အခန်း (၅၆) -
ငရုတ်ကောင်းဝက်ဗိုက်သားအစပ်ကြော်
“အမေ စိတ်မပူပါနဲ့။
ဟုန်ရှင်းစားသောက်ဆိုင်နဲ့ စီးပွားရေးတွဲမလုပ်ရရင်တောင်မှ သမီး စိတ်ဓာတ်မကျပါဘူး”
ကျီကျောက်က ချိုသာစွာ ပြုံးပြီး နာခံမှုရှိစွာ ရှင်းပြသည်။ “တကယ်တော့ သမီး
အကြီးဆုံးမရီးကို စားသောက်ဆိုင် လက်ထောက်ဆိုင်ရှင်ဆီ ငါးအကြွပ်ကြော်
သွားပို့ခိုင်းရတဲ့ အကြောင်းရင်းက စီးပွားရေးကိစ္စသက်သက်တင် မဟုတ်ဘူး။”
“အကြီးဆုံးအစ်ကိုနဲ့
လက်ထောက်ဆိုင်ရှင်တို့ရဲ့ ဆက်ဆံရေးက အမြဲတမ်းကောင်းတယ်လို့ကြားတယ်။
သူငယ်ချင်းမိတ်ဆွေတွေကြား ဒီလို စားကောင်းသောက်ကောင်းလေးတွေရှိရင် ပို့ပေးတဲ့
အလေ့အထ ရှိတယ် မဟုတ်လား။ နောင်အနာဂတ်မှာ ဒီငါးအကြွပ်ကြော် တစ်ပန်းကန်ကြောင့်
လက်ထောက်ဆိုင်ရှင်က အကြီးဆုံးအစ်ကိုတို့ရဲ့ ဆိုင် စီးပွားရေးကို
ကြည့်ရှုစောင့်ရှောက်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲ့လိုဆိုရင်ပဲ သမီး
စိတ်ကျေနပ်ပါပြီ။”
ကျောက်လန်ဟွာက ကျီကျောက်တစ်ယောက်
ဤမျှ ရေရှည်တွေးတောထားလိမ့်မည်ဟု မမျှော်လင့်ထားဘဲ သူမ ဒါကိုကြားတော့
အားရကျေနပ်သွားသလို ခံစားလိုက်ရသည်။
နာရီဝက်ကြာပြီးနောက် ကျီကျောက်သည်
နှပ်ထားသည့် ဝက်ဗိုက်သားကို တစ်ချက်ကြည့်ကာ ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ဥ
နှစ်လုံး ဖောက်ထည့်ကာ ခလောက်လိုက်သည်။ ထို့နောက် သူမသည် ထိုပန်းကန်လုံးထဲသို့
ဂျုံမှုန့်ထည့်ကာ သမအောင် မွှေလိုက်သည်။
ဒယ်အိုးထဲက ဆီ
ခြောက်ဆယ်ရာခိုင်နှုန်းခန့် ပူလာတဲ့အခါ သူမသည် ထမင်းစားတူတွေကို ကောက်ကိုင်ပြီး
ဝက်ဗိုက်သားတွေကို ဒယ်အိုးထဲ တစ်ခုပြီး တစ်ခု သေချာစီထည့်လိုက်သည်။ ဝက်ဗိုက်သားတွေ
ရွှေညိုရောင်သမ်းလာသည့်အထိ ကြော်ပြီး ဆယ်ထုတ်ခဲ့သည်။
တစ်ခဏတာမျှအချိန်အတွင်း
မီးဖိုချောင် တစ်ခုလုံး သင်းပျံ့ပြီး စပ်သော အနံ့တွေနှင့် ပြည့်နှက်သွားခဲ့သည်။
“အမေ ဒီဟင်းပွဲကို
ငရုတ်ကောင်းဝက်ဗိုက်သားအစပ်ကြော်လို့ခေါ်တယ်။ အမေ မြည်းကြည့်ချင်လား” ကျီကျောက်သည်
အပြုံးဖြင့် ဝက်ဗိုက်သားတစ်ခုကို ကောက်ယူကာ ကျောက်လန်ဟွာရဲ့ ပါးစပ်နား
ခွံကျွေးလိုက်သည်။
“ဒီဝက်ဗိုက်သားကြော်က
အပြင်ပိုင်းမှာ ကြွပ်ရွပြီး အတွင်းပိုင်းမှာ နူးညံ့တယ်” ကျောက်လန်ဟွာက
သဘောတူကြောင်း ခေါင်းညိတ်သည်။ “အရသာရှိလိုက်တာ”
ကျီကျောက်သည်လည်း တစ်ခု
မြည်းကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
တော်ဝင်စားဖိုမှုးမျိုးဆက်မှ
ဆင်းသက်လာသူတစ်ဦးအနေဖြင့် သူမ၏ ဟင်းချက်လက်ရာ ကျွမ်းကျင်မှုသည် ဘယ်သောအခါမှ
တိမ်ကောသွားခြင်း မရှိပေ။
“အမေ အခု ကျွန်မတို့ရဲ့ ကံကို
စမ်းကြည့်ရအောင်” ကျီကျောက်က အရာအာလုံးကို ထုပ်ပိုးပြီး နူးညံ့တဲ့ အပြုံးလေးနဲ့
ပြောလိုက်သည်။ “ဒါတွေအကုန်လုံးကို သမီးတို့ ရောင်းချနိုင်မလား ကြည့်ရအောင်”
“ကောင်းပြီ၊ အခု အပြင်ထွက်ရအောင်”
ကျီကျောက်သည် သူမ ချက်ပြုတ်ထားတဲ့
ငါးအကြွပ်ကြော်နှင့် ငရုတ်ကောင်းဝက်ဗိုက်သားအစပ်ကြော်တို့က ဆယ့်ငါးမိနစ်အတွင်း
အကုန်ရောင်းကုန်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
အဆိုပါ ဝယ်သူမှာ
ဟုန်ရှင်းစားသောက်ဆိုင်၏ လက်ထောက်ဆိုင်ရှင်ဖြစ်ပြီး ငါးအကြွပ်ကြော်ကို
မြည်းစမ်းဖူးသူ ဖြစ်သည်။
လက်ထောက်ဆိုင်ရှင်ယို့သည်
ကျီကျောက်၏ အရသာရှိသော ဟင်းပွဲတွေအတွက် လုံးဝ ချီးကျူးခဲ့သည်။
“မနက်ဖြန်နေ့လည်မတိုင်ခင်
ဒီဟင်းပွဲနှစ်မျိုးကို ဆယ့်ငါးကီလိုဂရမ်စီ စားသောက်ဆိုင်ကို လာပို့ပေးပါ။ ဒါဆို
အဆင်ပြေလား။”
ကျီကျောက်သည် စားပွဲပေါ်ရှိ
ငွေချောင်း နှစ်ချောင်းကို မြင်သောအခါ မှင်သက်သွားသည်။
စုစုပေါင်း ငွေလျန်းနှစ်ဆယ်ရှိ၏။
“ကိစ္စမရှိဘူး” ကျီကျောက်က
အဆင်သင့် သဘောတူလိုက်သည်။
“ဒါနဲ့ စကားမစပ်”
လက်ထောက်ဆိုင်ရှင်ယို့က ခဏလောက် စဉ်းစားပြီး စပ်စပ်စုစု မေးမြန်းသည်။ “မင်း
သားပြွမ်းဟင်းချက်တတ်လား။”
ဟုန်ရှင်းစားသောက်ဆိုင်တွင် မူလက
စားဖိုမှုး ခြောက်ဦးရှိပြီး ၎င်းတို့အနက် တစ်ဦးမှာ သားပြွမ်းဟင်းချက်ပြုတ်သည့်
စားဖိုမှုးဖြစ်သည်။ သို့သော် သားပြွမ်းဟင်း ချက်ပြုတ်သည့် စားဖိုမှုးသည်
အသက်ကြီးလာသည်နှင့်အမျှ ချက်ပြုတ်သည့် ဟင်းပွဲတွေက အရသာ တဖြည်းဖြည်း လေးပင်လာခဲ့သည်။
ထို့ကြောင့် သူသည် အနားယူဖို့ ရည်ရွယ်ထားသောကြောင့် လက်ထောက်ဆိုင်ရှင်
သားပြွမ်းဟင်း ချက်ပြုတ်တတ်သော စားဖိုမှုးတွေကို အမြဲ ရှာဖွေနေခဲ့သည်။
မူလက လက်ထောက်ဆိုင်ရှင်ယို့သည်
ဒီအတိုင်း မေးမြန်းလိုက်တာ ဖြစ်သည်။ သို့ရာတွင် ကျီကျောက်က သားပြွမ်းဟင်းကို
အမှန်တကယ် ချက်ပြုတ်တတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ငါတို့ဟုန်ရှင်းစားသောက်ဆိုင်ရဲ့
သားပြွမ်းဟင်းစားဖိုမှုးက လစာကောင်းတယ်။ လတိုင်း ငွေ ခြောက်လျန်း ရတယ်။ နှစ်တိုင်း
ပွဲတော်ရက်တွေ လက်ဆောင်အမျိုးမျိုးရတယ်။ မင်း စားဖိုမှုးလာလုပ်ချင်လား”
လက်ထောက်ဆိုင်ရှင်ယို့က အပြုံးဖြင့် ဖိတ်ခေါ်ခဲ့သည်။
“ကျွန်မ ဒီကိစ္စကို
ကျွန်မခင်ပွန်းနဲ့ တိုင်ပင်ရဦးမယ်” ကျီကျောက် သက်ဝင်တက်ကြွစွာ ပြုံးရင်း
ပြောလိုက်သည်။
“ကောင်းပြီ၊ တကယ်လို့
နင်ဆန္ဒရှိတယ်ဆိုရင် ငါ့ကို လာတွေ့ချေ။”
အခု လက်ထောက်ဆိုင်ရှင်ယို့သည်
ကျီကျောက်၏ ဟင်းချက်လက်ရာကို လုံးဝ သဘောကျနေခဲ့သည်။
သူမတို့၏ မိသားစုတွေချည်း
အစာသွပ်မုန့်ဆိုင်မှာ ကျန်နေခဲ့မှသာ ကျီကျောက်သည် ပိုက်ဆံအားလုံးကို
ကျောက်လန်ဟွာရဲ့ လက်ထဲကို အမြန်အပ်လိုက်သည်။
“နင် ဘာလုပ်တာလဲ” ကျောက်လန်ဟွာက
စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်လိုက်သည်။
“အမေ
ဒီငွေတွေကို သိမ်းပေးထားပါ” ကျီကျောက်၏ မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်ခု
ပေါ်လာပြီး “အမေက ဒါတွေကို ကူညီပြီး ခွဲဝေပေးနိုင်မလား” ဟု ပြောလိုက်သည်။