့တွင် အစားအသောက်ထွက်မရောင်းဖို့ ရွှီရှောင်ကျောင်းနှင့် သဘောတူထားပြီးဖြစ်သည်။ ထို့ကြောင့် သူ့အတွက်တော့ ရှားရှားပါးပါးအိပ်ရေးတစ်ခုပင်။
ကောင်းကင်က လင်းရှင်းလာပြီး ရွှီရှောင်ကျောင်းသည် နိုးတော့မည့်ဆဲဆဲတွင် အပြင်ဘက် မိုးရွာသံကို ကြားလိုက်ရလေသည်။
အရမ်းမိုက်လိုက်တာ။ သူမက တွေးလိုက်၏။ မိုးရွာတဲ့နေ့တွေက အိပ်ဖို့တကယ်သင့်တော်တယ်။ အိမ်မှာအိပ်နေရတာက အပြင်ထွက်ရတာထက်တော့ ပိုကောင်းသေးတယ်။ အိပ်ရာက ပိုပြီးပျော့ပြောင်းနေရုံမကသေးဘူး အရမ်းနွေးတာပဲ။ ငါလေးရဲ့ဘေးမှ နေမင်းသေးသေးလေး ရောက်နေသလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံးက နွေးနေတာပဲ။
နေမင်းသေးသေးလေးတဲ့လား။
သူမသည် ရုတ်တရက် မျက်လုံးမျာကို ဖွင့်လိုက်လေသည်။
သူမ၏ရှေ့တွင်တော့ အေးအေးချမ်းချမ်းအိပ်ပျော်နေသည့် စုန့်ဝေဖျင်။
ဒီလူက တကယ်ချောတာပဲဟဲ့။
ဟင့်အင်း။ ဒါက အရေးမကြီးဘူး။ ရွှီရှောင်ကျောင်းသည် သူမ၏လက်ဖဝါးကို ဆိတ်လိုက်လေသည်။ အရေးကြီးတာက ငါလေးက ဘာလို့ စုန့်ဝေဖျင်ရဲ့ရင်ခွင်ထဲ ရောက်နေတာတုန်း။
ပြီးတော့ တစ်ဖက်လူကို ရေဘဝဲလို ဖက်ထားလိုက်သေးတယ်ဟ၊
အမေရေ။ သမီးတော့ လမ်းမှားပြီ။
ရွှီရှောင်ကျောင်းသည် သူမ၏အနေအထားကို မြန်မြန် ပြန်ဆုတ်ချင်လိုက်သော်လည်း စုန့်ဝေဖျင်၏ မျက်လုံးများက ပွင့်လာလေသည်။
“အို နင့်မျက်လုံးကို ပိတ်ထား၊ စုန့်ဝေဖျင်၊ မျက်လုံး မဖွင့်နဲ့နော်”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏မျက်လုံးများကို ကာထားရင်း သူမ၏ဂွမ်းစောင်ထဲသို့ တွားသွားလိုက်တော့သည်။
သူမသည် အသံလုံးဝမထွက်အောင် တွင်းဆီသို့ မြန်မြန်ပြန်ပြေးကာ ပျာယာခတ်နေသည့် ယုန်ငယ်လေးတစ်ယောက်နှင့် တူနေတော့သည်။
“ငါ့အိပ်နေတုန်း အနေအထားက ဆိုးတာတော့ မဟုတ်ပါဘူး၊ ငါတို့တွေ အိပ်ရာတစ်ခုထဲ အချိန်အကြာကြီး အိပ်ခဲ့ကြတာလေ၊ ငါ တစ်ခါမှ စည်းမကျော်ခဲ့ဘူးနော်”
သူမသည် သူမ၏အိပ်ပုံအနေအထားက ယုံကြည်ရကြောင်း ရှင်းပြဖို့ ကြိုးစားလေသည်။
စုန့်ဝေဖျင်က သူမလက်ဖဝါး၏ အနွေးဓာတ်ကို ခံစားမိပြီး အသာအယာ မျက်တောင်ခတ်လိုက်ကာ
“ငါ သိပါတယ်၊ မင်း အေးလို့ ဒီဖက်ကို ရောက်လာတာလေ”
ရွှီရှောင်ကျောင်၏လက်ဖဝါးများသည် သူ့မျက်တောင်ရှည်များကြောင့် ယားကျိကျိဖြစ်သွားတော့သည်။ သူမက လက်ဖဝါးကို ပြန်သိမ်းလိုက်ပြီး ဂွမ်းစောင်ဖြင့် သူမကို ခြုံထားလိုက်ကာ သူ့ကို ကြည့်လိုက်လေသည်။
“ဟုတ်တယ်၊ ရုတ်တရက်ကြီး ဘာလို့ အရမ်းအေးလာတာလဲ”
“ဒီနေ့တော့ မင်းအတွက် စောင်ပါးနှစ်ထည် ခြုံထားပေးမယ်၊ ရာသီဥတု ကြည်လင်သွားရင်း ငါတို့တွေ ဂွမ်းစောင်အထူကို နေထုတ်လှမ်းပြီး မင်းအတွက် ပြောင်းပေးမယ်နော်” စုန့်ဝေဖျင်က အစမှ အဆုံးအထိ အင်မတန်တည်ငြိမ်လေသည်။
သူသည် ဘာမှမဖြစ်သလို လုပ်နေလိုက်သည်။ ရွှီရှောင်ကျောင်းက ပိုပြိးတည်ငြိမ်လာခဲ့သည်။ စုန့်ဝေဖျင်က အလုပ်သွားလိုက်ပြီး ဝူချွန်းဟွားက အေးအေးလူလူ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားက အောင်နိုင်သည့်ပန်းတစ်ပွင့်လို ပြုံးနေသည်ကို မြင်လိုက်ရသောအခါ ရုတ်ခြည်းဆိုသလို မူးနောက်သွားပြီး
“အမေ သမီးတို့ရဲ့အိပ်ရာခင်းအားလုံးကို ယူသွားတာလား”
သည်ကိစ္စအတွက်ပင် ဝူချွန်းဟွားသည် သည်နေ့ တမင်အလုပ်မသွားခြင်းပင်။ ရွှီရှောင်ကျောင်း၏ စကားကို ကြားလိုက်ရတော့ သူမက သမီးဖြစ်သူကို မြန်မြန်ဆွဲပြီး အခန်းထဲ ခေါ်ဝင်သွားတော့သည်။
“အမေသာ ခန်းဆီးတစ်ခုထဲ ယူသွားခဲ့ရင် နင်တို့တွေ အိပ်ရာခင်းတစ်ခုက ကာထားကြအုံးမှာမလား၊ ဒါပေါ့၊ ငါက အားလုံးကို ယူသွားရမှာပဲ၊ သမီးကို ပြောထားမယ်နော်၊ အခု အိပ်ရာခင်းတွေကို အမေ့အိမ်မှာ သိမ်းထားတယ်၊ သမီးတို့ အိပ်တဲ့ပုံစံ ပြောင်းသွားပြီဆိုမှ အဲဒါတွေကို လာတောင်းလှဲ့”
ရွှီရှောင်ကျောင်းသည် စိတ်ထဲတွင် ပြိုလဲမိတော့သည်။ အမေက သမီးအမေလား စုန့်ဝေဖျင်ရဲ့အမေလားလို့။
“သမီးတို့ကြားက ကိစ္စတွေကို စိတ်ရှုပ်မခံပါနဲ့ သမီးပြောထားတယ်လေ”
ဝူချွန်းဟွားက သမီးဖြစ်သူ၏နဖူးကို တို့လိုက်ပြီး သူမ၏ကျစ်ဆံမြီးလေးကို ဆွဲဖြန့်ပေးလိုက်ကာ
“အလိုက်တဲ့ကလေးမ၊ ဒီနှစ်မှာ အမေ စုန့်ဝေဖျင်ကို သေသေချာချာ စောင့်ကြည့်ထားပြီးပြီ၊ သူက လိမ္မာတဲ့ကလေးတစ်ယောက်ပဲ၊ သမီးက ဘာတွေ နေသားမကျနေမှန်းတော့ အမေ မသိဘူး၊ အမေ့ကို ပြောစမ်း၊ သူက လယ်သမားတစ်ယောက်မလို့ သမီးနဲ့ ကောင်းကောင်းမလိုက်ဖက်ဘူးလို့များ သမီးက တွေးနေတာလား”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“သမီးသာ အဲလိုတွေးရင် ဟိုတုန်းက သူနဲ့ လက်ထပ်ခဲ့မှာမဟုတ်ဘူး”
အမေ ဘာသိလို့လဲ။ စုန့်ဝေဖျင် လိမ်ညာထားတဲ့အနေအထားလေ။ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်။ မူဝါဒတွေ ဖွင့်ပေးလိုက်အပြီးမှာ ချမ်းသာလာတဲ့လူတွေထဲက လူချမ်းသာပထမအသုတ်။ ပြီးတော့ သူက အချမ်းသာဆုံးစာရင်းထဲမှာ အခိုင်အမာရပ်တည်ထားတာ။ ဒါက သာမန်လူတစ်ယောက်တဲ့လား။
ဝူချွန်းဟွားက ထပ်ပြောချင်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက လက်ယမ်းပြလိုက်ပြီး
“အမေ ဒီအကြောင်း မပြောတော့ဘူး၊ သမီးတို့တွေ အမေ ပြောတဲ့အတိုင်း လုပ်ကြမှာ၊ အားလုံးကို အမေပြောတဲ့လုပ်မှာ”
ဝူချွန်းဟွားက သည်အခါမှ ခေါင်းတွင်တွင်ညိတ်လိုက်တော့သည်။ ဒါမှ နည်းလမ်းအမှန်လေ။ သမီးရဲ့ဗိုက် လှုပ်ရှားလာပြီး ပြည့်ပြည့်ဖြိုးဖြိုး မြေးလေး ဒါမှမဟုတ် မြေးမလေး မွေးလာရင် သူမကတော့ အိပ်မက်ထဲက နေ့တိုင်း အပြုံးနဲ့ နိုးထနိုင်မှာပဲ။
သို့သော် သူမ၏အတွေးက ပြန်လည်လာပြီး
“ငါ့ကို လှည့်စားမယ်မကြံနဲ့နော်၊ ငါ မကြာခဏ လာကြည့်မှာသိလား၊ နင်တို့တွေ ခန်းဆီးကာပြီး အိပ်နေသေးတာ တွေ့လို့ကတော့ နင်တို့တွေအတွက် အဲခန်းဆီးကို ချက်ချင်းသိမ်းပစ်လိုက်မှာ”
ရွှီရှောင်ကျောင်းမှာ နဖူးကို လက်ထောက်ထားလိုက်တော့သည်။ သမီး အမေ့ကို အရှုံးပေးပါတယ်။
ညပိုင်းတွင် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နှင့် စကားပြောလိုက်သည်။ အခုချိန်ကစပြီး ခန်းဆီးကာစရာ မလိုတော့ဘူးဟု ပြောလိုက်ရတော့သည်။
သူမက စိတ်ဓာတ်ကျနေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က ခဏလောက်စဥ်းစားလိုက်ပြီး
“ရပါတယ်၊ မီးဖိုဘေးမှာ ပျဥ်ပြားနည်းနည်းကျန်သေးတယ်၊ မင်း နေရာပိုရအောင် အိပ်ရာကို တိတ်တိတ်လေးချဲ့ပေးမယ်နော်”
ဒါက စိတ်ကူးကောင်းပဲ။ ရွှီရှောင်ကျောင်း၏မျက်လုံးများက လင်းလက်သွားတော့သည်။
စုန့်ဝေဖျင် နင့်မှာ အမြဲတမ်း အဖြေတစ်ခုတော့ ရှိတယ်နော်”
စုန့်ဝေဖျင်သည် သူမ၏မျက်နှာပေါ်တွင် ပြန်ပေါ်လာသည့် အပြုံးကို ကြည့်နေကာ မေးလိုက်တော့သည်။
“အဲလောက်တောင် ကြာနေပြီ၊ အခုထိ ငါ့ကို မယုံသေးဘူးလား”
ဘယ်ဟုတ်မှာလဲ။
“ငါက နင့်ကို အနှောင့်အယှက် ပေးမိမှာစိုးတာ၊ ငါက ရေရှည်အခန်းဖော် ဖြစ်ချင်တာဆိုတော့၊ အချင်းချင်း အနှောင့်အယှက်မဖြစ်ဖို့က အခြေခံကျင့်ဝတ်ပဲလေ”
စုန့်ဝေဖျင်ကို နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး
“အနှောင့်အယှက် မဖြစ်ပါဘူး”
အခုချိန်မှာ ဒီထက်ကောင်းတဲ့ အဖြေလည်း မရှိဘူးလေ။ ရွှီရှောင်ကျောင်းက နှုတ်ခမ်းကို စူထားလိုက်ပြီး
“ဒါဆို နင် အရင်ဆုံး အိပ်ရာကို ချဲ့ပေးမှဖြစ်မယ်၊ ဒီတစ်ခါ ငါ နင့်ဆီ အတင်းတိုးလာရင် ငါ့ကို တွန်းပြီး နိုးလိုက်နော်”
“အင်းပါ ဒါပေမဲ့ ဆောင်းဦးကောက်ရိတ်ပွဲက မကြာခင်ဆိုရင် စတော့မယ်၊ အိပ်ရာချဲ့တာတော့ အရမ်း မမြန်လောက်ဘူး”
ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်၏။ ဟုတ်သားပဲ။ ဆောင်းဦးကောက်ရိတ်ပွဲက စတော့မှာပဲ။ ရို့ကျားမိုနဲ့ ဝက်စတူးလုပ်ငန်းလည်း အဲဒီအချိန်ဆိုရင် အရမ်းရောင်းရတာ။
သူ့ကို အချိန်ပိုဆင်းခိုင်းတာတော့ နည်းနည်းရက်စက်တယ်လေ။
“ဒါဆိုလည်း နင် ဖြည်းဖြည်းလုပ်ပါ။ ဘာပဲဖြစ်ဖြစ် နင် မငြိုငြင်သရွေ့ ငါက အဆင်ပြေပါတယ်”
ဆောင်းဦးကောက်ရိတ်ရာသီကာလအတွင်းတွင် ထွန်စက်မြည်သံက လယ်ကွင်းများတစ်လျှောက်တွင် ပြန့်လို့နေလေသည်။ နေရာတိုင်းတွင် နွေးထွေးသည့်လေထုတစ်ခု ရှိနေသည်။ သူတို့ထဲက တစ်ယောက်အနေဖြင့် စုန့်ဝေဖျင်လည်း ချွေးများ ရွှဲနစ်နေအောင် ထွက်လေသည်။
သူ့တွင် အမှန်ပင် အားလပ်ချိန်ဟူ၍ မရှိချေ။ ရာသီဥတုက အေးစိမ့်ပြီး ဝက်စတူးကို ညတွင်းချင်း နှပ်ထားနိုင်သော်လည်း လုပ်ငန်းက ကောင်းနေပြီး ကြိုတင်မှာသူ များပြားလာသဖြင့် အစောပိုင်းက အသား ၂ကျင်း ၃ကျင်းက ဝယ်လိုအားကို မလိုက်နိုင်တော့ချေ။ ဒါသည် သူ့အတွက် မလွယ်ကူချေ။
သို့သော် သူသည် အိမ်မှာရှိနေချိန်တွင် အားလပ်သည့်အချိန်တိုင်း ရေပေါ်တစ်ခုကို သုံးကာ သစ်သားကို အချောသပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် အိပ်ရာကိုချဲ့ပေးဖို့ အမှန်ပင် စိတ်ကူးထားလေသည်။
ရွှီရှောင်ကျောင်းက ပိုပြီး စိတ်အေးလာတော့သည်။ စုန့်ဝေဖျင်သာ ငါ့အပေါ် တခြားအတွေးတစ်ခုခု ရှိနေရင် အိပ်ရာကို သေချာပေါက် ချဲ့ပေးမှာမဟုတ်ဘူးလေ။
ဟုတ်နေပါပြီ။ စုန့်ဝေဖျင်က စိတ်ချရတဲ့လူတစ်ယောက်ပဲ။
သူမသည် မကြာခဏဆိုသလို နိုးလာတတ်ပြီး သူမကပဲ စည်းကျော်သွားကာ စုန့်ဝေဖျင်နှင့် အလွန်နီးနီးကပ်ကပ် ရှိနေသည်ကို တွေ့ရတတ်သည်။ သို့မဟုတ်လည်း သူမသည် သူမ၏ခြေထောက်များက သူ့ပေါင်းကို ကန်ထားရင်း နိုးလာတတ်သည်။ သူမ၏ လက်ရှိစိတ်အခြေအနေအရ သူမက ပုံမှန်အတိုင်း မှတ်ချက်ပေးရင်းသာ တတ်နိုင်လေသည်။
“စုန့်ဝေဖျင် ငါ နင့်ကို ထိမိပြန်ပြီ”
သူ့ကြွက်သားများက အလွန်မာကြောလှသည်။ သူမက ကြွက်များပေါ် တက်နင်းမိတိုင်း တော်တော်လေး ကျုံ့နိုင်ဆန့်နိုင်အား ကောင်းသည်။
စုန့်ဝေဖျင်အနေနှင့်ကတော့ သူ့တုံ့ပြန်မှုက တသမတ်တည်းပင်။ ဒါက အလွန်စိတ်အေးရစေသည်။
**
ဆောင်းဦးကောက်ရိတ်ပွဲ။ အားလုံးက အလုပ်များနေကြသည်။ သို့သော်ငြား ရွှီရှောင်ကျောင်းကတော့ အလုပ်မများချေ။
သူမသည် နွေဦးပျိုးကျဲချိန်ကာလအတွင်း ရွာထဲက စိုက်ပျိုးရေးလုပ်ငန်းကို ကြီးမားသည့်နည်းပညာ အထောက်အပံ့ ပေးခဲ့သဖြင့် ရွာဌာနခွဲစာရေးက အလွန်ဝမ်းသာသွားပြီး သူမကို စာရင်းကိုင်အလုပ် ပေးထားလေသည်။
တပ်ဖွဲ့တစ်ခုလုံးတွင် စာရင်းပြုစုရခြင်းက အလွယ်ကူဆုံးအလုပ်ဟု ဆိုနိုင်သည်။ လယ်ထဲ ဆင်းစရာမလိုဘဲ ဌာနခွဲစားရေလို ခေါင်းဆောင်လို အလုပ်ကို ကိုယ်တိုင် တာဝန်ယူထားရုံပင်။ သူတို့သည် အဖွဲ့ဝင်များလို ချွေးများလည်း ထွက်စရာမလိုချေ။ တပ်ဖွဲ့တွင် ထိုင်ပြီး နေ့တိုင်း အားလုံးအတွက် စာရင်းများ လုပ်ပေးနိုင်သည်။ ထို့အပြင် အမှတ်ပြည့်လည်း ရသေးသည်။
တစ်ဖွဲ့လုံးက လူတိုင်းက အားကျကြလေသည်။
ရွှီရှောင်ကျောင်းကဲ့သို့ပင် မိန်လင်ရွာတွင် အလုပ်မလုပ်ကြသည့် ပညာတတ်လူငယ်တချို့လည်း ရှိသေးသည်။
သူတို့သည် အဖွဲ့လိုက် ခွင့်ယူဖို့ တိုက်ရိုက် တောင်းဆိုခဲ့ကြသည်။
ဒါက ရွာဌာနခွဲစာရေးကြီးကို အမျက်ထွက်စေတော့သည်။ ပုံမှန်အချိန်ဆိုရင်တော့ အဆင်ပြေပါသေးတယ်။ အခုတာ့ စိုက်ပျိုးရေးရာသီမှာ အလုပ်အများဆုံးအချိန်လေ။ လူအင်အား အလိုအပ်ဆုံးအချိန်။ မိသားစုထဲက အရွယ်မရောက်တရောက် ကလေးတွေတောင် လာပြီး ကူညီပေးရတာ။ အရွယ်အကောင်းဆုံးဖြစ်နေတဲ့ ပညာတတ်လူငယ်တွေထဲက တစ်ယောက်မှ အလုပ်လုပ်ဖို့ စိတ်ကူးမရှိကြဘူးတဲ့။
ဟန်ကွမ်းဟွေက ခေါင်းဆောင်ပြီး ခွင့်ပေးဖို့ တောင်းဆိုခဲ့သည်။ အဓိပ္ပာယ်မှာ ရှင်းရှင်းလေးပင်။ ဌာနခွဲစာရေးက ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူတို့သည် အလုပ်သွားလိမ့်မည် မဟုတ်ပေ။
ဌာနခွဲစာရေးက ဆောင်းဦးကောက်ရိတ်ချိန်တွင် သူတို့က မပါဝင်ခဲ့လျှင် နှစ်သစ်ကူးကာလရောက်လျှင် ရမှတ်စုစုပေါင်းကို တစ်ဝက်ဖြတ်ပစ်မည်ဟု ချက်ချင်း ပြောလိုက်သည်။
ကျောက်ယန်ယန်က သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး
“ဒါဆိုလည်း တစ်ဝက်ဖြတ်လိုက်ပေါ့၊ ဘယ်သူက ဂရုစိုက်လို့လဲ၊ နှစ်သစ်ကူးပြီးရင် ငါတို့တွေက ကောလိပ်တက်ဖို့ အသိပေးစာ ရောက်လာတော့မှာ၊ ရမှတ်စာရင်းကနေပြီးတော့ ဝေပေးမဲ့ သစ်ကြားသီးသုံးလုံးနဲ့ စွံပလွန်သီးနှစ်လုံးကို ဘယ်သူက ဂရုစိုက်မှာလဲ၊ နောက်ဆိုရင် ဒီမိန်လင်ရွာက ငါတို့မှတ်ဉာဏ်ထဲမှာ ကျေးရွာတစ်ခုပဲ ဖြစ်နေအုံးမှာ”
တစ်ဦးတည်းသော ကျန်ခဲ့သူက ကျိုးဖင့်ရှန်းပင်။
အလုပ်ရမှတ်ကို သတင်းပို့ချိန်တွင် ရွှီရှောင်ကျောင်းက တခြားသူများနှင့်အတူ ခွင့်မယူခဲ့သည့် အကြောင်းအရင်းကို သူမအား မေးလိုက်တော့သည်။ သူမက ပြုံးကာ ခေါင်းခါပြလိုက်ပြီး
“နင် အရင်နှစ်က ငါ့ကို အများကြီး သင်ထားပေးခဲ့တယ်လေ၊ ငါလည်း အသိပညာအားလုံးနဲ့ ရင်းနှီးနေပြီ၊ စုန့်ဝေဖျင် နင့်အတွက် ယူပေးတဲ့ စာအုပ်တွေက နင်က ငါ့ကို ပေးဖတ်ခဲ့တာပဲ၊ ငါ အဲဒီမေးခွန်းတွေကို လုပ်ပြီး တော်တော်လေး အဆင်ပြေသွားတယ်၊ နေ့တိုင်း အခန်းထဲမှာပဲ စာလုပ်နေတာက အရမ်း အထောက်အကူ မဖြစ်ဘူးလေ၊ ငါ အလုပ်သွားရင်းနဲ့လည်း အဲဒီပညာတွေကို ပြန်ဆန်းစစ်လို့ရတယ်၊ နှစ်ဖက်လုံးအတွက် အချိန်မနှောင့်နှေးတော့ဘူးပေါ့”
သူမက ရွှီရှောင်ကျောင်း သူမကို ငှားပေးလိုက်သည့် ဖတ်စာအုပ်များကို ကူးထားလိုက်ပြီး ဝမ်ကွေးယွဲ့ကိုပင် ပြလိုက်သေးသည်။ တစ်နှစ်ကျော်ကျော် ရွှီရှောင်ကျောင်း၏ အကူအညီကြောင့် သူမသည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အလွန်ယုံကြည်မှုရှိလာခဲ့သည်။ ထို့ကြောင့်ပင် သူမသည် တည်ငြိမ်နေပြီး အလျင်မလိုချေ။
တခြားသူများကတော့ တခြားအတွေးတွေးကြသည်။
ဝမ်ကွေးယွဲ့က ကျိုးဖင့်ရှန်း၏ ဖတ်စာအုပ်ကို ရခဲ့ပြီး ထိုအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြခဲ့ချေ။ လက်ထပ်ပြီးနောက် အိမ်တွင် စာလုပ်ခဲ့ပြီး သူမသည်လည်း ကျိုးဖင့်ရှန်း မကောင်းကြောင်းကို အလိုလိုပင် မပြောတော့ချေ။
သို့သော် တခြားပညာတတ်လူငယ်များကတော့ သည်ပညာတတ်လူငယ် ကျိုးဖင့်ရှန်းအပေါ်တွင် ထင်မြင်ချက်အမျိုးမျိုး ပေးကြလေသည်။
အစက ကျောက်ယန်ယန်သည် တစ်ဦးတည်းသာ ကျန်သည့် အမျိုးသမီးလူငယ်ပညာတတ်တစ်ယောက် ဖြစ်သည်။ သူမက စကားပြောချင်သည့်အချိန်တိုင်း သူမကို နားထောင်ပေးမည့်သူ မရှိပေ။ ထို့နောက်တွင် ချန်းရွှယ်က သူမ၏အဆောင်သို့ ပြောင်းလာခဲ့သည်။
ရွှီရှောင်ကျောင်းနှင့် ဟန်ကွမ်းဟွေတို့သည် အထက်တန်းကျောင်းက အတန်းဖော်အနေဖြင့် ချန်းရွှယ်သည် ဟန်ကွမ်းဟွေနှင့် ပတ်သက်သည့် အတွေးများက အမြဲတမ်းရှိခဲ့သည်။ ရွှီရှောင်ကျောင်းက ဟန်ကွမ်းဟွေ၏ စေ့စပ်ထားသူ ဖြစ်ခဲ့စဥ်ကလည်း သူမက ဟန်ကွမ်းဟွေနှင့် မကြာခဏဆိုသလို အီစီကလီလုပ်တတသည်။
ထိုအကြောင်းကို သူတို့နှစ်ယောက်သာ သိကြလေသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ဖွင့်သည်နှင့် ချန်းရွှယ်သည် ပြီးခဲ့သည့်အခေါက်က ရွှီရှောင်ကျောင်းနှင့် တွေ့ပြီးကတည်း လူတချို့၏အခြေအနေကို စုံစမ်းထားခဲ့သည်။ ရွှီရှောင်ကျောင်းက ကောလိပ်စာမေးပွဲ ဝင်မဖြေကြောင်းနှင့် ဟန်ကွမ်းဟွေ၏ လက်ရှိမိန်းမက မူလက လယ်သူမတစ်ယောက်ဖြစ်မှန်း သိလိုက်ရသဖြင့် သူမသည် ဝမ်းသာသွားတော့သည်။
ဖတ်စာအုပ်လဲခြင်း အတူတူစာလုပ်ကြခြင်း ကျန်းတဟိုင်နှင့် ကြင်ဖက်ဟု အမည်တွင်နေသည့် စသည့်ဆင်ခြေများကြားတွင် ကျောက်ယန်ယန်ထံမှ မကြာမကြာ လမ်းညွှန်မှုများ ရယူပြီးနောက်တွင် သူမသည် ကျောက်ယန်ယန်၏ ယုံကြည်မှုကို အလွယ်တကူရခဲ့လေသည်။ သည်နေရာသို့ ပြောင်းလာပြီး ၃-၄-၅ရက်အတွင်း သူတို့နှစ်ယောက်သည် ဘောင်းဘီ လဲဝတ်ရသည့်အဆင့်သည့် တော်တော်လေး ရင်းနှီးလာခဲ့သည်။
သည်ညနေခင်းတွင် ကောင်းကင်က အပြည့်အဝ နေဝင်နေလေသည်။ ချန်းရွှယ်က ဟန်ကွမ်းဟွေကို လမ်းလျှောက်ထွက်ဖို့ မေးချင်သည်။ သို့သော် ကျောက်ယန်ယန် သိသွားသည်နှင့် သူမသည် အမှား အမှန်ကို ခွဲခြားလိမ့်မည် မဟုတ်မှန်း သိနေသည်။ ထို့ကြောင့် သူမက အတင်းမလုပ်ယူတော့ဘဲ ပညာတတ်လူငယ်အားလုံးကို လမ်းလျှောက်ထွက်ဖို့ သည်အတိုင်း ခေါ်လိုက်တော့သည်။
ကျောက်ယန်ယန်က သည်လိုလွမ်းမောဖွယ် စိတ်ကူးယဥ်ကိစ္စကို ငြင်းလိမ့်မည် မဟုတ်သည်က သဘာဝပင်။ ဟန်ကွမ်းဟွေက ပါးနပ်စွာ နားလည်လိုက်သည်။ လီယုံဟိုင်ကလည်း အလိုက်အထိုက် ပါလာခဲ့သည်။
တချို့က ကျိုးဖင့်ရှန်းအကြောင်းကို အလိုလို ထုတ်ပြောကြလေသည်။
“သူက အရမ်းဟန်ဆောင်တတ်တာနော်၊ အလုပ်သွားချင်ဟန်ဆောင်လိုက်သေးတယ်၊ ငါ့အမြင်တော့ သူက ကိုယ့်ဟာကိုယ် ဆင်ခြင်တွေလုပ်နေတာ၊ သူ စာမေးပွဲကျရင် အကြောင်းပြချက်က အသင့်ဖြစ်နေမှာ မလား၊ အလုပ်သွားရလို့ သူ စာလေ့ရတာကို နှောင့်နှေးစေတယ်ဆိုပြီးတော့လေ၊ ဘယ်သူမှ ဘာမှပြောနိုင်မှာမဟုတ်တော့ဘူး”
ကျောက်ယန်ယန်က အတင်းပြောရသည်ကို အကျင့်ပါနေလေသည်။
ချန်းရွှယ်က ဟန်ကွမ်းဟွေနှင့် အကြည့်ချင်း ဖလှယ်နေသည်။ သူမသည် အနည်းငယ် ရှက်သွားပြီး ခေါင်းကို ပြန်လှည့်သွားကာ ကျောက်ယန်ယန်၏ စကားကို ထောက်ခံလိုက်လေသည်။
“ဒါဆိုရင်လည်း ငါတို့အားလုံးက ကောလိပ်သွားကြတဲ့အချိန် သူက တစ်ယောက်ထဲ မိန်လင်ရွာမှာပဲ နေခဲ့ပေါ့၊ သူပဲ နစ်နာမှာ”
ကျောက်ယန်ယန်က သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး
“ရွှီရှောင်ကျောင်း ရှိသေးတယ်မလား၊ သူတို့နှစ်ယောက်က ညီအစ်မအရင်းတွေလိုပဲလေ၊ ဒီလောက်ကောင်းတဲ့ အနေအထားပဲ။ သူတို့နှစ်ယောက်က အပေါင်းအဖော်တွေ ဖြစ်နိုင်တယ်လေ။ အတူတူ အလုပ်လုပ်ပြီး လယ်စိုက်ကြပေါ့”
ဟန်ကွမ်းဟွေက ရွှီရှောင်ကျောင်းကို စိတ်ထဲတွင် ရှိနေသေးမှန်း သူမ သိထားလေသည်။ အခုတော့ သူမက ရွှီရှောင်ကျောင်း၏ မကောင်းကြောင်းပြောဖို့ ဆုံးဖြတ်ထားလိုက်သည်။
သူတို့ရှေ့တွင် ကျောက်တုံးတချို့ရှိနေ၏။ ရွာသားများက ထိုကျောက်တုံးပေါ်တွင် ထိုင်ကာ စကားပြောလေ့ရှိကြသည်။
သူမက ဦးဆောင်ကာ ထိုင်ချလိုက်ပြီး
“သူက တိုးတက်ဖို့ မစဥ်းစားဘူး၊ နောက်ဆိုရင် သူက ရွှီရှောင်ကျောင်းလိုပဲ ဖြစ်လာမှာမလား၊ မိန်လင်ရွာမှာ လက်ထပ်ဖို့ ယောက်ျားတစ်ယောက် ရှာလိုက်ပေါ့၊ အနည်းဆုံးတော့ ဝမ်ကွေးယွဲ့က ဌာနခွဲစာရေးရဲ့သားနဲ့ လက်ထပ်လိုက်ရသေးတယ်၊ သူတို့နှစ်ယောက်ကတော့ အဟက်”
ကျောက်ယန်ယန်၏ စကားကို နားထောင်လိုက်ပြီး ချန်းရွှယ်သည် ဝမ်းသာသွားကာ ချက်ချင်း ကောလိပ်တက်ချင်စိတ်ဖြစ်သွားပြီး ရွှီရှောင်ကျောင်း၏ မျက်လွှာချထားသည့်ရုပ်ကို ကြည့်ဖို့ ပြန်လာချင်တော့သည်။ သို့သော် သူမသည် ဟန်ကွမ်းဟွေ၏ သဘောမကျသည့်အမူအရာကို မြင်လိုက်ရချိန်တွင် သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ဆံပင် သပ်လိုက်ကာာ
“အဲလိုမပြောပါနဲ့လေ၊ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက ပညာတတ်လူငယ်တွေပဲ၊ ငါတို့တွေ ကောလိပ်က ဘွဲ့ရပြီး အနာဂတ်တစ်ခု ရှိလာခဲ့ရင် ငါတို့တွေက တတ်နိုင်သလောက် ကူညီသင့်တာပေါ့”
ဟန်ကွမ်းဟွေက ချန်းရွှယ်ကို အထင်ကြီးကာ လှမ်းကြည့်လိုက်လေသည်။ အခုတော့ သူသည် ကျောက်ယန်ယန်ကို ကြည့်လေလေ ပိုပြိး သဘောမကျ ဖြစ်လာလေလေပင်။ သူမက မိန်းမကြမ်းတစ်ယောက်လို ရန်ဖြစ်ပြီး ပါးစပ်ကလည်း အတင်းပဲပြောနေတယ်။ သူမသာ အရှက်မရှိ သူ့ကို မမြူဆွယ်ခဲ့ရင် သူ ရှောင်ကျောင်းနဲ့ လက်ထပ်ပြီးတာ ကြာပြီ။ ရှောင်ကျောင်းကမှ သူမထက် အဆ၁၀၀လောက်ပိုပြီး ပညာတတ်သေးတယ်။
လီယုံဟိုင်က သူတို့လို ကွေ့ပတ်ပြောတတ်သူမဟုတ်ချေ။ သူက ခေါင်းကို ဆန့်ကာ ပြောလိုက်လေသည်။
“ရွှီရှောင်ကျောင်းက အဲလောက် မဆိုးပါဘူး၊ သူကအခု လူထုဌာနမှ စာရင်းကိုင်လုပ်နေတာပဲ၊ ဘယ်လောက်တော်လိုက်သလဲ”
ကျောက်ယန်ယန်က နှာခေါင်းရှုံ့လိုက်ပြီး
“အဲဒါက အလကားပါ၊ ဌာနခွဲစာရေးက သူ့ကို သနားလို့၊ စောင့်ကြည့်နေလိုက်၊ ရက်ပိုင်းအတွင်း အဲအလုပ်ကို သေချာပေါက် ပြန်သိမ်းသွားလိမ့်မယ်”
သူမသည် မေးထောက်ထားလိုက်ပြီး စတင် စိတ်ကူးယဥ်တော့သည်။
“ဆန့်ကျင်ဘက်အနေနဲ့ ငါတို့တွေကမှ အနာဂတ်ရှိတဲ့သူတွေ၊ ငါတို့တွေ အတူတူ ကောလိပ်ဝင်ခွင့် ရသွားရင် အရမ်းကို လှပနေမှာပဲ၊ ဒီပတ်ဝန်းကျင်မှာ ဘယ်သူက ငါတို့နာမည်ကို မသိလို့လဲ၊ ပြောမရဘူး၊ အချိန်ကျလာတဲ့အခါ အားလုံးကို ငါတို့ကို ဂုဏ်ပြုပေးဖို့ ဗုံမောင်းတွေ တီးပေးကြအုံးမှာ၊ ငါတို့တွေက နာမည်ကြီးလာလိမ့်မယ်”
သူမ စကားဆုံးသွားသည်နှင့်တပြိုင်နက် ‘ချလွမ်း’ဟူသည့် ကျွပ်ဆတ်ဆတ် အသံတစ်ခု ထွက်လာလေသည်။ ရုတ်တရက်ဆိုသလို ခပ်အုပ်အုပ် အသံတစ်ခု ထွက်လာခဲ့သည်။
လူတချို့က ခါးဆန့်လိုက်ကြသည်။ ကျောက်ယန်ယန်က မယုံကြည်နိုင် ဖြစ်နေရာ
“ဧကန္တ သူတို့တွေ အခုကတည်းက ငါတို့ကို ဂုဏ်ပြုပေးနေကြတာလား”
သိပ်မဝေးလှသည့်နေရာတွင် လူတစ်စုက တဖြည်းဖြည်း နီးကပ်လာလေသည်။ ရှေ့ဆုံးကလူများက ဗုံသေးသေးလေးနှင့် ခရာများကို လွယ်ထားလေသည်။ သူတို့သည် အားရပါးရ တီးမှုတ်နေကြတော့သည်။ သူတို့နောက်တွင် လူတစ်စုပါလာသည်။ ဦးဆောင်လာသည့် လူနည်းစုက သူတို့ခါးတွင် အနီရောင်ဖဲစာကို ချည်ထားသည်။ အဒေါ်တချို့က စိတ်အားထက်သန်စွာဖြင့် ဟန်ကွမ်းဟွေနှင့် တခြားသူများကို လက်ယမ်းပြလိုက်ပြီး
“အိုး ပညာတတ်လူငယ်ရဲဘော်တွေ နင်တို့က ဒီရောက်နေကြတာပဲ၊ ငါတို့နဲ့ မြန်မြန်လာ ပေါင်းလှည့်”
ဟန်ကွမ်းဟွေပင် အံ့ဩသွားတော့သည်။ ဒါက။ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရမှာမလို့ သူတို့ကို ဗုံမောင်းတွေနဲ့ တကယ်ကြီး ဂုဏ်ပြုနေတာလား။
သူတို့ စကားမပြောနိုင်ခင်မှာပင် လူတစ်စုက အော်ပြောလိုက်လေသည်။
“အိုး ငါတို့တွေ ဒီနှစ် နှစ်ကောင်းတစ်ခု ပိုင်ရပြီလေ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း လက်ခံတယ်၊ အပို ယွမ်၅၀-၆၀ရတယ်တဲ့၊ ငါတို့တွေ ဒီတစ်ခါတော့ မိသားစု ငတ်မှာ မစိုးရိမ်ရတော့ဘူး”
“ဒါက ရှောင်ကျောင်းရဲ့ သင်တန်း ကျေးဇူးကြောင့်ပေါ့”
“ဟုတ်ပါ့၊ ဒါကို အရမ်းအံ့ဩစရာကောင်းအောင် ပြောလိုက်တာပဲ၊ သူပြောတာကို လိုက်လုပ်ရုံနဲ့တော့ ထွက်နှုန်းက ဘယ်လိုလုပ်ပြီး အများကြီးတိုးလာမှာလဲ၊ ဌာနခွဲစာရေးကြီး ပြောနေတာ မကြားဘူးလား၊ ငါတို့ထွက်ကုန်အဖွဲ့က မြို့မှာ နာမည်ကြီးနေတယ်တဲ့၊ သူက ရှောင်ကျောင်းကို အလုပ်သမား၊ လယ်သမားနဲ့ စစ်သားကောလိပ်ကို သွားပြီး သင်းတန်းပေးစေချင်တာတဲ့၊ ဘာလို့ခေါ်တာပါလိမ့်၊ စီရင်မြို့အတွင်း အများပြည်သူထံ ပြန့်နှံ့စေခြင်းဆိုလား”
“ဂုဏ်ရှိလိုက်တာ၊ ဒီဒေသတစ်ဝမ်းလုံးက လူတွေက ရွှီရှောင်ကျောင်းနာမည်ကို ချက်ချင်း သိသွားကြတော့မှာပဲ”
“ဟုတ်တာပေါ့၊ ဌာနခွဲစာရေးက ငါတို့ကို ‘ချမ်းသာရေးလမ်းပြပေးတဲ့ပညာရှင်လေး’ဆိုတဲ့အလံကို ဘာလို့ သွားပေးခိုင်းတာ ဖြစ်အုံးမလဲ၊ လာကြ လာကြ၊ နည်းနည်းလောက် ပျော်ပါးလိုက်ကြရအောင်”
“ပညာတတ်လူငယ်ရဲဘော်တို့ ငါတို့နဲ့ လိုက်ခဲ့လေ၊ ဒီတစ်ခါတော့ ရဲဘော်ရှောင်ကျောင်းက နာမည်ကြီးလာပြီ၊ ငါတို့တွေ သူ့အိမ်ကိုသွားပြီး ဂုဏ်ပြုပေးမလို့၊ မင်းတို့အားလုံးလည်း ပညာတတ်လူငယ်တွေပဲ၊ သူ့ကို သွားပြီး ဂုဏ်ပြုရမယ်လေ”
...