☘️ Chapter 8
တစ်ဖက်လူကသာ တိုက်ခိုက်ချင်တယ်ဆိုလျှင် သူကတော့ အသင့်ဖြစ်နေသည့်ပုံပင်။
ချင်းဟုန်ဓားဂိုဏ်းတပည့်များကြားတွင် ရပ်နေသော လျန်လီသည် ဤမြင်ကွင်းကိုကြည့်ရင်း "တကယ်ကြီး တိုက်ပွဲဖြစ်တော့မှာ လား ? သိုင်းလောကဆိုတာ ဒီလိုပဲလား၊ စကားနည်းနည်းများတာနဲ့တင် တိုက်ကြခိုက်ကြတော့တာပဲလား"
သူ့အတွေးမဆုံးမီမှာပင် ထိုလူလတ်ပိုင်းအမျိုးသားက စတင်လှုပ်ရှားလိုက်သည်။ သူသည် ဓားကိုမဆွဲဘဲ အတွင်းအားကိုစုစည်းကာ ယွင်ဟွေ့ကျိုးထံသို့ တည့်တည့်အားဖြင့် ပြေးဝင်တိုက်ခိုက်လေ၏။ ယွင်ဟွေ့ကျိုးကလည်း လက်ကိုမြှောက်ကာ သူ့တိုက်ကွက်ကို လက်ဝါးရိုက်ချက်ဖြင့် တုံ့ပြန်လိုက်သည်။
လူလတ်ပိုင်းအမျိုးသားမှာ နောက်သို့ ခြေလှမ်းတစ်ဆယ်ကျော်ခန့် ယိမ်းထိုးဆုတ်ခွာသွားရသော်လည်း ယွင်ဟွေ့ကျိုးမှာမူ မူလအတိုင်းပင် မလှုပ်မယှက်ရှိနေ၏။
ထိုသူ့မျက်နှာမှာ အတိုက်ခံရ၍လော၊ ဒေါသထွက်၍လော သို့မဟုတ် အရှက်ရ၍လောမသိ၊ နီမြန်းသွားတော့သည်။
ယွင်ဟွေ့ကျိုး၏ တွန်းထုတ်ခြင်းကို ခံရပြီးနောက် သူသည် ဒေါသဖြေသည့်အနေဖြင့် နှာတစ်ချက်မှုတ်ကာ သူ့တပည့်များကို ခေါ်၍ ထွက်ခွာသွားလေတော့သည်။
ထိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသောလူကို ဖယ်ရှားပြီးနောက် ယွင်ဟွေ့ကျိုးသည် ထိုနေရာတွင် ဆက်နေရန် စိတ်မပါတော့ပေ။ ချင်းဟုန်ဓားဂိုဏ်းတပည့်များကို နှုတ်ဆက်ပြီးနောက် လျန်လီကိုခေါ်၍ တည်းခိုခန်းသို့ ပြန်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် လျန်လီမှာ ရတတ်မအေးနိုင်ဘဲဖြစ်နေ၏။
အခန်းထဲရောက်မှသာ သူက ယွင်ဟွေ့ကျိုးကို "ဟိုစိတ်ပုပ်တဲ့ လူလတ်ပိုင်းအမျိုးသားက အဆင်ပြေပါ့မလား"
"ဘာ"
ယွင်ဟွေ့ကျိုးက မျက်လုံးတစ်ဖက်ကို ပင့်ကြည့်ကာ "သူ ဘာမှမဖြစ်ပါဘူး၊ သူတို့အားလုံး ဝိုင်းတိုက်ရင်တောင် ငါ့ကို မနိုင်ပါဘူး"
လျန်လီက သူ့ရှေ့တွင် ထိုင်ချလိုက်ပြီး "ဒါပေမဲ့ ကျွန်တော်က သိုင်းမတတ်ဘူးလေ၊ ခင်ဗျား ကျွန်တော့်ကိုပါ ခေါ်သွားရင် သူတို့က ခင်ဗျားရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူကြမှာ မဟုတ်ဘူးလား"
ယွင်ဟွေ့ကျိုး "ငါက မင်းကိုပါ ခေါ်သွားမယ့် အခြေအနေကို ပြောနေတာလေ”
ယွင်ဟွေ့ကျိုးသည် လျန်လီကိုဆွဲယူကာ ပုခုံးဖက်လိုက်ပြီး "ငါက မင်းကို ဒီလိုမျိုး လက်တစ်ဖက်နဲ့ ပွေ့ထားရင်တောင် ကျန်တဲ့လက်တစ်ဖက်တည်းနဲ့ သူတို့အားလုံးကို ရင်ဆိုင်နိုင်တယ်၊ မင်းဘက်က ဟိုဟိုဒီဒီ လျှောက်မလှုပ်ဖို့ပဲ လိုတာ”
လျန်လီ "အဲဒါ တကယ်ကြီး အဲ့လောက်လန်းလား”
"လန်းလား ဟုတ်လား" ယွင်ဟွေ့ကျိုးကမူ "ငါ ကြွားပြောနေတာ မဟုတ်ဘူးနော်”
"မဟုတ်ဘူး၊ မဟုတ်ဘူး" လျန်လီ ခေါင်းခါလိုက်ပြီး "လန်းတယ်ဆိုတာက ခင်ဗျား တကယ်တော်တယ်လို့ ပြောတာပါ”
လျန်လီ ရှင်းပြချက်ကို ကြားသောအခါ ယွင်ဟွေ့ကျိုး ခေါင်းငြိမ့်လိုက်ပြီး "အဲလို အဓိပ္ပာယ်လား ? ဒါဆိုရင်တော့ ငါက တော်တော်လေး လန်းတာပေါ့”
သူသည် လျန်လီ အနားသို့ တိုးကပ်လာကာ ဘဝင်မြင့်စွာဖြင့် "ဒီတစ်ခေါက် ငါ့ဆရာပေးလိုက်တဲ့ တာဝန်က သိုင်းပြိုင်ပွဲမှာ အနိုင်ရဖို့ပဲ၊ အခု ကျောက်ဟုန်လန်ကို ကွင်းပြင်ရောက်အောင် ကန်ထုတ်ဖို့ပဲ လိုတော့တယ်”
လျန်လီမှာ သူ့ကိုကြည့်ကာ ဆွံ့အသွားရ၏။ သူတစ်ပါးရှေ့တွင်တော့ "ညီအစ်ကိုကျောက်" ဟု တတွတ်တွတ်ခေါ်ပြီး၊ ကွယ်ရာတွင်တော့ သူ့ကို ကွင်းပြင်ရောက်အောင် ဘယ်လိုကန်ထုတ်ရမလဲဟု ကြံစည်နေလေသည်။
လျန်လီ အမူအရာကို နားလည်သွားပုံရသော ယွင်ဟွေ့ကျိုးက "ကျောက်ဟုန်လန်က ငါ့ကို 'အစ်ကိုယွင်' လို့ ချိုချိုသာသာခေါ်နေ တာကိုလည်း မယုံနဲ့ဦး၊ သူလည်း အခုအချိန်မှာ ငါ့ကို ကွင်းပြင်ရောက်အောင် ကန်ထုတ်ဖို့အတွက် ပြန်ပြီးလေ့ကျင့်နေလောက်ပြီ"
လျန်လီကတော့ ကျောက်ဟုန်လန်မှာ ထိုမျှအထိ ရိုးအအနိုင်မည်မဟုတ်ဟု တွေးကာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
သို့သော် နောက်ဆုံးဗိုလ်လုပွဲမှာ ယွင်ဟွေ့ကျိုးနှင့် ကျောက်ဟုန်လန်တို့ ဖြစ်လာနိုင်သည်ကို တွေးမိသောအခါ တစ်စုံတစ်ရာကြောင့် သူသည် ထူးဆန်းသော ရင်းနှီးမှုကိုခံစားလိုက်ရပြန်သည်။
နောက်တစ်နေ့ သူတို့နှစ်ဦး ပြိုင်ပွဲကွင်းသို့ ပြန်ရောက်လာသောအခါ လူအုပ်ကြီးမှာ သိသိသာသာ ပိုမိုတက်ကြွနေကြသည်။
အရင်က ချင်းဟုန်ဓားဂိုဏ်းတစ်ခုတည်းကသာ သူတို့နှင့် ရင်းနှီးခဲ့သော်လည်း၊ ယခုတွင်မူ အခြားဂိုဏ်းကြီးများမှ တပည့်များက လည်း သူတို့ထံလာရောက်စကားပြောဆိုလာကြသည်။
လျန်လီနှင့် ယွင်ဟွေ့ကျိုးတို့မှာ အမှန်ပင်ကျော်ကြားလာခဲ့လေပြီ။
မနေ့က ရွေးချယ်မှုအပြီးတွင် လူ ၂၅ ဦး နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် ၃ ဦးမှာ မနေ့က ရရှိခဲ့သော ဒဏ်ရာပြင်းထန်မှုများကြောင့် နောက်ဆုံးဗိုလ်လုပွဲတွင် မပါဝင်နိုင်တော့ပေ။
ထို့ကြောင့် ၂၂ ဦးသာ ကျန်ရှိတော့သည်။
ဤသည်မှာလည်း အားလုံးစုပေါင်းတိုက်ခိုက်ရသည့် ပွဲမျိုးဖြစ်ရာ ဤအဆင့်သို့ ရောက်လာသူများအဖို့ ကံတရားအပေါ်တွင်လည်း အများကြီး မူတည်နေ၏။
သို့သော် လျန်လီ အမြင်တွင်မူ ဤအုပ်စု၏တိုက်ခိုက်မှုမှာ နတ်ဘုရားများ စစ်ခင်းနေသည့်အတိုင်းပင်။
ဤလူများမှာ မြေပြင်ကိုပင် မထိဘဲ လေထဲတွင် တိုက်ခိုက်နေကြသည်မှာ သူသိထားသော သိုင်းပညာအယူအဆများနှင့် လုံးဝကို ကွဲပြားခြားနားနေသည်။
"တောက်... ဘယ်သူ့ရဲ့ ကိုယ်ဖော့သိုင်းက မြေကြီးကိုမထိဘဲနဲ့ လေထဲမှာ ပျံနေနိုင်တာလဲ ? ခင်ဗျားတို့ အားယူစရာ တစ်ခုခုတောင် မလိုဘူးလား ?
ဒါက သိုင်းလောကဆိုတာ သေချာရဲ့လား ? ဘယ်သိုင်းလောကမှာ လူတွေက ဒီလိုမျိုးပျံနေကြလို့လဲ ?
မြေပြင်ပေါ် ဆင်းပြီး တိုက်ရဲကြလားဗျာ”
လျန်လီမှာ လုံးဝကိုအံ့အားသင့်နေမိသည်။
"ခင်ဗျားတို့ ဘာလို့ သိုင်းသင်နေကြတာလဲ ? ဘာလို့ နတ်ဘုရားဖြစ်အောင် ကျင့်စဉ်တွေ မကျင့်ကြတာလဲ”
ထိုသို့ အံ့အားသင့်နေစဉ်မှာပင် လျန်လီသည် ပြိုင်ပွဲကွင်းထဲမှ အခြေအနေကိုစောင့်ကြည့်နေမိသည်။
ယွင်ဟွေ့ကျိုးနှင့် ကျောက်ဟုန်လန်တို့က လူတစ်ယောက်ပြီးတစ်ယောက်ကို ကွင်းပြင်သို့ ကန်ထုတ်နေကြသည်ကို မြင်ရသောအခါ ထိုထူးဆန်းသောရင်းနှီးသည့် ခံစားချက်မှာပိုမိုအားကောင်းလာသည်။
နောက်ဆုံးတွင် ယွင်ဟွေ့ကျိုးနှင့် ကျောက်ဟုန်လန်တို့နှစ်ဦးသာ ကွင်းထဲတွင် ကျန်ရစ်တော့သည့်အခါ လျန်လီ မျက်နှာအမူအရာမှာ လုံးဝကို ပြောင်းလဲသွားတော့သည်။
သူ မေ့လဲတော့မည့်အသွင်ကို မြင်သောအခါ ချွီရှစ်ကျဲက အနားသို့ လာရောက်တွဲပေးကာ "လျန်လီ၊ ဘာဖြစ်လို့လဲ ? နေမကောင်းလို့လား" ဟု မေးမြန်းရှာသည်။
သူမ ပြောပြောဆိုဆိုနှင့် လျန်လီ ခန္ဓာကိုယ်ထဲသို့ အတွင်းအားအချို့ ထည့်ပေးလိုက်၏။
ချွီရှစ်ကျဲအသံကို ကြားမှသာ လျန်လီမှာ သတိပြန်ဝင်လာသည်။ အမူအရာကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ထိန်းလိုက်ပြီးနောက် ရှစ်ကျဲကို ကျေးဇူးတင်စကားဆိုကာ သူက ခပ်အေးအေးမေးလိုက်သည်။
"ချွီရှစ်ကျဲရဲ့ နာမည်အပြည့်အစုံ ဘာလဲဟင်”
ရှစ်ကျဲမှာ အံ့အားသင့်သွားပြီးမှ ယွင်ဟွေ့ကျိုး မိတ်ဆက်ပေးစဉ်က စနောက်ပြီး "ချွီရှစ်ကျဲ" ဟုသာ ခေါ်ခဲ့ပြီး သူမ၏ နာမည်အပြည့်အစုံကို မပြောခဲ့သည်ကို သတိရသွားသည်။
ထို့ကြောင့် သူမသည် လျန်လီ၏ မျက်နှာပြန်လည်စိုပြည်လာသည်အထိ အတွင်းအား ဆက်သွင်းပေးနေရင်း ပြုံး၍ ဖြေလိုက်သည်မှာ "ချွီထင်ချွမ်ပါ”
ထို့နောက် သူမ လျန်လီကို အကဲခတ်ရင်း "ဒါပေမဲ့ မင်းရဲ့ အသက်အရွယ်နဲ့ ဆိုရင်တော့ ငါ့နာမည်ကိုတိုက်ရိုက်ခေါ်လို့ မသင့်တော်ဘူးနော် 'ကျဲ' လို့ခေါ်တာ ပိုမကောင်းဘူးလား”
ချွီထင်ချွမ်သည် လျန်လီကို အမှန်ပင် သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အမှန်တကယ်ချောမောလှပသူ ဖြစ်သောကြောင့်ပင်။
သူ့တွင် ဆွဲဆောင်မှုရှိသောမျက်နှာရှိသော်လည်း၊ သူ့ မျက်ဝန်းများကမူ အမြဲတမ်း ဖြူစင်ရိုးသားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ချွီထင်ချွမ်က လျန်လီသာ မိန်းကလေးတစ်ယောက်ဖြစ်ပါက သူ့ကိုအားပိုးပန်းမည့်သူများမှာ မြို့တော်အထိ တန်းစီနေလိမ့်မည် ဟုပင် တွေးမိနေသည်။
သို့သော် လျန်လီမှာမူ ချွီထင်ချွမ်စကားကို "ကျဲ" ဟု ပြန်လည်ထူးလိုက်သော်လည်း၊
သူ့ စိတ်အစဉ်မှာမူ လုံးဝကို ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
ထိုအချိန်မှာပင် ကျောက်ဟုန်လန်မှာ ယွင်ဟွေ့ကျိုး၏အတိုက်ခံရမှုကြောင့် ကွင်းပြင်သို့ ရောက်သွားခဲ့ပြီး၊ ယွင်ဟွေ့ကျိုး တစ်ဦးတည်းသာ ကွင်းထဲတွင် ကျန်ရစ်တော့သည်။
သူသည် ကွင်းဘေးရှိအလံကို ပေါ့ပေါ့ပါးပါးပင် ကောက်ယူကာ ဖြန့်လိုက်ပြီး ကွင်းအလယ်ဗဟိုရှိ စင်ပေါ်တွင် စိုက်ထူလိုက်၏။
ချန်ပီယံကို ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
လူအုပ်ကြီးမှာ ဂုဏ်ပြုနှုတ်ဆက်ကာ ဟစ်အော်အားပေးကြလေတော့သည်။
သို့သော် လျန်လီ စိတ်ထဲတွင်မူ အတွေးတစ်ခုသာ ရှိတော့သည် ဟာ... သွားပြီ! ငါ ဒီလောကထဲ ရောက်နေတာ ဒီလောက်ကြာမှ ငါက ဝတ္ထုတစ်အုပ်ထဲကို ကူးပြောင်းလာတယ် ဆိုတာကို အခုမှ သိတော့တယ်။
ဒါကတော့ တကယ်ကို အရှုပ်ထုပ်ပဲ!
ကျောက်ဟုန်လန်ဆိုတဲ့ နာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲဆိုတာ သိပြီ၊ ကျောက်ဟုန်လန်က ဝတ္ထုထဲက မင်းသား ကိုး! ချွီထင်ချွမ်ကမင်းသမီးပေါ့။
သူ အလံစိုက်ပြီးနောက် သူ့ထံသို့ လျှောက်လာနေသော ယွင်ဟွေ့ကျိုးကိုတုန်တုန်ရင်ရင်ဖြင့် လှမ်းကြည့်လိုက်မိသည်။
ဤလူသည် ဝတ္ထုထဲတွင် မင်းသားထက်အသက်ငယ်သော်လည်း သိုင်းပညာမှာ ပိုမိုမြင့်မားသူဖြစ်သည်။
သူသည် မင်းသားကို စင်ပေါ်ကနေကန်ထုတ်ပြီး လူငယ်သိုင်းချန်ပီယံဘွဲ့ကိုရယူခဲ့သော ဇာတ်ပို့တစ်ဦး ဖြစ်သည်။
ဒါပေမဲ့ ဝတ္ထုတစ်အုပ်ထဲမှာ ဇာတ်ပို့တစ်ယောက်က ဘယ်လိုလုပ် မင်းသားထက် ပိုပြီးအစွမ်းထက်နေနိုင်မှာလဲ /
မဖြစ်နိုင်ဘူးလေ။
ထို့ကြောင့် နောက်ပိုင်းတွင် ဤဇာတ်ပို့မှာ ဖြစ်ရပ်တစ်ခုအတွင်း ချုံခိုတိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။
ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် သူ့သိုင်းပညာမှာ ဆုတ်ယုတ်သွားခဲ့ရပြီး ဘယ်သောအခါမှ ပြန်လည်မတိုးတက်နိုင် တော့ပေ။ မင်းသားနှင့် မင်းသမီးတို့ထက်ပင် ပိုမိုထိတ်လန့်စရာကောင်းသော ပါရမီကိုပိုင်ဆိုင်ထားသည့် ဤဇာတ်ပို့သည် ထိပ်တန်းအကျော်အမော်ဖြစ်လာရန် အခွင့်အရေးကို ဘယ်တော့မှထပ်မရနိုင်တော့ပေ။
လျန်လီမှာ ထိုဖြစ်ရပ်က မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း၊ တစ်စုံတစ်ခုကိုလုယူရင်း တိုက်ခိုက်ကြသည့် ဖြစ်ရပ်မှန်း သာသိရှိသည်။
လျန်လီမှာ စိတ်ဓာတ်ကျပြီး လဲကျတော့မည့်အသွင် ပေါက်နေ၏။
မသိတာကမှ ပိုကောင်းဦးမည်၊ အနည်းဆုံးတော့ တည်ငြိမ်စွာရင်ဆိုင်နိုင်သေးသည်။ သို့မဟုတ် ဇာတ်လမ်းတစ်ခုလုံးကို သိနေလျှင်လည်း ကောင်းဦးမည်၊ အနည်းဆုံးတော့ အန္တရာယ်များစွာကိုရှောင်လွှဲနိုင်ပေလိမ့်မည်။