အပိုင်း (၁၇) နာတယ်
“အားလုံး ကောင်းပါတယ်၊ အရိုးမကျိုးသွားဘူး၊ ဒါပေမဲ့ အရွတ်တော့လည်သွားတယ်၊ မနက်ဖြန်တော့ ရောင်နေလောက်တယ်၊ ၁၀ရက်လောက်ဖြစ်ဖြစ် အနားယူလိုက်ပါ”
ဆရာဝန်က သူ့လက်ကို ယမ်းပြလိုက်ပြီး စုန့်ဝေဖျင်နှင့်သူ့မိန်းမကို သွားလို့ရပြီဖြစ်ကြောင်း အသိပေးလိုက်လေသည်။
ကြီးကြီးမားမားကိ စ္စမဟုတ်ပေ။ အလုပ်များသည့် စိုက်ပျိုးရာသီတွင် သည်လို ခြေကျင်းဝတ်လည်ခြင်းက မကြာခဏဆိုသလို ဖြစ်တတ်လေသည်။ ပုံမှန်ဆိုလျှင် အားလုံးက တစ်ရက် နှစ်ရက်လောက် အနားယူလိုက်ပြီး နာကျင်မှုကို သည်းခံကာ လယ်ထဲပြန်ဆင်းကြသည်။ သည်လိုကြီးကြီးကျယ်ကျယ်နှင့် ဆေးရုံသို့ ရောက်လာပြီး ဓာတ်မှန်ရိုက်သည်က ရှားလေသည်။ သည်လိုခေတ်အခါမျိုးတွင် မည်သူက ငွေကို လိုလိုလားလား သုံးချင်ပါမည်နည်း။
ဆရာဝန်က ဘာဆေးစာမှ မရေးပေးလိုက်သည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
“ဆရာ ဘာလို့ ဆေးစာမရေးပေးလိုက်တာလဲ ခင်ဗျာ၊ သူက နာနေတာလေ...”
ဆရာဝန်က အံ့ဩတကြီး ခေါင်းမော့ကြည့်လိုက်လေသည်။ သည်လူငယ်လေးက သူ့မိန်းမကို ထိုမျှလောက် ချစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“မင်းက ဆေးညွှန်းလိုချင်တာလား၊ ဘာမှမပြင်းထန်ဘူးလေ၊ ပြန်သွားရင် တစ်နေ့တစ်ခါ ရေအေး ကပ်ပေးပြီးရင် နှစ်ရက်တစ်ခါ ဆူးပန်းဆီ လိမ်းပေးလိုက်၊ သူ မနာတော့ဘူးဆိုရင် သုံးရက်ကနေ ငါးရက်အတွင်း သက်သာသွားလိမ့်မယ်၊ ဒီလိုဒဏ်ရာမျိုးက ဂရုစိုက်ဖို့ပဲလိုတာ၊ ဆေးတစ်ခု ညွှန်းပေးပါဆိုရင်တော့ အကိုက်ခဲပျောက်ဆေးပဲ ပေးနိုင်မယ်”
တကယ့်ရှားပါးပါပဲ။ သူတို့တွေ ခြေကျင်းဝတ်ကို ဆေးရုံအထိ လာပြတဲ့အပြင် ဘာမှမပြင်းထန်ဘူးဆိုတာတောင် ဆေးညွှန်းလိုချင်သေးသတဲ့လေ။
ရွှီရှောင်ကျောင်းမှာ အရိုးကျိုးမသွားသည်ကို သိလိုက်ရသဖြင့် တော်တော်လေး စိတ်အေးသွားတော့သည်။ ဒီနေ့ခေတ်အခါမျိုးမှာ ငါသာ တကယ် ခြေထောက်ကျိုးသွားရင် အပြည့်အဝ ပြန်ကောင်းနိုင်မှာမဟုတ်လောက်ဘူး။ ဖြည့်စွက်စာလောက်ပဲ စားရမှာ။
“ငါ ဆေးမသောက်ချင်ဘူးနော်”
စုန့်ဝေဖျင်က သူမသည် ဆေးမသောက်ဘဲ အခါးကို ကြောက်မှန်း တွေ့လိုက်ရတော့ မျက်မှောင်ကြုတ်လိုက်ပြီး
“ဆေးသောက်ပြီးရင် မနာတော့ဘူးလေ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“မသောက်ဘူး၊ မဝယ်နဲ့၊ စုန့်ဝေဖျင် ငါ အိမ်ပြန်ချင်ပြီ၊ ပြန်ရအောင်”
စုန့်ဝေဖျင်က သူမအလိုကို မလိုက်ချေ။ အကိုက်ခဲပျောက်ဆေးတချို့ဝယ်ဖို့သာ ဇွဲကောင်းနေတော့သည်။
အပြန်လမ်းတွင် ရွှီရှောင်ကျောင်းသည် မကျေမနပ်ဖြင့် သူ့ကျောပေါ် မီထားရင်း
“ငါ အဲဆေးမသောက်ဘူးလို့ ပြောထားတာကို နင်က ဝယ်လာသေးတယ်နော်”
သူမ၏ နူးနူးညံ့ညံ့အသံလေးကို ကြားလိုက်ရသည်တွင် စုန့်ဝေဖျင်က သတိမထားမိလိုက်ဘဲ ချောမော့သည့်အသံတစ်ခု ဖြစ်သွားတော့သည်။
“ငါ အရင်က ခြေကျင်းဝတ်လည်ဖူးတယ်၊ ပထမ တစ်ရက် နှစ်ရက်က အရမ်းနာတယ်၊ ဒဏ်ရာ နာလာရင်တော့ ဆေးသောက်လိုက်၊ မနာဘူးဆိုရင်တော့ မသောက်နဲ့လေ”
ရွှီရှောင်ကျောင်းက အကြိမ်အနည်းငယ် နှာခါင်းရှုံ့လိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဆေးသောက်မှာ မဟုတ်ဘူး။
ရွှီရှောင်ကျောင်းသည် ထိုနေ့က အိမ်ပြန်ရောက်ပြီးနောက်တွင် အိပ်ရာပေါ်တွင် မှီကာ လှုပ်လှုပ်ရှားရှား မရှိခဲ့ချေ။ သူမ၏ခြေထောက်တွင် နာကျင်မှု အများကြီး မခံစားရသလို အကိုက်အခဲပျောက်ဆေးကိုလည်း မသောက်ချင်ပေ။
စုန့်ဝေဖျင်ကလည်း သူမ ဆေးသောက်ဖို့ မသောက်ဖို့ကို ဖိအားမပေးချေ။ သို့တိုင် ဆရာဝန်၏ ညွှန်ကြားချက်အရတော့ ဆူးပန်းဆီကို လိမ်းရပေမည်။ စုန့်ဝေဖျင်က တစ်ရက်နားပြီးနောက် သူမအတွက် ဆူးပန်းဆီကိုလိမ်းပေးပြီး ခြေထောက်ကို ရေအေးကပ်ပေးကာ သူမ၏ခြေထောက်များကို မြောက်ထားပေးသည်။
ရွှီရှောင်ကျောင်းက ရေနွေးဇလုံထဲတွင် သူမ၏ခြေထောက်များကို နစ်ထားပြီး စုန့်ဝေဖျင်က ပုလင်းများနှင့် ကျွမ်းကျွမ်းကျင်ကျင် ထုတ်ကာပြင်ဆင်နေသည်ကို ကြည့်လိုက်ပြီး
“စုန့်ဝေဖျင် နင် အိမ်မှာ ဒါကို အမြဲလုပ်သလား”
စုန့်ဝေဖျင်က သူ့လက်ကို ဂရုတစိုက် သုတ်လိုက်ပြီး ရေထဲက သူမ၏အငြိမ်မနေသည့် ခြေထောက်များကို တစ်ချက်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် အသိမှတ်ပြုလိုက်လေသည်။
“တစ်ခါတလေ အဘွားက လမ်းလျှောက်ရင် မတည်ငြိမ်ဘူးလေ၊ ခြေထောက်ခွင်သွားတတ်တယ်”
ရွှီရှောင်ကျောင်းက တိုးညင်းညင်းအသံတစ်ခု ထုတ်လိုက်ပြီး အနည်းငယ်ကြောက်သွားကာ
“ဒါက မနာပါဘူး”
စုန့်ဝေဖျင်သည် သူမက နာကျင်မှုကို မည်မျှကြောက်ရွံ့မှန်း သိပြီးသားပင်။ မနေ့ကဆိုလျှင် မျက်ရည်များက ကလေးတစ်ယောက်လို ကျလာခဲ့သည်။
“ငါ သာသာယာယာလေး လုပ်ပေးပါ့မယ်”
ရွှီရှောင်ကျောင်းသည် သူက အတွေ့အကြုံရှိပြီးသား ဖြစ်သဖြင့် စိုးရိမ်မနေတော့ဘဲ သူမ၏ ခြေထောက်ကို ပေးလိုက်တော့သည်။
ချောမွတ်သည့် ခြေကျင်းဝတ်က စုန့်ဝေဖျင်၏လက်ဖဝါးထဲတွင် ရောက်နေသည်။ သူ့လက်က ဆူးပန်းဆီနှင့် ရွှဲနစ်နေသည်။ သူ့လက်နှစ်ဖက်ကို ပွတ်လိုက်ချိန်တွင် လက်များက ပူလာတော့သည်။ ရွှီရှောင်ကျောင်းက အပူဓာတ်ကြောင့် တုန်ယင်သွားပြီး
“အွန်း နင့်လက်ဖဝါးတွေက ပူနေတာပဲ”
သူသည် တခြားလက်ကို သူ့မ၏ခြေကျင်းဝတ်ပေါ် တင်ထားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
“အပူကပဲ သွေးခဲတာကို ဖယ်ရှာပေးနိုင်တာလေ”
ရွှီရှောင်ကျောင်းက သူမ သိကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“၁၀ရက်လောက်နေရင်တော့ ငါ ပြန်ကောင်းသွားမယ်ထင်တယ်နော်၊ ငါ ပြန်ကောင်းလာရင်တောင် ငါ မလုပ်နိုင်... အား.. စုန့်ဝေဖျင် နာတယ်ဟဲ့”
အလွန်မှ နာကျင်လှသည်။ ဆိုးဆိုးရွားရွားကို နာကျင်လွန်းသည်။ ရွှီရှောင်ကျောင်းမှာ ချက်ချင်းဆိုသလို မျက်ရည်များ ထွက်ကျလာတော့သည်။
စုန့်ဝေဖျင်သည် သူ့ပခုံးပေါ်တင်ထားသည့် သူ့မ၏တခြားခြေထောက်က တွန်းလိုက်သည်ကို ခံစားလိုက်ရသဖြင့် သူ့လက်ထဲက အားကို လျှော့လိုက်ကာ
“အရမ်းနာနေလား”
“စုန့်ဝေဖျင်ရယ် နင် သာသာယာယာလေး မလုပ်နိုင်ဘူးလား၊ ငါ အရမ်းနာနေပြီဟဲ့”
ရွှီရှောင်ကျောင်းက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး သူ့ပခုံးကို တခြားခြေထောက်နှင့် ပုတ်လိုက်လေသည်။
စုန့်ဝေဖျင်က နှုတ်ခမ်းများကို စေ့ထားလိုက်ပြီး
“အရမ်းပျော့နေရင်လည်း အသုံးမဝင်ဘူးလေ၊ ငါ တတ်နိုင်သလောက် အားပျော့အောင် ကြိုးစားပေးမယ်”
အမှန်တွင်တော့ သူသည် အားထည့်ဖို့ပင် မစရသေးဘူးဟု ခံစားရသည်။
သူ့လက်ဖဝါးများက ပူလောင်နေပြီး သူမကို ဖိလိုက်သည့်နေရာတွင် ချွေးများရွှဲနေသည်ကို ခံစားလိုက်ရသည်။ အလွန်ချော်နေသဖြင် သူသည် မထိန်းနိုင်တော့ပေ။ သူ့နဖူးပေါ်တွင် ချွေးများက ထွက်လာတော့သည်။
ရွှီရှောင်ကျောင်းက နှစ်ခါလောက် ညည်းညူလိုက်ပြီး သူမ၏မျက်လုံးများကို တင်းနေအောင် ပိတ်ထားလိုက်ကာ
“ဒါဆိုလည်း မြန်မြန်လုပ်”
စုန့်ဝေဖျင်မှာ နှစ်ကြိမ်သာ ပွတ်သပ်ပေးလိုက်ရသည်။ ရွှီရှောင်ကျောင်း၏မျက်လုံးထောင့်များက တစ်ဖန် စီးကျလာလေသည်။ သူမက ငိုယိုကာ
“စုန့်ဝေဖျင် အရမ်းနာတယ်”
သူမသည် မျက်ရည်ရွှဲစိုနေကာ သနားစဖွယ် ဖြစ်နေတော့သည်။ တစ်ချက်လှမ်းအကြည့်တွင် စုန့်ဝေဖျင်သည် သူအိမ်တွေမွေးခဲ့ဖူးသည့် ကြောင်ပေါက်လေးကို သတိရသွားတော့သည်။ ကြောင်ပေါက်လေးက အကြောင်းအရင်းမရှိဘဲ လူများကို ပွေ့ချီပြီး အလိုလိုက်ချင်အောင် လုပ်တတ်လေသည်။
သူသည် စိတ်ထဲတွင် ကျိတ်ပြီး ပင့်သက်ရှိုက်မိကာ လက်လှမ်းလိုက်ပြီး သူမ၏မျက်လုံးထောင့်က မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
“ထပ်မပွတ်တော့ဘူးနော်”
ရွှီရှောင်ကျောင်းက သူမ၏ခြေထောက်ကို အသာအယာ လှုပ်ရှားလိုက်၏။ တစ်ချက်နှစ်ချက်လေး လှုပ်ရှားလိုက်ပြီးနောက် သူမ၏ခြေကျင်းဝတ်က နာနေပြန်သည်။ အရင်ကလောက် သက်သောင့်သက်သာ မရှိတော့ချေ။
“ဖြည်းဖြည်း ပြန်ကောင်းလာအောင် လုပ်ရင်ကော”
“ဒါဆိုလည်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာပါစေလေ၊ မင်း အိမ်မှာ နားလိုက်”
စုန့်ဝေဖျင်၏စကားအတိုင်း ရွှီရှောင်ကျောင်းသည် ခဏတဖြုတ်တော့ ငါးဆားနယ်စစ် လုပ်ရလည်း မဆိုးဘူးဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူမက စိတ်အေးသွားတော့သည်။
သို့သော်ငြား ထိုနေ့ညတွင် သူမ၏ခြေထောက်က နာကျင်မှုကြောင့် သူမသည် ဆက်ပြီး သည်းမခံနိုင်တော့ချေ။ အကိုက်အခဲပျောက်ဆေးသောက်ရန် စုန့်ဝေဖျင်က သူမကို ချော့မော့ပြောဆိုတော့သည်။
ရွှီရှောင်ကျောင်းက ဆေးကို မြိုချလိုက်ပြီး ရေသောက်ရင်း သူ့ကို ပြောလိုက်၏။
“စုန့်ဝေဖျင် နင် အကိုက်အခဲပျောက်ဆေးဝယ်လာလို့ တော်သေးတယ်၊ မဟုတ်ရင် ငါ့ခြေထောက်ကို ပွတ်ပေးဖို့ နင့်ကို ခိုင်းရတော့မှာ၊ ငါ ဒီည အိပ်နိုင်မှာတောင် မဟုတ်ဘူး”
နာကျင်မှုနှင့် ယှဥ်လျှင် သူမသည် ခါးသက်သက်အရသာကိုသာ ဆန္ဒရှိတော့သည်။
ဘေးတွင် စုန့်ဝေဖျင်က သူ့ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။ သူမ အလွန်မှ နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့ ပြောဆိုလုပ်ကိုင်နေပုံကို မြင်လိုက်ရသဖြင့် သူသည် သူမ၏ခေါင်းကို ထိချင်စိတ်အား ထိန်းချုပ်ထားရပြီး သူမကို ပြန်ဖြေရန် မျက်ခုံးများကို နိမ့်ထားလိုက်ကာ
“ဆေးသောက်ပြီးသွားရင် နာနေတာ ခဏလောက်တော့ သက်သာသွားလိမ့်မယ်၊ ဒီရက်ပိုင်းမှာ လှုပ်ရှားမှုသေးသေးလေးတွေ ကြိုးစားပြီးလုပ်နော်၊ နင် တစ်ခုခုလုပ်စရာရှိရင် ငါ့ကို ခေါ်လိုက်”
ဝမ်ကွေးယွဲ့နှင့် ကျိုးဖင့်ရှန်းတို့သည် ရွှီရှောင်ကျောင်းကို လာတွေ့ကြသောအခေါ သူမသည် အိမ်ရှေ့က ကျောမီကို မှီထားပြီး အဘွားစုန့်နှင့် ပျော်ရွှင်ရွှင် စကားပြောနေလေသည။
သူတို့နှစ်ယောက်ကို တွေ့လိုက်ရသည်တွင် အဘွားစုန့်က ပြုံးကာ ထရပ်လိုက်ပြီး
“ပညာတတ်လူငယ်ရဲဘော်လေးတွေက ငါတို့ ရှောင်ကျောင်းကို လာတွေ့တာပဲ၊ လာကြ, လာကြ၊ သူနဲ့ စကားမြန်မြန် လာပြောပေးလိုက်ပါအုံး၊ ဒီကလေးမလေးက ဘာမှလုပ်စရာ မရှိလို့ဆိုရင် အော်ဟစ်နေတာ ကြာပြီ၊ သူက စကားပြောပေးမဲ့လူတစ်ယောက်ကို မျှော်နေတာလေ”
သူမသည် သူတို့နှစ်ယောက်ကို ကွာစေ့ လှမ်းပေးလိုက်ပြီးနောက် တစ်ယောက်ထဲ အနောက်ဘက်ဆောင်သို့ ပြန်သွားတော့သည်။
“မင်းတို့လေးတွေ စကားပြောကြအုံး၊ အဘွားအထဲဝင်တော့မယ်”
ခုံတန်းရှည်ပေါ်တွင် ထိုင်ရင်း ဝမ်ကွေးယွဲ့က ရွှီရှောင်ကျောင်းသည် ကျောမီပေါ်တွင် တွဲလောင်းချိတ်နေသည်ကို တွေ့လိုက်ရလေသည်။ တော်တော်လေး နေသာထိုင်သာ ရှိပုံရသည်။ ဝမ်းကွေးယွဲ့က သူမကို မေးလိုက်၏။
“နင် နေ့တိုင်း ဘာမှမလုပ်ဘဲ နေနေတာ၊ အဘွားစုန့်က နင့်ကို အမြင်မကပ်ဘူးလား”
ရွှီရှောင်ကျောင်းက အဘွားစုန့် မသွားခင် ပေးသွားသည့် ကွာစေ့လက်တစ်ဆုပ်စာကို သူမပါးစပ်ထဲသို့ ထည့်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ဝါးနေလိုက်ကာ
“မဖြစ်ပါဘူး၊ အဘွားက ငါ့ကို အရမ်းချစ်တာ၊ ငါ့ကို ကောင်းကောင်း ဂရုမစိုက်နိုင်မှာစိုးလို့ ငါ့ကို စောင့်ရှောက်ဖို့တဲ့ စုန့်ဝေဖျင်ကို ခွင့်ယူခိုင်းနေတာ”
သူမက ဇိမ်ကျကျနဲ့ နေနေရတာပဲ။ ကျိုးဖင့်ရှန်းက သူမအတွက် ဝမ်းသာသွားပြီး
“ နင့်ခြေထောက်တွေ ထက်ပြီး ယောင်နေမယ်လို့ ငါ မထင်မိဘူး၊ ၆ရက် ၇ရက်တောင်ရှိနေပြီလေ၊ ပျောက်လုနီးနီး ဖြစ်သင့်နေပြီ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“ငါ့ခြေချောင်းလေးတွေပဲ လှုပ်လို့ရသေးတယ်၊ ဒါပေမဲ့ လမ်းလျှောက်ရင် နာနေတုန်းပဲ”
ဝမ်ကွေးယွဲ့က သူမကို အကြံတစ်ခုပေးလေသည်။
“စုန့်ဝေဖျင်ကိုလေ ဆူးပန်းဆီနဲ့ နာနာလေး လိမ်းခိုင်းလိုက်၊ အဲဒါ သက်သာတယ်”
ရွှီရှောင်ကျောင်းမှာ သက်ပြင်းချလိုက်ပြီး ဆူးပန်းဆီလိမ်းရင်း တဝက်တပျက် ရပ်လိုက်ရသည့်ကိစ္စကို ပြန်ပြောပြလိုက်တော့သည်။
“နင်က နာမှာကြောက်တယ်၊ ဒါနဲ့ စုန့်ဝေဖျင်က နင့်အတွက် မလိမ်းပေးတော့ဘူး ဟုတ်လား”
ဝမ်ကွေးယွဲ့မှာ အံ့ဩရလွန်းသဖြင့် စားလက်စ ကွာစေ့ကိုပင် ရပ်ထားလိုက်တော့သည်။
“အေး” ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်လေသည်။
“ သူက နင့်စကားကို အလွန်အကျွံ နားထောင်နေတာပဲဟဲ့”
ဝမ်ကွေးယွဲ့မှာ သူမပါးစပ်ထဲက စိတ်ချဥ်ပေါက်နေမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
ကျိုးဖင့်ရှန်းကတော့ ရွှီရှောင်ကျောင်းအတွက် ဝမ်းသာသွားလေသည်။ လက်ထပ်တယ်ဆိုတာ ချစ်ခြင်းကို နားလည်ပြီး အချစ်ခံရတာကိုလည်း နားလည်ပေးတဲ့ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ရတာမျိုးလေ။
“မလိမ်းလည်း အဆင်ပြေပါတယ်၊ ရက်နည်းနည်းလောက် ထပ်နားလိုက်”
ဝမ်ကွေးယွဲ့က စဥ်းစားလိုက်လေသည်။ စုန့်ဝေဖျင်က မိန်းမယူထားတာလေ။ ရွှီရှောင်ကျောင်းက ဒီမိသားစုရဲ့ ဘိုးဘေးလို ဖြစ်နေပြီ။ ဒါပေမဲ့ ရွှီရှောင်ကျောင်း သက်သောင့်သက်သာနေရတာကို မြင်ရတာက ကျောက်ယန်ယန် ကြွားလုံးထုတ်တာကို မြင်ရတာထက်စာရင် ပိုကောင်းပါသေးတယ်။ သူမက တခြားလူရဲ့ကံဆိုးခြင်းကို ကျေကျေနပ်နပ် ယူထားပေးတာပဲ။
“ဟဲ့ ရှောင်ကျောင်း နင်လေ မျက်လုံးကောင်းတာပဲ၊ နင် မသိလို့နော်၊ အခုဆိုရင်လေ အဲဒီကျောက်ယန်ယန်က ခက်ခဲနေပြီ”
ရွှီရှောင်ကျောင်းက မျက်ခုံးများကို ပင့်ထားလိုက်ပြီး
“ဟင် သူ အေးအေးလူလူ အလုပ်တစ်ခု ရထားတယ်မလား”
ဌာနခွဲခေါင်းဆောင်ရဲ့ အဒေါ်ဝမ်က ခရာကြီးတစ်ခုလို အော်ပြောခဲ့တာတွေကို မမေ့သေးပါဘူး။
ဝမ်ကွေးယွဲ့က နှာခေါင်းရှုံ့လိုက်ပြီး
“အဲအလုပ်က သူ့ဟာ မဟုတ်တော့ဘူးလေ၊ သူက ဟန်ကွမ်းဟွေနားမှာ ကပ်နေတဲ့ ရွှံဖတ်တစ်ခုပဲ၊ သူက နေ့တိုင်း ခဏလောက် ကြွားဝါနေတတ်တာ၊ တကယ်တော့ အခြေအနေက ဘာတဲ့လဲ၊ ငါ့အထင် ကျောက်ယန်ယန်က ခါးသီးမှုတချို့ ခံစားနေရတယ်ထင်တာပဲ”
ဘာပဲဖြစ်ဖြစ်ပါလေ သူတို့တွေက ဘာမှလုပ်စရာမရှိဘူး။ ပြီးတော့ သူတို့မုန်းတဲ့သူကလည်း ကံဆိုးသွားပြီ။ ရွှီရှောင်ကျောင်းသည် တော်တော်လေး နားထောင်ချင်မိနေလေသည်။ ထို့ကြောင့် သူမက ကွာစေ့ကို ခွာရင်း ပုံမှန်အတိုင်း မေးလိုက်တော့သည်။
“ဘာဖြစ်လို့လဲ”
...