Ch 9
Viewers 1k

☘️ Chapter 9


အနည်းဆုံးတော့ ယွင်ဟွေ့ကျိုး ချုံခိုတိုက်ခိုက်ခံရမှာကို တားဆီးရမည်။ ယွင်ဟွေ့ကျိုးသည် ဤကမ္ဘာတွင် သူပထမဆုံးတွေ့ခဲ့ သောလူဖြစ်ပြီး ကျေးဇူးရှင်လည်းဖြစ်သည်။


သူသည် ယွင်ဟွေ့ကျိုး၏တတွတ်တွတ်နောက်ယောင်ခံလိုက်မှုကို စိတ်ရှည်စွာလက်ခံခဲ့သည်မှာလည်း စိတ်ဓာတ်တက်ကြွလှသော ဤလူငယ်လေးအား သူ့သိုင်းပညာခရီးတွင် ရှေ့ဆက်မတိုးနိုင်တော့သည့်အဖြစ်မျိုး မကြုံစေချင်သောကြောင့် ဖြစ်သည်။


သို့သော် သူသည် ဤဝတ္ထုအကြောင်းကို သိထားသည်။ သူ့ငယ်သူငယ်ချင်းက ဤဝတ္ထုအကြောင်းကို ပြောပြဖူးသလို သူ့ကိုပင် ဖတ်ရန်အကြံပေးခဲ့ဖူး၏။


သို့သော်လည်း သူကိုယ်တိုင် အမှန်တကယ်ဖတ်မကြည့်ခဲ့ဖူးပေ။


ဝတ္ထုနှင့်ပတ်သက်သော သူ့အသိပညာအားလုံးမှာ သူငယ်ချင်း၏အကြံပြုချက်များမှသာ လာခြင်းဖြစ်သည်။


ထိုစဉ်က သူသည် ဖျားနာနာကျင်နေရသဖြင့် အခြားသူများ ဇာတ်လမ်းအကြောင်း ရှင်းပြသည်ကို အာရုံစိုက်၍ နားမထောင်နိုင်ခဲ့ပေ။


နာကျင်မှုတွေ သက်သာသွားမှ ဝတ္ထုကို ဖတ်မည်ဟု သူတွေးခဲ့သည်။


သို့သော် သူဖတ်ခွင့်မရမီမှာပင် သေဆုံးသွားခဲ့ရ၏။


သူမျက်လုံးဖွင့်လိုက်ချိန်တွင် ဝတ္ထုထဲ ရောက်နေမှန်း သိလိုက်ရသည်။


ဤသို့ဖြစ်လာမည်မှန်းသာ သိခဲ့လျှင် နာကျင်လွန်း၍ သေရမည်ဆိုဦးတော့ သူထိုဝတ္ထုကို ဖတ်ခဲ့မိမည်မှာ အမှန်ပင်။


ယွင်ဟွေ့ကျိုးက သူ့ရှေ့တွင် ရပ်နေသည့်တိုင် လျန်လီမှာ ကြောင်တောင်တောင်ဖြစ်နေဆဲပင်။


ယွင်ဟွေ့ကျိုးမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ထင်သဖြင့် သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အတွင်းအားများ ထပ်မံထည့်ပေးလိုက်သည်။


သူအံ့အားသင့်သွားရသည်မှာ သူ့အတွင်းအားများ စီးဝင်သွားချိန်တွင် ဤလူငယ်မှာ အနည်းငယ် အားနည်းနေသည်မှလွဲ၍ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိသည်ကို တွေ့လိုက်ရခြင်းပင်။


ထို့ကြောင့် သူသည် လျန်လီမျက်စိရှေ့တွင် လက်ဝေ့ယမ်းပြကာ "ဟေ့ လျန်လီ၊ ကြောင်မနေနဲ့တော့လေ! ငါ ပထမဆုရသွားပြီဟ!" 


လျန်လီသည် ယွင်ဟွေ့ကျိုးကို ကြည့်ကာ အတင်းပြုံးလိုက်ရင်း "ဂုဏ်ယူပါတယ်! အခုတော့ ဆရာ့ကို အကြောင်းပြချက် ပေးလို့ရပြီပေါ့" 


ယွင်ဟွေ့ကျိုးသည် သူ့မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိသွားပြီး တစ်စုံတစ်ခုဖြစ်ပျက်ခဲ့သော်လည်း ယခုပြောရန် အဆင်မပြေဖြစ်နေသည်ဟု ထင်မှတ်လိုက်သည်။


ထို့ကြောင့် သူသည် လာရောက်ဂုဏ်ပြုကြသူများကို အမြန်နှုတ်ဆက်စကားဆိုလိုက်ပြီးနောက်၊ လျန်လီကို လှမ်းဖမ်းကာ ကိုယ်ဖော့ကာ ကောင်းကင်သို့ပျံတက်လိုက်တော့သည်။


လျန်လီ  !!!


ပျံနေပြီ!


ယခုမူ သူသည် အဓိပ္ပာယ်မရှိသော ဝတ္ထုထဲသို့ ကူးပြောင်းလာရသည့်အချက်ကို ဂရုမစိုက်နိုင်တော့ပေ။


သူ့ခြေဖဝါးအောက်မှ အိမ်ခြေများ လျင်မြန်စွာဝေးကွာသွားသည်ကို ဝိုင်းစက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေမိရာမှ၊ အမြင့်သို့ တက်လာသည်နှင့်အမျှ အမြင့်ကြောက်သည့် ဝေဒနာကိုစတင်ခံစားလိုက်ရသည်။


"ယွင်ဟွေ့ကျိုး... ခင်ဗျား... နည်းနည်းနိမ့်ပေးပါ" လျန်လီမှာ တုန်တုန်ရင်ရင်ဖြင့် ယွင်ဟွေ့ကျိုးကို တင်းကျပ်စွာ ဖက်ထားလိုက်ရင်း "ကျွန်တော်... ကျွန်တော် အမြင့်ကြောက်တတ်တယ် ထင်တယ်" ဟု ဆိုလိုက်သည်။


ယွင်ဟွေ့ကျိုး  "...ဒါဆိုရင် မင်း သိုင်းပညာ သင်ဦးမှာလား"


"အမြင့်ကြောက်တတ်ရင် သိုင်းသင်လို့မရဘူးလား" လျန်လီ ပြန်လည် တုံ့ပြန်လိုက်၏။


ယွင်ဟွေ့ကျိုးကမူ "အမြင့်ကြောက်နေရင် ကိုယ်ဖော့သိုင်းကို ဘယ်လိုသင်မှာလဲ" 


သူပြောပြီးသည်နှင့် တည်းခိုခန်းသို့ ရောက်ရှိသွားသည်။ သူသည် အပေါက်ဝမှ မဝင်ဘဲ သူတို့အခန်း၏ ပြတင်းပေါက်ဆီသို့ တိုက်ရိုက်ခုန်တက်လိုက်၏။ လျန်လီကို အရင် အခန်းထဲသို့ပစ်ထည့်လိုက်ပြီးမှ သူကိုယ်တိုင် ဝင်လာခဲ့သည်။


စောစောက အလွန်မြင့်မားစွာ ပျံသန်းခဲ့သဖြင့် လျန်လီ ဖြူဖျော့နေသော မျက်နှာမှာ ယခုအခါ ကြောက်စရာကောင်းလောက်အောင် ပိုမိုဖြူဆုတ်သွားတော့သည်။


ယွင်ဟွေ့ကျိုးက အတွင်းအားများ ထပ်မံထည့်ပေးလိုက်သဖြင့် သူ့မျက်နှာ ပြန်လည်ကြည်လင်လာမှ သူ့မေးခွန်းကို ထပ်မံမေးမြန်းလေသည်။


"မင်းက ဒီလောက်အမြင့်ကိုတောင် ကြောက်နေတာလား၊ ကိုယ်ဖော့သိုင်းကို ဘယ်လိုသင်မှာလဲ"


လျန်လီသည် စားပွဲကိုအမှီပြုကာ ထိုင်ချလိုက်ပြီး မိမိအတွက် ရေတစ်ခွက် ငှားထည့်သောက်လိုက်သည်။ ထို့နောက် ယွင်ဟွေ့ကျိုးအတွက်လည်း တစ်ခွက် ငှားထည့်ပေးပြီးမှ သူ့မေးခွန်းကို ပြန်လည်ဖြေကြားနိုင်တော့သည်။


"ကျွန်တော် ကိုယ်ဖော့သိုင်းကို မသင်ဘဲနေလို့ မရဘူးလား"


ယွင်ဟွေ့ကျိုး ခွက်ကိုကိုင်ရင်း "ရတာပေါ့" ဟု မေးလိုက်သည်။


လျန်လီ  "တကယ်လား!?"


"နောက်တာ" သူ့စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ ကျီစယ်ပြီးနောက် ယွင်ဟွေ့ကျိုးက ဆက်ပြောသည်မှာ  

"ကိုယ်ဖော့သိုင်းပညာဆိုတာ အခြေခံပဲ၊ အဲဒါမတတ်ရင် မင်း တခြားသူတွေကိုလည်း မနိုင်နိုင်သလို၊ ထွက်ပြေးဖို့တောင် မလွယ်ဘူး"


လျန်လီ ချက်ချင်းပြန်လိုက်သည်မှာ  "ဒါဆိုရင် ကျွန်တော် သိုင်းပညာကိုပဲ သေချာသင်ပြီး ဘယ်သူမှ မနိုင်အောင် လုပ်လိုက်ရင် ရပြီမလား"


ယွင်ဟွေ့ကျိုးက သူ့ကိုကြည့်ကာ အားမလျော့စေဘဲ ပြုံး၍ ပြောသည်မှာ  "ဒါပေမဲ့ မင်းရဲ့သိုင်းပညာက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကိုယ်ဖော့သိုင်း မတတ်ရင် ထွက်ပြေးချင်တဲ့သူတွေကို မင်း လိုက်မမီနိုင်ဘူးလေ"


"အဲဒီကျရင် မင်းက သူတို့ကို နိုင်မှာလည်း မဟုတ်သလို ပြေးလို့လည်း မရဘူး၊ နိုင်ရင်တောင် လိုက်ဖမ်းလို့ မရဘူးဆိုရင် အတော်လေး စိတ်ပျက်ဖို့ ကောင်းမှာမဟုတ်ဘူးလား"


"ဒါဆိုရင် ကိုယ်ဖော့သိုင်းပညာကို မဖြစ်မနေ သင်ရမှာပေါ့နော်" လျန်လီက မေးလိုက်သည်။


ယွင်ဟွေ့ကျိုး ခေါင်းညိတ်ပြကာ "ဒါဆိုရင် မင်း သိုင်းပညာကိုသင်ချင်သေးလား" 


လျန်လီက မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးမှ "သင်ချင်ပါတယ်" 


"အမြင့်ကြောက်နေရင်ရော / ကိုယ်ဖေါ့သိုင်း သိုင်းပညာကို တကယ်ကြီး မသင်တော့ဘူးလား" ဟု 


"ဒါဆိုရင်... ခင်ဗျား ကျွန်တော့်ကို ခဏခဏ ခေါပြီး ပျံပေးလို့ ရမလား" 


လျန်လီက မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ 


"ခဏခဏ ပျံရင်းနဲ့ ကျွန်တော် နေသားကျသွားရင် မကြောက်တော့လောက်ပါဘူး"


ယွင်ဟွေ့ကျိုးက သူ့မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားဟန်ပြုလိုက်သည်။


လျန်လီမှာ အနည်းငယ် စိုးရိမ်နေသည့်ပုံ ပေါ်နေ၏။


ခဏအကြာတွင် ယွင်ဟွေ့ကျိုးက လျန်လီတောင်းဆိုချက်ကို သဘောတူသည့်အနေဖြင့် ခေါင်းအသာညိတ်လိုက်သည်။


"ယစ်မူးအိမ်မက်ကျွန်းကို ပြန်ရောက်တဲ့အထိ စောင့်လိုက်ဦး" ဟု ယွင်ဟွေ့ကျိုးက ဆိုသည်။ 


"မင်းရဲ့ အခြေခံက အားနည်းလွန်းတယ်၊ ကျွန်းကို ပြန်ရောက်မှ ကျွန်းသခင်တွေကို ပြပြီး မင်းနဲ့ ဘယ်သိုင်းပညာက သင့်တော်မလဲဆိုတာ ကြည့်ရမယ်၊ မင်းရဲ့ သွေးကြောတွေက အလွန်ပိန်ပြီး အားနည်းနေတာဆိုတော့ သာမန်သိုင်းပညာတွေကို သင်လို့မရဘူး"


ယွင်ဟွေ့ကျိုး၏ ထိုစကားကို ကြားမှ လျန်လီ စိတ်အေးသွားရတော့သည်။


သူက အစီအစဉ်တွေ ဆွဲထားပြီဆိုတော့ သူ့ကို ယစ်မူးအိမ်မက်ကျွန်းဆီ ခေါ်သွားပြီး သိုင်းပညာသင်ပေးဖို့ တကယ်ကြီး စိတ်ကူးထားတာပဲ။


အဲဒါဆိုရင် သူတို့က နောင်ကျရင် ဂိုဏ်းတူညီအစ်ကိုတွေ ဖြစ်လာကြမှာလား။


ယွင်ဟွေ့ကျိုးက နောင်ကျရင် သူ၏ဂိုဏ်းတူညီအစ်ကို ဖြစ်လာမည်ဟု တွေးမိသောအခါ၊ ဝတ္ထုထဲတွင် ယွင်ဟွေ့ကျိုး ချုံခိုတိုက်ခိုက်ခံရပြီး သူ၏သိုင်းပညာ ဆုတ်ယုတ်သွားရသည့် အပိုင်းကို လျန်လီ ချက်ချင်း သတိရသွားသည်။


ထို့ကြောင့် သူသည် ယွင်ဟွေ့ကျိုးကို သွယ်ဝိုက်၍ မေးလိုက်သည်မှာ  "ယွင်ဟွေ့ကျိုး၊ ခင်ဗျား အထူးသဖြင့် လိုချင်တဲ့အရာ ရှိလား"


သူ၏ငယ်သူငယ်ချင်းက ဤဝတ္ထုကို အကြံပေးစဉ်က ဇာတ်ပို့လူငယ်မှာ တစ်စုံတစ်ခုကို လုယူရင်း ချုံခိုတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောပြဖူးသည်။


ပြိုင်ဆိုင်မှုတွေ ပါဝင်နေသည်ဆိုမှတော့ ထိုအရာမှာ ယွင်ဟွေ့ကျိုး အသည်းအသန် လိုချင်နေသည့် အရာဖြစ်ရပေမည်။ သူသည် အသေးစိတ်ကို မသိသော်လည်း ယေဘုယျသဘောကို သိထားခြင်းဖြင့် နောင်တွင် အခြေအနေအရ လှုပ်ရှားနိုင်ရန် ယခုကတည်းက မေးထားလိုခြင်း ဖြစ်သည်။


ယွင်ဟွေ့ကျိုးမှာ သူ၏မေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်သွားရ၏။


 "အထူးသဖြင့် လိုချင်တဲ့အရာလား ? လောလောဆယ်တော့ မရှိပါဘူး၊ ပြောရမယ်ဆိုရင်တော့ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေး ကိုရချင်တယ် ၊ ပြီးတော့ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးကို ငါ့မိန်းမအဖြစ်ရှာချင်တာပေါ့"


လျန်လီ  "..."


အာ... တကယ့်ကို ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းတဲ့ အတွေးလေးပါလား ?


လျန်လီသည် ယွင်ဟွေ့ကျိုးအဖြေမှတစ်ဆင့် သူဘာကို လိုချင်နေသလဲဆိုသည်ကို ခန့်မှန်းရန် ကြိုးစားလိုက်သည်။


ဤလူသည် ကမ္ဘာ့အလှဆုံး မိန်းကလေးအတွက် တစ်စုံတစ်ယောက်နှင့် ပြိုင်ဆိုင်ရင်း ချုံခိုတိုက်ခိုက်ခံရခြင်းဖြစ်ပေလိမ့်မည်ဟု သူ ကောက်ချက်ချလိုက်၏။


"ပန်းပွင့်အောက်မှာ သေရတာ သရဲဖြစ်ရင်တောင် ရိုမန့်တစ်ဖြစ်သေးတယ်" ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ အတွေးမျိုးလား။


လျန်လီမှာ အလိုအလျောက်မျက်လုံးလှန်လိုက်မိသည်။ သူ့ ယခင်ဘဝတွင် သူသည် အသက်တစ်ဆယ်ကတည်းက ဖျားနာခဲ့သဖြင့် ကိလေသာကင်းစင်သော ဘဝဖြင့်သာအမြဲနေထိုင်ခဲ့ရသည်။ ထို့ကြောင့် ဤကဲ့သို့သော အရာမျိုးအတွက် မိမိအနာဂတ်အား ဖျက်ဆီးမည့်သူကို သူ လုံးဝ နားမလည်နိုင်ပေ။


သူသည် ယွင်ဟွေ့ကျိုးကို ဖော်ပြမတတ်သော အကြည့်ဖြင့် ကြည့်လိုက်မိရာ ယွင်ဟွေ့ကျိုးမှာ ပိုလို့ပင်  ဇဝေဇဝါ ဖြစ်သွားရတော့သည်။


ဒီရောဂါသည်ကောင်လေး အခု ဘာဖြစ်နေပြန်တာလဲ ?


လျန်လီသည် လက်ဝေ့ယမ်းပြကာ စကားမပြောချင်တော့သဖြင့် ခုတင်ဆီသို့ လျှောက်သွားလိုက်သည်။


နောင်ကျရင် ယွင်ဟွေ့ကျိုးကို အနီးကပ် စောင့်ကြည့်ရမည်ဟု သူ ခံစားလိုက်ရသည်။ အထူးသဖြင့် ဇာတ်လမ်းမပြီးမချင်း သူ့ကို အမျိုးသမီးတွေ၊ အထူးသဖြင့် လှပတဲ့အမျိုးသမီးတွေနဲ့ အနီးကပ်မရှိစေဖို့ တားဆီးရမည်။


သူသည် ယခုနှစ် လူငယ်သိုင်းပြိုင်ပွဲ၏ချန်ပီယံဖြစ်သဖြင့် ယွင်ဟွေ့ကျိုးမှာ စားပွဲသောက်ပွဲ ဖိတ်စာများစွာကို လက်ခံရရှိခဲ့သည်။


သူသည် အလွန်စိတ်မရှည်သော်လည်း၊ ဖိတ်စာများအနက် တစ်စောင်မှာ လက်ရှိသိုင်းမဟာမိတ် ခေါင်းဆောင်ဖြစ်သူ ကျောက်ရုံ ထံမှ ဖြစ်နေသည်။ သူ မည်မျှပင် စိတ်မရှည်ပါစေ၊ ကျောက်ရုံကိုတော့ မျက်နှာသာ ပေးရပေမည်။


ကျောက်ရုံမှာ ကျောက်ဟုန်လန်၏ ဖခင်ဖြစ်ပြီး၊ ကျောက်ဟုန်လန်၏ မိခင်မှာမူ စီးပွားရေးသမားတစ်ဦးဖြစ်သော ရှန်းဝမ်ယွင် ဖြစ်သည်။ သူမသည် ကျောက်ရုံလူငယ်သိုင်းသမားဘဝက သူ့ကို ကယ်တင်ခဲ့ဖူးရာမှ နှစ်ဦးသားချစ်ကြိုက်ခဲ့ကြပြီး နောက်ဆုံးတွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။


သို့သော် ရှန်းမိသားစု၏တစ်ဦးတည်းသော သမီးဖြစ်သူရှန်းဝမ်ယွင်မှာလည်း ထက်မြက်သောစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တစ်ဦးဖြစ်ပြီး မူလက မိသားစု၏အမွေကို ဆက်ခံရန်ရည်ရွယ်ထားသူဖြစ်သည်။