Ch 3
Viewers 876

⌨️ Chapter 3




သို့သော် ပျယ်ယွီသည် ထိုနောက်လိုက်၏မျက်လုံးကို စိုက်ကြည့်ရုံတင်မကဘဲ ဇာတ်လမ်းကို ပိုယုံကြည်နိုင်လောက်အောင် လုပ်ကြံဖန်တီးလိုက်ပါသေးသည်။


ဥပမာအားဖြင့် ချန်ဖုသည် ပျယ်ယွီအပေါ် ရမက်ဇော်လွှမ်းသောစိတ်များ ကြာမြင့်စွာကတည်းက ရှိနေခဲ့သော်လည်း သူမ၏မိသားစု နောက်ခံကြောင့် လုပ်ဆောင်ရန်ဝန်လေးနေခဲ့ခြင်းဖြစ်သည်။ ပျယ်ယွီသည် သူမ၏မိသားစုနှင့် ဆက်သွယ်မှုမရှိသည်မှာ နီးပါးခြောက်လခန့်ရှိပြီဖြစ်ရာ ချန်ဖုသည် သူမအား မိသားစုကစွန့်ပစ်လိုက်ပြီဟု အထင်မှားကာ ၎င်း၏တိရစ္ဆာန်ဆန်သော အလိုရမ္မက်များကို အကောင်အထည်ဖော်ရန်တွန်းအားဖြစ်စေခဲ့သည်။ ပြန်ပြောင်းပြောပြနေစဉ်မှာပင် နောက်ခံအချက်အလက် များကို သူမကိုယ်တိုင် လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်သည်။


ကျန်းလန်သည် ထိုစကားများကို နားထောင်ရင်းအံ့ဩမှင်သက်သွားသည်။ သူမ ပျယ်ယွီစကားများကြောင့် ကြောက်လန့်သွားပုံရပြီး ၎င်းတို့သည် အမှန်လား၊ အမှားလားဆိုသည်ကို ခွဲခြားရန်ကြိုးစားနေရသည်။


"နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ!" ဟု ထိုနောက်လိုက်က မျက်နှာနီမြန်းလျက် ပြန်လည်တုံ့ပြန်လိုက်သည်။ 


"အဲ့ဒီလိုမျိုး ဘာမှမရှိပါဘူး”


ပျယ်ယွီနှင့်မတူဘဲ သူသည် စကားပြောမကောင်းသဖြင့် အားနည်းသော ငြင်းဆိုမှုများကိုသာပြုလုပ်နိုင်သည်။ အကယ်၍ သူသာ သေသေချာချာ ရှင်းပြမည်ဆိုလျှင် ချန်ဖု၏ ပြောမထွက်နိုင်သော အတိတ်ဆိုးများကိုပါဖော်ပြရပေလိမ့်မည်။


သို့သော် ပျယ်ယွီ၏စကားများက လျိုထျန်လဲ့ကို အခြားတစ်မျိုးတွေးမိစေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် လျိုထျန်လဲ့က ပျယ်ယွီကို ပြောလိုက်သည်။


 "သူတို့ကို ထိုက်တန်တဲ့ အပြစ်ပေးဖို့ စည်းကမ်းထိန်းသိမ်းရေးနန်းဆောင်ကို ခေါ်သွားပါ့မယ်၊ ပြီးတော့ သူတို့တစ်ယောက်ချင်းစီက ညီမလေးကို ဝိညာဉ်ကျောက်တုံး ငါးထောင်စီလျော်ကြေးပေးဖို့လည်း တိုက်တွန်းပေးပါ့မယ် ညီမလေးပျယ်... ဘယ်လိုသဘောရလဲ?"


ပျယ်ယွီ ချက်ချင်းသဘောတူပုံရသည်။


ထို့နောက် လျိုထျန်လဲ့က ချန်ဖု နောက်လိုက်များကို ကြည့်ကာ  "မင်းတို့ကော ဘယ်လိုသဘောရလဲ?"


နောက်လိုက်များသည် ပါးစပ်ဟသွားကြသည်၊ သူတို့မှာ ဝိညာဉ်ကျောက်တုံး ငါးထောင် ဘယ်ကရမှာလဲ? သို့သော် လျိုထျန်လဲ့၏ အဆိုပြုချက်ကို ငြင်းပယ်ရန်မှာလည်း သူတို့အတွက် မလွယ်ကူပါပေ။ သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် လျိုထျန်လဲ့၏ အခြေအနေများကို လက်ခံလိုက်ရုံသာ ရှိတော့သည်။


"ဒါဆို... ချန်ဖုအပေါ်က ကျိန်စာကို ဘယ်လိုဖယ်ရှားရမလဲ?" ဟု လျိုထျန်လဲ့က မေးလိုက်သည်။


ပျယ်ယွီ အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်ပြီးမှ တည်တည်တံ့တံ့ပြောလိုက်သည်။


"ကျွန်မလည်း သေချာမသိဘူး၊ ကျွန်မရဲ့စိတ် ပိုပြီး 'တည်ငြိမ်' သွားတဲ့အခါ အလိုအလျောက်ပျောက်သွားမှာလား မသိဘူးနော်?"


ပျယ်ယွီ ဆိုလိုရင်းကို နားလည်သွားသဖြင့် လျိုထျန်လဲ့ သက်ပြင်းချလိုက်သည်။ 


"ကျွန်တော် အမြန်ဆုံးဖြစ်အောင်လုပ်ပေးပါ့မယ်”


ထို့နောက် လျိုထျန်လဲ့ လက်မြှောက်လိုက်ရာ စည်းကမ်းထိန်းသိမ်းရေးနန်းဆောင်မှ တပည့်များသည် ချန်ဖုနှင့် အခြားသူများကို ခေါ်ဆောင်သွားရန် အမိန့်ရရှိလိုက်သည်။


ချန်ဖု အဝေးသို့ ရောက်သွားသည်အထိ ပတ်ဝန်းကျင်ရှိ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှာ ဆက်ရှိနေဆဲဖြစ်ပြီး ဖြတ်သွားသမျှ တပည့်တိုင်းလိုလို ထိုအသံကိုကြားနေရသည်။ စီလုနန်းဆောင်မှ တပည့်များ အနီးအနားမှာ ရှိနေသေးသဖြင့် ချန်ဖု၏နောက် လိုက်များက သူတို့ကိုခြိမ်းခြောက်လာမည်ကို ထိုင်အန်းတပည့်များက မစိုးရိမ်ကြတော့ပေ၊ ထို့ကြောင့် သူတို့သည် အားရပါးရ ရယ်မောကြပြီး တချို့ကမူ လက်ခုပ်တီးကာအားပေးနေကြသည်။ ချန်ဖုသည် ထိုင်အန်းတောင်တွင် မင်းမူနေသည်မှာ ကြာလှပြီ မဟုတ်ပါလား။


ကျီလဲ့သည် ပျယ်ယွီကို စိုက်ကြည့်နေသည်။ ချန်ဖုသည် သူ့နောက်လိုက်များကို ဦးဆောင်ကာ ပျယ်ယွီ အခန်းဘက်သို့လာနေသည် ကို သတိပြုမိသည်နှင့် သူမသည် စီလုနန်းဆောင်သို့ ချက်ချင်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ပျယ်ယွီ ဤကိစ္စကို သူမဘာသာ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူမ မထင်ထားသဖြင့် အနည်းငယ်အံ့ဩသွားမိသည်။


သူမ မှတ်ဉာဏ်ထဲတွင် ပျယ်ယွီသည် အမြဲတမ်းစကားနည်းကာ အေးစက်နေတတ်ပြီး သူမ အကြည့်များတွင် ဂုဏ်သရေရှိအင်မော် တယ်မိသားစုမှ လာသူပီပီ မာနအရိပ်အယောင်များအမြဲပါရှိတတ်သည်။ သို့သော် ထိုထက်ပိုသည်မှာ သူမ မျိုးရိုးအမည်နှင့် မထိုက် တန်မည်ကို စိုးရိမ်သည့် အားငယ်စိတ်များလည်းရှိနေခြင်းဖြစ်သည်။ အခုလေးတင် စီလုနန်းဆောင်ကိုကိုင်တွယ်ဖြေရှင်းခဲ့သော သူမ၏တည်ငြိမ်ပြီး သက်သောင့်သက်သာရှိသည့် အမူအရာမှာ ယခင်က ပျယ်ယွီနှင့်လုံးဝကွာခြားလို့နေသည်။


ပျယ်ယွီမျက်ဝန်းထဲမှ အားငယ်စိတ်နှင့် မာနတို့မှာ ပျောက်ကွယ်သွားပြီး ပိုထက်မြက်ကာ စူးရှသော အမူအရာဖြင့် အစားထိုးဝင် ရောက်လာသည်။ ကျီလဲ့ နားမလည်သည်မှာ ၎င်းမှာ ကီးဘုတ်တိုက်ခိုက်ရေးသမားတစ်ဦး၏တိုက်ခိုက်လိုစိတ်ပင်။


ကျီလဲ့ကမူ ပျယ်ယွီကိုင်ထားသော ကီးဘုတ်ကို ညွှန်ပြလိုက်သည်။ 


"စီနီယာအစ်မပျယ်၊ ဒါအစ်မရဲ့ ကိုယ်ပိုင်ဝိညာဉ်လက်နက်လား?" ဟု ကျီလဲ့က မနာလိုစိတ် အနည်းငယ်ပါသော မျက်ဝန်းများဖြင့် မေးလိုက်သည်။ ကျင့်ကြံသူတိုင်းမှာ ကိုယ်ပိုင်ဝိညာဉ်လက်နက်ပါမလာသော်လည်း ၎င်းကို ပိုင်ဆိုင်ထားသူများသည် အစွမ်းထက်သူ များဖြစ်လာရန် ကံပါလာသူများဖြစ်ကြသည်။


ပျယ်ယွီ ကီးဘုတ်ကို ထိတွေ့လိုက်သည်။ "ဒါကတော့ ကျွန်မရဲ့ကံပါလာတဲ့ အခြားတစ်ဝက်ပေါ့” ဟု ပျယ်ယွီက စွဲလမ်းလွန်းသော အသံဖြင့် ပြောလိုက်သည်။ အင်တာနက်မရှိသော ကျင့်ကြံခြင်းကမ္ဘာမှာ ရက်စက်လှသော်လည်း သူမ လက်ထဲရှိ ကီးဘုတ်ကသာ နွေးထွေးမှုအနည်းငယ်ကို ထိန်းသိမ်းပေးထားသည်။ ထို့အပြင် ကျင့်ကြံခြင်းကမ္ဘာမှာပင် သူမ ကီးဘုတ်မှာ တိုက်ခိုက်ရေးစွမ်းအား ဘာမှမလျော့သွားပါပေ။ ၎င်းမှာ ပြည့်စုံလွန်းနေသည်။


ကျီလဲ့ နားလည်ပါသည်။ သူမသည် ဤခံစားချက်ကို အနည်းငယ် ခန့်မှန်းနိုင်သည်။ သူမ၏ကိုယ်ပိုင်ဓားသည်လည်း သူမ၏ ကံပါလာသော အခြားတစ်ဝက်ဖြစ်သည်။ သို့သော် ပျယ်ယွီ ဝိညာဉ်လက်နက်ပုံစံမှာ အနည်းငယ်ထူးဆန်းနေသည်။


ကျန်းလန် ရယ်မောလိုက်ပြီး  "နင် မျှော်လင့်နေတဲ့ နက္ခတ်တာရာအရှင်သခင်ဆီကို နောက်တစ်လှမ်းပိုနီးသွားတဲ့အတွက် ညီမလေးအတွက် ငါ ဝမ်းသာပါတယ်နော်”


"တစ်နေ့မှာ အကြီးအကဲတစ်ယောက်က နင်ကို လာခေါ်ပြီး ဂိုဏ်းချုပ်နဲ့တွေ့ဖို့ ချောင်ရီတောင်ကို ခေါ်သွားလိမ့်မယ်လို့ ငါ ခန့်မှန်းလို့ရတယ်” ဟု ကျိလဲ့က စနောက်ကာပြောလိုက်သည်။


"အဲ့ဒီအခါကျရင် နင် ဓားအသိအမှတ်ပြုတောင်ထိပ်ကို သွားဖို့ ရွေးချယ်နိုင်ပြီး နက္ခတ်တာရာအရှင်သခင်နဲ့ တွေ့ဖို့ အချိန်ပိုရမှာပေါ့”


ပျယ်ယွီသည် သူမ၏မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်သော် လည်း မူရင်းဝတ္ထုထဲတွင် သူမက နက္ခတ်တာရာအရှင်သခင်ကို မျှော်လင့်နေသည်ဟူသော အချက်ကို မတွေ့ရပါပေ။ သို့မဟုတ် မူရင်းဝတ္ထုထဲတွင် နက္ခတ်တာရာအရှင်သခင်နှင့် ပတ်သက်သော အချက်အလက်များမှာ အလွန်နည်းပါးလှသည်။ သူ့


 တစ်ခုတည်းသော တရားဝင်ပေါ်ထွက်လာမှုမှာ နောက်ဆုံးတိုက်ပွဲမတိုင်မီ ဇာတ်လိုက်ပျယ်ကျင်းသည် ယန်ထျန်းနန်းဆောင်၏ နေရာဟောင်းသို့သွားရောက်ကာ မိစ္ဆာနှိမ်နင်းရေးဓားကိုတောင်းခံသည့် အချိန်တွင်ဖြစ်သည်။ မူရင်းဝတ္ထုထဲရှိနက္ခတ်တာရာအရှင်သခင်နှင့် ပတ်သက်သောအကြောင်းအရာအများစုမှာ သူ့အား အလွန်လျှို့ ဝှက်နက်နဲသူအဖြစ်သာ ဖော်ပြထားကြသည်။


"စနစ်... နက္ခတ်တာရာအရှင်သခင်အကြောင်း နင် ဘာသိထားလဲ?" ဟု ပျယ်ယွီက သူ့စိတ်ထဲကနေ မေးလိုက်သည်။


"နက္ခတ်တာရာအရှင်သခင်ပျန့်ယင်းက မဟာယာနအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အထက်ဘုံတက်ဖို့ မိုးကြိုးကပ်ဘေးစမ်း သပ်ချက်ပဲ လိုတော့တဲ့သူ၊ ပြီးတော့ မိုးကြိုးစမ်းသပ်မှုမပြုဘဲ ရန်ကျင်းတောင်ထိပ်က ယန်ထျန်းနန်းဆောင်နေရာဟောင်းမှာ အေးအေးဆေးဆေးနေထိုင်နေတယ်”


ပျယ်ယွီသည် သူ့မေးစေ့ကို ပွတ်လိုက်ရင်း တွေးလိုက်သည်။


"ပျန့်ယင်း?"


"ဝါး... သူ့နာမည်က ကြည့်ရတာ လူဆိုးခေါင်းဆောင်ကြီးဖြစ်ဖို့ ကံပါလာတဲ့အတိုင်းပဲ”


စနစ် : "..."


ပျယ်ယွီသည် ဤနက္ခတ်တာရာအရှင်သခင်နှင့် ဝေးဝေးနေရန်ဆုံးဖြတ်လိုက်သည်။ ယခုအခါတွင် သူမသည် အနာဂတ်တွင် မလိုလားအပ်သောပြဿနာများကို ရှောင်ရှားရန်အတွက် နက္ခတ်တာရာအရှင်သခင်နှင့် သူ့ ပတ်သက်မှုများကို လုံးဝအဆက်ဖြတ် လိုသည်။


"ကျွန်မရဲ့ ကိုယ်ပိုင်ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်ခဲ့ကတည်းက” ဟု ပျယ်ယွီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။


"ကျွန်မရဲ့ အတွေးတွေက ပိုပြီးကြည်လင်လာသလို ခံစားရတယ်၊ ကျင့်ကြံသူတစ်ဦးအနေနဲ့ ကျွန်မလက်ထဲက ကီးဘုတ်နဲ့အတူ အမြင့်ဆုံးသော လမ်းစဉ်ကိုလိုက်စားရမှာပေါ့”


"ကျွန်မ အသက်နှစ်ဆယ်အရွယ်ပါရမီရှင် ရက်စက်တဲ့ ကီးဘုတ်ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်တယ်၊ ယောကျ်ားတွေက ကျွန်မရဲ့ ကီးဘုတ်ရိုက်တဲ့အရှိန်ကို နှောင့်နှေးစေရုံပဲ ရှိမှာပါ၊ ဒါကြောင့် ကျွန်မ အချစ်ကို စိတ်ထဲကနေထုတ်ပစ်လိုက်ပြီ”


ပျယ်ယွီ ယုံကြည်ချက်အပြည့်ဖြင့် ပြောအပြီးတွင် ခဏရပ်လိုက်သည်။


 "အရင်က ကျွန်မ နက္ခတ်တာရာအရှင်သခင်အပေါ် ခံစားချက်ရှိခဲ့တာကို ရှင်တို့ပဲ သိကြတာ မဟုတ်လား?"


ကျီလဲ့ စိတ်မကောင်းသော အမူအရာလုပ်လိုက်သည်။ 


"ထိုင်အန်းတစ်ခုလုံး သိကြပါတယ်ရှင်”


ပျယ်ယွီ : "6" (မိုက်လိုက်တာ!)


ကျီလဲ့သည် ရုတ်တရက်စိတ်ဓာတ်ကျသွားသော ပျယ်ယွီကို ကြည့်ကာပြုံးလိုက်မိသည်။ ယခုအခါ ပျယ်ယွီနှင့် ပေါင်းရသင်း ရသည်မှာ တော်တော်လေးအဆင်ပြေသည်ဟု သူမ ခံစားရသည်။ ပျယ်ယွီ ဝိညာဉ်စွမ်းအားက ဘာမှပြောင်းလဲမသွားသည်သာ မဟုတ်လျှင် ပျယ်ယွီမှာ မိစ္ဆာပူးခံထားရသည်ဟု သူမ သံသယဝင်မိလောက်သည်။


"ဒီနေ့ညတော့ ဟိုင်ရွှမ်လုံမှာ ညစာ သွားစားကြရအောင်၊ ငါ ဝယ်ကျွေးပါ့မယ်၊ စီနီယာအစ်မပျယ် ကိုယ်ပိုင်ဝိညာဉ်လက်နက် သွန်းလုပ်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့” ဟု ကျီလဲ့ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။


ဟိုင်ရွှမ်လုံသည် အနီးနားရှိမြို့တွင် အကြီးဆုံးသောစားသောက်ဆိုင်ဖြစ်ပြီး လင်းယွင်ဂိုဏ်းနှင့် အလွန်နီးကပ်သဖြင့် ဂိုဏ်းမှ တပည့်အများစုမှာ ထိုနေရာတွင် စားသောက်ရန်ရွေးချယ်လေ့ရှိကြသည်။


"ဟိုင်ရွှမ်လုံက ဈေးမချိုဘူးနော်” ဟု ကျန်းလန် ပြောလိုက်သည်။


"ငါ့လစဉ်ရတဲ့ ဝိညာဉ်ကျောက်တုံးတွေက ဟိုင်ရွှမ်လုံမှာ ညစာတစ်နပ်စားဖို့အတွက် လုံလောက်ပါတယ်” ဟု ကျီလဲ့က ဆိုသည်။


ကျီလဲ့သည် ကျန်းလန်နှင့် ပျယ်ယွီတို့ကဲ့သို့ သာမန်တပည့်မဟုတ်ပါပေ။ သူမတွင် ပါရမီကောင်းမွန်ပြီး ဂိုဏ်း၏ အတွင်းစည်းတပည့် တစ်ဦး ဖြစ်သဖြင့် လစဉ်ရရှိသော ဝိညာဉ်ကျောက်တုံးပမာဏမှာ သာမန်တပည့်များထက်ပိုများသည်။


ဝိညာဉ်ကျောက်တုံးများအကြောင်း ကြားရသောအခါ ပျယ်ယွီ စနစ်ကို အမြန်မေးလိုက်သည်။


 "စနစ်... ငါ့မှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိလဲ?"


သူမ မကွယ်လွန်မီက သူမ၏ငွေအားလုံးနီးပါးကို ဂိမ်းဝယ်ခြင်း၊ ဂိမ်းထဲတွင် ပစ္စည်းဝယ်ခြင်းနှင့် သီချင်းနားထောင်ခြင်းများတွင် သုံးစွဲခဲ့သည်။ ပျယ်ယွီသည် စားစရာအတွက် ငွေအနည်းငယ်သာသုံးစွဲခဲ့သူဖြစ်သည်။ သူမအတွက် စားစရာဆိုသည်မှာ ကိုယ်ခန္ဓာ လည်ပတ်ရန် လိုအပ်ချက်တစ်ခုမျှသာဖြစ်သည်။


သို့သော် ကျင့်ကြံခြင်းကမ္ဘာမှာတော့ အခြေအနေကမူကွဲပြားသွားပါပြီ။ သူမသည် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ ဂိမ်းဝယ်၍မရသဖြင့် အခြားသူများကို ညစာဝယ်ကျွေးရန်အတွက်သာ သုံးစွဲသင့်သည်။ သူမသည် ဝိညာဉ်လက်နက်ကို သွန်းလုပ်နိုင်ခဲ့သူဖြစ်ရာ ညီမလေးတစ်ယောက်ကို မည်သို့ဝယ်ကျွေးခိုင်းရမည်နည်း?


စနစ် : "အနည်းဆုံး ထောင်ချီလောက်ရှိမှာပေါ့? နင့် သိုလှောင်အိတ်ထဲမှာ ရှိတယ်၊ နင့်ဘာသာ စစ်ကြည့်လိုက်လေ”


ပျယ်ယွီသည် သူ့သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ တဖျတ်ဖျတ်တောက်နေသော ဝိညာဉ်ကျောက်တုံးများဖြင့် ပြည့်နှက်နေ သည်ကို တွေ့လိုက်ရသဖြင့် ၎င်းမှာ များသလား နည်းသလားဆိုသည်ကို ခဏမျှဝေခွဲမရဖြစ်သွားသည်။


သို့သော် ကျီလဲ့သည် ပျယ်ယွီအိတ်ထဲမှ အံ့ဩစရာကောင်းလှသော ဝိညာဉ်ကျောက်တုံးပမာဏကို ချက်ချင်းသတိပြုမိသွားသည်။ 


"ဟုတ်သားပဲ၊ ပျယ်မိသားစုရဲ့ တတိယသခင်မလေးက ဝိညာဉ်ကျောက်တုံးပြတ်လပ်စရာရှိမလား? ဒီလောက် ဝိညာဉ်ကျောက် တုံးတွေ အများကြီးနဲ့ဆိုရင် ဟိုင်ရွှမ်လုံတစ်ခုလုံးကိုတောင် ဝယ်လို့ရနိုင်တာ မဟုတ်လား?"


ပျယ်ယွီက သူ့အမူအရာကို မပျက်စေဘဲ သိုလှောင်အိတ်ကိုပိတ်လိုက်သည်။


ပျယ်ယွီ : "ဒါဆို ဒီညစာကို ငါပဲ ဝယ်ကျွေးပါ့မယ်”


အရမ်းကောင်းတယ်၊ သူမက သူဌေးမလေးတစ်ယောက်ဖြစ်နေတာပဲ။


...


ဟိုင်ရွှမ်လုံစားသောက်ဆိုင်မှာတော့ လူတွေနဲ့ပြည့်နှက်နေသည်။ ဧည့်သည်အများစုမှာ လင်းယွင်ဂိုဏ်းမှ တပည့်များဖြစ်ကြပြီး သူတို့၏သက်ဆိုင်ရာတောင်ထိပ်များမှ ဝတ်စုံများကိုဝတ်ဆင်ထားကြသော်လည်း သူတို့ ကော်လံများတွင် ဂိုဏ်းအမှတ်အသား ဖြစ်သော တိမ်တိုက်ပုံစံ ဒီဇိုင်းများကို တူညီစွာထိုးထားကြသည်။


အပေါ်ထပ်မှ သီးသန့်ခန်းများမှာပြည့်နေသဖြင့် ပျယ်ယွီနှင့် သူ့သူငယ်ချင်းများသည် အောက်ထပ်တွင်သာ ထိုင်စရာနေရာ ရှာလိုက်ကြရသည်။ ပျယ်ယွီသည် ဈေးကြီးသော ဟင်းပွဲအများအပြားကိုမှာယူလိုက်ပြီး ကျိလဲ့နှင့် ကျန်းလန်ကိုလည်း အားမနာဘဲ စားကြရန် သတိပေးလိုက်သည်။


မကြာမီမှာပင် သူတို့စားပွဲပေါ်တွင် မျက်စိပသာဒဖြစ်စေသော စားစရာများဖြင့် ပြည့်နှက်သွားတော့သည်။ လင်းယွင်ဂိုဏ်းမှ တပည့်တစ်ဦး၏အမြင့်ဆုံး လစဉ်ဝိညာဉ်ကျောက်တုံးပမာဏမှာ တစ်ဆယ်ထက်မပိုပါပေ၊ ထိုကျောက်တုံးများကိုလည်း သူတို့၏ ဝိညာဉ်လက်နက်များပြုလုပ်ခြင်းနှင့် ဆေးဝါးများဝယ်ယူခြင်းတို့တွင် သုံးစွဲကြရသည်။


ပျယ်ယွီ တစ်နပ်တည်းတွင် ဝိညာဉ်ကျောက်တုံးဆယ်တုံးကျော် သုံးစွဲလိုက်သည်မှာ တခြားသူများကိုမနာလိုဖြစ်စေသည်။


"ဒါက ညီမလေးပျယ် မဟုတ်လား?" ဟု သာမန်တပည့်ဝတ်စုံ ဝတ်ထားသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက သူတို့ စားပွဲရှေ့မှာရပ်ကာ ပြောလိုက်သည်။ သူသည် ပျယ်ယွီကို အထက်အောက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် ဖုံးကွယ်မရ သော နှိမ်ချမှုနှင့် လှောင်ပြောင်လိုမှုများပြည့်နေသည်။


အရင်က ပေါ့ပါးသွက်လက်နေသော လေထုမှာ ထိုအမျိုးသား၏စကားကြောင့် ခဲသွားပြီး လူအများစုမှာ ပျယ်ယွီတို့ဆီသို့ အာရုံရောက်လာကြသည်။ သူသည် မကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်လာသည်မှာ ထင်ရှားလှသည်။


"နင်က ဘာလို့ အကြီးအကဲ စိတ်ကျေနပ်အောင် သေသေချာချာမကျင့်ကြံတာလဲ? ဒါမှမဟုတ် နင် ပါရမီမရှိဘူးဆိုတာကို နောက်ဆုံးတော့ နားလည်သွားပြီလား?" ဟု ရှောက်ကျီရှီးက သရော်ကာ ပြောလိုက်သည်။ ထိုနေ့က ထိုင်အန်းမှာ ဘာဖြစ်ခဲ့သည်ကို ရှောက်ကျီရှီး မသိသေးသည်မှာ ထင်ရှားပါသည်။


သူသည် ပျယ်ယွီကို ကြည့်မရသဖြင့် ရန်စသောစကားများကို ပြောနေခြင်းဖြစ်သည်။ ပျယ်ယွီသည် ဂုဏ်သရေရှိ အင်မော်တယ် မိသားစုမှမွေးဖွားလာသူဖြစ်ရာ ပါရမီမရှိသော်လည်း သာမန်ကျင့်ကြံသူများတစ်သက်လုံးမရနိုင်သော အရာများကိုခံစားနေရသည်။ ထိုအရာများကို တန်ဖိုးထားမည့်အစား သူမသည် လင်းယွင်ဂိုဏ်းသို့လာကာ သူတို့နှင့်အတူ အရင်းအမြစ်များ လုယူနေခြင်း ဖြစ်သည်။


ကျီလဲ့ မျက်ဝန်းများမှာ အေးစက်သွားသည်။ ရှောက်ကျီရှီးသည် ထိုင်အန်းတောင်၏အညစ်အကြေးတစ်ခုဖြစ်သည်။ သာမန်မျိုးရိုးမှ လာကာ ပါရမီမရှိသော်လည်း သူက ထိုင်အန်းမှာကြာကြာနေခဲ့သူဖြစ်သဖြင့် အခြားတပည့်များကို အမြဲအနိုင်ကျင့်ပြီး နှိမ်ချလေ့ရှိသည်။


ပျယ်ယွီသည် သူ့လက်ထဲရှိ ကျောက်စိမ်းခွက်ကလေးကို အေးအေးဆေးဆေးကစားနေပြီး ဘာမှမသိသလို ဟန်ဆောင်နေသည်။ ထိုနေ့နောက်ပိုင်းတွင် မူလပိုင်ရှင်သည် ထိုင်အန်းတောင်တွင် မည်မျှအထိလူမုန်းများခဲ့သည်ဆိုသည်ကို သူမ အသေအချာ နားလည်သွားခဲ့သည်။


ပျယ်ယွီ၏လျစ်လျူရှုခြင်းကို ခံရသဖြင့် ရှောက်ကျီရှီးသည် ပြောမပြနိုင်သော ဒေါသကိုခံစားလိုက်ရသည်။


"ငါ ပြောတာကို နင် မကြားဘူးလား?"


"တစ်ယောက်ယောက် စကားပြောနေတာလား?" ဟု ပျယ်ယွီက ရှောက်ကျီရှီးကို တမင်လျစ်လျူရှုကာ ဘေးဘီကို ဝေ့ကြည့်လိုက်သည်။


 "ငါကတော့ ခွေးဟောင်သံပဲ ကြားနေရသလိုပဲ”


ပျယ်ယွီ သူ့အား ခွေးဟု ပြောလိုက်ခြင်းဖြစ်သည်။ ၎င်းကို နားလည်သွားသောအခါ ရှောက်ကျီရှီး စားပွဲကို ဝုန်းခနဲ ရိုက်လိုက်ပြီး မျက်နှာနီမြန်းလျက် အံကြိတ်ကာပြောလိုက်သည်။


 "နင်က ငါ့ကို ခွေးလို့ ပြောတာလား?"


"ဘယ်လိုဖြစ်နိုင်မှာလဲ? ကျွန်မ မပြောပါဘူး၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့”


ပျယ်ယွီသည် သုံးကြိမ်ဆက်တိုက် ငြင်းဆိုလိုက်ပြီး အပြစ်ကို ရှောက်ကျီရှီးဆီသို့ ပြန်လွှဲလိုက်သည်။


"အဲ့ဒါကို ရှင်ကိုယ်တိုင် ပြောတာလေ၊ ဒါဆို ရှင်က ဘာတွေ လျှောက်ဟောင်နေတာလဲ?"


ဘေးပတ်ဝန်းကျင်မှ တစ်စုံတစ်ယောက်က မရယ်ဘဲ မနေနိုင်တော့ပေ။ ရှောက်ကျီရှီးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပျယ်ယွီ လှည့်ကွက်ထဲတွင် သူမိသွားပြီမှန်း သိလိုက်သဖြင့် အရှက်ရကာ မျက်နှာတစ်ခုလုံးပူထူသွားသည်။ ဒေါသအရှိန်ဖြင့် သူသည် သူ့ရှည်လျားသော ဓားကိုကျောပေါ်မှ ဆွဲထုတ်လိုက်ပြီး ပျယ်ယွီကိုချိန်ရွယ်လိုက်သည်။


"ညီမလေးပျယ်၊ နင့်ရဲ့ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ အကြီးအကဲကိုယ်စား စည်းကမ်းနဲ့ယဉ်ကျေးမှုဆိုတာ ဘာလဲဆိုတာကို နင် နားလည်သွားအောင် သေသေချာချာသင်ပေးရမယ်”


ပျယ်ယွီ မော့ကြည့်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော လေသံဖြင့် 


"ရှင်က ဘယ်သူမို့လို့လဲ?"


စီနီယာအစ်ကို ဟုတ်လား? အဓိပ္ပာယ်မရှိလိုက်တာ၊ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သိတောင် မသိကြဘူးလေ။