အခန်း (၅၅) – အတော်လေး ခက်ခဲသည်
ကျီကျောက်၏
မျက်နှာသည် တောက်ပသော အပြုံးဖြင့် ပြည့်နှက်နေပြီး နူးညံ့သော လေသံဖြင့်
ရှင်းပြသည်၊ “တကယ်တော့ ငါးအကြွပ်ကြော်ကို ချက်ပြုတ်ရတာ မခက်ပါဘူး။ အရေးကြီးဆုံးက
မီးကို ထိန်းညှိတတ်အောင် သင်ယူဖို့ပဲ။ တကယ်လို့ မီးအား အရမ်းနည်းရင်
ငါးအသေးလေးတွေကို ကျက်အောင် ချက်ပြုတ်ဖို့ မလွယ်ဘူး။ မီးအား အရမ်းပြင်းရင်လည်း
ငါးအသေးလေးတွေ မီးကျွမ်းသွားလိမ့်မယ်။”
“အဲ့တာကြောင့် အကောင်းဆုံးနည်းက
အိုးထဲမှာ ဆီကို အရင်ဆုံး အပူပေးပြီး မီးအပူချိန်ကို အနိမ့်ဆုံးအထိ
လျှော့ချလိုက်ပါ။ ဒီအတောအတွင်း ညီမတို့က ငါးကို အသင့်ပြင်ထားတဲ့ မုန့်နှစ်ထဲ
နှစ်ပြီး ပြန်ဆယ်ထားပါ။ ပြီးတော့ အိုးထဲက ဆီတွေ နွေးလာတဲ့အချိန်ကျရင် ညီမတို့
ငါးတွေကို စကြော်လို့ ရပြီ။”
ကျီကျောက်က ငါးအသေးလေးတွေကို
ကြော်ရင်း ရှင်းပြသည်။
သူမ၏ လက်တွေက အလွန်လျင်မြန်စွာ
လှုပ်ရှားသွားကာ ခဏအတွင်းမှာပင် ရွှေအိုရောင် ငါးအကြွပ်ကြော် ဇလုံကြီး တစ်လုံးစာ
ကြော်ပြီးခဲ့ပြီ ဖြစ်သည်။
“အကြီးဆုံးမရီး ငါးကြော်ကို
စမ်းစားကြည့်ချင်လား။”
အကြီးဆုံးမရီးရှန်းသည်
ငါးအကြွပ်ကြော် တစ်ဖဲ့ကို မြည်းစမ်းကြည့်ရန် မစောင့်နိုင်တော့ပေ။
မြည်းစမ်းကြည့်ပြီးနောက် သူမ၏ မျက်လုံးများ အရောင်လင်းလက်တောက်ပသွားခဲ့သည်။
“ဒါက တကယ် အရသာရှိတယ်။”
“အကြီးဆုံးမရီး ကြိုက်တယ်ဆိုရင်
များများစားလေ” ကျီကျောက်က အပြစ်ကင်းစင်စွာ ပြုံးပြီး နာခံမှုရှိစွာ ပြောလိုက်သည်၊
“အကြီးဆုံးမရီး ညီမ အစောပိုင်းက ကြိုတင်ဝယ်ယူခိုင်းထားတဲ့ အသားတွေကို အစ်မ
ဝယ်ထားလား မသိဘူး။”
“ငါ ဝယ်ထားတယ်”
အကြီးဆုံးမရီးရှန်းက ချိတ်အသေးလေးကို လျင်မြန်စွာ ယူကာ ရက်မပေါ်တွင်
ချိတ်ဆွဲထားသော ဝါးခြင်းတောင်းကို အောက်ချလိုက်သည်။ သူမသည် ဝါးခြင်းတောင်းထဲမှ
အပြာရင့်ရောင် အဝတ်စဖြင့် ထုပ်ပိုးထားသော အထုတ်လေးအား ဖြည်ကာ အထဲမှ လတ်ဆတ်ပြီး
အရည်အသွေးမြင့် ဝက်ဗိုက်သားကို ထုတ်ယူလိုက်သည်။ “အာ့ထောင် တစ်ချက်ကြည့်ကြည့်ဦး။
ဒီဝက်ဗိုက်သားက ဘယ်လိုနေလဲ။”
“ဒါက အရမ်းလတ်ဆတ်တာပဲ။” ကျီကျောက်က
ဒီဝက်ဗိုက်သားရဲ့ အရည်အသွေးက အရမ်းကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
မျှော်လင့်ထားတဲ့အတိုင်း
ညစ်ညမ်းမှုကင်းစင်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးက သေချာပေါက် စိတ်ပျက်စေမှာ
မဟုတ်ဘူး။
“ဒါပေမယ့် အာ့ထောင် အရသာရှိတာ
တစ်ခုခုကို ချက်ပြုတ်ဖို့အတွက် နင် ငါ့ကို ဝက်ဗိုက်သား ဝယ်ခိုင်းခဲ့တာလား။”
အကြီးဆုံးမရီးက စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
“ဟုတ်တယ်” ကျီကျောက်က
ခေါင်းညိတ်လိုက်ပြီး ဝက်ဗိုက်သားများကို စတင်ကိုင်တွယ်ခဲ့သည်။
ကျီကျောက်သည် ဝက်ဗိုက်သားကို
လွှာပြီး ဝက်သားကို အထူ စင်တီမီတာဝက်ခန့် အပိုင်းလေးများဖြစ်အောင် လှီးဖြတ်ခဲ့သည်။
ထို့နောက် သူမသည် ငရုတ်ကောင်းများကို အနံ့မွှေးလာသည်အထိ အိုးတစ်လုံးထဲတွင် ထည့်၍
လှော်လိုက်သည်။ ငရုတ်ကောင်းများ အနံ့မွှေးလာသောအခါ အိုးထဲမှ ဖယ်ထုတ်လိုက်ပြီး
အေးသွားသည့်အထိ စောင့်ကာ အမှုန့်ကြိတ်လိုက်သည်။
ကျီကျောက်သည် လှီးဖြတ်ထားသော
ဝက်ဗိုက်သားများကို ဇလုံတစ်လုံးထဲသို့ ထည့်ပြီး ငရုတ်ကောင်းမှုန့်၊ သကြား၊ ဆား၊
ဟင်းချက်ဝိုင်နှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ကာ နှံ့စပ်စွာ နယ်လိုက်သည်။
“ဒါကို မချက်ပြုတ်ခင် နာရီဝက်လောက်
နှပ်ထားရမယ်” ကျီကျောက်က ပြုံးပြီး အကြီးဆုံးမရီးကို လှည့်ကြည့်ကာ တိုးတိုးလေး
ပြောလိုက်သည်။ “အကြီးဆုံးမရီး ညီမကို အကူအညီ တစ်ခုလောက် ပေးနိုင်မလား။”
“ပြောလေ။”
“ဒီငါးအကြွပ်ကြော်ပန်းကန်ကို
ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ လက်ထောက်ဆိုင်ရှင်ဆီ ပို့ပေးလို့ ရမလား။” ကျီကျောက်သည်
ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ လက်ထောက်ဆိုင်ရှင် ကျင်းကျီယွီခွိုက်ဟင်းပွဲကို
ကူညီချက်ပြုတ်ပေးခဲ့ဖူးသည်။ သူ့ရဲ့ အရေးတကြီး ပြဿနာကို ကူညီဖြေရှင်းပေးခဲ့သည်ဟု
ဆိုနိုင်ပါသည်။ ထို့ကြောင့် လက်ထောက်ဆိုင်ရှင်သည် သူမအပေါ်တွင် ကောင်းမွန်သော
အထင်အမြင်တစ်ခုကို ချန်ရစ်ခဲ့သည်။
သစ်ပင်ကြီးတစ်ပင်ကို
မှီခိုခြင်းသည် အရိပ်ကိုခံစားရန် ကောင်းသောနည်းလမ်းဖြစ်သည်ဟု ဆိုရိုးရှိသည်။
ကျီကျောက်သည် ဟုန်ရှင်းစားသောက်ဆိုင်ဟူသော သစ်ပင်ကြီးအား မှီခိုအားကိုးချင်သည်။
“သေချာပေါက် ပြဿနာမရှိဘူး”
အကြီးဆုံးမရီးရှန်းက အားတက်သရော ခေါင်းညိတ်သည်။ “ငါ အခုချက်ချင်း နင့်ခဲအိုနဲ့
စားသောက်ဆိုင်ကို သွားလိုက်မယ်။”
“ကျေးဇူးပါ အကြီးဆုံးမရီး”
“ငါတို့က မိသားစုတွေပဲ၊
ကျေးဇူးစကားပြောဖို့ မလိုပါဘူးဟယ်” အကြီးဆုံးမရီးရှန်းက မသိလိုက်ဘဲ ပြုံးမိသည်။
သူမသည် လတ်လတ်ဆတ်ဆတ် ကြော်ထားသော ငါးအကြွပ်ကြော်ကို ရိက္ခာပုံးထဲသို့ ထည့်ကာ
တံခါးမှ အလျင်စလို ထွက်သွားခဲ့သည်။
မီးဖိုထဲသို့ ထင်းထည့်နေသော
ကျောက်လန်ဟွာက ရုတ်တရက် မေးမြန်းလာခဲ့သည်။ “အာ့ထောင် နင်
ဟုန်ရှင်းစားသောက်ဆိုင်နဲ့ ပူးပေါင်းဖို့ စီစဉ်ထားတာလား။”
“အမေ” ကျီကျောက်က ပြုံးပြီး
နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်။ “အမေ သဘောမတူဘဲ မနေဘူးမလား။”
ကျောက်လန်ဟွာက အဲ့တာကို သေသေချာချာ
တွေးပြီး ရိုးသားတဲ့အကြည့်နဲ့ ပြောလိုက်သည်။ “နင့်စီးပွားရေးကိစ္စတွေကို
ငါ့ခွင့်ပြုချက်ယူဖို့ မလိုပါဘူး၊ ဒါပေမယ့် နင် အစစ အရာရာ အဆင်ပြေဖို့ကိုတော့
ငါမျှော်လင့်တယ်။ နင့်ရဲ့ ဟင်းချက်လက်ရာ အရမ်းကောင်းတယ်ဆိုတာ အမေသိတယ်၊ နင့်ဟင်းပွဲတွေက
အထူးတလည် အရသာရှိတယ်။ သို့ပေမယ့် နင့် ဟုန်ရှင်းစားသောက်ဆိုင်နဲ့ စီပွားရေး
တွဲမလုပ်နိုင်ဘူးဆိုရင်တောင် နင် စိတ်ဓာတ်မကျဖို့ ငါမျှော်လင့်တယ်။”
အဆုံး၌
ဟုန်ရှင်းစားသောက်ဆိုင်သည် တင်းယွမ်ခရိုင်၏ ရာစုနှစ် တစ်ခုကျော်
သက်တမ်းရှိ အမှတ်သညာတစ်ခုဖြစ်ပြီး သူတို့နှင့် စီးပွားရေးတွဲလုပ်ဖို့ မလွယ်ကူပေ။