အပိုင်း (၂၁) ရှာဖွေတွေ့ရှိသွားခြင်း
အိုဟယ်။ ငါလေးရဲ့အမေလို့ကို မပြောရဘူး။ အမလေးနော်။ သူမက ပြဿနာကို တန်းတွေ့သွားတော့တာပဲ။ ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွား၏လက်ကို ဆွဲထားကာ သူမကို ‘အမေခန့်မှန်းတာ မှန်လိုက်တာ’ဟု ပြောလိုက်ချင်လေသည်။ - စုန့်ဝေဖျင်က အဲဒါကို မလုပ်နိုင်ဘူး။ သူတို့နှစ်ယောက် နေလာတာ တစ်နှစ်တောင်ရှိပြီလေ ပြီးတော့ စုန့်ဝေဖျင်က ဘုန်းကြီးဝတ်ဖို့ လုံးဝစိတ်ကူးရှိတာမဟုတ်ဘူး။ ပြီးတော့ သမီးကိုလည်း အရမ်းကို စိတ်အေးအေးနဲ့ နေနိုင်အောင်ထားပေးတယ်လေ။
ဒါပေမဲ့ ငါလေးသာ ဒီစကားတွေကို ပြောလိုက်ရင် ဝူချွန်းဟွားကတော့ ပေါက်ကွဲသွားတော့မှာပဲ။
ဒီလိုဆိုတော့လည်း ငါလေးပဲ အနစ်နာခံလိုက်ပါ့မယ်လေ။
သမီးဖြစ်သူ၏ စကားကို နားထောင်လိုက်ပြီး ဝူချွန်းဟွားသည် တုန်လှုပ်သွားတော့သည်။
“သမီး ပြောချင်တာက နင်က မလုပ်ချင်တာလား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး
“အဲ ဟိုလေ”
သူမက ခေါင်းညိတ်လိုက်သည်နှင့်တပြိုင်နက် ဝူချွန်းဟွားသည် သူမ၏နားကို ဆွဲလိမ်လိုက်ပြီး
“ငနာမလေး၊ နင် လက်ထပ်ပြီးတာ တစ်နှစ်ကျော်သွားလို့ နင့်ဗိုက်က ဘာလှုပ်ရှားမှုမှမရှိဘူး ပြောနေခဲ့တာလေ၊ ဒီတစ်နှစ်လုံး အတူတူနေလာပြီးမှ နင်တို့လေးတွေက ခန်းဆီးတစ်ခုခြားပြီး အိပ်နေရသလား”
သည်အခိုက်တွင် သူမသည် သမက်ဖြစ်သူလေးအတွက် တဖန် စိတ်မကောင်းဖြစ်ရပန်သည်။
“ဝေဖျင်က အသက် ၂၀အရွယ်လူငယ်လေးတစ်ယောက်၊ သမီးကို စိတ်ရင်းနဲ့ ဆက်ဆံနေတာ၊ သမီးရယ် နင်က....”
ငါ့သမီးလေးက ဘာလို့များ အဲလောက်ရက်စက်တတ်ရတာလဲဟယ်။
သူမ၏စိတ်ထဲတွင် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု ထပ်ဝင်လာပြန်သည်။ ဧကန္တ ဒီလူငယ်လင်မယားနှစ်ယောက်က ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတာများလား။
ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွား၏ စိတ်ယန္တရားအလုပ်လုပ်ပုံကို တွေ့လိုက်ရလေသည်။ စလာပြန်ပြီ။ ငါ မဖြေနိုင်တဲ့ မေးခွန်းတွေ မေးတော့မယ်။
“အမေ အမေ၊ သမီး ပြောတာနားထောင်ပါအုံး၊ ဒီကိစ္စကို စိတ်မပူနဲ့နော်၊ အမေ သမီးတို့လင်မယားကိစ္စကို စိတ်ပူစရာမလိုပါဘူး”
ဝူချွန်းဟွားသည် ငြင်းတော့မည့်ဆဲဆဲတွင် ရွှီရှောင်ကျောင်းသည် ခြံဝင်းထဲတွင် ဆူညံသံကို ကြားလိုက်ပြီး စုန့််ဝေဖျင် ပြန်လာမှန်း သိလိုက်လေသည်။ ထို့ကြောင့် ဝူချွန်းဟွား ဘာမှမပြောနိုင်ခင် သူမက ဝူချွန်းဟွားကို တွန်းလိုက်ပြီး
“စုန့်ဝေဖျင် ပြန်လာပြီ၊ ဘာမှ မပြောနဲ့နော်၊ သူက ယောက်ျားရင့်မာကြီးတစ်ယောက်၊ အများကြီး သွားလို့မကောင်းဘူး၊ ပြီးတော့ ဒီနေ့ သမီးတို့ မြို့တက်ပြီး အဘွားရဲ့ ကျန်းမာရေးဆေးစစ်တာ သွားလုပ်မလို့၊ သမီးတို့ အဲမှာပဲ အချိန်ကုန်လောက်တယ်၊ သမီးကို ပြန်လာတာမတွေ့သေးရင် စိတ်မပူနဲ့နော်၊ လုံးဝ မစိုးရိမ်နဲ့”
သူမသည် ပြောရင်းဆိုရင်း မြန်မြန်ဆန်ဆန် ဝတ်စားလိုက်ပြီးနောက် အခန်းထဲက မြန်မြန်ထွက်သွားတော့သည်။
ဝူချွန်းဟွားသည့် သူမ၏သမက်လေး ဝင်လာသည့်ကို မြင်လိုက်ရသောအခါ အမှန်ပင် ဘာမှ ထပ်မမေးနိုင်တော့ချေ။ ထမင်းစားချိန်တွင်လည်း သူမသည် ရွှီရှောင်ကျောင်းကို အပြစ်တင်နေသည့် မျက်လုံးများဖြင့် မကြာခဏဆိုသလို ကြည့်နေတော့သည်။
စုန့်ဝေဖျင်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ ထို့ကြောင့် သူတို့သည် စီရင်စုမြို့သို့ သွားသည့် ဘက်စ်ကားပေါ် ရောက်သည်နှင့် သူ့အဘွားကို နေရာချပေးလိုက်ပြီး ရွှီရှောင်ကျောင်းကို လေသံဖြင့် မေးလိုက်လေသည်။
“အမေ ဘာဖြစ်နေတာလဲ”
သူမသည် ပြောပြချင်သော်လည်း တွေဝေနေပုံရကာ ပြောရမှာ အလွန်ရှက်နေသည့်နှယ်။
ရွှီရှောင်ကျောင်းသည် ထမင်းစားချိန်က စုန့်ဝေဖျင်ကို ကြည့်လိုက်နေသည့် ဝူချွန်းဟွား၏ အမူအရာကို သတိရသွားလေသည်။ ဒါကို ကြင်နာတတ်ခြင်းလို့ပဲ ခေါ်ရမှာပဲ။
ဝူချွန်းဟွားက သူတို့နှစ်ယောက် ခန်းဆီးချပြီး အိပ်သည့်အကြောင်း သိသွားပြီဖြစ်ကြောင်းကို ပြောမထွက်နိုင်ခဲ့ချေ။ ထို့ကြောင့် သူမက လက်ခါပြလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး၊ အဘွားရဲ့ ကျန်းမာရေးစစ်ဆေးဖို့ ငါတို့တွေ ငွေမလောက်မှာ စိုးရိမ်နေတာ၊ ပြီးတော့ ငါ့ကို နည်းနည်းပါးပါး ယူသွားဖို့ အတင်းပြောနေတာ၊ ဒါပေမဲ့ ငါက မလိုချင်ဘူးလေ”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး
“အမေ့အတွက်လည်း ငွေနည်းနည်းပါးပါး စုထားဖို့က လွယ်တာမဟုတ်ဘူး၊ သူ့ငွေကို မယူနိုင်ပါဘူး”
အကြောင်းအရာက အဘွားဆီ ရောက်သွားပြန်သည်။ သူ့တွင် တခြားမေးခွန်းများကို မေးဖို့ရာ စိတ်ကူးမရှိနေချေ။ မနှစ်က သူသည် ရွှီရှောင်ကျောင်း စကားကိုနားထောင်ပြီး ငွေရလာသည်နှင့် အဘွားအတွက် ဖြည့်စွက်စာ ဝယ်ပေးခဲ့သော်လည်း သည်ဆေးစစ်ချက် ရလဒ်က အဆင်မပြေမှာ စိုးရိမ်နေမိဆဲပင်။
မျက်မှောင်ကြုတ်နေသည့် သူ့ကို မြင်လိုက်ရသည်တွင် ရွှီရှောင်ကျောင်းလည်း သူက အဘွားကို စိတ်ပူနေမှန်း သိလိုက်သည်။ အဘွားက ထိုင်ခုံတွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက လေသံကို နိမ့်လိုက်ပြီး သူမကို ခပ်တိုးတိုး နှစ်သိမ့်ပေးလိုက်လေသည်။
“စိတ်မပူပါနဲ့၊ အဘွားက သေချာပေါက် နေကောင်းမှာပါ”
အဘွား၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဘာမှ အမှားမရှိနိုင်ကြောင်း စဥ်းစားမိလေသည်။ စာအုပ်ထဲမှာ အဘွားဆုံးသွားတဲ့အကြောင်းကို သေချာမဖော်ပြထားပေမဲ့ စုန့်ဝေဖျင်ကို အဓိကလူတစ်ယောက်အနေနဲ့ အစောပိုင်းမှာ မကြာခဏ လိုအပ်တတ်တယ်။ ပြီးတော့ သူမအကြောင်းကိုလည်း တစ်ခါ နှစ်ခါလောက် ထည့်ပြောထားသေးတယ်။ တခြားလူတွေ လက်ထပ်ပြီး မိသားစုတစ်ခု ဖြစ်သွားတာတွေ စုံတွဲဖြစ်သွားတာတွေကို အဘွားက မြင်ခဲ့တယ်တဲ့။ သူမကလည်း အဖော်တစ်ယောက်လောက်ရှာဖို့ သူ့မြေးလေးကို နားချတတ်ပေမဲ့ စုန့်ဝေဖျင်က ဘယ်တော့မှ လက်ထပ်ခဲ့ဘူးတဲ့။
အဘွားစုန့်က အနည်းဆုံးတော့ စုန့်ဝေဖျင် ချမ်းသာလာတဲ့အထိ နေသွားတာ တွေ့ရတယ်။ လက်ရှိ လူကြီးရောဂါနည်းနည်းပါးတော့ ရှိလိမ့်မယ်။ ဒီတော့ ကြီးကြီးမားမား ပြဿနာတော့မရှိပါဘူး။
စာအုပ်ထဲမှာ စုန့်ဝဖျင်က ငွေရှာဖို့ အလုပ်ကြိုးစားခဲ့ပေမဲ့ သူ့အဘွားရဲ့ ကျန်းမာရေးကိုတော့ လုံးဝ ဂရုမစိုက်ခဲ့မိဘူးတဲ့။ မနှစ်ကတည်း ငါက အဘွားရဲ့ကျန်းမာရေးကို ထိန်းသိမ်းလာပေးခဲ့တာပဲ။ အခု အဘွားကိုလည်း ကောင်းကောင်းကျွေးမွေးထားခဲ့တယ်။
စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်းက အဘွားကို ခြုံပေးဖို့ အိတ်ထဲ အဝတ်စပိုင်းလေးတစ်ခု ထုတ်လာသည်ကို မြင်လိုက်ရလေသည်။ သူ့မျက်လုံးများက ပျော့ပျောင်းသွားတော့သည်။ သူသည် သည်နှစ်ပိုင်းအတွင်း သို့မဟုတ် လက်ထပ်ခဲ့သည့် အချိန်ကာလကို စဥ်းစားလိုက်ပြီး ရွှီရှောင်ကျောင်းသည် ပေးထားသည့် ကတိကို အမှန်ပင်တည်ပြီး အဘွားကို စောင့်ရှောက်ပေးလာမှန်း စဥ်းစားလိုက်မိလေသည်။
ဒါပေမဲ့ သူကျတော့ရော။ သူ့မူလရည်ရွယ်ချက်က ဘာလဲ။ အခု သူ့စိတ်ကူးတွေက ဘာလဲ။ ဒါတွေကို သူတစ်ယောက်ပဲ သိတာပါလေ။
စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့သည် စစ်ဆေးမှုရလဒ်ထွက်လာမှ စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။
“အိပ်မပျော်တာကလွဲရင် အဘွား ဘာမှမဖြစ်ပါဘူး၊ ကျန်တာကတော့ အသေးအဖွဲ နာမကျန်းမှုလေးတွေပါ၊ ကျွန်တော် သံဓာတ်အားဆေးနဲ့ ဆေးတချို့ အညွှန်း ရေးပေးလိုက်မယ်၊ ပုံမှန် သောက်ရင် ရပါတယ်၊ သံဓာတ်အားဖြည့်ပေးတဲ့ ဝက်အသဲကို ပုံမှန်စားပေးပေါ့”
အဘွားစုန့်က ထိုစကားကို ကြားလိုက်ချိန်တွင်သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး
“ငါပြောပါတယ်၊ ငါ့ခန္ဓာကိုယ်က သန်ပါသေးတယ်လို့၊ အရင်တုန်းကသာ အမြဲတမ်း ခေါင်းမူနေတတ်တာ ဒါပေမဲ့ ငါ့မြေးချွေးမလေး လက်ထပ်ပြီး ဝင်လာကတည်းက ငါ့ခန္ဓာကိုယ်ကလည်း နေ့တိုင်း ပိုပြီးသန်မာလာတယ်၊ ဘာမှားစရာရှိမှာလဲ၊ ဒီကလေးနှစ်ယောက်ကသာ ငါ့ကို အတင်းခေါ်လာပြီး ဆေးစစ်ခိုင်းနေတာ”
ဆရာဝန်သည် လူကြီးများ၏ သည်စိတ်အခြေအနေကို အများကြီး မြင်တွေ့ခဲ့ဖူးလေသည်။ သည်နေ့ခေတ်တွင် ကျန်းမာရေး ဆေးစစ်ဖို့ရန် ဆေးရုံသို့သွားဖို့ မပြောနှင့် စားဝတ်နေရေးက ပြဿနာတစ်ခုပင်။ ထို့ကြောင့် ရောဂါကို ရှာဖွေတွေ့ရှိချိန်တွင် ကုသမှုခံယူမည့် အကောင်းဆုံးအချိန်နှင့် လွဲချော်ခဲ့ရလေသည်။
ဆရာဝန်က စုန့်ဝေဖျင်၏သဘောထားကို လက်ခံလိုက်ပြီး
“အဘွား ဒါက အဘွားရဲ့မြေးက အဘွားအပေါ် သိတတ်တာလေ၊ ကျန်းမာရေးဆေးစစ်တာက အကျိုးအများကြီး ရှိပါတယ်၊ ပြဿနာတစ်ခုခု ရှိလာရင် ကျွန်တော်တို့က ကြိုတင်ပြီး ကုသပေးလို့ရတာပေါ့၊ အဘွားမှာ ဘာပြဿနာမှ မရှိဘူးဆိုတော့ နောက်ဆိုရင် စိတ်အေးအေးနဲ့ နေနိုင်တာပေါ့ ဟုတ်တယ်မလား”
အဘွားစုန့်က ရယ်မောလိုက်ပြီး
“အိုး ဟုတ်တာပေါ့ ဟုတ်တာပေါ့”
စုန့်ဝေဖျင်လည်း စိတ်အေးသွားကာ သက်ပြင်းချနိုင်သွားတော့သည်။ အဘွားစုန့်က မူးနေတာ နှစ်နည်းနည်းတောင် ကြာပြီပဲ။ သူက သူမကို ဆေးစစ်ပေးဖို့ ခေါ်သွားချင်ပေမဲ့ မိသားစုက ဆင်းရဲပြီး အဘွားက တစ်ခုခုပြောဖို့ မလိုလားဘူး။ အခုတော့ အဘွားမူးနေရတဲ့အကြောင်းအရင်းကို ရှာတွေ့သွားတော့ တော်ပါသေးတယ်။
ရွှီရှောင်ကျောင်းက အဘွားစုန့်၏လက်ကို တွဲပြီး လျှောက်ကာ ထွက်လာခဲ့လေသည်။
“အဘွား ကြည့်ပါလား၊ သမီးက အဘွားက လာဖို့ ပြောနေတာ၊ ဒါပေမဲ့ အဘွားက မလာချင်ဘူး၊ အခု ဆေးစစ်ချက်မှာ ဘာပြဿနာကြီးကြီးမားမားမှ မရှိဘူးတဲ့၊ ပြီးတော့ သမီးတို့လည်း စိတ်ပူစရာ မလိုတော့ဘူး၊ နောက်ဆိုရင် သမီးတို့တွေ ငွေအတွက် စိတ်ဆင်းရဲနေစရာ မလိုတော့ဘူး၊ ဆေးစစ်ဖို့အတွက်ရောပဲ၊ အဘွားက အသက်ကြီးလာပြီလေ၊ နောက်ဆိုရင် နှစ်တိုင်း ကျန်းမာရေး ဆေးစစ်တာ လုပ်ရလိမ့်မယ်”
အဘွားစုန့်သည် အခုတော့ သူ့စိတ်ထဲတွင် ဘာဝန်ထုပ်ဝန်ပိုးမှ မရှိတော့ချေ။ သူမက မြေးချွေးမလေး၏ လက်ကို ပုတ်လိုက်ပြီး
“ကောင်းပါပြီ၊ ကောင်းပါပြီရှင်၊ ငါတို့ရှောင်ကျောင်း စကားကို နားထောင်ပါမယ်”
အဘွားစုန့်က အဆင်ပြေသည်ဟု ဆိုသည်။ တခြားအစီအစဥ်များကို လုပ်ဆောင်နိုင်လေသည်။
“အဘွား ကိုကိုဝေဖျင် ပြောလို့ သမီးကြားထားတယ်၊ အဘွားက စီရင်စုမြို့ကို တစ်ခါမှ မရောက်ဖူးဘူးဆို၊ စီရင်စုမှာ စျေးဆိုင်အကြီးကြီးတစ်ခု ရှိတယ်၊ အဲဒီမှာ အားလုံးရတယ်၊ ကိုကိုဝေဖျင်ကို ခေါ်သွားခိုင်းပြီး လမ်းလေးဘာလေးလျှောက်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ”
စုန့်ဝေဖျင်ကလည်း ခေါင်းညိတ်ပြသည်။ အားလုံးက သည်ကို ရောက်နေသဖြင့် သူတို့သည် အဘွားနှင့် သူမအတွက် တစ်ခုခုတော့ ဝယ်ပေးသင့်လေသည်။
အဘွားစုန့်ကလည်း မိသားစု၏ လက်ရှိငွေကြေးအခြေအနေကို အတိုင်းအတာတစ်ခုအထိ သိထားလေသည်။ မိသားစုက ချမ်းသာလာပြီ။ ထို့ကြောင့် သူမသည် ကလေးများ သိတတ်လိမ္မာသည်ကို မတားမြစ်တော့ချေ။
“ကောင်းပြီလေ၊ ဒါဆို အဘွား တစ်ချက်လောက် ကြည့်ကြည့်တာပေါ့”
လူတစ်စုက ပျော်ပျော်ရွှင်ရွှင်နှင့် လမ်းလျှောက်ကာ ထွက်လာခဲ့ကြသည်။ ဆေးရုံကထွက်လာပြီး ခြေလှမ်းအနည်းငယ်အတွင်းတွင် ရွှီရှောင်ကျောင်းကို လှမ်းတားလိုက်လေသည်။
“ရွှီရှောင်ကျောင်း လား”
ထို့နောက် လူတစ်ယောက်က စုန့်ဝေဖျင်၏ နာမည်ကို ခေါ်လိုက်လေသည်။
“စုန့်ဝေဖျင်လား”
လူအနည်းငယ်က ခေါင်းလှည့်ကြည့်လိုက်ကြ၏။ ရွှီရှောင်ကျောင်းက သူမရှေ့က ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကို ကြည့်လိုက်လေသည်။ သူမသည် တဖက်လူကို မမှတ်မိချေ။
“ဘယ်သူလဲ”
အမျိုးသမီးက ရှေ့တစ်လှမ်း တိုးလာ၏။ သူမက ရွှီရှောင်ကျောင်းကို တွေ့လိုက်ရပြီးနောက် စုန့်ဝေဖျင်ကို ကြည့်လိုက်သည်။ သူမသည် ဝတ်စုံလှလှလေး ဝတ်ထားပြီး လှပသည့်မျက်နှာလေးတစ်ခုနှင့် စိတ်အားတက်ကြွနေသည့် ရွှီရှောင်ကျောင်းကို အကဲခတ်လိုက်လေသည်။ စုန့်ဝေဖျင်ကတော့ အရပ်မြင့်မြင့် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် တည်ငြိမ်သည့်ဟန်အမူအရာတစ်ခု ရှိနေသည်။ သူမသည် အခိုက်တန့်အတွင်းတွင် စုန့်ဝေဖျင်၏ သရုပ်မှန်ကို သေချာမသိတော့ချေ။
“ရှောင်ကျောင်း ငါတို့တွေ မတွေ့တာ နှစ်နှစ်လောက်ရှိသွားပြီဆိုတော့ နင် ငါ့ကို မမှတ်မိတော့ဘူးလား၊ ငါ့က ချန်းရွှယ်လေ အထက်တန်းတုန်းက အတန်းဖော်၊ နင် လက်ထပ်လိုက်ပြီလား”
ရွှီရှောင်ကျောင်းသည် သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်၏။ ရုတ်တရက်ဆိုသလို သူမသည် နာမည်ကို မှတ်မိသွားတော့သည်။ ချန်းရွှယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်။ သူမက ဘေးရွာမှာ လူငယ်ပညာတတ်တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတာ။ ငါ ချန်းရွှယ်ကို အထင်မကြီးရတဲ့ အကြောင်းအရင်းကလည်း ချန်းရွှယ်က ငွေမက်တဲ့မိန်းမလေ။ အစောပိုင်းတုန်းက သူမနဲ့ ကျောက်ယန်ယန်တို့က ဟန်ကွမ်းဟွေအတွက်နဲ့ တိုက်ခိုက်ခဲ့ကြတာ။ နောက်ပိုင်းကျတော့ သူမက စုန့်ဝေဖျင်ကို ရအောင် ကြိုးစားခဲ့တယ်။
“ဪ ချန်းရွှယ် နေကောင်းလား”
ရွှီရှောင်ကျောင်းသည် သူမနှင့် အပြန်အလှန် စကားပြောဖို့ စိတ်ကူးမရှိချေ။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြလိုက်ပြီး ဘာမှမပြောလိုက်ချေ။
သို့သော်ငြား ချန်းရွှယ်က ရွှီရှောင်ကျောင်းကို အများကြီး မေးချင်နေလေသည်။ သူမသည် ဘေးရွာမှ သတင်းတချို့ကို ကြားခဲ့ရသည်။ ရွှီရှောင်ကျောင်းက သူ့မိဘတွေကနေ မွေးထားတာ မဟုတ်တဲ့ပုံပဲ။ အဲဒီအသား သူမရဲ့မိဘအရင်းက ကျေးရွားက လယ်သမားတွေ ဖြစ်ပုံရတယ်။ နောက်ပိုင်း သူမ ကြားလိုက်တာတော့ သူမရဲ့မိဘတွေက သူမကို မလိုချင်တော့ဘူးတဲ့။ ခဏလောက် ပီတိဖြာသွားပြီးနောက်တွင် ရွှီရှောင်ကျောင်းသည် သူမ၏လက်ကျန်ဘဝက ဖရိုဖရဲဖြစ်ပြီး တခြားသူများကို တွေ့ဖို့ မျက်နှာရှိတော့မည် မဟုတ်ဟု ခံစားလိုက်ရလေသည်။
ဒါပေမဲ့ အခုကျတော့ ဘာလို့ မတူနေတာလဲ။ သူ့ဘေးက ယောက်ျားကလည်း တော်တော်လေး တတ်နိုင်ပုံပဲ။ ဧကန္တ ရွှီရှောင်ကျောင်းက မြို့ထဲ သူဌေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာလား။
သူမသည် အခိုက်တန့်တွင် မည်သို့မေးကြည့်ရမည်မသိတော့ချေ။ သို့သော် သူမဘေးက ကျန်းတဟိုင်က စုန့်ဝေဖျင်အကြောင်းကို အသေးစိတ် သိလေသည်။
“ဪ စုန့်ဝေဖျင်ပဲ၊ မင်း ဒီမှာဘာလာလုပ်တာလဲ၊ မိသားစုထဲက နေမကောင်းလို့လား”
သူသည် ကြောင်သူတော်တစ်ယောက် ဖြစ်မှန်း လူများက ခံစားမိစေနိုင်သည့် အပြုံးတစ်ခုကို ဆောင်ထားလေသည်။
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“မဟုတ်ဘူး”
ထို့နောက် သူက ရွှီရှောင်ကျောင်းနှင့် အဘွားတို့ကို ခေါ်ကာ ချက်ချင်း လှည့်ထွက်သွားလိုက်လေသည်။
“ဖွီး ဘာတွေ အဲလောက်ကောင်းနေလို့လဲ၊ ရွှံ့ခြေထောက်တစ်ယောက် သာသာပဲ”
ကျန်းတဟိုင်က စုန့်ဝေဖျင်နောက်ကျောတွင် တီးတိုးပြောလိုက်လေသည်။
ချန်းရွှယ်က တအံ့တဩနှင့် သူ့ကို ကြည့်လိုက်ပြီး
“သူက လယ်သမားလား”
ကျန်းတဟိုင်က မောက်မာသည့်အမူအရာတစ်ခု ဖြစ်သွားသည်။ ချန်းရွှယ်က စိတ်ဝင်စားနေသည်ကို တွေ့လိုက်ရသဖြင့် သူက သူမကို တိုးတိုးလေး ပြောလိုက်လေသည်။
“နင်က သူ့ကို အကောင်ကြီးကြီးတစ်ယောက်လို့ ထင်နေတာလား၊ ဘာလဲ၊ သူက ရွှံ့ခြေထောက်တစ်ယောက်ပဲ၊ သူ့ကို မိသားစုတစ်ခုလုံးကို သေအောင် ကျိန်စာတိုက်ခွင့်ပေးထားတာလေ၊ အခု အဘွားတစ်ယောက်ပဲ ကျန်တော့တယ်၊ ကြည့်လေ၊ သူတို့တွေ ဆေးရုံလာကြတာ၊ သူတို့မှာ ရောဂါဆိုးဆိုးဝါးဝါး ရနေမလား ဘယ်သူသိမှာလဲ”
သူ့အသံက ဖော်ပြလို့ မရနိုင်သည့် အောက်သိုးသိုးခံစားချက်တစ်ခုကို ဆောင်ထားသည်။
“နင်ပြောကြည့် အဲဒီကောင်မလေးက တကယ်ပဲ သူ့မိန်းမလား၊ ဒီလောက်လှတဲ့ဟာလေးကို ရှာတွေ့ရလောက်အောင် သူ့မှာ ဘယ်လိုကံကောင်းခြင်းတွေ ရှိနေတာမလဲမသိ...”
သူသည် ချန်းရွှယ်ကို ကြည့်လိုက်ပြီး သူ့စကားလုံးကို ချက်ချင်း ပြောင်းလိုက်လေသည်။
“တကယ်ပဲ မိန်းမတစ်ယောက်ကို လက်ထပ်နိုင်တယ်တဲ့၊ ဒါပေါ့ အဲမိန်းကလေးက သေချာပေါက် နင့်လောက်တော့ မလှပါဘူး၊ ဟဲ ဟဲ ချန်းရွှယ် သွားစို့၊ စျေးဝယ်စင်တာကြီးကို သွားရအောင်၊ ငါ ဒီနေ့ ငွေပါလာတယ်၊ နင်လိုချင်တဲ့ဟာတိုင်း ငါ နင့်အတွက် ဝယ်ပေးမယ်”
ချန်းရွှယ်သည် သူက ပါးနပ်ပြီး သူမ သိချင်သည့် အတင်းစကားကို ပြောပြသည်ကို တွေ့လိုက်ရတော့ အနည်းးငယ် စိတ်ကျေနပ်သွားတော့သည်။
“အဲကောင်မလေးက ငါ့အထက်တန်းကျောင်းတုန်းက အတန်းဖော်လေ၊ သူက တပ်ဝင်းထဲ ကေဒါကလေးတစ်ယောက် ဖြစ်ခဲ့တာ၊ ဘာဖြစ်သွားလဲ မှန်းကြည့်ပါလား”
သူတို့နှစ်ယောက်က တခြားလူများ၏ ကွယ်ရာတွင် တီးတိုးပြောနေကြလေသည်။ ရွှီရှောင်ကျောင်းကလည်း ကျန်းတဟိုင်အကြောင်း နည်းနည်း သိချင်လိုက်မိသည်။ စုန့်ဝေဖျင်က ထိုလူကို မုန်းနေကြောင်း အတိုင်းသား အာရု့ခံမိလေသည်။
“သူက ဘယ်သူလဲ၊ သူက မိန်လင်ရွာက မဟုတ်ပါဘူး ဟုတ်တယ်မလား”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“သူ့နာမည်က ကျန်းတဟိုင်၊ သူက အရင်က သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ အလုပ်လုပ်ခဲ့တာ၊ သူက သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ ပုံမှန်အလုပ်သမားတစ်ယောက် လုပ်ခဲ့တာ၊ သူ့လက်နဲ့ ခြေတွေက ညစ်ပတ်လို့ အလုပ်ဖြုတ်ခံလိုက်ရတာ၊ နောက်ပိုင်းကျတော့ သူ့မိဘတွေက နောက်ထပ်အလုပ်တစ်ခု စီစဥ်ပေးခဲ့တယ်တဲ့”
ကျန်းတဟိုင်တဲ့လား။ ရွှီရှောင်ကျောင်းသည် သည်နာမည်ကို သဲလွန်စနည်းနည်း ရမိနေသည်။ ဒါက စုန့်ဝေဖျင်ရဲ့ ရန်သူ မဟုတ်လား။ စာအုပ်ထဲမှာ စုန့်ဝေဖျင် ခဏခဏ ထုတ်ပြောတာကို မှတ်မိနေသေးတယ်။ အဲမှာ ကျန်းတဟိုင် ပေါ်လာတာပဲ။ မူဝါဒတွေကို အားကိုးပြီး ငွေရှာခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူက အားလုံးကို လုပ်ကိုင်ခဲ့တယ်တဲ့။ ဒီလူအတွက် အနိမ့်ဆုံးစည်းဆိုတာ မရှိဘူးတဲ့။
“နင် သူ့ရဲ့ညစ်ပတ်တဲ့လက်နဲ့ ခြေတွေကို ရှာမတွေ့ခဲ့ပါဘူး၊ နင် ရှာတွေ့ခဲ့သေးလား” ရွှီရှောင်ကျောင်းက သူ့ကိုမေးလိုက်၏။
စုန့်ဝေဖျင်က ညည်းသံဖြင့် အတည်ပြုပေးလိုက်သည်။ ရှာတွေ့ခဲ့တဲ့သူက သူလေ။ အဲဒီတုန်းက သူတို့တွေက သူ့ကို ပစ္စည်းခိုးပါတယ်ဆိုပြီး စွပ်စွဲကြတာ။ သူက ယာယီအလုပ်သမားတစ်ယောက်ဖြစ်ပြီး အားမကိုးရလို့လေ။ ကျန်းတဟိုင်ကို သတင်းပို့ခဲ့ပြီး ကျန်းတဟိုင်ရဲ့နေရာမှာ ပစ္စည်းတွေ တွေ့ခဲ့တာလည်း သူပဲ။ တရားခံကို လက်ပူလက်ကြပ်မိသွားလို့ သူလည်း ဆက်နေလို့ရသွားတာ။
“သူ နင့်အပေါ် အမြင်မကြည်တာလဲ မဆန်းပါဘူး”
ရွှီရှောင်ကျောင်းက ထိုအဖြစ်ကို သဘောကျသွားလေသည်။
“ချန်းရွှယ်က ငါ အထက်တန်းကျောင်းတုန်းက အတန်းဖော်လေ၊ ဒီတော့ ပြောပြစရာ ဘာမှမရှိဘူး၊ သွားစို့၊ အဘွားကို လမ်းလျှောက်ဖို့ ခေါ်သွားရအောင်”
သူတို့နှစ်ယောက်သည် ကျန်းတဟိုင်နှင့် ချန်းရွှယ်အကြောင်းကို မြန်မြန်ကြီး မေ့သွားတော့သည်။ ထိုစဥ် တခြားဖက်ကနှစ်ယောက်ကတော့ သူတို့အကြောင်းပြောနေသည်ကို မနားကြသေးပေ။
“တကယ်ပါပဲ ဘယ်လိုအိုးမျိုးက ဘယ်လိုအဖုံးနဲ့ ကွက်တိဖြစ်မှာလဲ၊ တစ်ယောက် အဖေမရှိ၊ အမေမရှိ၊ နောက်တစ်ယောက်က ကေဒါမိဘကနေ ကျေးလက်က မိဘပြောင်းသွားတယ်၊ သူတို့တွေ့ တကယ့်ကို လိုက်ဖက်တဲ့စုံတွဲပဲ”
“ဟုတ်ပါ့၊ စုန့်ဝေဖျင်ကိုများ ချစ်နိုင်ရတယ်လို့၊ ဘယ်လိုဆိုးဝါးလိုက်တဲ့ အမြင်လဲ၊ ဆင်းရဲသားတစ်ယောက်ကိုများ”
ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့သည် အဝတ်အစားဆိုင် အဝင်ဝသို့ ရောက်လာသည်နှင့် ရင်းနှီးပြီးသား အသံနှစ်သံကို ကြားလိုက်ရလေသည်။
ဒီရက်ပိုင်းမှာ သစ်တောက တကယ့်ကို ကြီးတာပဲ။ ငှက်မျိုးစုံကို ရှိနေတယ်။
ရွှီရှောင်ကျောင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။ သူမက စုန့်ဝေဖျင်နား ကပ်သွားလိုက်ပြီး သူ့လက်မောင်းကို ချိတ်လိုက်သည်။ သူတို့နှစ်ယောက်က ဘေးချဥ်းယှဥ်ကာ လျှောက်လာခဲ့လေသည်။
သူတို့သည် ဝင်လာသည်နှင့်တစ်ပြိုင်နက် အမှန်ပင် ကျန်းတဟိုင်နှင့် ချန်းရွှယ်တို့ ဖြစ်နေသည်။ ရွှီရှောင်ကျောင်းက အံ့ဩသည့်အမူအရာတစ်ခု လုပ်လိုက်ပြီး
“အိုး နင်တို့နှစ်ယောက်လည်း ရောက်နေတာပဲ၊ နင်တို့လည်း အဝတ်အစား ဝယ်ဖို့ ဒီလိုနေရာ သေးသေးလေးကို လာကြတာလား၊ နင်တို့အားလုံးက မြို့တော်က စျေးဝယ်စင်တာကြီးကို သွားကြမယ်လို့ ထင်ထားတာ၊ နောက်ဆုံးတော့ ဒီနေရာက အဝတ်အစားက နင်နဲ့ ဘယ်လိုလုပ်ပြီး တန်မှာလဲ၊ ချန်းရွှယ်ရယ်”
“ဪ သိပြီ၊ နင်က အများကြီး ဝယ်မလို့ကိုး၊ ငါတို့ကတော့ ပစ္စည်းတစ်ခု နှစ်ခုစာပဲ တတ်နိုင်တာ၊ နင်ကတော့ ဆယ်ခုစာလောက် ဝယ်နိုင်မှာပဲနော်၊ တကယ်လို့ ယှဥ်လို့မရဘူး”
ချန်းရွှယ်က ရင်ဆို့သွားပြီး ဆွံ့အနေသည်ကို တွေ့လိုက်ရသည်တွင် ချန်းရွှယ်ပြန်အဖြေကို မစောင့်ဘဲ ခေါင်းကို လှည့်ကာ ကောင်တာပေါ်တွင် ပြထားသည့် အဝတ်အစားများကို ကြည့်လိုက်လေသည်။
ကုလားအုပ်မွှေးရောင် အပေါ်ဝတ်အနွေးထည်က သူမ၏မြင်ကွင်းထဲသို့ ချက်ချင်းဝင်လာခဲ့သည်။
ဟုတ်ပါသည်။ ဖက်ရှင်က တစ်ပတ်လည်ခြင်းပင်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သည်ကုလားအုပ်ရောင်အနွေးထည်က ဂန္ထဝင်မြောက်နေဆဲပင်။
“စုန့်ဝေဖျင် ဒီအနွေးထည်က လှလိုက်တာ”
ဆောင်းဦးနှောင်းပိုင်းကာ လဖြစ်သည်။ သည်အနွေးထည်ကိုဝတ်ဖို့ ကိုက်ညီသည့်အချိန်တစ်ခုပင်။
အရာင်းစာရေးမလေးသည် ရွှီရှောင်ကျောင်းက အနွေးထည်ကို သဘောကျနေသည်ကို တွေ့လိုက်သောအခါ အပြုံးလေးနှင့် ချက်ချင်း မိတ်ဆက်ပေးလေသည်။
“အို ရဲဘော်က အမြင်ကောင်းလိုက်တာ၊ ဒါက ကျွန်မတို့ဆိုင်က နောက်ဆုံးပေါ်စတိုင်လေ၊ ဒါက မြို့တော်ကြီးက လာတဲ့ပစ္စည်းသစ်လေ၊ စီရင်စုမှာတောင် ငါးထည်ပဲ ရှိတာ၊ ဒီဘူတာကို ရောက်ပြီးတော့ နောက်တစ်ထည်ဆိုတာ မရှိတော့ဘူး၊ အသားကို သွင်းကုန်စက်ပစ္စည်းတွေနဲ့ ရက်လုပ်ထားတာလေ၊ သိုးမွေးအသားလို့ ခေါ်တယ်၊ ရှင်က အရမ်းချောတာပဲ၊ ဒီကို ဝတ်လိုက်ရင် မမှားဘူး”
သူမက ပြောလိုက်ပြီးသည်နှင့် အနွေးထည်ကို ရွှီရှောင်ကျောင်းထံ လှမ်းပေးလိုက်လေသည်။ ရွှီရှောင်ကျောင်းက ထိန်းသိမ်းမနေဘဲ ချက်ချင်း စမ်းဝတ်ကြည့်လိုက်သည်။
သူမသည် အရပ်မြင့်ပြီး အသားအရေ လှပလေသည်။ သူမခန္ဓာကိုယ်ပေါ်က အနွေးထည်နှင့်ဆိုလျှင် သူမသည် မဂ္ဂဇင်းမော်ဒယ်လ်တစ်ယောက် နှင့်တူလေသည်။
“ဘယ်လိုလဲ”
စုန့်ဝေဖျင်က ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်ပြီး
“ဒါဆို ဒီတစ်ခုယူမယ်၊ ဒါကို ထုပ်ပေးပါ”
သူမသည် အနွေးထည်လေးနှင့် အလွန်ကြည့်ကောင်းနေတော့သည်။ ချန်းရွှယ်က အနွေးထည်ကို အကြိမ်ကြိမ် ကြည့်လိုက်ပြီး သည်းမခံနိုင်တော့ဘဲ အရောင်းစာရေးမလေးကို စမ်းဝတ်ကြည့်ဖို့ နောက်တစ်ထည် တောင်းလိုက်လေသည်။
အမှန်ပင်။ ကျန်းတဟိုင်ကလည်း ထောက်ခံလိုက်လေသည်။
“ရှောင်ရွှယ်၊ နင်နဲ့ အရမ်းလိုက်တာပဲ၊ ရက်အနည်းငယ်လောက်ဆိုရင် နင် ဒါကို ဝတ်လို့ရပြီ၊ ငါ ဒီတစ်ထည်ကို နင့်အတွက် ဝယ်ပေးမယ်”
ရွှံ့ခြေထောက် စုန့်ဝေဖျင်တောင် ဝယ်နိုင်တာပဲ။ ဒီတော့ သူလည်း နောက်မှကျန်ခဲ့လို့ လုံးဝမဖြစ်ဘူး။
ချန်းရွှယ်က ရှက်ရှက်နှင့် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုတဟိုင်”
အရောင်းစာရေးမလေးက ဝမ်းသာလုံးဆို့သွားတော့သည်။ နှစ်ထည်ကို တစ်ခါထဲ ရောင်းထွက်သွားတာလေ။ ဒါက အမှာစာကြီးတစ်ခုပဲ။
“ရဲဘော်တို့နှစ်ယောက်ရဲ့ အမြင်တွေက အရမ်းကောင်းတာပဲ၊ ကျွန်မ ဒါကို ရှင်တို့အတွက် ထုပ်ပေးမယ်နော်၊ တစ်ထည်ကို ၃၅ယွမ်နဲ့ စက်မှုလက်မှတ် ၁၀ခုပါ”
“စျေးကြီးလိုက်တာ” အရောင်းစာရေးမလေး၏ စကား ဆုံးသွားသည်နှင့် အသံတစ်ခုက ထွက်လာလေသည်။
ရှန်ရွှယ်က ရွှီရှောင်ကျောင်းကို ဝင့်ကြွားစွာဖြင့် လှမ်းကြည့်လိုက်သည်။ သူတို့တွေ ဟန်ဆောင်နေကြတာ သူမ သိသားပဲ။ စုန့်ဝေဖျင်က ဆင်းရဲတယ်လို့ ကျန်းတဟိုင်က ပြောပြထားပြီးသားလေ။ ရွှီရှောင်ကျောင်းက ဒီလောက်စျေးကြီးတဲ့ အဝတ်အစားကို စမ်းဝတ်ကြည့်ဖို့ ဟန်ဆောင်နေလိုက်သေးတယ်။ သူကဖြင့် အခု ဒါတွေကို မတတ်နိုင်ဘဲနဲ့။ ဒီလောက်ကြီးတဲ့စျေးထဲမှာ မျက်နှာပျက်ရတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ။
သူမက ရွှီရှောင်ကျောင်းကို မျက်ခုံးပင့်ပြလိုက်ပြီး
“ရှောင်ကျောင်း နင့်ကြင်ဖက်မိသားစုအခြေအနေက အရမ်းကို သာမန်ပဲလို့ ကြားတယ်၊ ဒီတော့ ကိုယ့်ဆန္ဒနောက် မလိုက်ဘဲ စျေးပေါတဲ့အဝတ်အစားတချို့ပဲ ဝယ်လိုက်လေ၊ ငါကတော့ ငါ ၁၀ထည် ၈ထည်လောက် မတတ်နိုင်ပေမဲ့ ဒီတစ်ထည်အတွက်တော့ တတ်နိုင်တာထက် ပိုပါတယ်”
သူမသည် ရွှီရှောင်ကျောင်းကို တစ်ခုခု ပြောချင်နေသေးသော်လည် ကျန်းတဟိုင်က ကိုယ်ကို ညွတ်လိုက်ပြီး အောက်ကျို့ပြီး ရယ်မောလိုက်ကာ
“ရှောင်ရွှယ်၊ ကြည့်အုံး၊ ဒါက အရမ်းစျေးကြီးတယ်၊ အမှန်အတိုင်းပြောရရင် မင်းက ဒါနဲ့ သိပ်မလိုက်ဘူး၊ မဝယ်ဘဲ နေရအောင်လေ၊ တခြားဟာတွေ ကြည့်ကြမလား”
၃၅ယွမ်တဲ့လေ။ ဒါက အဲလောက်စျေးကြီးမယ်လို့ သူ မထင်ထားခဲ့ဘူး။ သူက အရင်က ချန်းရွှယ်ကို အကောင်းစားအဝတ်အစားတွေ ဝယ်ပေးခဲ့ပါသေးတယ်။ အများဆုံး ၁၀ယွမ်ပဲ။ ဒီတစ်ခါကျတော့ သူက စုစုပေါင်းမှ ယွမ်၂၀ပဲ ယူလာတာ။ နောက်ဆုံး ချန်းရွှယ်က သူ့မိန်းမလည်း မဟုတ်ဘူးလေ။ သူမသာ အနာဂတ်မှာ သူ့မိန်းမ ဖြစ်မလာခဲ့ရင် အခုချိန်မှာ ဒီလောက်စျေးကြီးတဲ့ အဝတ်အစားတွေ ဝယ်ပေးလည်း အလကားပဲ။
ချန်းရွှယ်၏ ထုတ်မပြောရသေးသည့် စကားများက လည်ချောင်းထဲတွင် ဆို့သွားပြီး အသည်းအသန် ချောင်းခြောက် ဆိုးလိုက်တော့သည်။
သည်အချိန်တွင် စုန့်ဝေဖျင်က မြန်မြန်ဆန်ဆန် ငွေချေပြီးဖြစ်လေသည်။
ရွှီရှောင်ကျောင်းက အပြုံးတစ်ဝက်ဖြင့် ချန်းရွှယ်ကို လှမ်းကြည့်လိုက်၏။ သူမက ချန်းရွှယ်၏ ရှက်ရွံ့ပုံကို လိုက်အတုခိုးလိုက်ပြီး စုန့်ဝေဖျင်၏လက်မောင်းကို ချိတ်လိုက်ကာ
“ကျေးဇူးပဲနော် ကိုကိုဝေဖျင်၊ ကိုကိုက အရမ်းအံ့ဩစရာကောင်းတာပဲ”
ထို့နောက် သူမက ချန်းရွှယ်ကို ထပ်ကြည့်လိုက်ပြီး
“ချန်းရွှယ် နင် ပြောတာမှန်ပါတယ်၊ နင့်မှာ ငွေမလောက်ဘူးဆိုရင် ကိုယ့်ဆန္ဒနောက် မလိုက်ပါနဲ့၊ စျေးပေါတာကိုပဲ ရွေးလိုက်ပါ”
ရုတ်ခြည်းဆိုသလို ချန်းရွှယ်၏မျက်နှာပေါ်က အမူအရာသည် အရောင်စုံလင်သွားတော့သည်။
သူတို့နှစ်ယောက်သည် စျေးဝယ်စင်တာမှ လျှောက်လာထွက်လာချိန်တွင် ရွှီရှောင်ကျောင်းက အသံထွက်ကာ အော်ရယ်လိုက်ပြီး
“တခြားသူတွေကို အထင်သေးဖို့ သူ့ကို ဘယ်သူပြောထားလို့လဲ၊ အခုတော့ သူ ပါးချခံလိုက်ရပြီလေ၊ ချန်းရွှယ်ရဲ့ အမူအရာကို ကြည့်လိုက်အုံး၊ အရမ်းရယ်ရတာပဲ၊ တခြားလူတွေကို အထင်သေးတတ်သူတွေက စိတ်ပျက်စရာအကောင်းဆုံးပဲ၊ စုန့်ဝေဖျင် နင် ငွေချေလိုက်တဲ့အကွယ်က တကယ်ခန့်ညားတာပဲ၊ အိုး အရမ်းချောတာ၊ အရမ်းဆွဲဆောင်မှုရှိတယ်”
သေချာတာပေါ့။ အမျိုးသမီးတွေအတွက် ငွေသုံးတဲ့အမျိုးသားတွေက စတိုင်အကျဆုံးပဲ။
စုန့်ဝေဖျင်မှာ စျေးတယ်စင်တာမှ ထွက်လာချိန်တွင်တော့ ရွှီရှောင်ကျောင်း၏လက်များက သူ့လက်မောင်းမှ သိမ်းသွားသည်ကိုသာ သတိထားမိလိုက်လေသည်။ သူက မျက်လွှာချထားရင်း
“မင်း တခြားဘာလိုချင်သေးလဲ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“ငါလည်း အရမ်းပင်ပန်းနေပြီ၊ အဘွားက ဟိုမှာငါတို့ကို စောင့်နေရသေးတယ်၊ ပြန်ကြရအောင်ပါ”
ကျန်းတဟိုင်က လေသံတိုးတိုးဖြင့် အဝတ်အစားများကို အောက်ကျို့ကာ ပြန်ပေးနေပြီး အရောင်းစာရေးမ၏ ဆူပူသံနှင့် ချန်းရွှယ်က ကျန်းတဟိုင်ကွယ်တွင် ဝေဖန် ပြစ်တင်လိုက်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက စိတ်ပျော်သွားကာ
“အန်ချင်စရာကောင်းတဲ့လူတွေ ကံဆိုးတာက ငါ့စိတ်အနေအထားကို တိုးတက်လာစေတယ်”
စုန့်ဝေဖျင်ကတော့ ရွှီရှောင်ကျောင်းက အခုလေးတင် ထိုလူနှစ်ယောက်ရှေ့တွင် သူနှင့် အလွန်ရင်းနှီးသလို လုပ်နေပြီး အခုကျတော့ သူတို့ကြားတွင် ကိုယ်ချင်းခွာထားသည်ကို ကြည့်လိုက်လေသည်။ ရုတ်တရက်ဆိုသလို သူသည် ထိုလူနှစ်ယောက်က လုံးဝစိတ်ပျက်စရာ မကောင်းသလို ခံစားလိုက်ရတော့သည်။ ခုနက ရွှီရှောင်ကျောင်းရဲ့လက်က သူ့လက်မောင်းပေါ်မှာ ရှိနေတုန်းက မပြောပြတတ်အောင် ပျော်နေခဲ့တာလေ။ ဆန့်ကျင်ဘက်အနေနဲ့ အခုကျတော့ ဆုံးရှုံးရတဲ့ခံစားချက် ပါးပါးလေးတစ်ခု ဖြစ်နေပြီး သူ့ကို နည်းနည်း မအီမသာဖြစ်အောင် လုပ်နေတော့တယ်။
“ဒါဆို ငါတို့ ပြန်ကြတော့မလား” သူက မေးလိုက်သည်။
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး
“ကောင်းပြီ”
သူမ၏ကောင်းမွန်းသည့် စိတ်အခြေအနေလေးက ညပိုင်းအထိ ခံလေသည်။ သူတို့နှစ်ယောက်သည် ညပိုင်း အိပ်ရာဝင်ဖို့ ပြင်လိုက်ချိန်တွင်တော့ စုန့်ဝေဖျက်သည် သူတို့ သုံးနေကျ အဝတ်စခန်းဆီးများကို ရှာမတွေ့တော့ချေ။
“ငါတို့မိသားစုဆီ သူခိုး အလည်လာသွားတယ်” စုန့်ဝေဖျင်က အလေးအနက်ဖြစ်နေပုံပေါ်သည်။
ရွှီရှောင်ကျောင်းက ချက်ချင်းထထိုင်လိုက်ပြီး
“ဘာဖြစ်တာလဲ၊ ဘာပျောက်သွားလို့လဲ”
“ငါတို့ကြားမှာ သုံးတဲ့ အဝတ်ခန်းဆီးလေ၊ အဝတ်ခန်းဆီးတင်မကဘူး ဗီဒိုထဲက တခြားအခင်းလွှာတွေလည်း မရှိတော့ဘူး၊ ဘာအခင်းလွှာမှ မရှိတော့တာ၊ မင်း ငွေထားတဲ့နေရာကို စစ်ဆေးကြည့်အုံး၊ ငွေတွေ ရှိသေးရဲ့လား”
ရွှီရှောင်ကျောင်းသည် အထိတ်တလန့် ဖြစ်သွားတော့သည်။ သူမသည် မြန်မြန်ထရပ်လိုက်ပြီး ထောင့်သို့သွားလိုက်ကာ မသိသာလှသည့် သစ်သားသေတ္တာလေးကို ထုတ်လိုက်ပြီး သော့ယူကာ သေတ္တာကို ဖွင့်လိုက်လေသည်။
“ငါ ဘာမှ မပျောက်ဘူး”
စုန့်ဝေဖျင်က မျက်မှောင်ကြုပ်လိုက်ပြီး
“ဘာငွေမှ မပျောက်ဘူးဟုတ်လား၊ ခန်းဆီးတွေပဲ ပျောက်သွားတာတော့ မဖြစ်နိုင်ဘူးမလား၊ ငါ အဘွားဘက်ကို တစ်ချက်လောက် သွားကြည့်လိုက်အုံးမယ်”
ရွှီရှောင်ကျောင်းသည် ခေါင်းညိတ်မိတော့မည့်ဆဲဆဲတွင် ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားပြီး စုန့်ဝေဖျင်၏အင်္ကျီလက်ကို လှမ်းဆွဲထားလိုက်ကာ
“အဲ.. ဟို.. မသွားနဲ့တော့”
စုန့်ဝေဖျင်၏ ဇဝေဇဝါအကြည့်အောက်တွင် သူမသည် ရှင်းလင်းချက်တစ်ခုကို မသဲမကွဲ ထုတ်ပြောလိုက်တော့သည်။
“အဲဒီ အဝတ်ခန်းဆီကလေ၊ ငါ့အမေ ယူသွားတာ ဖြစ်လောက်တယ်”
...