⌨️ Chapter 4
ပျယ်ယွီတွင် တကယ့်ကို ဒေါသထွက်စရာကောင်းသော ပါရမီတချို့ရှိနေသည်။ သူမ ပြောလိုက်သည့် စကားတိုင်းမှာ အကျိုးအ ကြောင်း ခိုင်လုံနေသယောင်ရှိသော်လည်း၊ တစ်ဖက်လူအတွက်မူ အလွန်ဒေါသထွက်စရာ ကောင်းလှသည်။
"ဒါ့အပြင် ကျွန်မ ဘာ 'စည်းကမ်း' ကိုမှ ချိုးဖောက်တယ်လို့ မထင်ဘူးနော်၊ ထမင်းစားတာက စည်းကမ်းဖောက်ဖျက်တာလား?" ဟု ပျယ်ယွီ အေးအေးဆေးဆေးပင် မေးလိုက်သည်။
"ထမင်းစားတာက မေးခွန်းထုတ်စရာ လိုလို့လား?"
ပျယ်ယွီသည် မည်သည့်စည်းကမ်းကိုမျှ အမှန်တကယ် မချိုးဖောက်ခဲ့ပေ။ ရှောက်ကျီရှီးလည်း ၎င်းကို သိပါသည်၊ သူသည် ပျယ်ယွီကို ကြည့်မရဖြစ်နေရုံမျှသာဖြစ်ပြီး သူမသည် အရင်လိုစကားနည်းကာ အနိုင်ကျင့်ရလွယ်သော အမျိုးသမီးတစ်ဦးဟုသာ ထင်မှတ်နေခြင်းဖြစ်သည်။
ရှောက်ကျီရှီး ဒေါသတကြီး ပြန်ပြောလိုက်သည်။
"နင် ငါ့ကို ခွေးလို့ ခေါ်တယ်၊ နင့်ရဲ့ စီနီယာအစ်ကိုကိုခွေးလို့ ခေါ်တာက နင့်ရဲ့ ယဉ်ကျေးမှုလား?"
ပျယ်ယွီ မျက်လုံးလေး အဝိုင်းသားဖြင့် အရှက်ရနေသယောင် ဟန်ဆောင်လိုက်သည်။
"ကျွန်မ မခေါ်ပါဘူး” သူမ ခေါ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဝန်ခံမည်မဟုတ်ပေ။
"ကျွန်မ သက်သေပြနိုင်ပါတယ်” ဟု ကျီလဲ့နှင့် ကျန်းလန်တို့က လက်မြှောက်ကာ ပျယ်ယွီဘက်မှ သဘာဝအတိုင်း ရပ်တည်ပေးလိုက်ကြသည်။
"နင်တို့တွေက တစ်ဖွဲ့တည်းဖြစ်နေတာပဲ!" ဟု ရှောက်ကျီရှီးက ပြောလိုက်သည်။
"ကျွန်တော်လည်း သက်သေပြနိုင်ပါတယ်” ထိုအသံမှာ သူတို့ထဲမှ မည်သူ့အသံမှ မဟုတ်ပါပေ။
ပျယ်ယွီသည် ထိုအသံလာရာသို့ ဗီဇအရလှည့်ကြည့်လိုက်ရာ အပြာရင့်ရောင် ဝတ်စုံဝတ်ထားသော ချောမောသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ခေါက်ယပ်တောင်ကိုခတ်နေပြီး သူ့မျက်ဝန်းများမှာ တောက်ပကာ မျက်နှာထက်အပြုံးတစ်ခု ရှိနေသည်။ သူ့နောက်တွင်တော့ အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ဦးလိုက်ပါလာသည်။
ကြည့်ရတာ သူသည်အပေါ်ထပ်မှဆင်းလာခြင်းဖြစ်ပြီး ဒီပြဇာတ်ကိုမြင်တွေ့ခဲ့ပုံရသည်။
"ဒီမိတ်ဆွေကတော့ ခင်ဗျားကို သေချာပေါက်မစော်ကားခဲ့ပါဘူး” ဟု ထိုချောမောသောလူငယ်က ပြောလိုက်သည်။
ရှောက်ကျီရှီး စိတ်ပျက်လက်ပျက်ဖြင့် "ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ?"
"ဒါ ကျွန်တော့်ညီမလေးနဲ့ ကျွန်တော့်ကြားက ကိစ္စပဲ၊ တခြားသူတွေနဲ့ မဆိုင်ဘူး” ဟု ရှောက်ကျီရှီး ပြောရင်း သူ့ဓားကို ပျယ်ယွီဆီသို့ ချိန်ရွယ်ကာ ဝှေ့ယမ်းပြလိုက်သည်။
ချောမောသောလူငယ်နောက်မှ အမျိုးသားက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ထိုလူငယ် လက်တစ်ဖက်ဖြင့် တားလိုက်သည်။
ထိုလူငယ်က ပခုံးတွန့်ပြကာ ဘာမှဆက်မပြောတော့သလို ထွက်လည်းမသွားပါပေ။ သူသည် ဖြစ်ပျက်သမျှကိုကြည့်ရန်သာ ရည်ရွယ်ထားပုံရသည်။
ပျယ်ယွီကမူ ဟန်ဆောင်ကာနောင်တရသလို သက်ပြင်းချလိုက်သည်။
"အားလုံး မြင်ကြတယ်မလား? သူ အရင်စတာနော်၊ ကျွန်မကတော့ အစကနေ အဆုံးအထိ အရမ်းကိုဖော်ဖော်ရွေရွေရှိခဲ့တာပါ”
ဖော်ရွေတာ ဟုတ်ပါ့မလား? ကြည့်ရတာတော့ ဟုတ်ပုံမရပေ။
ပျယ်ယွီ : "ဒါကြောင့် ကျွန်မရဲ့ ပြန်လည်တုံ့ပြန်မှုကတော့ တရားဝင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်”
ကျီလဲ့နှင့် ကျန်းလန်တို့ ထိတ်လန့်သွားကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ပျယ်ယွီ သူမ၏ ကြောက်မက်ဖွယ် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြီးကို ထပ်ပြီးစတင်တော့မည်မှန်း သိလိုက်ကြသည်။
"ဝိညာဉ်လက်နက်ကိုဖုံးကွယ်ထားတဲ့ ခလုတ်ကလေး၊ နင့်ရဲ့စစ်မှန်တဲ့ စွမ်းအားကိုပြစမ်း! အခု နင့်ရဲ့အရှင်အနေနဲ့ ငါ အမိန့်ပေးတယ်၊ တံဆိပ်ခတ်ထားတာကို ဖွင့်လိုက်စမ်း!"
ပျယ်ယွီ စကားအဆုံးတွင် သူမ လက်ထဲ၌ ဝိညာဉ်စွမ်းအင်များပေါ်ထွက်လာသည်။
ဟိုင်ရွှမ်လုံ စားသောက်ဆိုင်ရှိ ကျင့်ကြံသူအားလုံး ထိုဝိညာဉ်စွမ်းအင်ကိုခံစားလိုက်ရသည်။ ၎င်းမှာ ကိုယ်ပိုင်ဝိညာဉ်လက်နက် သွန်းလုပ်စဉ်က ထွက်ပေါ်လာသော စွမ်းအင်လှိုင်းမျိုး ဖြစ်သည်။
နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ကျင့်ကြံသူများကြားတွင် ဆူညံစွာ ဆွေးနွေးပြောဆိုသံများထွက်ပေါ်လာတော့သည်။
ရှောက်ကျီရှီး မျက်နှာမှာ အလွန်ပျက်ယွင်းသွားသည်။ သူသည် ပျယ်ယွီနှင့် သူ့လက်ထဲရှိ ကီးဘုတ်ကို စေ့စေ့စိုက်ကြည့်နေမိသည်။
ပျယ်ယွီက ဘယ်လိုလုပ် ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့တာလဲ? သူမက အသုံးမကျတဲ့သူ မဟုတ်ဘူးလား?
ကျင့်ကြံသူ အနည်းငယ်သာ ဝိညာဉ်လက်နက်များကိုသွန်းလုပ်နိုင်ကြသည်။ ၎င်းမှာ မွေးရာပါ ထူးခြားသော စွမ်းအားရှိခြင်း၏ သင်္ကေတဖြစ်သည်။ ဝိညာဉ်လက်နက်ရှိသော ကျင့်ကြံသူအရေအတွက်မှာ ဝိညာဉ်အမြစ်တစ်ခုတည်းရှိသော ပါရမီရှင်များထက်ပင် ပိုနည်းပါးလှသည်။
ရှောက်ကျီရှီး ကျင့်ကြံမှုအဆင့်မှာ ပျယ်ယွီထက် မြင့်မားသော်လည်း ပျယ်ယွီ ဝိညာဉ်လက်နက် အကူအညီကြောင့် အခြေအနေမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ပြီဖြစ်သည်။
" စီနီယာအစ်ကိုခွေးလေး... ရှင့်အသက်အရွယ်ကြီးကျမှ ဘယ်လိုလုပ်ထမင်းစားနိုင်နေတာလဲ? ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြီး တိုးတက်အောင်မလုပ်ဘဲ ဟိုင်ရွှမ်လုံမှာလာပြီး ထမင်းစားနေတာလား?" ဟု ပျယ်ယွီ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ရင်း မေးလိုက်သည်။
ဤကဲ့သို့ သက်သောင့်သက်သာရှိလှသော အမူအရာကြောင့်ပင် ရှောက်ကျီရှီးမှာ တိုက်ခိုက်ရန် ဝေခွဲမရဖြစ်နေခြင်းဖြစ်သည်။ ပျယ်ယွီ ဝိညာဉ်လက်နက်မှာ မည်သည့်စွမ်းအားရှိသည်ကို မည်သူမှမသိကြပါပေ။
"ငါ့ကို အဲ့ဒီလိုမခေါ်နဲ့!" ဟု ရှောက်ကျီရှီး ဟိန်းဟောက်လိုက်သည်။
ပျယ်ယွီကမူ မျက်တောင်ခတ်လိုက်ပြီး "ဒါပေမဲ့ စောစောက အဲ့ဒါ ရှင်ပဲဆိုပြီး ရှင်ကိုယ်တိုင် လက်ခံခဲ့တာ မဟုတ်လား”
"ပါးစပ်ပိတ်စမ်း!!" ရှောက်ကျီရှီး သူ့ဓားကို မြှောက်ကာ ပျယ်ယွီကိုခုတ်လိုက်သည်။
ပျယ်ယွီ ဖျတ်ခနဲရှောင်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ရှောက်ကျီရှီး စိတ်တိုကာ တိုက်ခိုက်လာနိုင်သည်ကို သူမ ကြိုတင်ရိပ်မိထားခြင်း ဖြစ်သည်။
ထို့အပြင် ဤကိုယ်ထည်၏မသိစိတ်မှ လှုပ်ရှားမှုများမှာ ပျယ်ယွီ ထင်မှတ်ထားသည်ထက်များစွာ ပိုမိုမြန်ဆန်လှသည်။
အင်တာနက်စွဲနေပြီး လျှပ်စစ်ပစ္စည်းတွေရှေ့မှာပဲ အချိန်ကုန်ဆုံးနေတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ လက်တွေ့ဘဝ တိုက်ခိုက်ရေးမှာ ဒီလောက်အဆင့်မျိုးရှိလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပါပေ။
ရှောက်ကျီရှီးနှင့် ခပ်ခွာခွာနေရာသို့ ရောက်သွားသည့်အခါ၊ ပျယ်ယွီလက်ချောင်းများက ကီးဘုတ်ပေါ်တွင် ရိုက်နှိပ်လိုက်ပြီး သူမ၏ ရက်စက်လှသော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို စတင်လိုက်ပါတော့သည်။
【ရှင်က အေးမြဖို့ကြိုးစားနေတဲ့ ခါးသီးတဲ့ ကြက်ဟင်းခါးသီးလိုပဲ၊ သေသေသပ်သပ်ဝတ်ဆင်ထားပေမဲ့ ကြည့်ရတာတော့ ရယ်စရာကြီးပဲ】
【ရှင့်ခေါင်းက ကိုယ့်ကိုယ်ကိုယ် အရပ်ရှည်တယ်လို့ ထင်အောင်လုပ်ဖို့အတွက်ပဲ ပေါက်လာတာလား?】
ထိုစာကြောင်း နှစ်ကြောင်းမှာ ရှောက်ကျီရှီး မျက်နှာပေါ်သို့ ရိုက်ခတ်သွားသည်။
နောက်ဆက်တွဲ ဖြစ်လာသည်များမှာ အထူးပြောနေစရာမလိုပါပေ၊ ပျယ်ယွီ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုထဲ ကြောက်မက်ဖွယ် အကောင်းဆုံးအချက်မှာ ၎င်း၏ 3D အသံစနစ် မဟုတ်ပါပေ။
ထိုထက် ပိုကြောက်စရာကောင်းသည်မှာ ဤစကားလုံးများသည် ကျင့်ကြံသူ၏စိတ်ဝိညာဉ်စင်္ကြန်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင် ရောက်သွားခြင်းဖြစ်သည်။
စိတ်ဓာတ်ပျော့ညံ့သော ကျင့်ကြံသူများကို စိတ်မိစ္ဆာများက ညှို့ယူဖျက်ဆီးသကဲ့သို့ပင်၊ ပျယ်ယွီ၏စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် ဝိညာဉ်စင်္ကြန်အတွင်း၌ ပရမ်းပတာဖြစ်စေကာ ကျင့်ကြံသူ၏ဝိညာဉ်စွမ်းအားအသုံးပြုမှုကို အနှောင့်အယှက်ဖြစ်စေသည်။
ရှောက်ကျီရှီးသည် ပျယ်ယွီကိုအကြိမ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူ့အတွင်းပိုင်း ဝိညာဉ်စွမ်းအားများကို မစုစည်းနိုင် သဖြင့် လက်လျှော့လိုက်ရတော့သည်။
"နင်! နင်!" သူ ဒေါသတကြီးအော်လိုက်သည်။
"ကျွန်မ ? ကျွန်မက ဘာဖြစ်လို့လဲ? ရှင်ကတော့ ဒီအသက်အရွယ်ကြီးကျမှ အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိနေသေးတာ တောင် တောင်ပေါ်ကဆင်းပြီး ထမင်းလာစားရဲတယ်နော်?" ဟု ပျယ်ယွီ မျက်လုံးလေးကလန်ကလားဖြင့် ပြောလိုက်သည်။
ရှေးခေတ်လူများသည် (၂၁) ရာစု အင်တာနက်အသုံးပြုသူများလောက် လျှာမထက်ရှကြပါပေ။ သူမကမူ စရုံမျှသာ ရှိသေးသော် လည်း ရှောက်ကျီရှီးမှာ စကားပြန်မပြောနိုင်တော့ပေ။
အပြာရောင်ဝတ်စုံနှင့် လူငယ်က ရှောက်ကျီရှီးကိုကြည့်ကာ ဟန်ဆောင်ပန်ဆောင်ဖြင့်ပြောလိုက်သည်။
"မိတ်ဆွေ... ခင်ဗျား တကယ်ပိုပြီး ကြိုးစားကျင့်ကြံသင့်တယ်နော်၊ မဟုတ်ရင်တော့ ခင်ဗျားရဲ့သက်တမ်းက ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ကျန်တော့မှာ”
ရှောက်ကျီရှီးသည် အသက်ကိုခက်ခဲစွာ ရှူနေရသည်၊ ထိုလူငယ်၏လှောင်ပြောင်သော စကားများက သူ့အားချေမှုန်းလိုက်သလိုပင်။
ပျယ်ယွီ ခနဲ့တဲ့တဲ့ အပြုံး၊ ထိုလူငယ်စကားများနှင့် ပတ်ဝန်းကျင်မှ လှောင်ပြောင်သောအကြည့်များ ဤမမြင်ရသော ဖိအားများက ရှောက်ကျီရှီးကို လွှမ်းမိုးသွားပြီး သူသည် ကိုယ့်ကိုယ်ကိုယ် သက်သေပြရန် အသည်းအသန်ကြိုးစားပါတော့သည်။
သူက ဟိန်းဟောက်လိုက်ရာ သူ့ဝိညာဉ်စင်္ကြမါမှာ နောက်ဆုံး၌ ပွင့်သွားပြီး ဝိညာဉ်စွမ်းအားများပြန်လည်စုစည်းလာသည်။
သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် သူ ထုတ်ယူလိုက်သော ဝိညာဉ်စွမ်းအားများသာမက သူ့ဝိညာဉ်စင်္ကြန်အတွင်းရှိ စွမ်းအားများအားလုံးပါ လုံးဝပျောက်ကွယ်သွားပါတော့သည်။
ဝိညာဉ်ဓားမှာ မြေပြင်ပေါ်သို့ကျဆင်းသွားသည်။
ပတ်ဝန်းကျင်မှ အကြည့်များမှာ အံ့ဩခြင်းမှ သနားခြင်းသို့ပြောင်းလဲသွားသည်ကို ရှောက်ကျီရှီး သတိပြုမိလိုက်သည်။
ပျယ်ယွီက အံ့ဩတကြီးဖြင့် မျက်တောင်ခတ်လိုက်သည်။ သူမသည် ရှောက်ကျီရှီး၏ဝိညာဉ်စွမ်းအားအတွင်း၌ မည်သည့် သက်စောင့်အားကိုမျှ မခံစားရတော့ပေ။
မူလပိုင်ရှင်၏အသိဉာဏ်များအရ ရှောက်ကျီရှီး ဝိညာဉ်စင်္ကြန်မှာ ပေါက်ကွဲသွားခဲ့ပြီဖြစ်ရာ သူသည် နောက်ထပ်ကျင့်ကြံနိုင်တော့ မည် မဟုတ်ပေ။
အဆင့်တက်ဖို့က တကယ်ပဲ အဲ့လောက်တောင် လွယ်လား?
ရှောက်ကျီရှီးသည် တစ်ကိုယ်လုံးအားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့လဲကျသွားပြီး သူ့ဦးနှောက်မှာ ဖြစ်ပျက်သမျှကို မခံစားနိုင်တော့ပေ။
မကြာမီမှာပင် စားသောက်ဆိုင်မှဝန်ထမ်းက ရှောက်ကျီရှီးကို အပြင်သို့ဆွဲထုတ်သွားတော့သည်။
ဟိုင်ရွှမ်လုံ စားသောက်ဆိုင်မှာ ပြန်လည်စည်ကားလာသော်လည်း ဘယ်သူမှ ကျယ်ကျယ်လောင်လောင် စကားမပြောရဲကြ တော့ပေ၊ ၎င်းတို့အကြည့်များမှာ ပျယ်ယွီကို ဂရုတစိုက် ရှောင်ရှားနေကြသည်။
နောက်ပြောင်နေတာ မဟုတ်ပါဘူး! ဒီရက်စက်တဲ့ အမျိုးသမီးက တစ်ယောက်ယောက်ရဲ့ဝိညာဉ်စင်္ကြန်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်တာဖြစ်ရာ ဘယ်သူမှ နောက်ထပ်ရှောက်ကျီရှီး မဖြစ်ချင်ကြပါပေ။
"စီနီယာအစ်မပျယ်၊ အစ်မကတော့ တကယ်ကိုမျှော်လင့်ထားတဲ့အတိုင်းပါပဲ” ဟု ကျီလဲ့ တိတ်တဆိတ် ချီးကျူးလိုက်သည်။
နှစ်နာရီမပြည့်မီအချိန်အတွင်းမှာတင် ပျယ်ယွီသည် ထိုင်အန်းတောင်ရှိ အဓိကပြဿနာကြီးနှစ်ခုကို အသေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ဖြစ်ပျက်သမျှကိုကြည့်နေသော အပြာရောင်ဝတ်စုံနှင့် လူငယ်မှာမူ ထိုနေရာမှာပင် ရပ်နေဆဲဖြစ်ပြီး၊ သူ့ယပ်တောင်ကို ပိတ်လိုက်ကာ ပျယ်ယွီအား ထူးဆန်းသောအကြည့်များဖြင့် စိုက်ကြည့်နေသည်။
"မိတ်ဆွေ... စကားအနည်းငယ်လောက် မေးလို့ရမလား?" ဟု ထိုလူငယ်က မေးလိုက်သည်။
ပျယ်ယွီက သူမ လက်ဖက်ရည်ကို သောက်ရင်း ခေါင်းအသာအယာညိတ်ပြလိုက်သည်။ ထိုအမူအရာမှာ စောစောက ဆဲဆိုနေစဉ်က စူးရှပြီး သရော်တတ်သောပုံစံမျိုးနှင့် လုံးဝမတူပါပေ။
ထိုလူငယ် ခဏမျှတိတ်သွားပြီးမှ ပျယ်ယွီက သူ့ကိုဆက်ပြောရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း နားလည်သွားသည်။
"ဂီတကျင့်ကြံသူတွေက သူတို့ရဲ့ဂီတနဲ့ အဖော်တွေကို ခွန်အားပေးတာ ဒါမှမဟုတ် အသံကိုလက်နက်အဖြစ် ပြောင်းလဲတာကိုပဲ ကျွန်တော် မြင်ဖူးတာပါ၊ မိတ်ဆွေက ဘယ်လိုလုပ်ပြီး စာသားတွေကိုပုံဖော်ပြီး အဲ့ဒါကို တိုက်ခိုက်ရေးနည်းလမ်းအဖြစ် သုံးနိုင်တာလဲ?"
"ပထမဆုံးအနေနဲ့ ရှင် စကားပြောတဲ့နေရာမှာ အလွန်အမင်းတိုက်ခိုက်လိုစိတ် ရှိရပါမယ်” ဟု ပျယ်ယွီ ပြောလိုက်သည်။
"ဒါဆို စကားပြောတဲ့နေရာမှာ အဲ့ဒီလိုတိုက်ခိုက်လိုစိတ် ရှိလာအောင် ဘယ်လိုလုပ်ရမလဲ?" ဟု ထိုလူငယ်က ဗဟုသုတ လိုလားသော မျက်ဝန်းများဖြင့် မေးလိုက်သည်။
ပျယ်ယွီ ထိုလူငယ်ကို ဝေခွဲမရစွာဖြင့် ကြည့်လိုက်သည်။ စောစောက ရှောက်ကျီရှီးကို သူ တိုက်ခိုက်လိုက်တဲ့ စကားလုံးတွေက အမြင့်ဆုံးအဆင့်မှာရှိနေတာ မဟုတ်ဘူးလား?
သို့သော် ပျယ်ယွီက နက်နဲသောအမူအရာဖြင့်ပင် ပြောလိုက်သည်။
"ဒီစကားလုံး ရှစ်လုံးကို မှတ်ထားပါ”
"ဘယ်သူမှန်း မသိစေနဲ့၊ အားကြီးသူကို ပိုအားကြီးတဲ့နည်းနဲ့ပြန်တိုက်ပါ"
"ဘယ်သူမှန်း မသိစေနဲ့၊ အားကြီးသူကို ပိုအားကြီးတဲ့နည်းနဲ့ ပြန်တိုက်... ဟုတ်လား? ကျွန်တော် မှတ်ထားပါ့မယ်” ဟု ထိုလူငယ်က ထိုစကားများကို ထပ်ခါတလဲလဲရွတ်ဆိုနေသည်။
ဒါကတော့ ပျယ်ယွီအသုံးပြုတဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တစ်ခုဖြစ်နိုင်သည်၊ ဤစကားလုံး ရှစ်လုံးကို အမှန်တကယ် ကျွမ်းကျင် စေရန်အတွက် ၎င်းအဓိပ္ပာယ်ကို နားလည်ရန်၊ တွေ့ကြုံခံစားရန်နှင့် နောက်ဆုံးတွင် သဘောပေါက်ရန်လိုအပ်သည်။
ထိုလူငယ်က ပျယ်ယွီကို ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မိတ်ဆွေ၊ နှုတ်ဆက်ပါတယ်”
ထိုလူငယ် ထွက်သွားပြီးနောက် ပျယ်ယွီတို့အဖွဲ့သည် ညစာစားပြီး ထိုင်အန်းသို့ ပြန်လာခဲ့ကြသည်။
ထိုင်အန်းသို့ ပြန်ရောက်သည့်အခါတွင်မူ ယခင်က ပျယ်ယွီအပေါ်မကောင်းသောစိတ်ရှိခဲ့ကြသည့် တပည့်များသည် သူမ၏မျက်လုံး ကို မစိုက်ကြည့်ရဲကြတော့ပေ။ သူတို့သည် နောက်ဆုတ်သွားကြပြီး သူမ အမြင်အာရုံထဲတွင် မရှိအောင်အစွမ်းကုန် ကြိုးစားနေကြ သည်။
ပျယ်ယွီ၏ယနေ့စွမ်းဆောင်မှုများမှာ ထိုင်အန်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
စီလုနန်းဆောင်က ချန်ဖုကိုထိုင်အန်းတောင်တစ်ခုလုံးကို ဖြတ်ပြီး ဆွဲသွားစဉ်မှာပင် စိတ်ပိုင်းဆိုင်ရာ အပြင်းအထန်ထိခိုက်စေသော အသံဖြင့် တိုက်ခိုက်မှုကိုအားလုံးကြားခဲ့ကြပြီး ဖြစ်သည်။
ဘယ်သူမှ နောက်ထပ်ပစ်မှတ် မဖြစ်ချင်ကြပါပေ။
သို့သော် ပျယ်ယွီကတော့ ထိုသူများကိုလုံးဝမှတ်မိခြင်း မရှိသလို၊ သူတို့ကိုပြန်လည် တုံ့ပြန်ရန်လည်း စိတ်မဝင်စားပါပေ။
ကျန်းလန်နှင့် ကျီလဲ့ကို နှုတ်ဆက်ပြီးနောက် ပျယ်ယွီသည် သူ့ အခန်းတံခါးကို ပိတ်လိုက်သည်။
သူမ၏တင်းတောင့်နေသော ပခုံးများကို ပွတ်ရင်း ကုတင်ပေါ်သို့ လှဲချလိုက်ရာ ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော စိတ်အနားရမှုကို ခံစားလိုက်ရသည်။
ပျယ်ယွီသည် ကုတင်ပေါ်တွင် လှဲနေရင်း တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေစဉ်မှာပင်၊ စနစ်၏ မျှော်လင့်မထားသော အသံကြောင့် သူမ လန့်နိုးသွားခဲ့ရသည်။
"Host... တစ်စုံတစ်ယောက်က Host ကို စိုက်ကြည့်နေတယ်”
ပျယ်ယွီသည် ထိတ်လန့်တကြား ထိုင်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ စနစ်၏ စကားများက သူမကို လုံးဝဝေခွဲမရဖြစ်စေသည်။
အခန်း၏ပြတင်းပေါက်များကို အပြင်က မမြင်ရအောင် ပိတ်ထားသည်ဖြစ်ရာ အထဲကိုမြင်နိုင်ရန် မဖြစ်နိုင်ပါပေ။
ပျယ်ယွီသည် အခန်းအတွင်းရှိပုန်းနိုင်သော နေရာအားလုံးကို အသည်းအသန်လိုက်စစ်ဆေးကြည့်သည်၊ အမိုးထုတ်တန်းများပေါ် အထိပင် သူမ တက်ကြည့်ခဲ့သေးသည်။
စိတ်ပိုင်းဆိုင်ရာအရဖြစ်နိုင်သော်လည်း၊ ပျယ်ယွီသည် သူမကိုစိုက်ကြည့်နေသည့် မမြင်ရသော အကြည့်တစ်ခုကို အမှန်တကယ်ပင် ခံစားနေရသည်။
"တစ်စုံတစ်ယောက်က Host ကို ကြည့်နေတယ် Host” ဟု စနစ်က သူမ စိတ်ထဲတွင် စက်ရုပ်ဆန်ဆန်အသံကြီးဖြင့် ဆက်လက် သတိပေးနေသဖြင့် သူhကျောရိုးထဲအထိ စိမ့်တက်သွားတော့သည်။
"စနစ်... ကျင့်ကြံသူတွေက အရာဝတ္ထုတွေကိုဖောက်ထွင်းမြင်နိုင်လား?" ဟု ပျယ်ယွီက သူh လက်မောင်းကို ပွတ်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"မမြင်နိုင်ပါဘူး” ဟု စနစ်က ပြန်ဖြေသည်။ ၎င်းမှာပင် ဒီကိစ္စ၏အထူးဆန်းဆုံး အချက်ဖြစ်နေသည်။
ပျယ်ယွီ : "ဒါဆိုရင် ငါ့ရဲ့ စိတ်အာရုံ စမ်းသပ်မှုအတွက် ငါ လျှောက်ထားလိုက်မယ်”
စနစ် : "...?"
"အဲ့ဒီလို အရာမျိုးမရှိပါဘူး” ဟု စနစ်က အားနည်းစွာပြောလိုက်သည်။
"နင်ကတော့ တကယ်ကို အသုံးမကျတာပဲ” ဟု ပျယ်ယွီက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ငါ့ရဲ့ ကီးဘုတ်ကို ငါကိုယ်တိုင် လုပ်ခဲ့ရတယ်၊ စီလုနန်းဆောင်က ငါ့ကို ကူညီခဲ့တယ်၊ ချန်ဖုက ငါ့ကို ဝိညာဉ်ကျောက်တုံးငါးထောင် ပေးခဲ့တယ်၊ ကျိလဲ့နဲ့ကျန်းလန်တို့ကလည်း သူငယ်ချင်းကောင်းတွေပဲ၊ သူတို့အားလုံးက ငါ့အတွက် တစ်နည်းနည်းနဲ့ တန်ဖိုးရှိကြ တယ်” ဟု ပျယ်ယွီက သူမ လက်ချောင်းလေးများဖြင့် ရေတွက်ပြနေသည်။
"နင်ကတော့ ငါ့ကို စိုးရိမ်စိတ်တွေပေးတာနဲ့ ငါ့ဦးနှောက်ရဲ့မှတ်ဉာဏ်တွေကို နေရာယူထားတာကလွဲလို့ တခြား ဘာလုပ်နိုင် သေးလဲ?"
"ကျွန်တော်က ကျင့်ကြံခြင်းလောကက အချက်အလက်တွေကိုခွဲခြမ်းစိတ်ဖြာပြီး အရှင့်အတွက် သတင်းအချက်အလက် ဝန်ဆောင်မှုနဲ့ အကူအညီတွေကိုပေးနိုင်ပါတယ်” ဟု စနစ်က ပြောလိုက်သည်။
စနစ်တစ်ခုအနေနဲ့ သူလုပ်ရမှာက Tasks တွေ ပေးဖို့နဲ့ Host ကိုအန္တရာယ်ကနေ ရှောင်ရှားဖို့သတိပေးရမှာပဲ မဟုတ်လားဟု သူ ဝေဝါးစွာ မှတ်မိနေသည်။
"ဒါဆိုရင် ကျင့်ကြံသူတွေရဲ့မှတ်ဉာဏ်တွေနဲ့ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းအကြောင်း အတွေးအမြင်ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာ တစ်ခု ရေးထားစမ်း၊ စကားလုံးအရေအတွက် သုံးသောင်းထက်မနည်းရဘူး၊ ပြီးတော့ လွန်ခဲ့တဲ့နှစ်ငါးရာအတွင်းက ကိုးကားချက် ဆယ်ခု အနည်းဆုံးပါရမယ်” ဟု ပျယ်ယွီ မျက်လုံးလှန်ပြီး စိန်ခေါ်လိုက်သည်။
ကျင့်ကြံခြင်းကမ္ဘာထဲကို ကူးပြောင်းလာတာက သိပ်ပြီးမဆိုးလှဘူးဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။
မကူးပြောင်းခင်က သူမသည် နောက်ထပ် နှစ်ပတ်အကြာတွင် သူမ၏ဘွဲ့လွန်စာတမ်းကို ကာကွယ်ရတော့မည်ဖြစ်ပြီး၊ ထိုအချိန်အထိ သူမသည် Word document တစ်ခုကိုသာဖန်တီးထားနိုင်သေးပြီး ဘာမှမရေးရသေးဘဲ စာမျက်နှာအလွတ် ကြီးကိုသာ စိုက်ကြည့်နေခဲ့ရခြင်းဖြစ်သည်။
စနစ် တိတ်ဆိတ်သွားတော့သည်။
ပျယ်ယွီ ဆက်ပြောလိုက်သည်။
"မလုပ်နိုင်ဘူးလား? မလုပ်နိုင်ရင် သွားသင်ယူစမ်း! ငါ့ရဲ့ဥယျာဉ်ထဲမှာ အသုံးမကျတဲ့သူတွေကို လက်မခံဘူး”
"...အခုပဲ သွားသင်ယူပါ့မယ်”
ပျယ်ယွီ : ရှင်သန်နေသရွေ့တော့၊ စနစ်ပဲဖြစ်ဖြစ် ငါ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ပြပေးမယ်။
ထို့နောက် ပျယ်ယွီအကြည့်မှာ အခန်းထဲရှိတစ်ခုတည်းသော ပုံရိပ်ပြန်ဟပ်နိုင်သည့် အရာဝတ္ထုဖြစ်သော မှန်ချပ်ဆီသို့ကျရောက် သွားသည်။ လက်ဝါးနှစ်ဖက်စာခန့်ရှိသော ကြေးမုံပြင်ထဲတွင် ပျယ်ယွီပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ပျယ်ယွီက သူမပုံရိပ်ကို စိုက်ကြည့်နေစဉ်မှာပင်၊ မှန်ထဲက လူကလည်း သူမကို ပြန်လည်စိုက်ကြည့်နေသည်။
ပျယ်ယွီ ပြုံးလိုက်ရာ၊ မှန်ထဲက လူလည်း သူမကို ပြန်ပြုံးပြလာသည်။
သို့သော်လည်း မှေးမှိန်နေသောမှန်ချပ်ထဲမြင်နေရသည့် ထိုမြင်ကွင်းမှာ တစ်ခုခုထူးဆန်းနေသလိုပင်။ ဒီမှန်ချပ်က သူ့ကို ချောင်းကြည့်ဖို့အတွက် အသုံးပြုထားတဲ့ဟာများလား?