Ch 11
Viewers 888

⌨️  Chapter 11


ရှီမုန့်ချင်းသည် ပျယ်ယွီ အချုပ်အနှောင်မှ လွတ်သွားမည်ကို မစိုးရိမ်သည့်အလား၊ သူမ၏ အာရုံအားလုံးမှာ မိစ္ဆာဘိုးဘေးများ ထားရှိခဲ့သည့် ရတနာများထံ၌သာ ရှိနေလေသည်။ 


သူမသည် ကျောက်တံခါးကို တွန်းဖွင့်ကာ အပြာရောင်အလင်းများနှင့် မြူများပြည့်နေသည့် ဂူအတွင်းသို့ အလျင်အမြန် ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။


ပျယ်ယွီသည် ကျန်းလန်ထံသို့ အပြေးအလွှားသွားကာ၊ သူမ၏ ခါးရှိ ဆေးအိတ်ကို ဖြုတ်၍ သွေးတိတ်ဆေးတစ်လုံးကို တိုက်ကျွေးလိုက်သည်။ သူမသည် ကျန်းလန်ကို မထူကာ ဆေးကုသရန်ပြင်ဆင်လေသည်။ ၎င်းမှာ သူမ၏လက်ရှိကျင့်ကြံမှုဖြင့် ကိုင်တွယ်ရန် မလွယ်ကူသဖြင့် စစ်ကူခေါ်ယူရန်လိုအပ်နေပေပြီ။


ပျယ်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ မှတ်မိသလောက်မူ ရှီမုန့်ချင်းသည် ဇာတ်လိုက်မ အကူအညီဖြင့်မှ ဤလျှို့ဝှက်ခန်း ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မည်သို့ကြောင့် ယခုအချိန်၌ ရှာဖွေတွေ့ရှိသွားရပါသနည်း?


သူမ ရှိနေခြင်းက Butterfly effect များ ဖြစ်ပေါ်စေခဲ့ခြင်းလော? ဤမျှအထိတော့ မဆိုးရွားသင့်ပါချေ။ ရှီမုန့်ချင်းမှာ အလွန်ပင် စိတ်ပုပ်လှသည်။ သူမက ရှီမုန့်ချင်း ခိုးကြောင်ခိုးဝှက်အမူအရာများကို မမြင်ချင်ယောင် ဆောင်ပေးထားပါလျက်နှင့် ယခုမူ သူမကိုပင် လာရောက်အပြစ်တင်နေသလော?


"Host... သတိထား!"


စနစ်က သတိပေးလိုက်သည့် ခဏ၌ပင် ပျယ်ယွီသည် အထက်မှလာသော အန္တရာယ်ကို သတိပြုမိလိုက်သည်။ သူမသည် ကျန်းလန်ကို ပိုက်လျက် အသာအယာ ရှောင်တိမ်းလိုက်လေသည်။ 

အစောပိုင်း သူမ ရပ်နေသည့် နေရာ၌မူ အစိမ်းရောင် အက်ဆစ်ရည်များ ကျဆင်းလာကာ အမြှုပ်များ ထွက်ပေါ်နေလေသည်။


ပျယ်ယွီ မော့ကြည့်လိုက်သည့်အခါ ကျောက်မြွေရုပ်ကြီးမှာ ကျောက်သားအရေခွံများ ကွာကျသွားကာ အနက်ရောင် မြွေဟောက်ကြီးတစ်ကောင် ဖြစ်သွားလေပြီ။ ၎င်းက လျှာကို ထုတ်လိုက်သွင်းလိုက်ဖြင့် ပျယ်ယွီကို ကြည့်နေပြီး၊ ပါးစပ်ဘေးရှိ အက်ဆစ်ရည်များက ယခင်တိုက်ခိုက်မှုကို သက်သေပြနေလေသည်။


မြွေကြီးက ပျယ်ယွီထံသို့ အဆိပ်ရည်များ ထပ်မံပက်ရန် ပြင်ဆင်ပြန်သည်။ ပျယ်ယွီသည် ကျန်းလန်ကို မကာ ထပ်မံရှောင်တိမ်းရ လေသည်။ ဤတစ်ကြိမ်၌မူ မြွေကြီးက အဆိပ်ပက်ရုံသာမကဘဲ ပျယ်ယွီထံသို့ အလျင်အမြန်ပြေးဝင်လာကာ အမြီးဖြင့် ရိုက်နှက်ရန် ကြိုးစားလေသည်။


ပျယ်ယွီသည် မူလကိုယ်ထည်ပိုင်ရှင်က ကိုယ်ကာယလေ့ကျင့်ခန်းများကို လျစ်လျူမရှုခဲ့သည်ကို ကျေးဇူးတင်မိသည်။ ယနေ့သာ အသက်ရှင်ခဲ့လျှင် သူမအနေဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းကို နေ့စဉ်အလုပ်အတွင်း ထည့်သွင်းလိုက်တော့မည်။


ပျယ်ယွီသည် ကျန်းလန်ကို အရိုးစုပုံများကြား၌ ဝှက်ထားလိုက်လေသည်။ ကျန်းလန်နှင့်ဆိုလျှင် မြွေ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ကံကောင်းသည်မှာ မြွေကြီးသည် ဝိညာဉ်စွမ်းအားများ ပြည့်ဝနေသည့် ပျယ်ယွီကို ပိုမိုစိတ်ဝင်စားနေခြင်းဖြစ်သည်။ 


၎င်းက အမြီးကိုဝှေ့ယမ်းကာ နီရဲသောမျက်လုံးများဖြင့် ပျယ်ယွီကို ကြည့်၍၊ အရိုးစုများကို ကြိတ်ခြေကာ ပျယ်ယွီနောက်သို့ လိုက်ပါလာတော့လေသည်။


ဂူအတွင်း၌ ပျယ်ယွီသည် ကီးဘုတ်ကို တင်းတင်းဆုပ်ကိုင်လျက် မြွေကြီး၏တိုက်ခိုက်မှုများနှင့် ရံဖန်ရံခါ ပန်းထုတ်လိုက်သော အဆိပ်ရည်များကို အသည်းအသန် ရှောင်တိမ်းနေရလေသည်။


အကြိမ်ပေါင်းများစွာမှာပင် မြွေကြီး၏ပတ်ခွေခြင်း သို့မဟုတ် အနီးကပ်တိုက်ခိုက်ခြင်းတို့မှ သီသီလေး လွတ်မြောက်ခဲ့ရပြီး၊ တစ်ကြိမ်၌မူ အန္တရာယ်အရှိဆုံး အခြေအနေအဖြစ် မြွေခေါင်းပေါ်မှပင် လျှောကျသွားခဲ့ရသည်။ 


ကံကောင်းသည်မှာ ဂူအတွင်းပိုင်း သည် ကျယ်ဝန်းလှသဖြင့် ပျယ်ယွီအနေဖြင့် လှုပ်ရှားရှောင်တိမ်းရန် နေရာအလုံအလောက် ရှိနေခြင်းပင်။


ဤမြွေကြီးသည် အသိဉာဏ်အချို့ ရှိပုံရသော်လည်း အများကြီးတော့ မဟုတ်ပါချေ။ ၎င်းသည် ပျယ်ယွီလမ်းကို ပိတ်ဆို့ထား ရမည်ကို သိရှိပြီး၊ သူမအား ဂူအတွင်းမှ ထွက်ခွာခွင့်မပေးဘဲ ထွက်ပြေးရန် အခွင့်အရေးလုံးဝမပေးပါပေ။


မြွေကြီးနှင့် ရင်ဆိုင်ရချိန်၌ ပျယ်ယွီသည် တကယ်အကြပ်ရိုက်နေလေသည်။ သူမအနေဖြင့် ဤမြွေကြီးကို ဆဲဆိုနေခြင်းမှာ အသုံးဝင်မည်ဟု မထင်ပါ၊ ၎င်းသည် သူမ ဘာသာစကားကို နားလည်နိုင်စွမ်း ရှိပုံမရပေ။ 


ပျယ်ယွီသည် ဟယ်ရီပေါ်တာ မဟုတ်သကဲ့သို့ မြွေစကားကိုလည်း မပြောတတ်ပါချေ။ ထို့ပြင် ကီးဘုတ်ဖြင့် မြွေကြီးကို လိုက်လံရိုက်နှက်နေခြင်းမှာလည်း အလွန်မိုက်မဲသော လုပ်ရပ်ဖြစ်ပေလိမ့်မည်။


စနစ်သည် ပျယ်ယွီကို တကယ်tထင်ကြီးသွားမိသည်၊ သူမသည် မြွေကြီး၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရင်းနှင့်ပင် အတွေး ပေါင်းစုံကို တွေးတောနိုင်စွမ်းရှိနေသေးသည်။ 


မြွေဆိပ်များ ပျယ်ယွီပခုံးကို ပွတ်တိုက်သွားသည်ကို မြင်ရသည့်အခါ စနစ်မှာ သူမအတွက် စိုးရိမ်တကြီးအော်ဟစ်မိသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ပျယ်ယွီက ရှောင်တိမ်းနိုင်ခဲ့လေသည်။


၎င်းမှာ စနစ်အား သူမအတွက် အော်ဟစ်နေမိသဖြင့် အနည်းငယ် ရယ်စရာကောင်းသော အခြေအနေဖြစ်သွားစေသည်။


"Host... ကျွန်တော် Host ကို ပြောရရင် ခဏလောက် ထပ်တောင့်ခံထားပေးပါဦး၊ ကျွန်တော် အခု ဖိုင်တွေကို Decompress လုပ်ပြီး Update တင်နေပါပြီ”


ပျယ်ယွီသည် တည်ငြိမ်စွာဖြင့် အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်နေလေသည်။ သူမသည် မြွေကြီးအား ကျန်းလန်နှင့် ဝေးရာသို့ တတ်နိုင်သမျှ ဆွဲထုတ်သွားပြီး၊ လင်းယွင်ဂိုဏ်းမှ အကြီးအကဲများနှင့် တောင်ထိပ်သခင်များ သတိပြုမိစေရန် ကျောက်နံရံများကို တမင်တိုက်မိစေလျက် ဆူညံသံများ ထွက်ပေါ်အောင် ပြုလုပ်နေသည်။ 


သူမ မည်သည့်နေရာသို့ ရောက်နေသည်ကို အတိအကျ မသိရသော်လည်း၊ ဤနေရာမှာ လင်းယွင်ဂိုဏ်း၏ နယ်မြေအတွင်း ဖြစ်နေသည်မှာ အသေအချာပင်။ မဟုတ်လျှင် ရှီမုန့်ချင်းသည် လင်းယွင်ဂိုဏ်း၌ ဤမျှကြာအောင် ပုန်းအောင်းနေနိုင်စရာ အကြောင်းမရှိချေ။


ရုတ်တရက် ပျယ်ယွီသည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ မြွေကြီးမှာလည်း အမြီးကို ဝှေ့ယမ်းကာ ခေါင်းကို အမြင့်သို့ မော်လိုက်လေသည်။ ၎င်းက လျှာကို ထုတ်လိုက်သွင်းလိုက်ဖြင့် ငြိမ်သက်သွားသော ပျယ်ယွီကို ချက်ချင်း မတိုက်ခိုက်သေးဘဲ၊ အဘယ်ကြောင့် ရုတ်တရက် ရပ်တန့်သွားရသနည်းဟု စူးစမ်းနေသည့်အလား မျက်လုံးများက တဖျတ်ဖျတ် တောက်ပနေသည်။ ပျယ်ယွီသည် သွားကို တင်းတင်းကြိတ်လိုက်မိသည်၊ ဤကျောက်မြွေကြီးမှာ သူမကို ကစားစရာတစ်ခုလို သဘောထားနေသည်မှာ ထင်ရှားလှသည်။


သူမအနေဖြင့် လောင်းကြေးထပ်ရပေတော့မည်၊ ထို့ကြောင့် မြေပြင်ပေါ်၌ အေးအေးဆေးဆေးပင် ထိုင်ချလိုက်လေသည်။


"အခုတော့ ငါ အနားယူရမယ့် အလှည့်ပဲ” ဟု ပျယ်ယွီက မြွေကြီးကို ပြောလိုက်သည်။


မြွေကြီးမှာ စိုက်ကြည့်နေပြီး ၎င်း၏ မျက်လုံးများအတွင်း သွေးအေးသတ္တဝါဗီဇများပြည့်နှက်နေသည်။ မြွေကြီးက "စကားပြောချင်ရင် မိုက်ခရိုဖုန်း ဖွင့်ပေးပါ" ဟု ပြောနေသည့်အလား။ ၎င်းက စိတ်မရှည်စွာဖြင့် အမြီးကို ဝှေ့ယမ်းကာ ပျယ်ယွီကို လှုပ်ရှားလာစေရန် ဖိအားပေးလေသည်။ 


၎င်း၏ ကြီးမားသော အမြီးမှာ သူမကို ထိလုနီးပါး ဖြစ်သွားပြီး အရိုးစများကို လွင့်စင်သွားစေသော်လည်း၊ ပျယ်ယွီမှာမူ မလှုပ်မယှက် ရှိနေဆဲပင်။ မြွေကြီးက သူမကို မထိဘဲ ခြိမ်းခြောက်သည့်သဘောဖြင့် အမြီးကို ဝှေ့ယမ်းနေသည့်အခါ ပျယ်ယွီ လုံးဝလက်လျှော့လိုက်လေတော့သည်။


မြွေကြီးသည် စကားနားမလည်သော်လည်း အသိဉာဏ်အချို့ ရှိနေသည်မှာ ထင်ရှားသည်၊ ပျယ်ယွီ လုပ်ရပ်များမှတစ်ဆင့် မနှစ်မြို့ဖွယ်ရာ တစ်ခုခုကိုခံစားမိပုံနှယ်။ 


ဥပမာအားဖြင့် ဤပျယ်ယွီဟူသော ပျင်းရိသည့်မြည်းမလေးမှာ လုံးဝလှုပ်ရှားရန် ဆန္ဒမရှိတော့ခြင်းပင်။ မြွေကြီးက မျက်လုံးများကို မှေးလိုက်ပြီး သွေးရောင်လွှမ်းသော ပါးစပ်ကြီးကို ဟလိုက်လေသည်။ 


ပြင်းထန်သော အစိမ်းရောင် အက်ဆစ်ရည်များ ပါးစပ်မှ ကျဆင်းလာကာ ပျယ်ယွီအဝတ်အစားများပေါ်တွင် အပေါက်ကြီး တစ်ခု ဖြစ်သွားစေသည်။ 


ထက်မြက်သော အစွယ်များမှာ မှိန်ဖျော့သော အလင်းအောက်တွင် အေးစက်စက်အရှိန်အဝါဖြင့် တောက်ပ နေပြီး၊ ပျယ်ယွီကို ဦးတည်လျက်အဆိပ်များကိုထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေလေပြီ။


ပျယ်ယွီမှာမူ လိပ်တစ်ကောင်ကဲ့သို့ မလှုပ်မယှက် ရှိနေဆဲပင်။ တိုက်ခိုက်ရန် ပြင်နေသော်လည်း တွေဝေနေသည့် မြွေစွယ်များကို စိုက်ကြည့်ရင်း သူမက နှာခေါင်းရှုံ့လိုက်သည်။


"နင့်ရဲ့ သေနတ်ထဲမှာ ကျည်ဆံမရှိဘူးလို့ ငါ လောင်းကြေးထပ်တယ်လေ”


သူမသည် တကယ့် အရူးတစ်ယောက်ကဲ့သို့ပြုမူနေခြင်းဖြစ်သည်။ ပျယ်ယွီ ငြိမ်နေဆဲဖြစ်သည်ကို မြင်ရသဖြင့် မြွေကြီးမှာ အခက်တွေ့နေရသည်။ ၎င်းသည် နှစ်ပေါင်းတစ်ထောင်နီးပါး သက်ရှိသတ္တဝါတစ်ဦးကိုမျှ မတွေ့ခဲ့ရပါချေ၊ ဂူအတွင်း၌ မိစ္ဆာအရှိန်အဝါများ ဖုံးလွှမ်းနေသဖြင့် မည်သည့်သတ္တဝါမျှ မချဉ်းကပ်ရဲကြပေ။ 


အမိန့်တော်အတိုင်း ၎င်းသည် ဂူ၏ ကျောက်နံရံများကို နေ့စဉ်စိုက်ကြည့်ရင်း မလှုပ်မယှက်နိုင်သော ကျောက်ရုပ်တစ်ခုအဖြစ် ဟန်ဆောင်နေခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ပျင်းရိလာသည့်အချိန်အထိ ကျူးကျော်သူများကိုသတ်မည်မဟုတ်ချေ။ 


သို့သော် ပျယ်ယွီကဲ့သို့ ပျင်းရိသော မြည်းမလေးမှာ မြေပြင်ပေါ်၌ ငြိမ်သက်စွာထိုင်နေခြင်းက ၎င်း ဆန္ဒကို ပြည့်ဝစေရန် ခက်ခဲစေသည်။


ပျယ်ယွီသည် မြေပြင်ပေါ်၌ ထိုင်ရင်း အားပြန်ဖြည့်ရန် အမောတကောရှူနေရလေသည်။ တက္ကသိုလ်ကျောင်းသားများ၏ သဘာဝအတိုင်း အနည်းငယ်ပြေးလိုက်ရုံနှင့်ပင် အားလုံးမှာ ပြိုလဲသွားကြတော့သည်။ သူမသည် နိုင်ငံအနှံ့ရှိ တက္ကသိုလ် ကျောင်းသား ၈၀ ရာခိုင်နှုန်းထက် ပိုကြာအောင် ပြေးနိုင်ခဲ့ပြီဖြစ်ရာ၊ စိတ်ဓာတ်ခွန်အားပေး တက္ကသိုလ်ကျောင်းသားဆုကို ရသင့်လှပေသည်။


 ပျယ်ယွီလက်အင်္ကျီအတွင်း ဖုံးကွယ်ထားသော လက်တစ်ဖက်မှာ ဓားတောင်ထိပ်နှင့် ဆက်သွယ်ရန် အချက်ပြကိရိယာတစ်ခုကို ဖန်တီးနေသည်။ သူမ စစ်ကူခေါ်ရန် လက်မလျှော့သေးပါချေ။


မိနစ်အနည်းငယ်အကြာတွင် ထိုအချက်ပြကိရိယာမှာ ပျယ်ယွီ လက်ထဲမှာတင် ပြာအဖြစ် ပြောင်းလဲသွားလေသည်။ အထွေထွေ စစ်သေနာပတိ မက်အာသာက တစ်ခါကပြောဖူးသည်မှာ Boss Room ထဲမှာ စစ်ကူခေါ်ဖို့ကြိုးစားနေခြင်းမှာ Clash of Clans ဂိမ်းထဲ ရဲတိုင်နေသလိုမျိုးရယ်စရာကောင်းလှသည်ဟု ဆိုသည်။ 


မြွေကြီးမှာ စိတ်ကုန်လုနီးပါးဖြစ်နေသည်ကို မြင်ရသည့်အခါမှသာ ပျယ်ယွီသည် မချိတင်ကဲဖြင့် ထရပ်လိုက်ပြီး အမှတ်အသားအနေဖြင့် ခြေလှမ်းအနည်းငယ်လှမ်းပြကာ ပြန်ထိုင်ချလိုက်လေသည်။


ဤအတိုင်းသာဆိုလျှင် သူမသည် မြွေကြီး၏နှိပ်စက်မှုဖြင့် သေဆုံးရမည် သို့မဟုတ် ရှီမုန့်ချင်းက ရတနာကို ရရှိပြီးနောက်တွင် အသတ်ခံရမည် ဖြစ်သည်။ ထိုအချိန်၌ပင် စနစ်သည် ၎င်း၏ Upgrade လုပ်ငန်းစဉ်ကို အောင်မြင်စွာ အဆုံးသတ်လိုက်လေသည်။


"Host... ကျွန်တော် Host ကို သတင်းကောင်းပေးပါရစေ၊ ကျွန်တော် အခု Plus Version ဖြစ်သွားပါပြီ၊ လုပ်ဆောင်ချက်အသစ်တွေ အများကြီးပါလာပြီနော်!"


"အရမ်းကောင်းတာပဲ၊ Wind Spirit Moon Shadow ရော ပါလာပြီလား?"


"မပါပါဘူးခင်ဗျာ”


"တောက်... ဒါဆို မြွေစကား ဘာသာပြန်စက်ရော?"


"အဲ့ဒီလိုဟာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟာ... တကယ်ကြီး ပါလာတာပဲ” 


စနစ်သည် ပျယ်ယွီထံသို့ မြွေစကား ဘာသာပြန်စက်ကို ချက်ချင်းတပ်ဆင်ပေးလိုက်လေသည်။


ပျယ်ယွီသည် ထူးထူးခြားခြား ဘာမှမခံစားရသော်လည်း၊ သူမ နားထဲတွင် မြွေ၏ ရှူးရှူးရှဲရှဲ အသံများမှာ လူသားဘာသာစကား အဖြစ် ပြောင်းလဲသွားလေတော့သည်။


"ဘာလို့ ငြိမ်နေတာလဲ? ကြွက်ကလေးလို ဟိုဒီပြေးလွှားနေစမ်းပါ”


ပျယ်ယွီက မျက်တောင်ခတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။


"ကျွန်မမှာ လူ့အခွင့်အရေး ရှိတယ်၊ ရှင် ကျွန်မကို လယ်သမားတစ်ယောက်လို အတင်းခိုင်းလို့မရဘူး”


မိစ္ဆာတစ်ကောင်နှင့် လူ့အခွင့်အရေးအကြောင်း ပြောနေခြင်းမှာ ပြက်လုံးတစ်ခုသဖွယ်ပင်။ မြွေကြီးမှာ ပျယ်ယွီ၏ ရုတ်တရက် စကားပြောဆိုလာမှုကြောင့် လန့်သွားပြီး၊ ခေါင်းကြီးကို ဝေ့ယမ်းကာ သူမကို အနီးကပ် စူးစမ်းလေသည်။ ထို့နောက် ၎င်းက ဖြည်းဖြည်းချင်း ထစ်ထစ်ငေါ့ငေါ့ဖြင့်  


"လူ့အခွင့်အရေး? အဲ့ဒါက ဘာလဲ?"


ကျင့်ကြံခြင်းလောကမှာ လူ့အခွင့်အရေးဟူသော အယူအဆရှိစရာ အကြောင်းမရှိပါချေ။ မြွေကြီး၏ ရန်လိုမှု လျော့ကျသွား သည်ကို မြင်ရသဖြင့် ပျယ်ယွီက ၎င်းခေါင်းကို ရင်းနှီးစွာပုတ်လိုက်ပြီး အနားသို့ တိုးလာရန်အချက်ပြလိုက်သည်။ ယခုအခါ သူမသည် တကယ်ပင် မြွေစကားဖြင့် ပြောဆိုနေခြင်းဖြစ်သည်။


"နည်းနည်း ဖယ်ပေးဦး” ဟု ပျယ်ယွီက ဆိုလိုက်သည်။ မြွေကြီး သူမကို စိုက်ကြည့်လိုက်ပြီးမှ မချိတင်ကဲဖြင့် ဖယ်ပေးလေသည်။


"လူ့အခွင့်အရေး ဆိုတာက... ရှင်က ကျွန်မရဲ့ အတွေးတွေကို လေးစားရမယ်၊ ကျွန်မ မလုပ်ချင်တဲ့အရာတွေကို အတင်းခိုင်းလို့ မရဘူး၊ အဲ့ဒါ လူသားတစ်ယောက်အနေနဲ့ ကျွန်မကို လေးစားတာပဲ” ဟု ပျယ်ယွီ အေးအေးဆေးဆေး ရှင်းပြလိုက်သည်။


သူမသည် မြွေကြီးအား "လူ့အခွင့်အရေး" အကြောင်းကို မည်သို့ ရှင်းပြနေသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်၊ သူမ ကိုယ်တိုင်ပင် နားမလည်နိုင်လောက်အောင်ဖြစ်နေရသည်။ မြွေကြီးက နားလည်ကြောင်း ခေါင်းညိတ်ပြပြီးမှ  


"ဒါပေမဲ့ နင်က မိစ္ဆာတစ်ကောင်လေ၊ လူမှ မဟုတ်တာ၊ အဲ့ဒါဆိုရင် မိစ္ဆာအခွင့်အရေးဖြစ်ရမှာပေါ့”


ပျယ်ယွီ ဘာမှပြန်မပြောပါပေ။ သူမ မျှော်လင့်ထားသကဲ့သို့ပင် မြွေကြီး၌အသိဉာဏ်ရှိသော်လည်း အများကြီးမဟုတ်ပါချေ။ ဘာသာပြန်စက်ကြောင့် မြွေကြီးမှာ ပျယ်ယွီအား မိစ္ဆာတစ်ကောင်ဟု မှားယွင်းစွာယုံကြည်သွားပုံရသည်။


"နင့်ဆီမှာ လူသားနံ့တွေ အရမ်းပြင်းနေတယ်၊ ဘာလို့လဲ ?" ဟု မြွေကြီးက ဝေခွဲမရစွာ မေးလိုက်သည်။


"ရှင်...” ပျယ်ယွီက မျက်လုံးကို နှိမ့်ချလိုက်ပြီး ရှုပ်ထွေးသော အမူအရာဖြင့် နာကျင်စွာ အကြည့်လွှဲလိုက်သည်။


 "...ရှင် သိမှာပါ”


"ငါ မသိဘူး”


"ဘာတွေ ဖြစ်ခဲ့တာလဲ?" 


မြွေကြီးက ထပ်မံ မေးမြန်းလေသည်။ ၎င်းသည် လူသားတို့၏ အမူအရာကို နားမလည်သော်လည်း ပျယ်ယွီထံမှ ထွက်ပေါ်နေသော နာကျင်မှုများကိုမူ ခံစားမိနေသည်။