Ch 15
Viewers 1k

အပိုင်း (၁၅) နင်က ငါ့ထက် ပိုတော်တယ်

ဝက်စတူး ၆ကျင်းသည် ၁၂ယွမ်ကျသင့်လေသည်။ အသားစိမ်း ၇ကျင်းစာ ကုန်ကျစားရိတ်ကို နှုတ်လိုက်ပြီးနောက် သည်အမှာစာက ၅-၆ယွမ်လောက် မြတ်နိုင်သည်။

လီယုံဟိုင်နှင့် ဟန်ကွမ်းဟွေတို့ကတော့ စုန့်ဝေဖျင်က သူတို့၏ငွေများကို မြတ်သွားမှန်း မသိလိုက်ကြပေ။ လီယုံဟိုင်သည် သည်နေ့ သူဝယ်လာသည့် အသားတစ်တုံးကို လှီးကာ ဟန်ကွမ်းဟွေအတွက် ဝိုင်ခွက်လေးတစ်ခုကို လောင်းထည့်ပေးလိုက်သည်။ ဟန်ကွမ်းဟွေက အစားအသောက်ကို ကျေနပ်သွားသည်ကို တွေ့လိုက်ရဖြင့် သူက မေးလိုက်လေသည်။

“ဘယ်လိုလဲ၊ ငါကတော့ မဆိုးဘူးလို့ ပြောရမယ်၊ ဒါက အစိုးရပိုင် စားသောက်ဆိုင်က ဆားလေးတဲ့ဝက်စတူးထက် အဆ၁၀၀လောက် ပိုအရသာရှိတယ်မလား”

သူသည် စိတ်ပျော်နေရာ သူ့ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး

“ငါ ပြောသလိုပဲ အရသာရှိတဲ့ ဘယ်အရာဖြစ်ဖြစ် ငါ့နှာခေါင်းအောက်က ပြေးမလွှတ်ပါဘူးဆို”

ဟန်ကွမ်းဟွေကလည်း ကျေနပ်သွားလေသည်။ သူသည် အသားကို ဘယ်ကရခဲ့သလဲဟု လီယုံဟိုင်ကို မမေးလိုက်ချေ။ မည်သို့ဆိုစေ သူသည် ဂရုမစိုက်ပါ။

“မင်း ဒီနေ့ မှာခဲ့လား”

လီယုံဟိုင်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး

“အလုပ် ပြီးဖို့တော့ မင်း ငါ့ကို စိတ်ချထားလိုက်၊ အချိန်တန်ရင် မင်း လေးစားမှုတွေ တသီကြီးရလိမ့်မယ်လို့ ငါ အာမခံတယ်”

ထိုကိစ္စမှ သူရခဲ့သည့် ကော်မရှင်ခကို စဥ်းစားရင်း လီယုံဟိုင်သည် တဟင်းဟင်းရယ်မော့ စကားကောင်းများကို ငွေမကုန်သည့်နှယ် ပြောလိုက်လေသည်။

“ငါ မင်းကို ပြောလိုက်မယ်နော်၊ ငါဆိုတဲ့ လီယုံဟိုင်ကလေ မင်းကလွဲရင် ဘယ်သူ့ကိုမှ အားကျတာမဟုတ်ဘူး၊ မင်းက  အရမ်းကို အထင်ကြီးစရာကောင်းနေပြီ”

သူသည် ဟန်ကွမ်းဟွေ၏ နှလုံးရောဂါကို သိလေသည်။ ထို့ကြောင့် သူ့နှလုံးသားကို ပစ်မှတ်ထားခဲ့မှန်း ပြောစရာမလိုရာ သူက ပြောလိုက်လေသည်။

“အချိန်တန်ရင် စားသောက်ပွဲ ၅-၆ပွဲလောက် တည်ခင်းပြီး ရွာက လူအားလုံးကို ဖိတ်လိုက်၊ ဒီရှားပါး ဝက်စတူးကို ထပ်ချက်ပြီးတာနဲ ရွာက အနံ့တွေ အပြည့်ဖြစ်သွားလိမ့်မယ်၊ ဒါက စားပွဲနှစ်ဝိုင်းစား အသားစတူးထက်တော့ အဆ၁၀၀ ပိုကောင်းတယ်၊ ရွာထဲက လူတိုင်းကလည်း မင်းက ချမ်းသာပြီး လုပ်ရည်ကိုင်ရည်ရှိတာ သိပါတယ်”

ဟန်ကွမ်းဟွေ၏မျက်နှာပေါ်က ဘဝင်လေဟပ်နေသည့်ဟန်ကို မြင်လိုက်သည်တွင် သူက ဆက်ပြီး တွက်ချက်ပြလိုက်သည်။

“ဒီအသား ၄-၅ကျင်းမှာမင်က စားသောက်ပွဲအတွက် ၃ကျင်း သုံးလို့ရတယ်၊ သေချာပေါက် လုံလောက်တာထက်ကို ပိုသေးတယ်၊ ကျောက်ယန်ယန်ရဲ့အမေ၊ အစ်ကိုနဲ့ သူ့ယောက်မလာမှာမလား၊ မင်း သူတို့ကို ၂ကျင်း ပြန်ထည့်ပေးလိုက်လို့ရတယ်၊ ပြီးရင် စည်သွပ်ဘူးနည်းနည်းဖြစ်ဖြစ် ဒါမှမဟုတ် တခုခု ဝယ်လိုက်ပေါ့၊ မင်းမျက်နှာရမှာ အာမခံတယ်၊ ပြီးတော့ ကျန်တဲ့ ၁ကျင်းကို ဌာနခွဲစာရေးကို ပေးလိုက်ပြီး ကျောက်ယန်ယန်အတွက် လွယ်ကူတဲ့အလုပ်တစ်ခု စီစဥ်ပေးလိုက်ပေါ့၊ ကျောက်ယန်ယန်က မင်းနဲ့နေရတဲ့ ကံကောင်းတဲ့ဘဝတစ်ခုမှာ မပျော်ဘူး ဘယ်သူက မပြောဘဲနေမှာလဲ”

ဟန်ကွမ်းဟွေသည် သူနှင့် ခွက်ချင်းတိုက်လိုက်လေသည်။ သူက သူစဥ်းစားထားသည့်ကိစ္စကို ပြောလိုက်လေသည်။

“ဟေ့ ငါ ရွှီရှောင်ကျောင်းကိုရော လာခိုင်းလိုက်ရမလား၊ ဘာပဲဖြစ်ဖြစ် သူက ပညာတတ်လူငယ်အတန်းဖော် ဖြစ်ခဲ့တာဆိုတော့”

သူက ဘယ်လောက်တောင် လုပ်နိုင်စွမ်းရှိတယ်ဆို သူမရဲ့မျက်လုံးတွေနဲ့ မြင်အောင်ပြရမှ သူမက နောင်တရမှာပေါ့။

သည်စကားကို တုံ့ပြန်ရာတွင် လီယုံဟိုင်မှာ ဆွံ့အသွားတော့သည်။

“ဒါတော့ မကောင်းဘူး”

ဟန်ကွမ်းဟွေသည် စိတ်လွှတ်သွားပြီဟု ခံစားလိုက်ရတော့သည်။ ရွှီရှောင်ကျောင်းနဲ့ ကျောက်ယန်ယန်က ရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခု ရှိတယ်လေ။ ပြီးတော့ ရွှီရှောင်ကျောင်းက လက်ထပ်ပြီးသွားပြီ။

“ပြီးတော့ သူက လာမှာမဟုတ်ဘူး”

ဟန်ကွမ်းဟွေက သက်ပြင်းချလိုက်ပြီး

“ဟုတ်တယ်၊ သူက အခုမှ ဘာလို့  အဲလောက်ခေါင်းမာသွားတာလဲ၊ မဟုတ်ရင် ငါက သူစားဖို့ ဝက်စတူး ၁ကျင်းလောက်ပေးမလို့ပါပဲ၊ စုန့်ဝေဖျင်နဲ့နေရတာ သူ နေ့တိုင်း အသီးအရွက်ပန်ကိတ်ပဲ စားရလောက်တယ်၊ ဘာအဆီပါတဲ့ဟာတွေ စာနိုင်မှာလဲ”

လီယုံဟိုင် သူ့ကို ကြည့်လိုက်သည့်ပုံက ပိုပြီးတော့ပင် ဆွံ့အသွားလေသည်။ ကြည့်ရတာ စုန့်ဝေဖျင်က ဟန်ကွမ်းဟွေကို အရမ်းကို သက်သက်ညှာညှာ ရိုက်ခဲ့တယ်နဲ့တူပါတယ်။

ရွှီရှောင်ကျောင်းက ဝက်စတူးကို စားလို့ ဝနေလေပြီ။ မိသားစုက ညပိုင်း ညစာစားပြီးနောက်တွင် သူမက ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်းကို အိမ်ပြန်လိုက်ပို့ပေးပြီး ရေရွတ်လိုက်ကာ

“ငါတော့ ဝက်စတူး စားလို့ဝသွားပြီ၊ မနက်ဖြန်ကျရင် အပြောင်းအလဲအနေနဲ့ စုန့်ဝေဖျင်ကို အသားလုံးနဲ့ အသီးအရွက်စတူးဟင်းချက်ခိုင်းရမယ်”

ပြီးခဲ့သည့် လဝက်အတွင်းတွင် ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်း၏ အစားအသောက်က တိုးတက်လာခဲ့သည်။ နှစ်ယောက်လုံး၏ ကျန်းမာရေးက ပိုပြီးကောင်းမွန်လသည်။ ဝူချွန်းဟွားကလည်း သည်ရက်ပိုင်းတွင် အလွန်မှ ကျေနပ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ သူမက ပြစ်တင်စကားပြောလိုက်တော့သည်။

“စားစရာ အသားရှိနေတာတောင် မကျေနပ်သေးဘူး၊ အမေ့အထင်တော့ သမီးရဲ့နေ့ရက်တွေက အရမ်းကို ကောင်းလွန်းနေပါပြီနော်”

ရွှီရှောင်ကန်းက သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး

“မမ ဒီလောက်အရသာရှိတဲ့အသားကို စားလို့ဝသွားပြီ ဟုတ်လား၊ သားကတော့ ဘဝမှာ စားလို့ဝနိုင်မယ် မထင်ဘူး၊ ဝက်စတူးက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသားပဲ”

ရွှီရှောင်ကျောင်းက သူမမောင်လေး၏ ခေါင်းကို ပုတ်ပေးလိုက်လေသည်. ကောင်လေးရယ်။ ဒါက မင်းမှာ ဗဟုသုတနည်းနည်းပဲ ရှိသေးလို့လေကွယ်။

ဒါက ခြေလှမ်းနည်းနည်းစီထဲက ကိစ္စတစ်ခုပဲ။ အရင်ကဆိုလျှင် သူမက သူတို့ကို လိုက်မပို့တတ်ချေ။ သည်တစ်ကြိမ်တော့ ကိစ္စတစ်ခု ရှိနေလေသည်။

“အမေ ဒီမှာ ၁၀ယွမ်၊ ဒါကို ယူထားပြီး ရှောင်ကန်းကို ကျောင်းထားပေးလိုက်နော်”

ဝူချွန်းဟွားက မှင်တက်အံ့ဩသွားပြီး

“သမီး ရှောင်ကျောင်း ဝေဖျင်ရှာသမျှ ငွေအားလုံးကို သမီးယူထားတာလား၊ မဟုတ်သေးပါဘူး၊ အဲလိုတော့မဖြစ်ဘူး၊ သူ့မှာ နေ့တိုင်း မနက်အစောကြီး အပြင်ထွက်ပြီး ပြန်လာရင်လည်း အလုပ်သွားရသေးတယ်၊ သူက ပင်ပန်းပါတယ်၊ ရောင်းရတာကလည်း အသားရောင်းတာကလည်း ဒီလောက်ကြီးတဲ့စွန့်စားမှုကြီးတစ်ခုကို ယူထားရတာ၊ အမေ ပြောထားသားပဲ၊ သမီးတို့ အကြွေးတွေ ဆပ်ပြီးသွားပြီး ငွေနည်းနည်းပါးပါးတော့ စုပါလို့၊ ဒါမှ အမေလည်း အသားရောင်းဖို့ ခွင့်ပြုပေးစရာ မလိုမှာလေ၊ အမေ့မှာ အိမ်မှာနေပြီ စိတ်ပူနေရတာ၊ သမီးကတော့ ငွေအားလုံးကို ယူလာရသလား၊ မလိုချင်ပါဘူး၊ မြန်မြန် ပြန်ယူသွား”

ရွှီရှောင်ကျောင်းသည် သက်ပြင်းချလိုက်မိလေသည်။ ဝူချွန်းဟွားက ဒါကို မလိုချင်ဘူးဆိုတာ သိသားပဲလေ။ အစတုန်းကတော့ တဖက်လူက စုန့်ဝေဖျင် လမ်းကြားလေးထဲမှာ အစားအသောက် ရောင်းနေတယ်ဆိုလို့ အလန့်တကြား ဖြစ်ခဲ့သေးသည်။ တော်တော်လေး နားချထားရပြီးမှ သူမက စိတ်ပူတာနည်းနည်းလေး လျော့သွားတာလေ။ ထင်တဲ့အတိုင်း။ အခု ထပ်ဖြစ်ပြန်ပြီ။

“အမေရယ် သမီး ပြောတာကို နားထောင်ပါအုံး၊ ဒီ၁၀ယွမ်က အရင်တုန်းက သမီးစုထားတဲ့ ငွေပါ၊ အစကတော့ ဒီငွေကို ဝေဖျင်ရဲ့ လုပ်ငန်းလေးထဲမှာ သုံးထားတာ၊ အခု သူက ၁၀ယွမ်ထက် ပိုရှာနိုင်ပြီလေ၊ ရလာတဲ့အသားတင်အမြတ်ကလည်း သုံးဖို့လောက်တယ်၊ ပြီးတော့ ဒီ၁၀ယွမ်က သမီးကို ပေးထားတာပါ၊ သမီးမှာလည်း ငွေသုံးစရာနေရာ မရှိဘူးလေ၊ ဒီနှစ် ရှောင်ကန်းကို ကျောင်းပို့ပေးမှ ဖြစ်မယ်လို့ သမီး သူနဲ့ ပြောထားပြီးပြီ၊ သူလည်း သဘောတူပါတယ်”

ဝူချွန်းဟွားသည် သမီးဖြစ်သူက သားဖြစ်သူကို ကျောင်းထားပေးချင်သည်ဟု ပြောခဲ့စဥ်က သူမက ထိုအကြောင်းကို စကားအဖြစ်သာ ပြောပြီး အမှန်တကယ် စိတ်ထဲတွင် ရှိနေလိမ့်မည်ဟု တကယ်ပဲ မျှော်လင့်မထားခဲ့ချေ။ ဝူချွန်းဟွားမှာ တွေဝေသွားတော့သည်။ ခင်ပွန်းသည် မဆုံးပါးခင်က မိသားစုမှာ တစ်နှစ်ကို မဆိုစလောက်ပဲ စုဆောင်းနိုင်ခဲ့တာလေ။ ဒါကြောင့်လည်း ယန်ယန်ပဲ ကျောင်း ဆက်တက်နိုင်တာပေါ့။ နောက်တော့ ခင်ပွန်းသည် ဆုံးပါးသွားခဲ့တယ်။ မိသားစုမှ ငွေဘယ်လောက် စုမိထားလဲဆိုတာ ယန်ယန်က သိနေတော့ တစ်နှစ် နှစ်နှစ်လောက် ကျောင်းဆက်တက်ဖို့ ငိုယိုခဲ့ပြီးမှ နောက်တော့ ကျောင်းထွက်လိုက်တယ်လေ။

ဒီလိုနဲ့ သားဖြစ်သူကို ကျောင်းထားဖို့ နောက်ကျခဲ့တာပေါ့။ သူမက စာလေးတစ်လုံး နှစ်လုံးလောက်တောင် မသိဘူးဆိုပေမဲ့ ပညာသင်ခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ နားလည်ပါတယ်။ အဝေးကြီး မပြောနဲ့အုံး။ သူတို့ရဲ့ လူထူထုတ်ကုန်တပ်ဖွဲ့ကိုပဲ ကြည့်လေ။ ဌာနခွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာမဲ့လူတိုင်းက စာဖတ်တတ်ရမယ်တဲ့။ ပြီးတော့ စာရင်းကိုင်ရောပဲ။ သူတို့အလုပ်တွေက ပေါ့ပေါ့ပါးပါးနဲ့ အလုပ်ရမှတ်ဆိုလည်း အပြည့်ရတာ။ နေ့တိုင်း ခွန်အားသုံးနေရတဲ့သူတွေထက် အများကြီး သာတာပေါ့။

ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားက စိတ်မဆုံးဖြတ်နိုင်သည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမက ဝူချွန်းဟွားလက်ထဲသို့ ငွေကို ထိုးထည့်ပေးလိုက်ပြီး

“ယူထားလိုက်ပါ၊ စာနှစ်ဝက်တစ်ခုကို ၅ယွမ်၊ အခုက စာသင်နှစ်ဝက်စဖို့ တစ်လပဲလိုတော့တယ်၊ ရှောင်ကန်းက သူကျောင်းတက်ရင် ၃-၄ယွမ်လောက်ပဲ ပေးရမှာ၊ ကျန်တာကို အမေ သိမ်းထားလိုက်၊ ကိစ္စရှိလာရင် သုံးလိုက်ပါ”

ဝူချွန်းဟွားသည် သူမလက်ထဲက ငွေကို ဖျစ်ညစ်ထားလိုက်ပြီး

“ဒါက... သမီးရဲ့မောင်လေးအတွက် ၅ယွမ်ပဲ ထားခဲ့ပါလေ၊ ကျန်တာကို သမီးနဲ့ ပြန်ယူသွားလိုက်၊ သမီးက ဝေဖျင်နဲ့လက်ထပ်ထားတာလေ၊ သမီးအနေနဲ့ အမေဘက်က မိသားစုကို ငွေတွေအများကြီး ယူပြန်လာရင် သူက မဖော်ပြရင်တောင် ဘယ်စိတ်ချမ်းသာပါ့မလဲ”

ရွှီရှောင်ကျောင်းက လက်ခါပြလိုက်ပြီး

“ကိုကိုဝေဖျင်က သမီးကို ဒီငွေ လာပို့ဖို့ ပြောလိုက်တာ၊ ပြီးတော့ သမီးက ရှောင်ကန်းရဲ့ ကျောင်းစားရိတ်ကို ပေးမမှာလို့လဲ သူနဲ့ တိုင်ပင်ထားပြီးသား၊ သူလည်း သဘောတူတယ်၊ အမေ ဒီငွေတွေကို ယူလို့ရတယ်၊ ရှောင်ကန်းက တစ်ခုခု ဝယ်ချင်တယ်ဆိုရင်လည်း သူ့အတွက် ဝယ်ပေးလိုက်၊ ငွေကို သိမ်းမထားနဲ့နော်၊ သမီးတော့ ငွေပိုရှာနိုင်လာရင် အမေ့ကို ပိုပေးမယ်”

ဝူချွန်းဟွားက ခေါင်းကို တွင်တွင်ခါလိုက်ပြီး

“မလုပ်ပါနဲ့၊ ဒီတစ်ခါနဲ့ လုံလောက်နေပါပြီ၊ ၁၀ယွမ်တဲ့လေ၊ ဆိုးဝါးတဲ့နှစ်တစ်နှစ်မှာတောင် ဒီပမာဏကို တစ်နှစ်အတွင်း မရှာနိုင်ပါဘူး၊ သမီး ငွေရှာနိုင်ရင် စုသာထားလိုက်နော်၊ နောက်ပိုင်း ကလေးရလာရင် ကလေးကို ပြုစုပျိုးထောင်ဖို့ ငွေကုန်အုံးမှာ”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် ဝူချွန်းဟွားက အများကြီးတွေးနေသည်ဟု ခံစားမိလိုက်ပြီး

“အမေရယ် ငွေကို သိမ်းထားလိုက်ပြီး စောစောအိပ်ရာဝင်တော့နော်၊ သမီး သွားတော့မယ်”

ဝူချွန်းဟွားက ငွေကို ထိကိုင်ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများက တဖန် ပူနွေးလာတော့သည်။ သူမသည် အပြုံးလေးနှင့် သမီးဖြစ်သူ၏ ကျောပြင်ကို စောင့်နေလိုက်ပြီး

“ဒီကလေးကတော့လေ လက်ထပ်ပြီးတာတောင် ဘာလို့ အဲလောက်ရှက်နေသေးတာလဲ၊ ဒါက အချိန်တစ်ခုပဲ လိုတာကို”

ရွှီရှောင်ကျောင်းမှာ ပိုပြီးမြန်မြန်ပြေးရတော့သည်။

သူမက အမောတကော ပြေးဝင်လာသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က သူမအတွက် ရေတစ်ခွက် လောင်းထည့်ပေးလိုက်ပြီး

“ဘာလို့ ပြေးလာတာလဲ၊ ခြေလှမ်းနည်းနည်းလေးလောက်ပဲ လျှောက်ရတာကို၊ ဖြည်းဖြည်း လျှောက်မှပေါ့”

ရွှီရှောင်ကျောင်းက ရေနည်းနည်းသောက်လိုက်ပြီး ကုလားထိုင်တွင် ထိုင်ကာ အနားယူလိုက်ပြီး

“ငါ့အမေလေ၊ နောက်ဆိုရင် ကလေးမွေးပြီး ပြုစုဖို့ ငွေစုလို့ ပြောလာလို့၊ အိုက်ယိုး ငါ့မှာ အမြန်ကြီး ထွက်ပြေးလာခဲ့ရတယ်၊ ဒါက ဟန်ဆောင်လက်ထပ်ထားပဲ၊ ငါတို့မှာ ဘယ်လိုလုပ်ပြီး ကလေးရှိလာနိုင်မှာလဲ”

သူမသည် လက်ထပ်ပြီးစကထက် အများကြီး နေသားကျလာလေသည်။ သူမသည် သူ့ရှေ့တွင်ပင် ခြေအိတ်ချွတ်ပြီး ခြေထောက်ဆေးတတ်လာတော့သည်။ စုန့်ဝေဖျင်က မလှုပ်မရှားဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက သူ့ကို မော့ကြည့်လိုက်၏။

စုန့်ဝေဖျင်က သူမ၏လိပ်တင်ထားသည့် ဘောင်းဘီရှည်ကို အကြည့်လွဲလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။

“အင်း”

ရွှီရှောင်ကျောင်းက သူမ၏အင်္ကျီကို ချွတ်လိုက်ပြီး အိပ်ရာအစွန်းမှ တက်သွားကာ သက်သောင့်သက်သာ လဲလျောင်းလိုက်လေသည်။ ဒီကာလအတောအတွင်းတွင် သူမနှင့် စုန့်ဝေဖျင်တို့သည် အလွန်သင့်မြတ်ကြလေသည်။ စုန့်ဝေဖျင်က အိပ်နေချိန်တွင် မဟောက်တတ်သလို သွားလည်း မကြိတ်တတ်ပေ။ စည်းကျော်မည့်အရိပ်အယောင်လည်း  မရှိပေ။ သူမသည် အင်မတန် စိတ်အေးရသလို ခံစားရလေသည်။

သူမသည် စုန့်ဝေဖျင်က ဆက်လုပ်မည့်အရာကို စဥ်းစားလိုက်ပြီး

“နင် ဖိန်းနွဲခါကျရင် တတိယအစ်ကိုလီနဲ့ ထပ်ပြီး ခရီးထွက်အုံးမှာလား”

သူမက အကြောဆန့်လိုက်သံကို ကြားလိုက်သည်တွင် စုန့်ဝေဖျင်က ကျိတ်ပြုံးလိုက်ပြီး

“အင်း မင်း ဘာလိုချင်လဲ”

ငါ ဘာလိုချင်လဲ။ ရွှီရှောင်ကျောင်းက စဥ်းစားလိုက်သည်။ တကယ်တော့ လိုတာချင်တာ ဘာမှမရှိပါဘူး။ အခုတော့ ငါ့ရုပ်ဝါဒီ လိုအင်တွေကလည်း အများကြီးနည်းသွားသလိုတောင် ခံစားရတယ်။

“ငါ့မှာ အထူးတလည် လိုချင်တာမျိုးတော့ မရှိပါဘူး၊ နင် တစ်ခုခု ရှားပါးပစ္စည်းတွေ တွေ့ခဲ့ရင်သာ သင့်တော်မယ် ထင်ရင် ဝယ်ခဲ့လေ”

သူမသည် ခဏလောက်စဥ်းစားလိုက်ပြီး

“ငါ့မှာ ၅ယွမ် ကျန်သေးတယ်၊ ဒီတစ်ခါလည်း နင် ယူသွားသင့်တယ်နော်၊ နင့်လက်ထဲမှာ ရှိတာ အပါအဝင်ဆိုရင် ၂၀ကျော်လောက်မယ်၊ လိုရမယ်ရ အားလုံး ယူသွားလိုက်”

ရှေ့တစ်ခေါက် အတွေ့အကြုံကြောင့် ခရီးထွက်လျှင် ငွေတချို့ ယူသွားသည်က ပိုကောင်းမှန်း စုန့်ဝေဖျင် သိလိုက်လေသည်။

“၂၀ပဲ ယူသွားပါမယ်၊ ကျန်တာကို မင်းသိမ်းထားလိုက်၊ တစ်ခုခုဆိုရင် အရေးပေါ် သုံးလို့ရတာပေါ့”

“အိမ်မှာ ဘာကိစ္စမှ မရှိလောက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ၊ ယွမ်နည်းနည်းပါးပါးပဲ ချန်ထားရအောင်ပါ၊ ငါ အရသာရှိတာ စားချင်ရင်လည်း ငါ့အမေကို လုပ်ခိုင်းလို့ရတာပဲ၊ အဘွားလည်း အသစ်အဆန်းတစ်ခုခု စမ်းကြည့်လို့ရတာပေါ့”

သူမက မမောနိုင်မပန်းနိုင် ဟိုလှည့်သည်လှည့် လုပ်နေသံကို ကြားလိုက်သည်တွင် စုန့်ဝေဖျင်သည် ခန်းဆီးဘက်ကို မျက်နှာမူလိုက်ပြီး

“မင်း အားမကျဘူးလား”

“ဘာကို အားကျရမှာလဲ”

“ကျောက်ယန်ယန်လေ၊ ဟန်ကွမ်းဟွေက သူ့အတွက် စားသောက်ပွဲလုပ်ပေးတာ ဟင်းလျာတွေကို အစိုးရပိုင်စားသောက်ဆိုင်က မှာပေးတာတဲ့၊ သူက သူ(မ)ကို စက်ဘီးတစ်စီးလည်း ဝယ်ပေးတယ်တဲ့”  ရွာသားတွေပြောစကားအရတော့ အဲဒါတွေက ရွှီရှောင်ကျောင်း ပိုင်ရမဲ့ဟာတွေတဲ့။

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားမိလိုက်တော့ အော်ရယ်ချင်သွားတော့သည်။

“အိုက်ယိုး စုန့်ဝေဖျင်ရယ် ငါတို့ဆီက ဝက်စတူးဝယ်သွားတဲ့ဖက်တီးက လီယုံဟိုင်ဆိုတာ နင် မသိဘူးလားဟဲ့”

မနေ့က ဟန်ကွမ်းဟွေနှင့် ကျောက်ယန်ယန်တို့က စားသောက်ပွဲကျင်းပပြီးသွားသဖြင့် ရွာထဲတွင် စားသောက်ပွဲက ဝက်စတူးအသားတုံးအကြောင်း ကြွားလုံးထုတ်နေကြလေသည်။ ရွှီရှောင်ကျောင်းကလည်း ဝမ်ကွေးယွဲ့ထံမှ ကြားခဲ့သည်။ ထိုအခါမှ လီယုံဟိုင်က ဟန်ကွမ်းဟွေ တောင်းဆိုထားသည့် ပစ္စည်းကို ဝယ်ပေးခဲ့မှန်း သူမ သဘောပေါက်သွားတော့သည်။ ထိုအကြောင်းကို စဥ်းစားရန်ပင် မလိုချေ။ လီယုံဟိုင်သည် စုန့်ဝေဖျင် ပြောပြခဲ့သည် ဖက်တီးပင် ဖြစ်တော့သည်။ ဝမ်ကွေးယွဲ့က ထိုအရသာရှိသည့်အစားအသောက်ကို မစားလိုက်ရလေခြင်းဟု တသသ ဖြစ်နေလေသည်။ သို့သော်ငြား သူမကတော့ ဝက်စတူးကို နေ့တိုင်း အဝအလင် စားသောက်နေရသည်ကို မိုးနတ်မင်းသာ သိပေသည်။

သူမ၏ ရွှင်လန်းနေသံကို ကြားလိုက်ရတော့ စုန့်ဝေဖျင်လည်း စိတ်အေးသွားကာ

“ငါ သတိမထားမိလိုက်ဘူး”

လမ်းကြားထဲမှာ လူတိုင်းက တမင် အသံတိုးတိုးပဲ ပြောကြပြိး အဝတ်အစားတွေလည်း ပိုဝတ်ထားတာလေ။ သူတို့နှစ်ယောက်က အချင်းချင်း မမှတ်မိကြတော့ဘူးပေါ့။

ရွှီရှောင်ကျောင်းက ထိုအဖြစ်ကို ရယ်ချင်သွားပြီး ခဏလောက် ရယ်မောလိုက်ပြီးမှ စုန့်ဝေဖျင်၏ မေးခွန်းကို ပြန်ဖြေလိုက်လေသည်။

“ငါက အားမကျပါဘူး၊ စုန့်ဝေဖျင် နင် ဒီဘဝမှာ ငါ့ကို စက်ဘီးတစ်စီးတောင် ဝယ်မပေးနိုင်ဘူးလို့တော့ မပြောနဲ့နော်”

စုန့်ဝေဖျင်က ပြန်ပြောလိုက်လေသည်။

“ငါ မင်းအတွက် သေချာပေါက် ဝယ်ပေးမှာပါ”

“ဒီလိုမှပေါ့၊ ငါ့မှာလည်း ရှိလာမှာကို ဘာလို့ အားကျနေရမှာလဲ၊ ပြီးတော့ စက်ဘီးဆိုတာ ဘာမှမဟုတ်သေးပါဘူး၊ နောက်ဆိုရင် ငါတို့မှာ တီဗွီ၊ ရေခဲသေတ္တာ၊ လက်ပတ်နာရီလေးတွေ ပြီး စတူဒီယိုကြီးတွေ ရှိလာအုံးမှာ”

စုန့်ဝေဖျင်က သူ့လက်သီးကို ဆုပ်ထားလိုက်ပြီး

“အင်း”

ရွှီရှောင်ကျောင်းက ထပ်ပြီး ချောင်းဟန့်လိုက်ကာ

“အခုချိန်ကစပြီး ငါ့ကို အဲဒီနှစ်ယောက်အကြောင်း လာမပြောနဲ့တော့၊ အထူးသဖြင့် ကျောက်ယန်ယန်ပဲ၊ ငါ သူ့အကြောင်း ကြားရတာ နားရည်ဝနေပြီ၊ ဟန်ကွမ်းဟွေကတော့...”

စုန့်ဝေဖျင်သည် ခန်းဆီးကို စိုက်ကြည့်ရင်း သူမပြောလာမည့် စကားကို နားထောင်နေလေသည်။ ခန်းဆီးက ထောင့်တစ်ခုမှ ပွင့်လာသည်။ သူသည် ရွှီရှောင်ကျောင်၏ တောက်ပသည့်မျက်ဝန်းကြောင့် သတိလက်လွတ်ဖြစ်သွားတော့သည်။

“ဟန်ကွမ်းဟွေက အီးပေါလောတစ်ယောက်တောင် မဟုတ်ဘူး၊ ငါ့စိတ်ထဲမှာတော့ နင် စုန့်ဝေဖျင်က သူ့ထက် အဆတစ်ရာ ပိုသန်မာတယ်၊ နင်က အားအကြီးဆုံးပဲ၊ နင့်ကိုယ်နင် အထင်မသေးရဘူးနော်၊ နားလည်လား”

ဂွမ်းစောင်အောက်တွင် စုန့်ဝေဖျင်က သူ့လက်ကို သူ့နှလုံးသားပေါ်တွင် တင်ထားလိုက်ပြီး သူမကို ပြန်ဖြေလိုက်လေတော့သည်။

“ဟုတ်ပြီ”

...