Ch 5
Viewers 1k

အပိုင်း (၅) မြို့တက်မယ်

စုန့်ဝေဖျင် ထွက်သွားသည်ကို စောင့်ကြည့်ပေးလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက ပြန်လှည့်လာရာ ဝူချွန်းဟွား ခုတင်ဘေးတွင် ထိုင်ရင်း မျက်ရည်သုတ်နေသည်ကို တွေ့လိုက်လေသည်။

“ဘာလို့ ငိုနေတာလဲ”

ရွှီရှောင်ကျောင်းက ရှေ့သို့ လှမ်းလာပြီး သူမ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။

ဝူချွန်းဟွားသည် သည်နှစ်များတွင် ရွှီယန်ယန်က မိသားစု၏ ဆင်းရဲမွဲနေမှုကို မကြာခဏဆိုသလို အထင်သေးခဲ့ပြီး သူမ၏မိဘများက ကေဒါများ ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် အလွန်ပျော်ရွှင်နေသည့်ပုံကို ပြန်အမှတ်ရသွားလေသည်။ ဒီရက်ပိုင်းမှာ ရွှီယန်ယန်က သူမကို ပတ်ပြီး အမိန့်ပေးနေတတ်တယ်။ တစ်ခါကဆို သူမက သားဖြစ်သူကို ရိုက်ခဲ့သေးတယ်။ ရှောင်ကျောင်းက မြို့မှာ ကြီးလာတာလေ။ ရှောင်ကျောင်းက ဒီမိသားစုကို ဘယ်လောက်တောင် ပိုပြီး မုန်းနေလိမ့်မလဲ။

“ဒါတွေအားလုံးက ကျွန်မ အသုံးမကျလို့ပါ၊ အခုအချိန်ကစပြီး သမီးက ကျွန်မနဲ့ ဒုက္ခခံရတော့မယ်”

ရွှီရှောင်ကျောင်းက သူမကို အမေဟု မခေါ်သည့်အတွက် သူမကလည်း ကိုယ့်ဟာကို အမေဟုပင် မခေါ်ရဲချေ။

ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်ပြီး

“မငိုပါနဲ့၊ နောက်ဆိုရင် သမီးက ကောင်းမွန်တဲ့ဘဝတစ်ခုမှာ ထားမှာပါ”

စုန့်ဝေဖျင် ရှိနေတာပဲမလား။ ရေရှည်ထမင်းစားလက်မှတ်သာ ရှိနေရင် နောက်ဆို ဘဝကြီး ပိုကောင်းပြီးရင် ကောင်းလာမှာ သေချာတယ်လေ။

ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားကို ‘အမေ’ဟု မခေါ်သေးသော်လည်း သူမက ဂရုမစိုက်ဘဲ မနေနိုင်ပေ။ သူမက နောက်ထပ် နို့ချိုချဥ်ကို ထုတ်လိုက်ပြီး အခွံခွာကာ ဝူချွန်းဟွား၏ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး

“ချိုချဥ်ပါ၊ စားကြည့်၊ အရသာရှိတယ်”

နို့၏ ချိုမြမြမွှေးရနံ့က သူမပါးစပ်ထဲတွင် ပေါက်ထွက်သွားလေသည်။ ဝူချွန်းဟွားသည် အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ထို့နောက် သူမက  မြန်မြန် ပြန်ထွေးထုတ်လိုက်ချင်ပြီး

“မစားချင်ပါဘူး၊ ရှောင်ကျောင်း၊ သမီး စားပါ”

ဒါက အဖိုးတန်ပစ္စည်းပဲ။ သူမခင်ပွန်း အသက်ရှိစဥ်က သူတို့မိသားစုမှာ တစ်နှစ်ကို နှစ်သစ်ကူးတစ်ခါပဲ စားရတာလေ။ အဲဒီကတည်းက သူမ ချိုချဥ်ဆိုတာကို လုံးဝ ထပ်ပြီး အရသာမခံခဲ့ဖူးတော့တာ။

ရွှီရှောင်ကျောင်းက သူမ၏လက်ကို တားလိုက်ပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားတော့သည်။

“ဒါက အဒေါ် စားဖို့ပါ၊ ဘာလို့ ထွေးထုတ်မှာလဲ၊ သမီး ပြောမယ်၊ ဒီနေ့ကစပြီး အဒေါ့်ဘဝက ဒီချိုချဥ်လေးလို ဖြစ်လာလိမ့်မယ်၊ ပိုပိုပြီး ချိုလာမှာ”

မိသားစုထဲတွင် နာမည်အကြီးဆုံး နှုတ်ချိုသည့်ဘုရင် ဖြစ်သည်နှင့်အညီ လူများကို ချော့မော့တတ်သည့် ရွှီရှောင်ကျောင်း၏အရည်အချင်းက ထိပ်တန်းအဆင့်ပင်။ ကြည့်လေ။ ဝူချွန်းဟွားက စကားတစ်ခွန်းထဲနဲ့ အပြုံးတစ်ခု ထွက်လာတော့တယ်။

“သမီးရယ်၊ မိသားစုကို ဆင်းရဲလို့ အထင်မသေးတာကိုပဲ ကျေးဇူးတင်ပါတယ်”

အထင်သေးတာ မသေးတာ မရှိပါဘူး။ ဒီလိုရာစုနဲ့ တောရွာမှာ ချမ်းသာတဲ့မိသားစုတစ်ခုကတောင် အတိုင်းအတာတစ်ခုအထိပဲ ရောက်နိုင်တာလေ။ ရွှီရှောင်ကျောင်းအတွက်တော့ ဒါက ဘာမှမကွာပါဘူး။

ဝူချွန်းဟွားက ရွှီရှောင်ကျောင်း၏ ပစ္စည်းများကို သိမ်းပေးဖို့ ကိုယ်ကို ညွှတ်လိုက်လေသည်။ ရွှီရှောင်ကျောင်းသည် တံခါးနားတွင် ပြူထွက်လာသည့် ခေါင်းသေးသေးလေးကို သည်အတိုင်း မြင်တွေ့သွားတော့သည်။

“ဒါက သမီးရဲ့ မောင်လေးပေါ့လေ ဟုတ်လား”

ရွှီရှောင်ကျောင်းက သူ့ကို လက်ယမ်းပြလိုက်ပြီး

“ဒီလိုလာပါအုံး”

ဝူချွန်းဟွားက မြန်မြန်ထရပ်လိုက်ပြီး လှမ်းကြည့်လိုက်ရာ သားဖြစ်သူက လာဖို့ ကြောက်ရွံ့နေသည်ကို တွေ့လိုက်ရလေသည်။ ရှောင်ကျောင်းခုနက ပြောလိုက်သည့် စကားများကို စဥ်းစားလိုက်ပြီး သူမသည် ယန်ယန်လို မဟုတ်မှန်း သိလိုက်လေသည်။ သူမက ပြုံးပြလိုက်ပြီး

“ဟုတ်တယ်၊ ဒါက သမီးရဲ့မောင်လေး ရှောင်ကန်းတဲ့၊ သူက ဒီနှစ်ဆို ၁၁နှစ်ရှိပြီ၊ ရှောင်ကန်း လာပြီး မမလို့ ခေါ်လိုက်”

ရွှီရှောင်ကန်းက သူ့ရှေ့တွင် ပြုံးနေသည့် ရွှီရှောင်ကျောင်းကို ကြည့်လိုက်၏။ လက်သီးများကို ဆုပ်ထားပြီး ခေါင်းငုံ့ကာ ခေါ်လိုက်လေသည်။

“မမ”

ရွှီရှောင်ကျောင်းက စိတ်ထဲမထားချေ။ ၁၁နှစ်အရွယ်ကလေးက ၁၀နှစ်အရွယ်ထက်တောင် ငယ်နေတဲ့ပုံ ပေါက်နေတယ်။ သူက အရပ်မပုပါဘူး။ ဒါပေမဲ့ သူက ပိန်လိုက်တာမှ ဝါးလုံးတစ်ခုလိုပဲ။ ဒီသူစိမ်းအစ်မကို ခပ်တန်းတန်း ဖြစ်နေတာလည်း အရမ်းမလွန်ပါဘူး။

သူမသည် အိတ်ထဲတွင် ကျန်နေသည့် ချိုချဥ် ၅လုံး ၆လုံးကို ထုတ်လိုက်ပြီး

“ဝေ့ ရှောင်ကန်း ငါ နင့်ကို ချိုချဥ်ပေးမယ်၊ ဒီနေ့ ငါ မပြင်ဆင်လာခဲ့ရလို့၊ မမက မနက်ဖြန်ကျရင် နင့်ကို အရသာရှိတာတွေ ကျွေးမယ်နော်”

အဖြူရောင်သကြားစာရွက်နှင့် ထုပ်ထားသည့် ချိုချဥ်၆လုံးကို ရွှီရှောင်ကျောင်း၏ လက်ဖဝါး ဖြူဖြူလေးထဲတွင် ကိုင်ထားကာ ရွှီရှောင်ကန်း၏မျက်လုံးရှေ့တွင် ပြလိုက်လေသည်။ ထိုအရာကြောင့် သူသည် မျက်လုံးများထဲတွင် မယုံကြည်မှုများနှင့် အံ့ဩတကြီး မော့ကြည့်လိုက်တော့သည်။

ဝူချွန်းဟွားလည်း မှင်တက်အံ့ဩသွားလေသည်။ သူမက ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး ချိုချဥ်ကိုင်ထားသည့် ရွှီရှောင်ကျောင်း၏ လက်ကို ကိုင်လိုက်ကာ

“ရှောင်ကျောင်း သမီးစားပါ၊ သမီးအတွက်ပဲ သိမ်းထားလိုက်၊ ရှောင်ကန်းက မစားဘူး”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ရတော့ အော်ရယ်မိတော့သည်။ ချိုချဥ်က ဒီနေ့လို ခေတ်အခါမျိုးတွင် အဖိုးတန်ပစ္စည်းဖြစ်ကြောင်း သူမ သိလေသည်။ သို့သော် ဝူချွန်းဟွားက အနည်းငယ် ဟန်အမူအရာပိုလုပ်နေသည်။

“သမီး ဒါကို စားရတာ မကြိုက်ပါဘူး၊  အများကြီး ကျန်တာလည်း မဟုတ်ဘူး၊ ဒါကိုပဲ ရှောင်ကန်းကို ပေးလိုက်၊ ရှောင်ကန်း ဟဲ့ ဒါကို ယူလိုက်၊ မမက ငွေရှာနိုင်တဲ့အချိန်ကျရင် ထပ်ပြီး ဝယ်ကျွေးမယ်နော်”

ရွှီရှောင်ကန်းအဖို့ သည်လိုအခြေအနေမျိုးနှင့် တွေ့ကြုံရသည်က ပထမဆုံးအကြိမ်ဖြစ်နေသယောင်။ ရွှီရှောင်ကျောင်းသည် သူက ချိုချဥ်ကို လိုချင်နေသည်ကို သိသိသာသာ ခံစားမိနေသည်။ သို့သော် သူက လက်ချောင်းများကို မ,လိုက်ပြီးနောက် ပြန်ချထားလိုက်တော့သည်။ သူက ချိုချဥ်ကို ယူမည်မဟုတ်ပေ။ ထို့ကြောင့် သူမက ထပ်ပြောလိုက်တော့သည်။

“ယူထားလိုက်၊ မမတို့က အခုချိန်ကစပြီး တစ်မိသားစုထဲပဲ၊ ယဥ်ကျေးနေစရာမလိုပါဘူး”

ထိုစကားကို ကြားလိုက်ချိန်တွင် ဝူချွန်းဟွား၏မျက်လုံးများက ပူလာလေသည်။

“လိမ္မာလိုက်တဲ့ကလေး၊ သားအစ်မက သားကို ယူဖို့ပြောနေတယ်လေ၊ ဒီတော့ ဒီအတိုင်းယူလိုက်ပါ”

သူမက ကျလာသည့်မျက်ရည်များကို ပြန်သိမ်းထားလိုက်ပြီး သမီးဖြစ်သူ၏ပစ္စည်းများကို သိမ်းပေးဖို့ ပြန်လှည့်သွားလိုက်လေသည်။ သူမ၏ရင်ထဲက နွေးထွေးမှုက သူမကို ပျော်ရွှင်မှုအသစ်တစ်ခု ခံစားရစေတော့သည်။

ရွှီယန်ယန် အိမ်တွင် ရှိချိန်က သူမသည် ပစ္စည်းကောင်းအားလုံးကို လုယူသွားတတ်ပြီး သူမ၏ မောင်ဖြစ်သူအတွက် ဘယ်တုန်းကမှ မချန်ပေးတတ်သည်ကို သတိရသွားလေသည်။ တခါတရံ သူမသည် မြင်ကွင်းကို သည်းမခံနိုင်ပေ။ သူမ ပါးစပ်မဟနိုင်ခင်မှာပင် ယန်ယန်က သူမကို အရည်အချင်းမရှိ၊ ငွေမရှာနိုင်၊ အရသာရှိသည့်အစားအသောက် မဝယ်ပေးနိုင်ဘဲ သူမကို ခါးသီးသည့်ဘဝ ခံစားခိုင်းသည်ဟု ပြစ်တင်ပြောဆိုတော့သည်။

သည်အိမ်တွင် ရှောင်ကျောင်း အခုလုပ်နေသည့် အရာဖြစ်သည့် မောင်လေးကို ပစ္စည်းများပေးခြင်းက အရင်က တစ်ခါမှ မရှိခဲ့ဖူးချေ။

ရွှီရှောင်ကန်းသည် သူ့လက်ထဲတွင် ချိုချဥ်များကို ကိုင်ထားသည်။ သူက ရွှီရှောင်ကျောင်းကို ဆက်တိုက်ကြည့်နေပြီး သူမက သူ့အစ်မအဟောင်းနဲ့ မတူဘူးဟု စိတ်ထဲတွင် ကျိတ်ပြီး စဥ်းစားနေလေသည်။

ရွှီရှောင်ကျောင်းသည် သူမ၏ပစ္စည်းများကို သိမ်းဆည်းနေရင်း သူက အကြိမ်ကြိမ် လှမ်းလှမ်းကြည့်နေသည်ကို သတိထားမိလိုက်လေသည်။ သို့သော် သူမက ဘာမှ မပြောလိုက်ပေ။ စိတ်ထဲတွင်တော့ သည်ကလေးက သူ့အမေကို အမှန်တကယ်ချစ်တာပဲဟု မှတ်ချက်ပေးမိလေသည်။ သူတို့နှစ်ယောက်လုံးက အလွန်တူသည့် အကျင့်စရိုက်ရှိသည်။ စကားလုံးတိုင်းကို စိတ်ထဲတွင် သိမ်းထားပြီး တစ်ခွန်းမှ ထုတ်မပြောတတ်ပေ။ သည်အကျင့်က အလွယ်တကူ အနိုင်ကျင့်လို့ရဟန် တူနေတော့သည်။

သူမက ရွှီရှောင်ကန်းကို လက်ယက်ခေါ်လိုက်၏။ သည်တစ်ကြိမ်တွင် ကလေးက နာနာခံခံ ရောက်လာပြီး လေးတိလေးကန်ဖြင့် ခေါ်လိုက်လေသည်။

“မမ”

ရွှီရှောင်ကျောင်းက သူ့လက်ထဲမှ ချိုချဥ်တစ်လုံးကို ထုတ်လိုက်ပြီး အခွံခွာပေးလိုက်ကာ သူ့ကို ပါးစပ်ဟခိုင်းလိုက်လေသည်။ ဖြူဖွေးနူးညံ့သည့် ချိုချဥ်လေးတစ်လုံးက သူ့ပါးစပ်ထဲ ဝင်တော့သည်။

“အ လိုက်တဲ့မောင်ငယ်လေ၊ စားလိုက်၊ နင် ငါ့ကို ဘာလို့ ကြည့်နေတာလဲ”

သားအမိနှစ်ယောက်လုံး၏ တုံ့ပြန်ပုံက တစ်ထပ်တည်းဖြစ်နေ၏။ ရွှီရှောင်ကန်း၏မျက်လုံးများသည် ဝိုင်းစက်ွားပြီး ဝူချွန်းဟွား၏ ဘေးသို့ ပြေးသွားကာ တီးတိုးပြောလိုက်လေသည်။

“အမေ သူ သားကို ချိချဥ်ကျွေးတယ်”

ဝူချွန်းဟွားသည် စိတ်အေးသွားလေသည်။ သားဖြစ်သူ၏ တုံးအအ စကားသံကို ကြားလိုက်ရချိန်တွင် သူမသည် ဆုံးမစကား ပြောလိုက်တော့သည်။

“အဲဒါ အစ်မလေ၊ သားရဲ့အစ်မက သားကို ချိုချဥ်ကျွေးတယ်ဆိုရင် စားရမှာပေါ့၊ သူ ခုနက အမေ့ကိုလည်း တစ်လုံးကျွေးသေးတယ်၊ အဲမှာပဲ အရူးလို ရပ်မနေနဲ့၊ ချိုချဥ်တွေကို သေသေချာချာ သိမ်းထား၊ မြေကြီးကို ကြမ်းပြင်ကို ရေဖြန်းပြီး သားအစ်မအတွက် ကြမ်းတိုက်ပေးလိုက်အုံး”

ရွှီရှောင်ကန်းသည် သူ့ပါးစပ်ထဲတါင် အိစက်နေသည့်ချိုချဥ်ကို ငုံထားပြီး မျက်လုံးများကို ဝမ်းသာအားရ ကျုံ့ထားလိုက်လေသည်။ သူက ခေါင်းငုံ့ကာ သူ့လက်ဖဝါးထဲက ချိုချဥ်များကို ရေတွက်လိုက်သည်။ ၅လုံးကျန်သေးသည်။ သူက ချိုချဥ်များကို ဂရုတစိုက် အိတ်ကပ်ထဲ ထည့်လိုက်ပြီး လှည့်ထွက်သွားကာ စတင် ရေဖြနးပေးပြီး ကြမ်းတိုက်လေတော့သည်။

ထိုအခါမှ ဝူချွန်းဟွားက ခေါင်းမော့ကာ ရွှီရှောင်ကျောင်းကို ပြောလိုက်လေသည်။

“သမီး ကိစ္စတစ်ခုခုရှိရင် မောင်လေးကို ခိုင်းလိုက်နော်၊ ပိန်တယ်ဆိုပြီး သူ့ကို အထင်မသေးနဲ့၊ သူက လုပ်နိုင်တယ်၊ သူက အလုပ်မှာ တစ်နေ့ အလုပ်ရမှတ် ၃-၄မှတ်လောက် ရှာနိုင်တယ်”

ရွှီရှောင်ကျောင်းသည် ထိုစကားကို မကြားရက်တော့ပေ။ အမျိုးသားအလုပ်သမားက တစ်နေ့ကို ၁၀မှတ်ရပြီး အမျိုးသမီးလုပ်သားက ၈မှတ်ရတယ်။ ရွှီရှောင်ကန်းက အခုမှ ဆယ်ကျော်သက်လေးပဲ ရှိသေးတယ်။ သူက ကျောင်းသွားပြီးကစားနေရမဲ့အချိန်ပဲ။ ဒါပေမဲ့ သူ့က သူ့ဝေစုအတွက် ရှာနေရပြီ။ ကြီးထွားနေတဲ့ကာလမှာ သူ့ကိုယ်သူ အလွန်အကျွံခိုင်းနေတာမလို့ စာအုပ်ထဲမှာလို အဆုံးသတ်သွားတာပေါ့။ နောက်ပိုင်းအဆင့်မှာ ကျန်းမာရေးချို့တဲ့ပြီး ဆေးထိုး ဆေးသောက်ဖို့ လိုအပ်လာခဲ့တာပဲ။

“အလုပ်က အရမ်းပင်ပန်းပါတယ်၊ နောက်ဆို အလုပ်ကို လျှော့သွားနော်၊ နောက်ဆိုရင် သမီး ကူညီပေးနိုင်ပါတယ်၊ ရှောင်ကန်းလည်း အိမ်မှာပဲ အိမ်အလုပ်တွေ နည်းနည်းပါးပါး လုပ်လို့ရတယ်၊ သူကျောင်းမတက်ရသေးဘူးလေ၊ ငွေရှာပြီးရင် အရင်ဆုံး သူ့ကို ကျောင်းပို့ရတယ်”

၁၁နှစ်။ ကျောင်းသွားဖို့တောင် နည်းနည်း နောက်ကျနေပြီလေ။ ဒါပေမဲ့ ဒီခေတ်မှာ ဆယ်ကျော်သက်ရွယ်မှာ ပထမတန်းပဲ တက်နိုင်တဲ့ ကလေးတွေအများကြီးပဲ။ သူတို့တွေသာ မြန်မြန် စာတတ်သွားရင် အတန်းကျော်ပြီး အမှီလိုက်လို့ရပါတယ်။

ပြီးတော့ အိမ်မှာလည်း လုပ်စရာတွေအများကြီးပဲ။ ချက်ပြုတ်တာကို စုန့်ဝေဖျင် တစ်ယောက်ထဲကိုပဲ လွှဲထားလို့ မရဘူးလေ။ ရွှီရှောင်ကျောင်းသည် အလုပ်များနေသည့် ပျားကလေး ရွှီရှောင်ကန်းကို အပြုံးမျက်လုံးများနှင့် ကြားလိုက်လေသည်။ ဒီကလေးကို ကောင်းကောင်း လေ့ကျင့်ပေးပြီးသွားတာနဲ့ သူလည်း စားဖိုမှူးကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။

သူမကတော့လား။ မလိုအပ်ရင်း ပါးစပ်ပဲ လှုပ်နေတာ ပိုကောင်းတယ်လေ။

ဟုတ်ပါသည်။ စုန့်ဝေဖျင်နှင့် အပြင်ထွက်လျှင်တော့ ရွှီရှောင်ကျောင်းသည် သူမ၏ လက်မလှုပ်ဘဲ ပါးစပ်လှုပ်ရှားခြင်း စည်းမျဥ်းကို အမြင့်ဆုံးတင်ထားပြီး သူ့ကို ကျင့်သားရသွားအောင် လုပ်ပေးရလိမ့်မည်။

အပြင်ထွက်လာသည်နှင့် ချက်ချင်း ရွှီရှောင်ကျောင်းသည် အဝတ်အိတ်နှင့် ကျောပိုးအိတ်ငယ်လေးကို စုန့်ဝေဖျင်အား လှမ်းပေးလိုက်ကာ

“ယူထားလိုက်”

စုန့်ဝေဖျင်က မငြင်းလိုက်ဘဲ နှုတ်ဆိတ်ကာ ယူထားလိုက်လေသည်။

မည့်သည့်အသက်အရွယ်တွင်ဖြစ်စေ စျေးဝယ်ထွက်ခြင်းက လူများကို စိတ်ပျော်ရွှင်စေသည်။ ရွှီရှောင်ကျောင်းသည် ရင်ဘတ်ပေါ်က ကျစ်ဆံမြီးနှစ်ချောင်းကို ကိုင်ထားလိုက်သည်။ သူမသည် ဖန်တရာ တေနေပြီး ဟောင်းနွမ်းသည့် ဖက်ရှင်ဖြစ်ပြီး သူမစိတ်ထဲတွင်တော့ အတိုင်းအတာတစ်ခုအထိ လှပနေဆဲ ဖြစ်သည်ဟု ခံစားမိလေသည်။ သူမသည် စုန့်ဝေဖျင်ကို ပစ္စည်းကောင်းများအကြောင်း ပြောလျှင် ကပ်စေးမနဲပေ။

“ငါ ဒီနေ့ နင့်ကို ဒုက္ခပေးရမှာပဲ၊ နောက်ကျရင် ငါ့ကိုချက်ပြုတ်ကူဖို့ ငါ့အိမ်လာခဲ့နော်၊ ငါ နင်နဲ့အဘွားကို ညစာကျွေးမယ်၊ ဟုတ်ပြီလား”

စုန့်ဝေဖျင်က သူမက လှမ်းကြည့်လိုက်ပြီး

“မင်းအတွက် ချက်ပေးရမှာလား”

သူသည် မနေ့မနက်က သူမ အဘွားအတွက် ချက်ပေးသည့် တနပ်စာကို မှတ်နေသေးသည်။

ရွှီရှောင်ကျောင်းကတော့ စိတ်ထဲတွင် ဘာဝန်လေးခြင်းမှ မရှိပေ။

“ဘာလဲ၊ မလုပ်ချင်ဘူးလား၊ ငါက နင့်ကို လုပ်နည်း ပြောနေရတာနဲ့ကို အရမ်းပင်ပန်းနေပြီ၊ စိတ်အလုပ်က ကာယအလုပ်ထပ် ပိုပြီး ပင်ပန်းတယ်နော်၊ နင် အခုပဲ ပြောခဲ့တယ်လေ၊ ငါနဲ့ လက်တွဲချင်တယ်ဆို၊ အခုကျတော့ မလုပ်ချင်တော့ဘူးလား”

သူက မျက်လုံးများကို မသိမသာ ကျဥ်းမြောင်းထားလိုက်ပြီး စုန့်ဝေဖျင်ကို ကြည့်လိုက်လေသည်။ စုန့်ဝေဖျင်က လူကြီးလူကောင်းဆန်သည့် အပြုအမူမျိုး နည်းနည်းလေးမှ မရှိခဲ့လျှင် သူသည် သည်ပေါင်ကြီးကို ဖက်ထားမိသည်ဆိုလျှင်တောင် ဘာအကျိုးအမြတ်မှ ရလိမ့်မည်မထင်ပေ။

“ဆန္ဒရှိပါတယ်၊ ငါ လုပ်ပေးမယ်”

ထိုအခါမှ ရွှီရှောင်ကျောင်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်တော့သည်။ လမ်းတစ်ဖက်က လူတစ်ယောက်က သူမကို ဘယ်သွားမှာလဲဟု မေးလာသည်။ သူမက တစ်ဖက်လူကို ပွင့်ပွင့်လင်းလင်းပဲ နှုတ်ဆက်လိုက်၏။

“အဒေါ် ကိုကိုဝေဖျင်က သမီးကို အဖော်လုပ်ပြီး မြို့မှာ စျေးဝယ်ပေးတာလေ”

သူမက သဘာဝကျကျ စုန့်ဝေဖျင်နားသို့ ခြေတစ်လှမ်းတိုးသွားလိုက်သည်။ သူတို့နှစ်ယောက်သည် အလွန်ရင်းနှီးနေပြီး သူတို့၏ဆက်ဆံရေးက ထူးခြားနေပုံပေါ်နေသည်။

ဆန့်ကျင်ဘက်အားဖြင့် ထိုအဒေါ်သည် ရွှီရှောင်ကျောင်း ပြန်ဖြေလာပုံကို ကြည့်ပြီး အနည်းငယ် သတိဝင်သွားကာ ‘အေးပါ’ ဟု ခြောက်ကပ်ကပ် ပြောလိုက်ပြီးနောက် မြန်မြန် ထွက်သွားတော့သည်။

ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်၏။ သူသည် နေ့တိုင်း တခြားသူများကို မျောက်လို ဆက်ဆံနေတတ်ပြီး နေရာတိုင်းတွင် အတင်းပြောတတ်သူများကို စိတ်အပျက်ဆုံးဖြစ်လေသည်။

ဒီလိုဆိုတော့လည်း သူမက ပွင့်ပွင့်းလင်းလင်း လုပ်ပြရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ငါက ကြောင်တောင်တောင် နိုင်တယ်လို့ မထင်သ၍ အရှက်ရမဲ့သူက တခြားသူတွေပဲ ဖြစ်လိမ့်မယ်။

ရွှီရှောင်ကျောင်းသည် သူမ၏လက်က စုန့်ဝေဖျင်ကို ထိထားသည်ကို ခံမိလိုက်ပြီး ခြေတစ်လှမ်း ခွာလိုက်ကာ သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး

“ဝေး စုန့်ဝေဖျင် လူရှေ့မှာ ငါ နင့်အပေါ် ဘယ်လောက်နွေးထွေးလဲ တွေ့တယ်နော်၊ အဒေါ်ပြန်သွားမှာ သေချာတယ်၊ ငါတို့နှစ်ယောက် အတွဲဖြစ်သွားတဲ့ကိစ္စက တစ်ရက်အတွင်း အတည်ဖြစ်သွားပြီး တစ်ရွာလုံးကလည်း ဒီအကြောင်း သိသွားလိမ့်မယ်၊ ဒီတော့ နင် ငါ့အပေါ် ပိုပြီး နွေးထွေးသင့်တယ်နော်”

စုန့်ဝေဖျင် ချမ်းသာလာတာနဲ့ ငါက သူ့အပေါ် တော်ရုံတောင် မကောင်းခဲ့ဘူးလို့ အားလုံးက ထင်လာနိုင်တယ်။ ဒါပေမဲ့ အခုတော့ ငါက ရွာရဲ့ပန်းကလေးဆိုတဲ့ ဘွဲ့ရှိသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် အခု ငါကဘာနာမည်ကောင်းမှ မရှိတဲ့ လူမွဲ စုန့်ဝေဖျင်ကို လက်ထပ်ပြီး ကောက်ရိုးတိုလေးကို ဆွဲထားတယ်ပေါ့လေ။

စုန့်ဝေဖျင်က နှုတ်ဆိတ်ရင်းသာ နေနေသည်ကို တွေ့လိုက်ရသည်တွင် ရွှီရှောင်ကျောင်းသည် မိန်းမတို့၏ အသေးအဖွဲကိစ္စများကို ဖြေရှင်းရသည်နှင့် ပတ်သက်လာလျှင် သူသည် စိတ်မရှည်တတ်သူဟု ယူဆမိလေသည်။

“ထားလိုက်ပါ၊ နင်က စကားအများကြီး မပြောတာ ငါ နားလည်ပါတယ်၊ အပြောကောင်းတာထက် အလုပ်ကောင်းကောင်း လုပ်တာက ပိုကောင်းပါတယ်၊ နင် ကောင်းကောင်းလုပ်နေသ၍ အဆင်ပြေတယ်”

မြို့က သိပ်မဝေးချေ။ ၂ကီလိုမီတာသာ ဝေးလေသည်။ လမ်းလျှောက်သွားလျှင် မိနစ်၃၀သာကြာသည်။ အလှအပကို ကြွားလုံးထုတ်ရသည်ကို အကျင့်ပါနေသည့် ရွှီရှောင်ကျောင်းအတွက်တော့ အလွန်ဝေးလွန်းလှသည်။

“ယာဥ်လေးတစ်စီးလောက်ရှိရင် ပိုကောင်းမှာပဲ” ကားနဲ့သာဆိုရင် တစ်မိနစ် ၊ နှစ်မိနစ်ခရီးလေးပဲ။ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းလိုက်သလဲ။

စုန့်ဝေဖျင်သည် သူမ၏ နှာခေါင်းဖျားက ချွေးပါးပါးလေးကို တွေ့လိုက်ရပြီး သူမသည် အလွန်နူးညံ့သိမ်မွေ့သည်ဟု ထင်မိတော့သည်။ စက်ဘီးကောင်းတာ ဘယ်သူက မသိလို့လဲ။ ဒါပေမဲ့ ဘယ်သူက တတ်နိုင်မှာလဲ။ အမှတ်တမဲ့ သူသည် စိတ်ထဲတွင် တွက်ချက်မိသွားတော့သည်။ သူက အကြွေးတွေ ကြေသွားပြီး တစ်နှစ်ကို ယွမ်နှစ်ဆယ် စုနိုင်တယ်ဆိုရင်တောင် စက်ဘီးတစ်စီးဝယ်ဖို့ နှစ်တော်တော်ကြာကြာ အချိန်ယူရလိမ့်မယ်။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး စုန့်ဝေဖျင်သည် သူ့နှုတ်ခမ်းများကို စူထားလိုက်ပြီး သမဝါယမအသင်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တော့သည်။

“သွားကြမယ်၊ သမဝါယမက ဒီမှာ”

ရွှီရှောင်ကျောင်းကတော့ အလျင်မလိုချေ။ သူမသည် လူများ ထိုင်အနားယူတတ်ဟန်တူသည့် လမ်းဘေးက ကျောက်တုံးနည်းနည်းပါးပါးကို သတိထားမိလိုက်လေသည်။ ထို့ကြောင့် သူမက လက်ဆန့်ကာ စုန့်ဝေဖျင်၏အင်္ကျီကို လှမ်းဆွဲလိုက်ပြီး

“သမဝါယမအသင်းကို မသွားသေးပါနဲ့အုံး၊ ဟိုမှာ ထိုင်ပြီး ခဏအနားယူရအောင်ပါ၊ အရင်ဆုံး မြို့ထဲမှာ တစ်ခါလောက် ပတ်လျှောက်ပြီး တစ်ချက်လောက် ကြည့်ရအောင်”

မူလခန္ဓာကိုယ်ပိုင်ရှင်က အရင်က မြို့ထဲကို သိပ်မလာတတ်ဘူးလေ။ ငါကပဲ အရင်ဆုံး မြို့ကို အခြေခံ နားလည်အောင် လုပ်ထားမှရမယ်။

နွေဦးအစောပိုင်းက မပူသေးချေ။ အေးမြမြလေပြေက တိုက်ခတ်နေသည်. ခဏလောက် ထိုင်လိုက်ပြီးနောက် ရွှီရှောင်ကျောင်း ခရီးပန်းခြင်းဝေဒနာက သက်သာသွားလေသည်။ ထို့နောက်တွင်တော့ အာခြောက်လာတော့သည်။

သူမသည် အနည်းငယ် စိတ်ညစ်သွားတော့သည်။ ဒီခေတ်မှာ ရေသန့်မရောင်းတာကို မေ့သွားတာပဲ။ မနက်တုန်းက ဝူချွန်းဟွားက အလုပ်မသွားခင် ရေယူသွားဖို့ သတိပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ မေ့လာခဲ့တယ်လေ။

 …