Ch 11
Viewers 1k

အပိုင်း (၁၁) စားသောက်ပွဲကျင်းပမယ်

“ဝေဖျင် မင်း အစားအသောက် မဝယ်ဘူးလား၊ ငါတို့တွေ နောက်တစ်နေရာကို ရောက်တဲ့အချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ်၊ မင်း အစားအသောက်မရှိရင် ဘာမှလုပ်လို့မရဘူးနော်၊ မင်းက ယာယီအလုပ်သမားဆိုရင်တောင် တစ်နေ့ကို ထောက်ပံ့ပေး ၃ ကျောင် ရနိုင်တယ်လေ၊ မင်း  အားလုံးကို စုထားစရာမလိုပါဘူး၊ ဆန်ကြမ်းနဲ့လုပ်ထားတဲ့ မန်ထိုက သုံးခုမှ ၁ ကျောင် ပဲပေးရတာ၊ မင်း စားဖို့ လောက်ပါတယ်ကွ”

သည်တစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် လူလေးယောက်ပါလေသည်။ သူသည် မနက်ခင်း စောစောက ထွက်လာခဲ့ပြီး နေ့လယ်တွင် စီရင်စုမှ ထွက်လာခဲ့သည်။ လီစန်းထျယ်က သူတို့ကို ညစာအတွက် အစိုးရပိုင် စားသောက်ဆိုင်တစ်ခုဆီ ခေါ်လာခဲ့သည်။ စုန့်ဝေဖျင်က ဘာမှ မဝယ်သည်ကို တွေ့လိုက်ရသဖြင့် သူက စုန့်ဝေဖျင်ကို နားချနေခြင်းပင်။

လူလေးယောက်တွင် အမဲသားတစ်ပွဲဝယ်လိုက်သည့် လီစန်းထျယ်မှ လွဲလျှင် ကျန်နှစ်ဦးကသာ ဂျုံဖြူမန်ထိုသုံးလုံး ဝယ်လိုက်ကြသည်။ သူတို့ထဲက ဘယ်သူကမှ လူချမ်းသာများ မဟုတ်ကြပေ။ ဂျုံဖြူမန်ထိုက သည်ရက်ပိုင်းတွင် ကြီးကျယ်သည့် အစားတနပ်ဟု မှတ်ယူရမည်။

စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး

“တတိယအစ်ကိုလီ ကျွန်တော် အစားအသောက်နည်းနည်းပါးပါး ယူလာခဲ့ပါတယ်၊ ကျွန်တော် ဒီတစ်နပ်ကို ဝယ်ဖို့ မလိုဘူး”

တစ်ချက်အတွေးတွင် လီစန်းထျယ်က သွားများပေါ်အောင် ပြုံးလိုက်ပြီး

“ဟုတ်လိုက်လေ ကောင်လေး၊ အခု မင်းက မိန်းမရှိသွားပြီဆိုတော့ မင်းကို ချစ်ပေးမဲ့လူတစ်ယောက် ရှိသွားပြီပေါ့လေ၊ မင်းက အစားအသောက်တောင် ယူလာခဲ့တယ်ပေါ့”

အမှန်တွင်တော့ အရင်က အစားအသောက် ယူလာတတ်သည့် လူများရှိကြသော်လည်း အမြဲတမ်း ဝေါ်ထို (ပြောင်းပေါင်မုန့်) အသီးအရွက်ပန်ကိတ်လိုမျိုးသာ ယူလာတတ်ကြလေသည်။ ထိုအစားအသောက်များက အချိန်ကြာလာသည်နှင့် မာကျောလာသည်။ သူ့နောက် လိုက်ကြသူအားလုံးက လူငယ်များဖြစ်ပြီး မျက်နှာလှချင်ကြသည်။ တခြားသူများက မန်ထိုစားနိုင်သည်ကို မြင်ရတော့ သူတို့လည်း တဖြည်းဖြည်းနှင့် ကိုယ်ပိုင်အစားအသောက်များကို မယူလာကြတော့ပေ။ မည်သို့ဆိုစေ သယ်ယူပို့ဆောင်ရေးအဖွဲ့က ထောက်ပံ့ကြေးပေးသည်။ ထို့ကြောင့် ခရီးထွက်လျှင် တစ်ခုခု စားသောက်သည်က မလွန်ချေ။

သူသည် စုန့်ဝေဖျင်က စားသောက်ဖို့ရန် ဝေါ်ထိုနှင့် ရေသန့်ကိုသာ ယူလာခဲ့သည်ဟု ထင်ထားလိုက်လေသည်။ ထို့ကြောင့် သူက သိပ်ပြီး အာရုံမထားလိုက်ချေ။ မကြာမီတွင် သူသည် ရနံ့တစ်ခုကို ရှူရှိုက်မိလေသည်။

“အစ်ကိုဝေဖျင် မင်း ဘာအစားအစာ ယူလာတာလဲ၊ အနံ့က မွှေးနေတာပဲ”

ဝူမားဇီသည် သူတို့ထဲတွင် အငယ်ဆုံးဖြစ်လေသည်။ သူသည် မနေနိုင်ဘဲ မော့ကြည့်လိုက်သည့် ပထမဆုံးလူပင်။

စုန့်ဝေဖျင်က ရေထဲတွင် နစ်နေသည့် ခေါက်ဆွဲကြော်ကို တစ်ငုံစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ပဲနဲ့ရောထားတဲ့ ဂျုံပန်ကိတ်တွေပါ၊ မြည်းကြည့်မလား”

ပန်ကိတ်လုပ်စဥ်က ရွှီရှောင်ကျောင်းသည် အားလုံးက အတူတူ စားသောက်ကြမည်ကို စဥ်းစားမိခဲ့လေသည်။ စုန့်ဝေဖျင်က တခြားသူများကို အမြည်းတော့ ကျွေးရလိမ့်မည်။ ပန်ကိတ်တစ်ခုက လက်ဝါးနှစ်ပြန်စာ ကြီးသည်။ ဘယ်သူကမှတော့ ပန်ကိတ်တစ်ခုလုံးကို တခြားသူကို ကျွေးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမက ပန်ကိတ်များကို လေးစိတ် စိတ်ပေးလိုက်သည်။ စုန့်ဝေဖျင် စားသည့်အခါ အစိတ်နှစ်စိတ်ကို တစ်ပြိုင်တည်းစားနိုင်သည်။ တခြားသူများကို တစ်စိတ်လောက် ဝေငှပြီးကျွေးလျှင်လည်း အဆင်ပြေသည်။

သူမသည် ထိုသို့ ပြောထားသဖြင့် စုန့်ဝေဖျင်က သူမပြောထားသည့်အတိုင်း လုပ်လေသည်။ သူသည် အားလုံးကို သူ့ကို ကြည့်နေကြသည်ကို သတိထားမိလိုက်၏။ သူက ပန်ကိတ်တစ်စိတ်ကို ညှပ်လိုက်ပြီး လီစန်းထျယ်ကို အရင်ဆုံးလှမ်းပေးလိုက်သည်။ ထို့နောက် ကျန်နှစ်ယောက်ကို တစ်စိတ်စီ ပေးလိုက်သည်။

“ဒါက  အိမ်က လုပ်ထားတာ၊ စားကြည့်”

စုန့်ဝေဖျင်အတွက် ချက်ပြုတ်ပေးစဥ်က ရွှီရှောင်ကျောင်းသည် မတွန့်တိုချေ။ သူမတွင် ကပ်စေးနည်း ကော်တရာ အကျင့်လည်းမရှိပေ။ ပဲနှင့်ဂျုံကို ရောထားသော်လည်း ဂျုံနှယ်စဥ်က ဝူချွန်းဟွားကို ဆီ ထည့်နယ်ပေးဖို့ ပြောထားပြီး ခေါင်းဆွဲထဲတွင် ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းကိုလည်း ထည့်ခိုင်းခဲ့သည်။ ဆားကိုလည်း ထည့်ပေးထားသည်။ သည်ပန်ကိတ်၏အရသာက မဆိုးဘူးဟု ပြောလို့ရသည်။ နူးအိပြီး မွှေ့ပျံ့နေသည်။

“အင်း အနံ့ကတော့ မွှေးနေတာပဲ၊ အရသာလည်း ရှိတယ်”

ဝူမားဇီက တစ်ကိုက်ကိုက်လိုက်ပြီး မန်ထိုကို ဖွင့်လိုက်ကာ မန်ထိုထဲတွင် ပန်ကိတ်ညှပ်ပြီး စားလိုက်လေသည်။

“အစ်ကိုဝေဖျင် အစ်ကို့မိန်းမက ဒါကို အစ်ကို့အတွက် လုပ်ပေးလိုက်တာလား၊ အစ်ကိုက အရမ်းကံကောင်းတာပဲဗျာ”

အဖွဲ့သားနောက်တစ်ယောက်ဖြစ်သည့် ယန်မန်ကျင်းကလည်း ဝူမားဇီကို အတုယူပြီး ချီးကျူးလိုက်လေသည်။

“တကယ်ကောင်းတာဗျ၊ အရသာအပြည့်နဲ့ နူးအိနေတာပဲ၊ ကျွန်တော့်မိန်းမသာ ကျွန်တော့်အတွက် ဒီလောက်အရသာရှိတဲ့ ပန်ကိတ်တွေ လုပ်ပေးချင်ရင် ကျွန်တော်က ဘာလို့ ဝယ်စားနေမှာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်ယူလာတဲ့ အသီးအရွက်ပန်ကိတ်က ရာသီဥတုအေးနေတော့ မာတောင့်သွားပြီး ကျွန်တော့်မှာ နင်သွားတာ သေတော့မလို့”

လီစန်းထျယ်ကလည်း ခေါင်းညိတ်ပြီး စုန့်ဝေဖျင်ကို ပြောလိုက်လေသည်။

“မင်းရဲ့မိန်းမကို ကောင်းကောင်းလက်ထပ်ထားတာပဲ”

စုန့်ဝေဖျင်၏နှုတ်ခမ်းထောင့်က မသိမသာကွေးတက်သွားပြီး

“ဒါက သူနဲ့လက်ထပ်ပြီးကတည်းက ကျွန်တော် ပထမဆုံးအကြိမ် ခရီးထွက်တာလေ၊ သူက စိတ်ပူနေတာ”

ဝူမားဇီက သူ့ခေါင်းကို ဆန့်ထုတ်လိုက်ပြီး သူ့သံဘူးထဲသို့ လှမ်းကြည့်လိုက်ကာ

“သူက အစ်ကို့အတွက် ဂျုံဖြူခေါက်ဆွဲတောင် ကြော်ပေးလိုက်တာပဲ၊ အစ်ကိုဝေဖျင် မရီးက အစ်ကို့ကို တကယ်ချစ်တာပဲဗျ”

စုန့်ဝေဖျင်က ပန်ကိတ်ကို အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်ပြီး သူ့မျက်လုံးထဲတွင် တလက်လက်ဖြင့် ဝူမားဇီကို ကြည့်လိုက်ကာ

“မိန်းမတစ်ယောက် မြန်မြန်ယူလိုက်၊ နောက်ဆို မင်းမိန်းမကလည်းက မင်းကို ချစ်လိမ့်မယ်”

ဂျုံက အဖိုးတန်ပစ္စည်းတစ်ခုလေ။ တခြားသူတွေဆိုရင် မြည်းကြည့်ဖို့ သူတို့ပါးစပ်ကို လွယ်လွယ်ကူကူနဲ့ ဘယ်ဖွင့်ကြပါ့မလဲ။ သူကလည်း သူတို့နဲ့ မျှစားဖို့အထိတော့ မအ,သေးပါဘူး။ ပန်ကိတ်တစ်စိတ်ကို မျှကျွေးလိုက်ရင်ပဲ ရက်ရောလွန်းရာကျနေပြီ။ သူသည် လီစန်းထျယ်ကို ညအိပ်နားမည့်နေရာကို မေးလိုက်လေသည်။ စကားလမ်းကြောင်းလွှဲလိုက်သည်ဟု မှတ်ယူနိုင်လေသည်။

သူ့ရင်ဘတ်အိတ်ကပ်ထဲက ၁၀ယွမ်ကို စဥ်းစားလိုက်ပြီး တပြားမှ မသုံးဘဲ ပြန်ရောက်လျှင် ရွှီရှောင်ကျောင်းကို ပြန်ပေးမည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။

သူ ထင်မထားသည်က ၁၀ယွမ်ထဲက တစ်ပြားပင် မကျန်တော့မှာကိုပင်။

စုန့်ဝေဖျင်သည် မိန်လင်ရွာသို့ ပြန်ရောက်လာချိန်၌ ည၈နာရီ ကျော်နေပြီဖြစ်သည်။ မှောင်နေလေပြီ။ သူသည် အိမ်တန်းမပြန်လိုက်ပေ။ ထို့အစား သူက ရွှီရှောင်ကျောင်းကို အရင်ဆုံး သွားရှာလိုက်တော့သည်။

“စုန့်ဝေဖျင်လား၊ နင် ဘာလို့ အရမ်းနောက်ကျမှ ပြန်လာတာလဲ၊ စားပြီးပြီလား၊ နေ့လယ်ခင်းကကျန်တဲ့ မန်ထိုနဲ့ ကန်စွန်းဥဆန်ပြုတ်ရေကျဲ ရှိတယ်၊ စားမလား”

သယ်ယူပို့ဆောင်ရေးအဖွဲ့က ကုန်သွယ်ရေးဝင်းထဲသို့ ပြန်လာရန် လုံးဝမှောင်သည်အထိ တမင်စောင့်ခဲ့ရသည်။ ပစ္စည်းများကို  အကြမ်းအပ်ပြီးနောက် သူတို့သည် ယာဥ်နှင့် ကုန်ပစ္စည်းများကို ပစ္စည်းထိန်းဆီ အပ်နှံလိုက်ကြသည်။ သူတို့သည် မနက်စောစောမှ ပစ္စည်းများကို လာချပေးမည်ဟု သဘောတူထားလိုက်လေသည်။ ထို့ကြောင့် သူတို့၏ပစ္စည်းများကို ယူပြီး အိမ်ပြန်လာခဲ့ကြသည်။ တစ်လုတ်ပင် မစားရသေးချေ။ စုန့ဝေဖျင်သည် ဗိုက်ဆာနေသဖြင့်

“အင်း၊ ငါ့ကို စားဖို့ နည်းနည်းပါးပါး ယူလာပေးပါအုံး”

ရွှီရှောင်ကျောင်းက သူ့ကို သူမ၏အခန်းထဲသို့ ပေးဝင်လိုက်ပြီး ဧည့်ခန်းထဲက လှုပ်လှုပ်ရှားရှားအသံကို ကြားလိုက်သည့် ဝူချွန်းဟွားကို တစ်ခုခုလှမ်း ပြောလိုက်လေသည်။ ထို့နောက် သူမက သူ့ကို သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

“နင် ဘာလို့ အိတ်ကြီးတစ်လုံး သယ်ထားတာလဲ၊ အထဲက ဘာတွေလဲ”

စုန့်ဝေဖျင်က အနည်းငယ် အပန်းပြေပုံပေါ်သွားပြီး

“ငါ မင်းပေးတဲ့ ၁၀ယွမ်ကို သုံးခဲ့တယ်၊ အပြန်လမ်းမှာ ပိတ်စရောင်းတဲ့သူတစ်ယောက်နဲ့ တွေ့လို့ ပိတ်စတချို့ဝယ်လာလိုက်တယ်”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားတော့သည်။

“နင်တို့တွေ တကယ်လုပ်နိုင်ခဲ့တာပဲ၊ ကြားပေါက်တောင် ရှာနိုင်ခဲ့သေးတယ်၊ ဘယ်သူတွေ ဝယ်ကြသေးလဲ၊ နင်တို့သယ်ယူပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ရော ဝယ်ခဲ့လား”

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်၏။ ခေါင်းဆောင်က အသားကိုသာ စားချိန်တွင် အောက်ကလူများက အရည်ကိုသာ သောက်ရဲကြလေသည်။ သူ့အတွက် စကားများများ ပြောသည်က ခပ်ရှားရှားပင်။

“အင်း ငါ တစ်ခါ ကံကောင်းသွားတယ်၊ ငွေအရေးပေါ် လိုနေတဲ့ အဲဒီလူနဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့ရလို့၊ အရည်အသွေးလည်း မီတယ်၊ လက်မှတ်လည်းမလိုဘူး၊ စျေးနှုန်းကတော့ တစ်ပေကို ၆ကျောင်၊ ငါတို့ အဖွဲ့ခေါင်းဆောင် တတိယအစ်ကိုလီက ယွမ်၅၀ဖိုး ဝယ်တယ်၊ ငါက ၁၀ယွမ်၊ ကျန်တဲ့နှစ်ယောက်ကတော့ ငွေအများကြီး မရှိဘူး၊ တစ်ယောက် ၅ယွမ်ဖိုးပဲ”

လီစန်းထျယ်ကတောင် ပြောတယ်။ ဒီလိုပစ္စည်းကောင်းမျိုးကို အရင်က တစ်ခါမှ မကြုံခဲ့ဖူးဘူးတဲ့၊။ ပုံမှန်ဆိုရင် လမ်းမှာ ခေါင်းစည်းကြိုးတို့၊ မီးခြစ်ဆံတို့ မုန့်ချိုအိတ်တို့လို ပစ္စည်းသေးသေးလေးတွေ တချို့ပဲ ဝယ်နိုင်တာတဲ့။ အကောင်းဆုံးက ယွမ်နည်းနည်းပါးပါး ပြန်ရောင်းလို့ရတဲ့ စည်သွပ်ဘူးတွေပဲတဲ့။ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။

အမှန်တွင်တော့ ထိုလူတွင် ပိတ်စတချို့ ကျန်နေသေးသော်လည်း သူတို့က ငွေလုံလုံလောက်လောက် မယူလာခဲ့ချေ။ အနည်းဆုံး စုန့်ဝေဖျင်က ၁၀ယွမ် ယူလာခဲ့သည်။ ၅ယွမ်သာယူလာခဲ့သည့် နှစ်ယောက်ကတော့ ပိုလို့ပင် နောင်တရနေတော့သည်။

သူက ဆန်ပြုတ်ရေကျဲကို တစ်ကြိုက်လောက် မော့သောက်လိုက်ပြီး မန်ထိုကို ပါးစပ်အပြည့် ကိုက်စားလိုက်ကာ ရွှီရှောင်ကျောင်းကို ပြဖို့ အိတ်ကို ဖွင့်လိုက်လေသည်။

“အကောင်းဆုံး အရည်အသွေးပဲ၊ အဝတ်တစ်စုံလောက် ချုပ်ဖို့ မင်းအတွက် နည်းနည်းလောက် ဖယ်ထားတယ်”

အရောင်က ရေနံဆီမီးအိမ်အောက်တွင် သိပ်မရှင်းလင်းသော်လည်း ပိတ်စက အမှန်ပင် အလွန်လှသည်ကိုတော့ ရွှီရှောင်ကျောင်း တွေ့လိုက်ရသည်။ နွေးထွေးသည့်ဘက် သွားသည့်  အဝါရောင်အဆင်ဖြစ်သည်။ အလွန်လန်းဆန်းပြီး လာမည့်နွေရာသီနှင့် သင့်တော်လေသည်။ ပြီးခဲ့သည့်အခေါက်က သူတို့ မြို့တက်ပြီး ပတ်ကြည့်ခဲ့စဥ်က သည်လိုအရောင်မျိုး မရှိပေ။ ရှားပါးပစ္စည်းဟု ခန့်မှန်းရသည်။ ပုံမှန်စျေးက တစ်ပေကို ၁ယွမ်ရှိပြီး သည်အမျိုးအစားက ပိုပြီးစျေးကြီးနိုင်သည်။

စုန့်ဝေဖျင်က တကယ် စဥ်းစားပေးတတ်တဲ့သူပဲ။ အဝတ်အစားအသစ်ချုပ်ပေးတာကို ဘယ်သူက မပျော်ဘဲ နေမှာလဲ။ ဒါပေမဲ့ ငါကလည်း လောဘကြီးနေလို့တော့  မဖြစ်လေဘူး။

“ငါ့အတွက် အင်္ကျီတစ်ထည်စာ ၃ပေလောက်ပဲ ချန်ထားပေး၊ ဒီအရောင်က အင်္ကျီချုပ်တာနဲ့ပဲ လိုက်တယ်၊ တစ်စုံစာတော့ မလိုချင်ဘူး၊ နောက်မှ ချုပ်လိုက်မယ်လေ”

စုန့်ဝေဖျင်က စဥ်းစားလိုက်ပြီး သူမနှင့်ပြိုင်ငြင်းတော့ချေ။

“အင်းပါ၊ ငါ ပိတ်စတွေကို ရောင်ပြီးတာနဲ့ ၁၀ယွမ် ပြန်ပေးမယ်နော်”

ဒါကို ငွေပိုရအောင် ရောင်းနိုင်ခဲ့ရင် သူတို့တွေ စားပွဲနှစ်လုံးစာ အစားအသောက်အလျှံပယ်နဲ့ ဖိတ်နိုင်မှာပဲ။

ရွှီရှောင်ကျောင်းက ဝမ်းသာသွားပြီး

“ငါ့စကားကို နားထောင်တာ မှန်တယ်နော်၊ နင် နောက်တစ်ခါ ခရီးထွက်ရင်လည်း ငွေယူသွားတာ ပိုကောင်းတယ်၊ ငွေကို ငါနဲ့ ထားခဲ့လဲ အသုံးမဝင်ဘူးလေ၊ ခရီးတိုလေးတစ်ခုအတွက် နင့်ကို ငွေလေး တစ်ခါ ပေးလိုက်တာ ငါက အလကားနေရင် အရည်အသွေးကောင်း  အင်္ကျီတစ်ထည် ရလိုက်တယ်၊ ဒါက အမြတ်ပဲပေါ့”

နောက်တစ်နေ့ အာရုံမတက်ခင်တွင် စုန့်ဝေဖျင်က အိမ်မှ ထွက်လာခဲ့သည်။ အဝတ်အသားများကို သေသေချာချာ မရောင်းရမည်စိုးဖြင့် သူသည် ရွှီရှောင်ကျောင်းနှင့် တိုင်ပင်လိုက်ပြီး ၁၇ပေသာ ယူသွားလိုက်သည်။ ရွှီရှောင်ကျောင်းက ပိတ်စများကို မရောင်းရလျှင် သူ့ကို နှစ်သိမ့် အားပေးရမည့်အကြောင်းကို စဥ်းစားထားလိုက်လေသည်။ မျှော်လင့်မထားဘဲ သူ့တွင် ၁ပေပင် မကျန်ခဲ့ပေ။

စုန့်ဝေဖျင်ကလည်း ထိုသို့ မျှော်လင့်မထားခဲ့ချေ။

“ငါ အစ်မကြီးကို အားလုံး ရောင်းပေးလိုက်တယ်၊ ၁ပေကို ၁ယွမ်၂ကျောင်နဲ့၊ သူက သူ့သမီးနှစ်ယောက်အတွက် ဝမ်းဆက်ချုပ်ပေးဖို့ စဥ်းစားနေတာတဲ့၊ ဒါကြောင့် မနက်ဖြန် သူ့ကို နောက်ထပ် ၇ပေ လာပို့ပေးဖို့ ငါ့ကို ပြောထားတယ်”

သူသည် စုစုပေါင်းပိတ်စ ၁၇ပေ ရှိပြီး ၃ပေကို ရွှီရှောင်ကျောင်းအတွက် ချန်ထားလိုက်သည်။ သည်လိုနှင့် ကျန်တာအားလုံးက ရောင်းထွက်သွားလေသည်။

ရွှီရှောင်ကျောင်းကတော့ သည်တစ်ကြိမ်လောက် ချောမွေ့တာ မရှိတော့ဘူးဟု ခံစားလိုက်ရသည်။ ငါ့အတွက် ချန်ထားတဲ့ ပိတ်စကို ထည့်မတွက်ရင်တောင် အသားတင်အမြတ်က တစ်ချီတည်းနှင့် ၇ယွမ် ၈ယွမ်လောက် ရောက်လာခဲ့တယ်။ အရင်ဘဝတုန်းကဆိုရင် ငါ့အသုံးစားရိတ်က ဂဏန်းခြောက်လုံးက စ,တာလေ။ ဒါပေမဲ့ ဒီခေတ်မှာတော့ ငွေ၁ယွမ်ရဲ့ ဝယ်လိုအားစွမ်းအင်ကို လျှော့တွက်လို့မရလေဘူး။ ပြီးခဲ့သည့်အခေါက်က ၅ယွမ်တည်းနှင့် အစားအသောက်အများကြီး ဝယ်ခဲ့သည့်အချိန်ကို စဥ်းစားမိလိုက်လေသည်။ ငါသာ အလုပ်လုပ်ပြီး ငွေရှာမယ်ဆိုရင်  သုံးလစာလောက် လုပ်ပြီးမှ ရှာနိုင်မဲ့ ငွေပမာဏပဲ။ သူသည် ချက်ချင်းဆိုသလို ချီးချူးပေးသည့်စိတ်အခြအနေကို အသက်သွင်းလိုက်ကာ

“စုန့်ဝေဖျင်၊ နင်က အရမ်းလုပ်နိုင်စွမ်းရှိတာပဲ”

နေ့ရက်ကောင်းလေးတွေတော့ မကြာခင်ရောက်လာတော့မှာပဲ။

စုန့်ဝေဖျင်က ဘာတစ်ခွန်းမှ မပြောချေ။ သို့သော်ငြား သူ့စိတ်ထဲတွင် အလွန်ပျော်ရွှင်နေလေသည်။ အမှန်တွင်တော့ ရွှီရှောင်ကျောင်းကြောင့်သာ ငွေရှာနိုင်ခဲ့ခြင်းပင်။ သူသည် သူ့လက်ထဲက ဂျုံဖြူနှင့် ပြောင်းမှုန့်တို့ကို လှမ်းပေးလိုက်ပြီး

“မင်း ဒါကို စားဖို့ သိမ်းထားလိုက်၊ အဘွားက ပြောတယ် ၁၈ရက်နေ့က ရက်ကောင်းတယ်တဲ့၊ အဲနေ့ကို စားသောက်ပွဲလုပ်ကြမလား”

ရွှီရှောင်ကျောင်းက မငြင်းပေ။ သူမသည် ဝူချွန်းဟွားရှေ့တွင် ဂျုံမှုန့်နှင့် ပိတ်စ သုံးပေကို ချထားလိုက်သည်။ ဝူချွန်းဟွားကလည်း ငြင်းစရာမရှိချေ။

“ဒါက တကယ့်ကို ပိတ်စကောင်းပဲ၊ မဟုတ်ဘူးလား၊ အရောင်ကလည်း အရမ်းလှတာပဲ၊ ကောင်လေးဖျင် ယူလာပေးခဲ့တာလား” ဝူချွန်းဟွားက ပိတ်စကို အသာအယာ ထိကြည့်လိုက်လေသည်။

ရွှီရှောင်ကျောင်းသည်လည်း စုန့်ဝေဖျင်က ဩချလောက်သည်ဟု စိတ်ထဲက ခံစားမိလိုက်သည်။

“ကိုကိုဝေဖျင်က မြို့ငယ်လေးက သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ ကုန်တင်ကုန်ချ လုပ်နေတာလေ၊ သူက ကားလည်း မောင်းတတ်တယ်၊ သယ်ယူပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က သူ့ကို ပစ္စည်းသယ်ဖို့ ခရီးတစ်ခုကို ခေါ်သွားခဲ့တာ၊ အဲမှာ အဆင်ပြေသွားတာ၊ သူက ကြားပေါက်တစ်ခု ရခဲ့တယ်လေ၊ အမေ ဒီအကြောင်း လျှောက်ပြောမနေနဲ့အုံးနော်”

ဝူချွန်းဟွားသည် အလွန်ဝမ်းသာသွားတော့သည်။ ဒါက တကယ့်ကို ကြီးမားတဲ့ လုပ်ကိုင်နိုင်စွမ်းပဲ။  ခရီးတိုလေးတစ်ခု ထွက်အပြီးမှာ ပိတ်စအပြင် ဂျုံ ၁ယွမ် ၂ယွမ်ဖိုး ငွေလည်းရသေးတယ်။ သူမက ခေါင်းတွင်တွင် ညိတ်လိုက်ကာ

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အမေက အဲလောက် မ,အပါဘူး၊ အမေက ဘယ်လိုလုပ်ပြီး ဒီအကြောင်းကို နေရာတိုင်းမှာ ပတ်အော်နေရမှာလဲ”

သူမသည် အနီရောင်ဂါဝန်နှင့် သည်နေ့ပစ္စည်းများအကြောင်း စဥ်းစားလိုက်လေသည်။ ဒီပစ္စည်းတွေကို ငွေလို့ မှတ်လို့ရတာပဲ။ မိန်းမယူဖို့အတွက် ရွာထဲက လူအများစု ပေးတာထက်တောင် များသေးတယ်။ သမီးဖြစ်သူက နောက်ဆိုရင် ကောင်းမွန်တဲ့ဘဝမှာ နေနိုင်မယ်ဆိုတာ သက်သေပြနေတာပဲ။ သူသည် အခိုက်တန့် ဝမ်းသာကြည်နူးသွားတော့သည်။

“အမြင်ကောင်းတဲ့သူက သမီးဖြစ်နေသေးတယ်လေ”

ဝူချွန်းဟွားသည် သူမ၏စိတ်ပူပန်မှုကို လွှတ်ချလိုက်ပြီး တစ်ချိန်လုံးက စိတ်ကြည်လင်နေတော့သည်။ ရွှီရှောင်ကျောင်းသည် ထိုအဖြစ်ကို မြင်လိုက်ချိန်တွင် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ စုန့်ဝေဖျင်က ရွာထဲမှာ ‘ဂြိုဟ်ဆိုး’လို့ သတ်မှတ်ခံထားရတဲ့သူလေ။ ငါ့အမေက လုံးဝဂရုမစိုက်တဲ့ပဲ။

အမှန်တွင်တော့ သူမသည် အတွေးလွန်နေခြင်းပင်။ မိသားစုနှစ်ခုက အချင်းချင်း ထောက်ပံ့ပေးရမည်ပင်။ ဝူချွန်းဟွားသည် စုန့်ဝေဖျင် ကြီးလာသည်ကို မျက်စိအောက်တွင် မြင်ခဲ့ရသူဖြစ်သည်။ ချစ်စရာကောင်းသည့် ကလေးလေးအရွယ်မှာ ဂြိုဟ်ဆိုးဟု နာမည် တပ်ခံရသည့်အထိပင်။ ဒါက ရွာထဲမှ အတင်းအဖျင်းတစ်ခုသာ ဖြစ်ကြောင်း သူမ သိလေသည်။ သူမကိုယ်တိုင်ကလည်း ယောက်ျားဖြစ်သူအတွက် ဂြိုဟ်ဆိုးတစ်ယောက်ဟု အခေါ်ခံခဲ့ရသည်။ အကြောင်းမှာ သူမ၏ ယောက္ခမိဘများနှင့် ယောက်ျားဖြစ်သူက စောစောစီးစီး ဆုံးပါး သွားကြသောကြောင့်ပင်။ မိသားစုနှစ်ခုက တူညီသည့်ကံဆိုးမှု ရှိကြသည်ဟု မှတ်လို့ရသည်။ သူသည် အတင်းအဖျင်း ပြောခံရသည့် ခါးသီးမှုကို လုံလောက်အောင် သည်းခံခဲ့ပြီး အစောကြီးကတည်းက သည်ကိစ္စကို အလေးအနက်မထားတော့ချေ။

၁၆ရက်နေ့ မနက်ခင်းတွင် ရွှီရှောင်ကျောင်းက ထုပ်ပိုးပြီး ဝူချွန်းဟွား၊ ရွှီရှောင်ကန်းတို့နှင့်အတူ စုန့်ဝေဖျင်၏အိမ်သို့ သွားလိုက်လေသည်။ အသက်ဝင်လှသည့် စားသောက်စားပွဲနှစ်လုံး ရှိနေသည်။ အခမ်းအနားလိုတော့ မဟုတ်ပေ။ ရွှီရှောင်ကျောင်းက အနီရောင်ဂါဝန်ကို ဝတ်ထားပြီး ဘာမှလုပ်စရာမလိုချေ။ စုန့်ဝေဖျင်က ဧည့်သည်များကို ကြိုဆိုထားသည်။

ခြံဝင်းကို အစောကြီးကတည်းက သန့်ရှင်းရေးလုပ်ထားသည်။ စားပွဲနှစ်လုံး၊ ကုလားထိုင်နှင့် ခုံရှည်များကို နေရာချထားသည်။ အနီရောင်စာရွက်ကို ပြတင်းပေါက်များတွင် ကပ်ထားလေသည်။ စုန့်ဝေဖျင်က အနီရောင်ရေနွေးဘူးနှင့် အနီရောင်ဇလုံကြီးတစ်ခုကိုလည်း ဝယ်ထားသည်။ ထို့အပြင် ဝူချွန်းဟွားက ရွှီရှောင်ကျောင်းကို ပေးထားသည့် အနီရောင်အိပ်ရာခင်းနှင့် အနီရောင်ခေါင်းအုံးစွပ်ကို သုံးထားရာ သည်အခင်းအကျင်းနှင့်တင် အခန်းအနားပွဲ၏ အငွေ့အသက်တစ်ခု ရှိနေလေသည်။

စုန့်ဝေဖျင်က အိပ်ရာခင်းကို ခင်းထားလိုက်သည်။ ရွှီရှောင်ကျောင်းက ရှေ့သို့ လှမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ နီပြီးရင် နီနေလေသည်။ သူမသည် ပြုံးပြီး သူ့ကို လှည့်မေးလိုက်၏။

“မဆိုးဘူးနော်၊ ဟုတ်တယ်မလား စုန့်ဝေဖျင်”

သူမက သွားများပေါ်သည် အထိ တောက်ပစွာပြုံးလိုက်ပြီး အနီရောင်ဂါဝန်လေးနှင့် အိပ်ရာဘေးတွင် ရပ်လိုက်လေသည်။ စုန့်ဝေဖျင်မှာ သူ့မျက်နှာတစ်ခုလုံး အလွန်ပူလောင်သွားသလို ခံစားရလိုက်ရပြီး

“ငါ- ငါ အပြင်ထွက်ပြီး တချက်လောက် သွားကြည့်လိုက်အုံးမယ်”

သူက ခေါင်းလှည့်ကာ ပြေးထွက်သွားပြီး ရွှီရှောင်ကျောင်းက အော်ရယ်ရင်း ကျန်ခဲ့ကာ

“စုန့်ဝေဖျင် နင် ထပ်ပြီး ရှက်သွားပြန်တာလား”

...