Ch 29
Viewers 13k

အခန်း (၂၉) ရှင် ကျွန်မကို ရွံရှာသွားအောင် လုပ်နေတာတွေကို ရပ်ပေးနိုင်မလား

 

“ဒါတွေက ငါလုပ်ထားတဲ့ ဖက်ထုပ်တွေ မဟုတ်ဘူး” ကျောက်လန်ဟွာက ဖက်ထုပ်တစ်ခုကို မြည်းကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်၊ “ဒီနေ့ ငါတို့ စားနေတဲ့ ဖက်ထုပ်တွေကို အာ့ထောင်က လုပ်ပေးထားတာလေ။ ငါက မီးကူထိုးပေးရုံပဲ။”

 

လူတိုင်း ကျီကျောက်ကို စိတ်ကျေနပ်သောအကြည့်ဖြင့် ကြည့်နေကြသည်။

 

အဆုံးမှာတော့ လူတိုင်း ဖက်ထုပ်တွေ စားသောက်ပြီးတော့ စိတ်ကျေနပ်မှုတွေ ရရှိခဲ့ကြသည်။

 

“တတိယခယ်မ၊ မင်း ဘယ်သွားမလို့လဲ” ခြံဝင်းထဲမှာ ဒုတိယမရီးရှန်းနှင့်အတူ လရောင်ကြည့်နေသော ရှန်းအာ့လန်သည် ကျီကျောက်ရဲ့ နောက်ကျောကို မတော်တဆ လှမ်းမြင်ပြီး ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

 

အာ့…

 

ကျီကျောက် ပြန်မဖြေခင်မှာပင် ဒုတိယမရီးရှန်းက သူ့လက်မောင်းကို ကြမ်းတမ်းစွာ ဆိတ်ဆွဲလိုက်ပြီး သတိပေးတဲ့အကြည့်တွေဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

 

“မိန်းမ၊ ဘာဖြစ်လို့လဲ။ မင်းမျက်လုံးတွေ အဆင်မပြေလို့လား” ရှန်းကျန်းသည် စိတ်ပူပင်စွာ မေးမြန်းလိုက်သည်၊ “လာပါဦး၊ ကိုယ် မင်းမျက်လုံးတွေကို မှုတ်ပေးပါရစေ”

 

“သွားရအောင်၊ အခန်းထဲ ပြန်သွားကြရအောင်” ဒုတိယမရီးရှန်းက ရှန်းကျန်းကို အခန်းထဲ ပြန်ဆွဲခေါ်သွားခဲ့သည်။

 

ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး နောက်သို့ ပြန်လှည့်ကာ ရှန်းမိသားစုအိမ်တံခါးမှ ထွက်ခွာလာခဲ့သည်။

 

ရှန်းယောင်သည် သူမနောက်သို့ အလျင်အမြန် လိုက်ပါလာခဲ့သည်။

 

နွေရာသီညများတွင် ပုစဉ်းလေးတွေက အဆက်အပြတ် တေးသီနေကြသည်။

 

အေးမြသော လေနုအေးများသည် နေ့ခင်းဘက်တွင် ကျန်ခဲ့သော ပူနွေးသည့် အငွေ့အသက်များကို လွင့်စင်သွားစေသည်။

 

ကျီကျောက်သည် စိတ်ကျေနပ်စွာ မျက်လုံးမှိတ်ပြီး သူမ၏ မျက်နှာပေါ် တိုက်ခတ်လာသော ညလေညင်း၏ အရသာကို ခံစားလိုက်သည်။

 

ရုတ်တရက် တစ်စုံတစ်ယောက် ပေါ်လာပြီး သူမကို ရပ်တန့်သွားစေသည့်အထိပင်။

 

“အာ့ထောင်” ကျောက်ရှန်းသည် သူမကို ချစ်ခင်မြတ်နိုးစွာ အော်ခေါ်လိုက်သည်။ ကျောက်ရှန်းသည် ကျီကျောက်ကို အပြစ်ကင်းပြီး သနားစရာကောင်းတဲ့ အမူအရာနဲ့ ကြည့်နေခဲ့သည်။

 

ကျီကျောက်သည် သူ့အကြည့်တွေအောက်မှာ အလွန်အမင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။ အလွန်အမင်း စိတ်မသက်မသာဖြစ်ရလွန်းလို့ ကြက်သီးမွှေးညင်းတွေတောင် ထလာသလိုပင်။

 

“ရှင် ဒီကိုလာတာ ပိုက်ဆံပြန်ဆပ်ဖို့လား” ကျီကျောက်သည် အမူအရာကင်းမဲ့စွာ လက်ဖဝါးဖြန့်ပြီး ပြောလိုက်သည်။

 

ကျောက်ရှန်းက ကိုးရိုးကားရား ပြုံးပြလိုက်သည်။ ထို့နောက် သူက သူမအနီးသို့ ရုတ်တရက် ချဉ်းကပ်ကာ သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး သူ့ရင်ဘတ်ပေါ် တင်လိုက်သည်၊ “ညီမအာ့ထောင် ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့၊ ဟုတ်ပြီလား။ မင်း ငါ့ကို စိတ်ဆိုးနေသေးတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အဲဒီနေ့က ငါ တမင်သက်သက် မပေါ်လာခဲ့တာ မဟုတ်ပါဘူး။ ဒီတစ်ခါလောက် မင်းရဲ့ အစ်ကိုရှန်းကို ခွင့်လွှတ်ပေးနိုင်မလား။”

 

ရွံရှာနေသော ကျီကျောက်သည် သူမ၏ လက်ကို ဆွဲထုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

 

“ကျောက်ရှန်း ရှင် ကျွန်မကို ရွံရှာသွားအောင် လုပ်နေတာတွေကို ရပ်ပေးနိုင်မလား။”

 

“ညီမအာ့ထောင် ငါ အခု မင်းကို ခေါ်သွားမယ်လေ။ ငါတို့တွေ ဒီကနေ ထွက်သွားပြီး ငါတို့ကို ဘယ်သူမှ မသိတဲ့ တစ်နေရာမှာ ဘဝကို အသစ်ပြန်စကြရအောင်လေ၊ ဟုတ်ပြီလား” ကျောက်ရှန်းက သူမဆီ ထပ်မံ ချဉ်းကပ်လာပြီး သူမ၏ လက်မောင်းကို အတင်းဆွဲလိုက်သည်၊ “ညီမအာ့ထောင်၊ မင်း ငါ့ကို နာကြည်းနေသေးတယ်ဆိုတာ ငါသိပါတယ်။ အဲ့တာ အဆင်ပြေပါတယ်။ ငါ မင်းကို အခုပဲ အဝေးကို ခေါ်သွားပေးမယ်…”

 

“ရှင် ကျွန်မကို လွှတ်” ကျီကျောက်သည် ဒေါသတကြီး ရုန်းကန်ရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကျောက်ရှန်းသည် သန်မာလွန်းလှသည်။

 

သူမသည် ဒေါသတကြီး ရှေ့သို့ တိုးသွားပြီး သူ့လက်မောင်းကို ပြင်းထန်စွာ ကိုက်ပစ်လိုက်သည်။

 

အား…

 

ကျောက်ရှန်းသည် နာကျင်စွာ အော်ဟစ်ပြီး သူမကို ပြင်းပြင်းထန်ထန် ဆွဲခါလိုက်သည်။

 

“ကျီအာ့ထောင်၊ ငါ မင်းကို မျက်နှာသာပေးနေတာကို မင်းက မလိုချင်ဘူးပေါ့လေ” ကျောက်ရှန်း၏ အကြည့်တွေက ဒေါသတကြီး မုန်ယိုနေခဲ့သည်။ ကျောက်ရှန်းက ခြေထောက်မြှောက်ပြီး ကျီကျောက်၏ ဝမ်းဗိုက်ကို ကန်ထုတ်ဖို့ ပြင်လိုက်သည်။

 

ဘမ်း…

 

ထိုအခိုက်အတန့်တွင် ရှန်းယောင်သည် ရုတ်တရက် ပေါ်လာခဲ့ပြီး ကန်ကျောက်တော့မည့် ကျောက်ရှန်းကို တိုက်ခိုက်ခဲ့သည်။

 

“မင်း နံစော်နေတဲ့ ဒုက္ခိတ၊ မင်း ငါ့ကို ဘယ်လိုကန်ရဲတာလဲ” ကျောက်ရှန်းက လုံးဝ ဒေါသထွက်သွားခဲ့သည်။ သူ့မျက်ဝန်းထောင့်ကနေ မြေပြင်ပေါ် ကျနေတဲ့ သစ်ကိုင်းထူထူတုတ်တုတ် တစ်ခုကို လှမ်းမြင်လိုက်သည်။ သူက ထိုသစ်ကိုင်းကို ကောက်ယူရန် ရှေ့သို့ တိုးလိုက်သည်။

 

သူတို့နှစ်ယောက် စတင်တိုက်ခိုက်ကြသည်နှင့် ကျောက်ရှန်းသည် တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။

 

ရှန်းယောင်က သူ့ကို အေးစက်စွာ ကြည့်ပြီး ခြေထောက်မြှောက်ကာ သူ့ရင်ဘတ်ကို ကန်လိုက်ပြန်သည်။

 

“ခွေးကောင် ဒုက္ခိတ၊ မင်း စောင့်နေစမ်း” ကျောက်ရှန်းသည် သူ့ရင်ဘတ်ကို အုပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ရှန်းယောင် အဆင်သင့် မဖြစ်သေးတာကို အခွင့်ကောင်းယူပြီး သူက ရှန်းယောင်၏ အခြား ခြေဆွံ့နေသော ခြေထောက်အား သူ့လက်ထဲရှိ သစ်ကိုင်းဖြင့် ရိုက်နှက်ရန် ချိန်ရွယ်လိုက်သည်။

 

ကျီကျောက်သည် ရှေ့သို့ အလျင်စလို ပြေးထွက်လာပြီး ရှန်းယောင်ကို ပွေ့ဖက်ကာ တုတ်ချက်အား ကာကွယ်ရန် သူမ၏ နောက်ကျောကို အသုံးပြုလိုက်သည်။

 

ဂျွတ်…

 

ကျီကျောက်သည် မနေနိုင်ဘဲ ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထွက်သွားခဲ့သည်။ အဆုံး၌ သူမသည် ရှန်းယောင်၏ ခန္ဓာကိုယ်ပေါ်မှာ ပျော့ခွေကျသွားခဲ့သည်။

 

ထိတ်လန့်တုန်လှုပ်သွားသော ကျောက်ရှန်းသည် မြေပြင်ပေါ်မှ ထရပ်ပြီး အလျင်စလို ထွက်ပြေးသွားခဲ့သည်။