အခန်း (၂၇) အား… မြွေကြီး
မြေကမ္ဘာဘုရားကျောင်းသို့
ပြန်ရောက်ပြီးနောက် ကျီကျောက်သည် နံရံမှီရင်း ငွေရှာရန် နည်းလမ်းများကို အလေးအနက်
စဉ်းစားနေခဲ့ပါသည်။
ယခုအချိန်သည် မိုးခေါင်ရေရှား
ပြင်းထန်စွာ ဖြစ်ပွားနေသည့်အချိန်အခါ ဖြစ်ပါသည်။ မြစ်နှင့် နီးသော ရှန်းဟယ်ရွာ
တစ်ခုတည်းကသာလျှင် အနည်းငယ် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုမျိုးကို
ရရှိနေကြပါသည်။
တခြားကျေးရွာကတော့
မိုးခေါင်ရေရှားဒဏ်ကို အပြင်းအထန် ခံစားနေခဲ့ရသည်။
ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး
မြေကမ္ဘာဘုရား၏ ရုပ်ထုရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည်။
“မြေကမ္ဘာဘုရား၊ ကျေးဇူးပြုပြီး
နဂါးဘုရင်ထံ ကရုဏာထားပြီး မိုးကို အမြန်ဆုံး ရွာချပေးဖို့ တောင်းဆိုပေးပါဦး။”
ကျီကျောက်သည် လေနှင့် မိုးကို
ဆင့်ခေါ်ဖို့ အခွင့်အာဏာသည် မြေကမ္ဘာဘုရား၏ အုပ်ချုပ်မှုအောက်တွင် မရှိကြောင်းကို
သိသော်လည်း သူမသည် မြေကမ္ဘာဘုရားထံ ဆုတောင်းပြီး လေးနက်သော စိတ်နှလုံးဖြင့်
သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကန်တော့နေဆဲဖြစ်သည်။
မြေကမ္ဘာဘုရားကျောင်းမှာ ခဏလောက်
အနားယူပြီးနောက် ကျီကျောက်သည် တောကြက်တွေ ထပ်တွေ့နိုင်ဦးမလားဆိုတာ
တစ်ချက်ကြည့်ဖို့ လမ်းလျှောက်ထွက်ရန် စီစဉ်ခဲ့သည်။
အရှေ့ဘက်သို့ လေးငါးမိုင်ခန့်
လမ်းလျှောက်ပြီးနောက် စိမ်းစိုနေသော တောင်တန်းများကိုသာ သူမ မြင်တွေ့ခဲ့ရသည်။
ကျီကျောက်က စိတ်ပျက်လက်ပျက်
သက်ပြင်းချလိုက်မိသည်။
ရွှီး ရွှီး (မြွေတွန်သံ)
ကျီကျောက်တစ်ယောက် ရပ်တန့်ပြီး
အနားယူတော့မယ့်အချိန်မှာပဲ ရုတ်တရက် တရွှီရွှီတွန်သံကို ကြားလိုက်ရသည်။
ကျီကျောက်သည် ရှေ့နားက
ယိမ်းနွဲ့နေသော ကျူပင်များကို တစေ့တစောင်းကြည့်ပြီး အသက်အောင့်ကာ သတိကြီးစွာ
ချဉ်းကပ်သွားခဲ့သည်။
သူမ ထိုအရာကို ရှင်းရှင်းလင်းလင်း
မြင်လိုက်ရသောအခါတွင် လုံးဝ ကြက်သေ သေသွားခဲ့သည်။
လုံးတုတ်နေသော
အနီရောင်မြွေတစ်ကောင်သည် သူ့ရဲ့ သွေးနီရောင်ပါးစပ်ကို ဖွင့်ဟကာ တောကြက်ရဲ့
လည်တိုင်ကို လျင်မြန်စွာ ကိုက်ခဲလိုက်သည်ကို တွေ့လိုက်ရသည်။
တောကြက်ရိုင်းသည် နာကျင်စွာ
ရုန်းကန်နေဆဲဖြစ်ပြီး သူ့ရဲ့ အမွှေးအတောင်များသည် မြေပြင်ပေါ်တွင်
လွင့်ပျံနေခဲ့သည်။
အဆုံး၌ တောကြက်၏ ရုန်းကန်မှုသည်
တဖြည်းဖြည်း အားပျော့သွားခဲ့သည်။
ကျီကျောက်သည် မြေကြီးပေါ်မှ
ချွန်ထက်နေသော ကျောက်တုံးတစ်တုံးကို ကောက်ယူကာ အခွင့်အရေးကို အရယူပြီး ရှေ့သို့
ပြေးတက်သွားခဲ့သည်။
မြွေသည် မသေဆုံးခင်
ကြက်တစ်ကောင်လုံးကို မျိုချထားပြီးဖြစ်သည်။
ကျီကျောက်သည် လေကို ရှုထုတ်ပြီး
မြွေ၏ ပါးစပ်ထဲမှ တောကြက်ကို ဦးစွာ ဆွဲထုတ်လိုက်သည်။
အဆုံး၌ သူမသည် မြွေသေကို ရစ်ပတ်ကာ
သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အိတ်ထဲသို့ ထည့်လိုက်သည်။
မြွေသည်းခြေသည် ရတနာတစ်ပါးဖြစ်ပြီး
ငွေချောင်းအချို့နှင့် လဲလှယ်နိုင်သည်။
နေဝင်ရီတရောအချိန်တွင် ရှန်းဟယ်ရွာရှိ အိမ်ထောင်စုတိုင်းမှ မီးခိုးတလူလူထွက်နေပါသည်။
ကျီကျောက်သည် သူမ၏
နောက်ကျောတွင် ခြင်းတောင်းအပြည့်ဖြင့်
ရှန်းမိသားစုအိမ်သို့ ထပ်မံရောက်ရှိလာပြန်သည်။
ခြံဝင်းထဲမှာ ကြက်စာကျွေးနေသော
ကျောက်လန်ဟွာသည် ကျီကျောက်၏ အသံကို ကြားပြီး လျှင်မြန်စွာ တုံ့ပြန်ခဲ့သည်။
“အမေ၊ ကျွန်မ မုန်ညင်းရိုင်းတွေ
အများကြီး ရှာတွေ့ခဲ့တယ်” ကျီကျောက်သည် သူမ၏ နောက်ကျောပေါ်ရှိ ခြင်းတောင်းကို
အောက်ချကာ ပျော်ရွှင်စွာ ပြောလိုက်သည်၊ “ပြီးတော့ ကျွန်မ အနောက်တောင်ပေါ်မှာ
ဟောသွန်းပင်ရိုင်း တစ်ပင် တွေ့ခဲ့တယ်”
“အရင်ဆုံး ဒီကိုလာပြီး
နင့်မျက်နှာကို အရင်လာဆေးချေ” ကျီကျောက်၏ ချွေးတွေ စိုရွှဲနေသော
မျက်နှာကိုမြင်သဖြင့် ကျောက်လန်ဟွာက သူမကို အပြုံးဖြင့် နှုတ်ဆက်ပြီး
ပြောလာခဲ့သည်။
“ဟုတ်”
ကျီကျောက်သည် သူမ၏ မျက်နှာကို
အလျင်စလို သစ်ချလိုက်ပြီး ချက်ချင်းဆိုသလို လန်းဆန်းသွားခဲ့သည်။
“အမေ အာ့ထောင်ရဲ့ ကံက
အရမ်းကောင်းတာပဲ။ ကျွန်မလည်း နေ့လည်က ဒေါ်လေးကွေ့ဟွားနဲ့အတူ အနောက်တောင်ပေါ်
သွားခဲ့တယ်။ ဒါပေမယ့် ဘာမှ မတွေ့ဘူး” ဒုတိယမရီးရှန်းက မုန်ညင်းရိုင်းတွေ
ပြည့်နှက်နေတဲ့ ခြင်းတောင်းကို မနာလိုဖြစ်စွာ စိုက်ကြည့်ရင်း စကားဆိုလိုက်သည်။
ကျောက်လန်ဟွာက ဒါကိုတွေးရင်း
မျက်မှောင်ကြုတ်လိုက်သည်။
အာ့ထောင်ရဲ့ ကံက
အရမ်းကောင်းလွန်းနေတာ မဟုတ်ဘူးလား။
“အမေ မုန်ညင်းရိုင်းတွေနဲ့ လုပ်တဲ့
ဖက်ထုပ်တွေ စားရအောင်လား” ဒုတိယမရီးရှန်းက အပြုံးတစ်ပွင့်ဖြင့် အကြံပြုသည်။
“ကောင်းပြီ” ကျောက်လန်ဟွာက
သဘောတူသည်။
“အမေ ကျွန်မကို မနက်ဖြန်ကျ
ခရိုင်မြို့ကို ထပ်ခေါ်သွားပေးနိုင်မလား” ကျီကျောက်က တစ်ခဏတာမျှ စဉ်းစားပြီးတော့
တောင်းဆိုလိုက်လေ၏။
“ခရိုင်မြို့ကိုလား။
ဘာလုပ်ဖို့လဲ။”
“ကျွန်မ မြွေသွားရောင်းချင်လို့ပါ”
ကျီကျောက်က ခေါင်းငုံ့ကာ အိတ်ထဲမှ မြွေသေကို ထုတ်ယူကာ တောက်ပသော အပြုံးဖြင့်
ပြောလိုက်သည်။
“အား… မြွေကြီး”
ဒုတိယမရီးရှန်းသည် မြွေတွေကို
အကြောက်ဆုံးဖြစ်တာကြောင့် ထိတ်လန့်စွာ အော်ဟစ်ခဲ့သည်။
“ဒုတိယမရီး မကြောက်ပါနဲ့။ ကျွန်မ
ဒီမြွေကို သတ်ပြီးပါပြီ” ကျီကျောက်က စိုးရိမ်တကြီး ညွှန်ပြလိုက်သည်၊ “ရှင်
ကျွန်မကို မယုံဘူးဆိုရင် အဲ့မြွေကို ထိကြည့်လို့ရပါတယ်။ မြွေက အေးစက်နေပါပြီ…”
“ရပ်စမ်း” အိမ်ကို
ပြန်ရောက်ရောက်ချင်း ရှန်းအာ့လန်သည် သူ့ဇနီးသည်၏ အော်သံကိုကြားပြီး မီးဖိုချောင်ထဲ
ပြေးဝင်လာခဲ့သည်။ စကားတစ်ခွန်းမှမပြောဘဲ ကျီကျောက်၏ လက်ထဲမှ မြွေကို ဆွဲလွှတ်ပစ်ကာ
ကျီကျောက်ကို ရိုက်နှက်ဖို့ လက်မြှောက်လိုက်သည်၊ “အဆိပ်ပြင်းတဲ့မိန်းမ၊ ငါ့မိန်းမကို
မြွေနဲ့ ခြောက်လှန့်ဖို့ မင်းလုပ်ဝံ့တယ်ပေါ့လေ”
ကျီကျောက်သည်
မသိစိတ်အရ ရှောင်ရန် သူမ လက်ကို မြှောက်လိုက်သော်လည်း သူမ မျှော်လင့်ထားသည့် ပါးရိုက်မှုကို
မကျရောက်လာခဲ့ပေ။